← Chapters

အခန်း (၂၁၆) - အပြန်

Vol. 15 Ch. 216

အခန်း (၂၁၆) - အပြန်

Vol. 15 Ch. 216

အခန်း (၂၁၆) - အပြန်

ဘွဲ့နှင်းသဘင် အခမ်းအနား ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ချန်းအကြောင်း သတင်းမျိုးစုံက တရုတ်သိပ္ပံကျောင်းတော်အတွင်း ပျံ့နှံ့သွားသည်။

နျူးကလီးယား ဓာတ်ရောင်ခြည်ကို ဖယ်ရှားနိုင်တဲ့ သန့်စင်မြက်ပင်ကို ရှာဖွေတွေ့ရှိခဲ့တာတဲ့။

အပင်အသိစိတ်ဆိုတဲ့ သုတေသန ပညာရပ် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်တဲ့။

အားလုံးက ယဲ့ရှောင်ချန်း၏ နာမည်ကို မှတ်မိလာကြပါသည်။

သန့်စင်မြက်ပင်နှင့် အပင်အသိစိတ်များအကြောင်း လူများစွာက ပို၍ပင် နားလည်လာချင်ကြသည်။

အထူးသဖြင့် ရုက္ခဗေဒ နယ်ပယ်အတွင်းက လူများ ဖြစ်ကြသည်။

ထိုနေ့မှာပဲ တစ်ချို့က ယဲ့ရှောင်ချန်းကို ဆက်သွယ်လာသည်။

ယဲ့ရှောင်ချန်းက တဖက်လူတွေကို စမ်းသပ်ဖို့ ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို ချက်ချင်း အသုံးပြုခဲ့သည်။

သူတို့ ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်း အခြေခံကို သူတို့ နားလည်နိုင်ပါက သူတို့အား ယဲ့ရှောင်ချန်း လက်ခံမည် ဖြစ်သည်။ နားမလည်နိုင်ပါက တောင်းသာ တောင်းပန်နိုင်ပါသည်။

မကြာမီ ယဲ့ရှောင်ချန်း၏ လူတွေကို လက်ခံသည့် လိုအပ်ချက်များ ပျံ့နှံ့သွားသည်။

အမှန်ပင်။ ယဲ့ရှောင်ချန်း သတ်မှတ်ထားသည့် လိုအပ်ချက်များက ရက်စက်လွန်းသည်ဟု မည်သူမှ မထင်ကြပေ။ ထိုအစား အပင်အသိစိတ် ပညာရပ်အသစ်အတွက် ပို၍ပင် စိတ်ဝင်စားလာကြပါသည်။

နောက်ဆုံးတွင်တော့ ယဲ့ရှောင်ချန်းအား နာမည်ကြီး ပညာရှင်နှင့် ပရော်ဖက်ဆာများ အပါအဝင် လူများ ပိုမို ဆက်သွယ်လာကြပါသည်။

ညပိုင်းတွင်။

ယဲ့ရှောင်ချန်းက နောက်ဆုံး လျှောက်ထားသူကို ငြင်းပယ်လိုက်သည်။

ဒီနေ့ စမ်းသပ်ချက်ကို လာရောက်ခံယူသည့် လူ တစ်ရာ နှစ်ရာကျော်လောက် ရှိနိုင်သည်။

ကံမကောင်းစွာဖြင့် ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို ပါရမီပါသည့် လူက နည်းပါးလွန်းနေပါသည်။ စုစုပေါင်း ၈ ယောက်သာ ရှာတွေ့နိုင်ခဲ့၏။

ထို့အပြင် ဒီနေရာက ထိပ်တန်း သုတေသနအဖွဲ့အစည်းကြီးဖြစ်သည့် wရုတ်သိပ္ပံကျောင်းတော်ကြီး ဖြစ်ပါသည်။ ထို့အပြင် ဒီကိုရောက်လာသည့် လူအများစုက ရုက္ခဗေဒပညာရှင်နှင့် ဆက်နွယ်နေပါသည်။

ထင်ထားသည့်အတိုင်း ဝိညာဥ်နားစွင့် ပါရမီပါသည့် လူအရေအတွက်က နည်းပါးလွန်းပါသည်။

စိတ်ပိုင်းဆိုင်ရာ တွက်ချက်မှုတချို့ လုပ်ပြီးသွားသောအခါ ဒီတစ်ခေါက် ၈ ယောက်သာ တွေ့နိုင်ခဲ့ကြောင်း သိလိုက်ရပါသည်။

ပထမ ပညာရှင်အဖွဲ့တွင် နိုင်ငံခြား ပညာရှင် ၂ဦး အပါအဝင် ပညာရှင် ၅ ယောက် ရှိသည်။

ဒုတိယ ပညာရှင်အဖွဲ့တွင် လူ ၇ ယောက် ရှိ၏။

စုစုပေါင်း အယောက် ၂၀ သာ ရှိပါသည်။

ပမာဏက နည်းပါးလွန်းသည်။

သူ တည်ဆောက်မည့် သုတေသနအဖွဲ့အစည်းကိုသာ တကယ်လည်ပတ်မည်ဆိုလျှင် လက်ရှိ လူဦးရေ ပမာဏက နည်းပါးလွန်းသည်။

ထို့အပြင် သုတေသနအဖွဲ့အစည်းထဲ မဝင်နိုင်သည့် လူတချို့လည်း ရှိနေပါသေးသည်။ အားလုံးက နာမည်ကျော် ပညာရှင်များ၊ ပရော်ဖက်ဆာများ၊ ဆရာကြီးများ ဖြစ်ကြသည်။

သုတေသနအဖွဲ့အစည်းထဲသို့ ယုံကြည်ချက်ရှိရှိ ဝင်ရောက်နိုင်သည့် လူအရေအတွက်မှာ ၁၂ ယောက်ထက် မကျော်လွန်နိုင်ဟု သူ ခန့်မှန်းမိသည်။

"ကြည့်ရတာ အခုတော့ ဒီတစ်နည်းပဲ ရှိတော့တယ်ထင်တယ်။ ဝိညာဥ်နားစွင့် ပါရမီရှင်တွေ ထပ်ရှာဖို့ကတော့ နောက်မှပေါ့။"

သေချာပေါက် ဝိညာဥ်နားစွင့် ပါရမီရှင်များ ရှိနေသေးကြောင်း ယဲ့ရှောင်ချန်းသိပါသည်။ ပမာဏက နည်းပါးလျှင်တောင် တရုတ်နိုင်ငံတွင် လူဘီလီယံကျော် ရှိပါသည်။ တစ်သန်းမှာ တစ်ယောက်သာ ရှိသည် ဆိုရင်တောင် လူပေါင်း ထောင်ချီပြီး ရှိနေပါလိမ့်မည်။

တကယ်တော့ ပမာဏက ဒီလောက်နည်းပါးနေလိမ့်မည်ဟု သူ မယုံကြည်ပါ။

နောက်တစ်နေ့ ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်နှင့် တောင်ပိုင်းဒေသအစိုးရတို့ ကျင်းပသည့် သိပ္ပံသုတေသန ပူးပေါင်းခြင်း အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တရုတ်သိပ္ပံကျောင်းတော်က တောင်ပိုင်းဒေသအစိုးရနှင့် ပူးပေါင်း သဘောတူ စာချုပ်များစွာ ချုပ်ဆိုခဲ့သည်။ ၎င်းတို့ထဲတွင် ယန်ရှစ် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း တည်ထောင်မှုက အရေးအကြီးဆုံး ဖြစ်သည်။

ထို့အပြင် တရုတ်သိပ္ပံကျောင်းတော်၏ ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းအား ယန်ရှစ် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာအဖြစ် ခန့်အပ်မည်ဖြစ်သည်။

ထိုပူးတွဲသဘောတူ စာချုပ်များတွင် သုတေသန ရလဒ်များ ဖြန့်ဝေမှုနှင့်ပတ်သတ်သည့် အကြောင်းအရာများလည်း ပါဝင်သည်။

ဖြန့်ဝေမှု အချိုးက ၃ : ၃ : ၄ ဖြစ်ပါသည်။

၎င်းတို့အနက် တရုတ်သိပ္ပံကျောင်းတော်က ၃၀ ရာခိုင်နှုန်း ပါသည်။

တောင်ပိုင်းဒေသက ၃၀ ရာခိုင်နှုန်း ပါသည်။

ကျန် ၄၀ ရာခိုင်နှုန်းကိုတော့ ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းက ပိုင်ဆိုင်ပါသည်။

ဒါက အကြမ်းဖျင်း ဖြန့်ဝေမှု နည်းလမ်းဖြစ်သည်။

တိတိကျကျပြောရလျှင် ဒီစီမံကိန်း၏ ခေါင်းဆောင်ဖြစ်သော ယဲ့ရှောင်ချန်းက ၄၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်။

ယေဘုယျအားဖြင့် ပြောရလျှင် ပညာရှင်များ၏ ရာခိုင်နှုန်းက ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိပါသည်။

ခေါင်းဆောင်က ဗဟိုနည်းပညာ၏ ပိုင်ရှင်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သူဖြစ်ပါက အချိုးမှာ လိုက်လျောညီထွေးစွာ တိုးမြင့်သွားမည် ဖြစ်ပါသည်။

အပင်အသိစိတ် သုတေသနနှင့် ပတ်သတ်ပြီး ယဲ့ရှောင်ချန်းကက ခေါင်းဆောင်လည်းဟုတ်၊ ဗဟိုနည်းပညာ၏ ပိုင်ရှင်လည်းဟုတ်၊ ဖန်တီးသူလည်း ဟုတ်ပေသည်။ ထို့ကြောင့် သူ့ရဲ့ ရပိုင်ခွင့်က မှင်သက်စရာ ၁၅ ရာခိုင်နှုန်း ဖြစ်နေခြင်း ဖြစ်ပါသည်။

ကျန် ၂၅ ရာခိုင်နှုန်းတွင် ၂၀ ရာခိုင်နှုန်းကို သုတေသနအဖွဲ့အစည်း၏ ဘဏ္ဍာရေး စီမံမှုတွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းကိုတော့ အဆင့်ပေါင်းစုံရှိသော သုတေသန ပညာရှင်များအား ချီးမြှင့်သွားမည်ဖြစ်ပါသည်။

တရုတ်သိပ္ပံကျောင်းတော်နှင့် တောင်ပိုင်း ဒေသတို့ တစ်ဦးစီကို ၃၀ ရာခိုင်နှုန်း ဘယ်လို ဖြန့်ဝေကြမလဲ ဆိုတာကတော့ သူတို့ဆုံးဖြတ်စရာ ဖြစ်ပါသည်။

ဥပမာအားဖြင့် တောင်ပိုင်းဒေသအစိုးရက သေချာပေါက် ၃၀ ရာခိုင်နှုန်း ယူပါလိမ့်မည်။

ယန်ရှစ်မြို့တော်အစိုးရအတွက်တော့ ပြောစရာမလိုအောင် အနည်းဆုံးတစ်ဝက်လောက် ပြန်ယူလိမ့်မည်။

ဒါက သုတေသနရလဒ်များ၏ နည်းပညာပိုင်းဆိုင်ရာ အမြတ်များသာ ရှိသေးသည်။ စျေးကွက်ပေါ်သို့ ရောက်သွားပါက ထွက်ကုန်များ၏ အမြတ်က ပို၍ပင် ကြီးလာပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အခွန်အခမျိုးစုံက အလွန်အမင်း ထိတ်လန့်စရာကောင်းပေလိမ့်မည်။

သို့သော်လည်း နောက်ဆုံးတွင် အမြတ်အများဆုံး ရရှိမည့်သူက နိုင်ငံတော်နှင့် ပြည်တွင်းအစိုးရများသာ ဖြစ်ပါလိမ့်မည်၊။

ယဲ့ရှောင်ချန်းက ဂရုမစိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် အမြတ်ငွေများအားလုံးကို ယူနိုင်ဖို့ မဖြစ်နိုင်ကြောင်း သိထားခြင်းကြောင့် ဖြစ်ပါသည်။ မဟုတ်ပါက ပြဿနာများစွာ ဖြစ်လာစေလိမ့်မည်။

ယခုလိုပင်။ တရုတ်သိပ္ပံကျောင်းတော်က သူ့ကို ထောက်ပံ့ပေးထားသဖြင့် ငွေရှာဖို့ ပိုလွယ်ကူပြီး ပိုဘေးကင်းလာပါလိမ့်မည်။

ဘာမှ စိုးရိမ် စိတ်ပူစရာ မလိုပေ။

ထို့အပြင် ကောင်းကင်ဘုံ စိုက်ပျိုးရေး ကုမ္ပဏီကိုလည်း သူတည်ထောင်ထား၏။ ပုံသဏ္ဌာန် စတင်ဆောင်လာတော့မည့် ဒီအရင်းငွေအုပ်စုထဲ ဝင်ရောက်နိုင်ဖို့ လုံလောက်သည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ ယဲ့ရှောင်ချန်းနှင့် တောင်ပိုင်းဒေသ အဖွဲ့တို့ သီးသန့်လေယာဥ်ဖြင့် တောင်ပိုင်းဒေသသို့ ပြန်လာခဲ့ကြသည်။

တောင်ပိုင်းဒေသသို့ ယဲ့ရှောင်ချန်းနှင့်အတူ လိုက်လာသည့် တရုတ်သိပ္ပံကျောင်းတော်မှ တခြား သုတေသန ပညာရှင် ၁၃ ယောက်လည်း ပါပေသည်။

ထို ၁၃ ယောက်က ဝိညာဥ်နားစွင့် ပါရမီရှင်များ ဖြစ်ကြသည်။

ယခင် လူ ၈ ယောက်အပြင် လူ ၅ ယောက်ကို ထပ်မံစစ်ဆေးပြီး ဝိညာဥ်နားစွင့်ပါရမီရှိကြောင်း တွေ့ခဲ့ရ၏။

အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၅ ယောက် ဖြစ်သည်။

ထို့အပြင် ဝိညာဥ်နားစွင့် ပါရမီရှိသည့် ပထမ အုပ်စုနှစ်စုကို ယဲ့ရှောင်ချန်း စကားပြောခဲ့ပါသေးသည်။

သုတေသနအဖွဲ့အစည်းသို့ ဝင်ရောက်ချသည့် အပင်ပညာရှင် ၂ ဦးနှင့်၊ လက်ထောက် သုတေသန ပညာရှင် ၂ဦး ရှိသည်။

သူတို့က ယန်ရှစ်မြို့တော်တွင်ရှိနေဆဲ ဖြစ်သဖြင့် သူတို့ ထိုနေရာတွင်သာ ဆက်နေနိုင်ပါသည်။

တရုတ်သိပ္ပံကျောင်းတော်က လူ ၁၃ ယောက်ကို လုံးဝ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။

အခုချိန်ကစပြီး ၎င်းတို့မှာ ယန်ရှစ်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းမှ အဖွဲ့ဝင်များ ဖြစ်သွားကြပြီ။

ထို့အပြင် ပရော်ဖက်ဆာ ကျန်းခယ့်ချင်းကလည်း သုတေသနအဖွဲ့အစည်းထဲ ဝင်ရောက်ချင်၏။

ဒီလိုနှင့် ဝိညာဥ်နားစွင့် ပါရမီရှီသည့် သုတေသန ပညာရှင် စုစုပေါင်း ၁၈ယောက် ရှိပါသည်။

သူပန်းတိုင်ထားသည့် ပမာဏထက အများကြီး နည်းပါးသော်လည်း ဆောင်ရွက်နိုင်ပါသေးသည်။

လေယာဥ်က ရှရှန် ဟွမ်းဟွာ လေဆိပ်တွင် ဆင်းသက်သည်။ ယဲ့ရှောင်ချန်း လေယာဥ်ပေါ်မှ ဆင်းလာပြီး ရှရှန် ဟွမ်းဟာတွင် ခြေချလိုက်ပါသည်။ ဖော်မပြနိုင်သည့် ပျော်ရွှင်မှု တစ်ခု သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာ၏။

၅ ရက်လောက် အဝေးတွင် ရောက်နေခဲ့ရပြီး အိမ်သို့ ပြန်ရောက်လာသလို ခံစားလိုက်ရသည်။

ယဲ့ရှောင်ချန်းက သုတေသန ပညာရှင် ၁၃ ဦးအား ယန်ရှစ်မြို့တော်က လူများနှင့် ယန်ရှစ်မြို့တော်သို့ အရင် လိုက်သွားသည်။ သူရှရှန်တွင် နေရဦးမည်။

သုတေသနအဖွဲ့အစည်းအတွက် ဆောက်လုပ်ရေး ပစ္စည်းများအတွက်တော့ ယန်ရှစ်မြို့တော် အစိုးရက တာဝန်ရှိပါသည်။  သူစိတ်ပူစရာ မလိုပေ။ အများဆုံး လုပ်ဖို့လိုတာဆိုလို့ လုပ်ဆောင်ချက်များကို နားလည်ထားဖို့ပဲ လိုအပ်ပါသည်။

ယဲ့ရှောင်ချန်းက လေဆိပ် ကားပါကင်မှ သူ့ကားကို ထုတ်လိုက်ပြီး သူ့ညီမ ယဲ့ယင်ကို ဖုန်းဆက်လိုက်၏။

"အစ်ကို နင်ရှရှန်မှာလား။"

ယဲ့ယင်အသံက အံ့အားသင့်နေသည့်ပုံပင်။

"ခုမှ လေယာဥ်ပေါ်က ဆင်းလာတာ။ အခု နင့်ကျောင်းကို လာတော့မယ်။ နင့်ကောင်လေးကို ပြောထားလိုက်ဦး။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"အစ်ကို သူ့ကို တကယ်တွေ့ချင်ရဲ့လား။"

ယဲ့ယင်က အနည်းငယ် တွန့်ဆုတ်နေသည်။

"ဒါပေါ့ ဘာလို့လဲ။ ငါ သူ့ကို တွေ့မှာ ကြောက်နေတာလား။ သူက အရမ်းတော်တယ်ဆို"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ဒါပေါ့ သူကတော်ပါတယ်။ အစ်ကို ငါပြောပြမယ်။ မိုဘိုင်းဂိမ်းကုမ္ပဏီတစ်ခုက သူတို့ စတူဒီယိုက ဒီဇိုင်းဆွဲထားတဲ့ မိုဘိုင်းဂိမ်းကို စိတ်ဝင်စားနေကြပြီ။ သူတို့ညှိနှိုင်းဖို့ ပြင်နေကြပြီ။"

ယဲ့ယင် ပြုံးလိုက်သည်။

"ဘယ်ဆိုးလို့လဲ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ထိုကောမော့ယွင်ဆိုသည့်လူအတွက် သူ့ညီမက ဂုဏ်ယူနေသည်ကို သူသိပါသည်။

ယောက်ျားတစ်ယောက်အတွက် မိန်းမတစ်ယောက်က ဂုဏ်ယူသည့် ခံစားချက်မျိုး ဖြစ်လာပြီ ဆိုလျှင် သူ့စိတ်ကို ပြောင်းလဲဖို့ အလွန်ခက်ခဲနိုင်ပါသည်။

ထိုကောမော့ယွင်သာ တကယ်တော်ပြီး သူ့ညီမကို တကယ်သဘောကျပါက သဘောမတူစရာ အကြောင်းမရှိပေ။

All Chapters