အခန်း (၂၁၇) - သတိပေးချက်
Vol. 15 Ch. 217
အခန်း (၂၁၇) - သတိပေးချက်
ပေကျင်း နိုင်ငံတကာ လေဆိပ်။
ရှန်းကျန်မှ လေယာဥ်တစ်စင်း လေဆိပ်တွင် ဆင်းသက်လာသည်။
"ဆရာကြီး ချန်းထျန် ပေကျင်းက ကြိုဆိုပါတယ်ဗျာ။ ဒါက ကျန်းဟန်လျန်ပါ။ တရုတ်သိပ္ပံကျောင်းတော် လုံခြုံရေးဌာနက ဒါရိုက်တာပါ။"
သူတို့ကို နှုတ်ဆက်လိုက်သူမှာ တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာကြီးယန် ဖြစ်သည်။ သူ့ဘေးတွင် အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်း လူတစ်ယောက် ရှိနေ၏။
သူတို့က ဆံပင်ဖြူဖြူ အသားနီနီ အဘိုးကြီး တစ်ယောက်ကို မျက်နှာချင်းဆိုင် တွေ့ဆုံနေကြခြင်း ဖြစ်သည်။ သူက ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ရှေးခေတ်က ရှေးပညာရှိကြီးတစ်ယောက်နှင့် တူလှသည်။
အဘိုးကြီး၏ နောက်တွင် ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်ရှိပါသည်။
"ကောင်းပါပြီ။"
ဆရာကြီးချင်းထျန်ဆိုသည့် အဘိုးကြီးက ဂုဏ်ယူဝံ့ကြွားသော မျက်နှာမျိုးဖြင့် ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်ပါသည်။
ရှန်းကျန်ဒေသမှ ထိပ်တန်း ဖုန်းရွှေပညာရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သဖြင့် သူကသေချာပေါက် ဖုန်းရွှေပညာတွင် တီးမိခေါက်မိ ရှိရုံသာရှိသော တာအိုဆရာကြီးယန်လို မဟုတ်ပေ။
တာအိုဆရာကြီးယန်က အနည်းငယ် ရှက်ရွံ့သွား၏။ သူ့စီနီယာကျမှုက ဆရာကြီး ချင်းထျန်အောက် နိမ့်ပြီး ဖုန်းရွှေပညာတွင် သူ့အောင်မြင်မှုကလည်း ဆရာကြီး ချင်းထျန်အောက် နိမ့်ကျပါသေးသည်။
လုံခြုံရေးဌာနက ဒါရိုက်တာကြီး ကျန်းဟန်လျန်က ဆရာကြီး ချင်းထျန်၏ ဘဝင်မြင့်မှုကို သိပ်သဘောမတွေ့လှပါ။ သို့သော်လည်း ဒီကိစ္စအတွက် ဆရာကြီး ချင်းထျန်ကို အားကိုးရမည်ကို သူသိထားပါသည်။ ထို့ကြောင့် သူက အလွန်အမင်း ယဥ်ကျေးပြကာ သူ့ကို ချီးကျူးပေးလိုက်ပါသည်။
ဆရာကြီးချင်းထျန်က ခပ်ပါးပါး ပြုံးကာ တန်ဖိုးကြီး Mercedes Benz ကားကြီး တစ်စီးထဲသို့ ဝင်သွားသည်။ ကားတချို့က လေဆိပ်ထဲမှ ထွက်သွားကြပြီး တရုတ်သိပ္ပံကျောင်းတော်သို့ ဦးတည်ကာ မောင်းသွားကြလေသည်။
...
NTU စီးပွားရေး တက္ကသိုလ်အနီး။
အရည်အသွေးမြင့် စားသောက်ဆိုင် တစ်ဆိုင်တွင်။
ဒီနေရာသို့ ဝင်ထွက်သွားလာနေသူများက အနီးအနားရှိ တက္ကသိုလ်များမှ တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြသည်။ စရိတ်က ကြီးမားလွန်းသဖြင့် ဒီနေရာသို့ လာနိုင်သူများမှာ ပြည်စုံသည့် မိသားစုများမှ ကျောင်းသားများသာ ဖြစ်ကြသည်။
ယဲ့ရှောင်ချန်းက ထိုဆိုင်တွင် သီးသန့် အခန်းတစ်ခန်း ဘိုကင်လုပ်ထားပြီးသား ဖြစ်ပါသည်။
သူ့ညီမ ယဲ့ယင်ကတော့ ရောက်မလာသေးပါ။
ယဲ့ရှောင်ချန်းက သူ့ကို သွားခေါ်ချင်သော်လည်း သူမက ကောမော့ယွင်နှင့် လာမည်ဟု ပြောသည်။
ယဲ့ရှောင်ချန်းက ရင်ထဲတွင် သက်ပြင်းချလိုက်၏။ သူ့ကောင်လေးသာဖြစ်သော်လည်း ညီမဖြစ်သူက အပြင်လူကို ဘက်လိုက်သည့် လက္ခဏာများ စတင်ပြသနေပြီဖြစ်သည်။
သိပ်မကြာလိုက် သီးသန့်အခန်း၏ တံခါး ပွင့်လာသည်။ ထို့နောက် ယဲ့ရှောင်ချန်း သူ့ညီမကို အရပ်ရှည်ရှည် ခပ်ချောချော ကောင်လေး တစ်ယောက်နှင့် ဝင်လာသည်ကို မြင်လိုက်ရပါသည်။
တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ထို ကောမော့ယွင်ဆိုသူတွင် အားကောင်းသည့် စရိုက်လက္ခဏာ ရှိကြောင်း ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။
ထို့အပြင် သူ့မျက်ခုံးများ အကြားတွင် ဘဝင်မြင့်သော အရိပ်အယောင်တချို့ ရှိနေ၏။
ယဲ့ရှောင်ချန်း သူ့ကို အရင်က မတွေ့ဖူးသော်လည်း ကောမော့ယွင်က အရှုံးကို အလွယ်တကူ လက်မခံနိုင်သော ဆုံးဖြတ်ချက် ပြတ်သားပြီး အနိုင်လိုချင်စိတ် ပြင်းပြသူဖြစ်မှန်း ပြောနိုင်ပါသည်။
ဒီလိုလူမျိုးက တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးပါက အလွယ်တကူ အရှုံးပေးမည်မဟုတ်ပါ။
ပြောရမည်ဆိုလျှင် ထိုကဲ့သို့ လူမျိုးများကသာ အောင်မြင်ကြီးပွားတတ်သည်။
ကြည့်ရတာ ငါ့ညီမရဲ့ အကြိုက်က ဘယ်ဆိုးလို့လဲ။
"အစ်ကိုချန်း ကျွန်တော်က ယဲ့ယင်ရဲ့ ကောင်လေး ကောမော့ယွင်ပါ။”
ယဲ့ရှောင်ချန်းအား ကောမော့ယွင် မြင်သောအခါ ချက်ချင်း သိသွားပြီး အမြန် နှုတ်ဆက်လိုက်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မောင်နှမနှစ်ယောက်က ရုပ်ချင်းတူကြသောကြောင့်ဖြစ်သည်။ အပြင်လူများက ကြည့်လိုက်ရုံနှင့် သူတို့ကို မောင်နှမမှန်း ပြောနိုင်ပါသည်။
"ထိုင်ပါဦး"
ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။
ယဲ့ယင်နှင့် ကောမော့ယွင်တို့ နှစ်ယောက်စလုံး ထိုင်လိုက်ကြ၏။
ယဲ့ယင်၏ မျက်နှာက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမ၏ အစ်ကို ကောမော့ယွင်ကို သဘောမကျမည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။
ဆန့်ကျင်ဘက်အဖြစ် ကောမော့ယွင်ကတော့ အလွန် တည်ငြိမ်နေပါသည်။
ယဲ့ရှောင်ချန်းက စတူဒီယိုနှင့်ပတ်သက်ပြီး မေးခွန်းတချို့ မေးကြည့်လိုက်၏။
ကောမော့ယွင်ကလည်း အသေးစိတ် ပြန်ဖြေသည်။
သူ့လေသံကို ကြည့်ခြင်းအားဖြင့် သူ့စတူဒီယိုက ဒီဇိုင်းဆွဲထားသည့် မိုဘိုင်းဂိမ်းကို အလွန် ယုံကြည်ချက် ရှိသည်ဟု ပြောနိုင်ပါသည်။
"ကောလိပ်ကျောင်းသားတွေ ချစ်မိကြတာ ဖြစ်တတ်ပါတယ်။ ဒါကို ငါ မငြင်းချင်ပါဘူး။ ဒါပေမယ့် သူတို့တွေ ပေါင်းစည်းနိုင်ချေကတော့ သိပ်မမြင့်ဘူးနော်။ အကြောင်းအရင်း မျိုးစုံကြောင့် လမ်းခွဲသွားကြတာတွေ အများကြီး ရှိတယ်။ အဲ့တာကြောင့် အခြေအနေတွေကြောင့် ငါ့ညီမကို မနာကျင်စေချင်ဘူး။ ကောမော့ယွင် ငါဆိုလိုချင်တာကို နားလည်တယ် မဟုတ်လား။"
ယဲ့ရှောင်ချန်း၏ လေသံက တည်ငြိမ်သော်လည်း ကောမော့ယွင်ကို ဖိအားများစွာ ပေးနေသည်။
"အစ်ကိုကြီးချန်း ကျွန်တော် ယဲ့ယင်ကို တကယ်သဘောကျတာပါ။ တက္ကသိုလ် ဒုတိယနှစ်ကတည်းက ယဲ့ယင်ကို စမြင်လိုက်ကတည်းက သူ့ကို တသက်လုံး ကာကွယ်ပေးသွားမယ်လို့ ခံစားလိုက်မိတာ..."
ကောမော့ယွင်က အမြန်ပြောလိုက်သည်။
ကောမော့ယွင်က အပြောတော့ ကောင်းမှန်း ဝန်ခံရပါမည်။ လူတိုင်း၏ ခံစားချက်များကို ပြောင်းလဲနိုင်ကာ သူ့ကို မုန်းဖို့က ခက်သည်။
သို့သော်လည်း ထိုစကားလုံးများက ယဲ့ရှောင်ချန်းအား မပြောင်းလဲနိုင်ပါ။
“ကောမော့ယွင်။ မင်းအတွက်နဲ့ ငါ့ညီမက ရှင်းဟွာတက္ကသိုလ်နဲ့ ပေကျင်းတက္ကသိုလ်တို့မှာ ဘွဲ့လွန် ဆက်တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာ သိရဲ့လား။"
ယဲ့ရှောင်ချန်းက နောက်ထပ် သတင်းကြီးကြီး တစ်ခုကို ပြောပြလိုက်လေသည်။
ကောမော့ယွင် ကြက်သေ သေသွား၏။
သူ ယဲ့ယင်ကို ကြည့်လိုက်သည်။
"ငါ့ကို သံသယမဝင်နဲ့။ ငါ့မှာ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစ ရှိတယ်။"
ယဲ့ရှောင်ချန်းက ကောမော့ယွင်၏ မျက်လုံးထဲက သံသယများကို မြင်ကာ ချက်ချင်း ဘွဲ့လက်မှတ်အား ထုတ်ပြလိုက်၏။
အဖုံးတွင် "တရုတ်သိပ္ပံကျောင်းတော်" ဟူသည့် စာလုံးများကို ကောမော့ယွင် မြင်သွားကာ ခေတ္တ ကြက်သေ သေသွားရ၏။ ထို့နောက် ယူလိုက်ပြီး လှန်ကြည့်လိုက်သောအခါ မယုံကြည်နိုင်စရာကောင်းစွာဖြင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားရသည်။
တရုတ်သိပ္ပံကျောင်းတော်ရဲ့ တွဲဖက်ပရော်ဖက်ဆာဘွဲ့။
တရုတ်သိပ္ပံကျောင်းတော်ရဲ့ ကိုင်းခွဲ၊ ယန်ရှစ် မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းရဲ့ ဒါရိုက်တာ။
ကောမော့ယွင်က ခေါင်းမော့ကာ ယဲ့ရှောင်ချန်းကို ကြည့်လိုက်၏။ အစကတော့ ယဲ့ယင်၏ အစ်ကိုကို ကုမ္ပဏီတစ်ခုခု၏ စီအီးအိုဖြစ်ပြီး ယွမ်သန်းချီတန်သည့် ဇိမ်ခံကားတစ်စီးသာ စီးနိုင်သည်ဟု ထင်ထားသည်။
အခုတော့ ဒီလိုမဟုတ်မှန်း သိခဲ့ရပါပြီ။ သူ့အစ်ကိုက ထိုကုမ္ပဏီ စီအီးအိုဆိုတာထက် အဆပေါင်း တစ်ရာလောက် ပိုအင်အားကြီးနေပါသည်။
တရုတ်သိပ္ပံကျောင်းတော်က တွဲဖက်ပရော်ဖက်ဆာတဲ့။
ဒီလောက် ငယ်ရွယ်တဲ့ တွဲဖက်ပရော်ဖက်ဆာ တစ်ယောက် ရှိဖူးလို့လား။
သူက အသက် ၂၀ ဝန်းကျင်သာရှိသေးသည်။
ထို့အပြင် တရုတ်သိပ္ပံကျောင်းတော် လက်အောက်က အရေးပါသည့် သုတေသနအဖွဲ့အစည်း တစ်ခု၏ ဒါရိုက်တာလည်း ဖြစ်သည်။
ရုတ်တရက် သူ့အောင်မြင်မှုက ယဲ့ယင်၏ အစ်ကို အောင်မြင်မှုများ၏ ခြေဖျားတောင် မမှီဘူးဟု ခံစားလိုက်ရသည်။
သူ့ကောင်လေး၏ အံ့အားသင့်သွားသော မျက်နှာကို ယဲ့ယင် မြင်ကာ သူမလည်း ဇဝေဇဝါဖြစ်သွား၏။ ထို့နောက် ဘွဲ့လက်မှတ်ကို အမြန်ယူကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ကို အုပ်လိုက်ပြီး အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
မြို့တော်သို့ အစ်ကိုယဲ့ ခရီးသွားရသည့် အကြောင်းအရင်းကို သူမ မသိခဲ့ပါ။ အစည်းအဝေးပွဲ တစ်ခုခုကို သွားတက်သည်ဟုသာ သိထားသည်။
အခုတော့ ဘွဲ့လက်မှတ်ကို မြင်လိုက်ရပြီ ဖြစ်သဖြင့် ဘာမှန်း သိလိုက်ရပါပြီ။
ဒီဘွဲ့လက်မှတ်၏ အရေးပါမှုကို သူမ သိပါသည်။
ဒီလို ဘွဲ့လက်မှတ်နှင့်ဆို နာမည်ကြီး တက္ကသိုလ်တစ်ခုတွင် ပရော်ဖက်ဆာ ရာထူး လျှောက်ဖို့ အလွယ်လေး ဖြစ်ပါသည်။
ကုမ္ပဏီဘယ်လောက်များများက ဒီဘွဲ့လက်မှတ်အတွက် ဘယ်လောက်တောင် ပြိုင်ဆိုင်တိုက်ခိုက်ကြမလဲ မသိပါ။
"ကောမော့ယွင်။ ငါကြွားတာမဟုတ်ဘူး။ ငါ့ညီမကို စိတ်မပျက်စေဖို့ မင်းကိုပြောချင်တာ။"
ယဲ့ရှောင်ချန်းက ဘွဲ့လက်မှတ်ကို ပြန်ယူလိုက်ပြီး တည်တည်တံ့တံ့ ပြောလိုက်သည်။
ကောမော့ယွင်၏ ပထမ ပုံစံကို ယဲ့ရှောင်ချန်း သဘောကျသော်လည်း စာအုပ်ကို အဖုံးကြည့်ကာ မဆုံးဖြတ်ဘဲ သတိပေးရသေးသည်။
အနာဂတ်တွင် တစ်ခုခုမကောင်းတာ ဖြစ်လာပါက သူနောင်တ မရချင်ပါ။ အခုက ကောမော့ယွင်ကို ကြိုတင်သတိပေးထားဖို့ အချိန်ဖြစ်ပါသည်။
ငါ့ညီမ ဘေးက ထွက်သွားရင်ထွက်သွား။ ဒါမှမဟုတ် တစ်သက်လုံး သူ့ကို စောင့်ရှောက်ပေး။
တခြားရွေးချယ်စရာမရှိပါ။
မဟုတ်ပါက တစ်သက်လုံး နောင်တရသွားမည်ဖြစ်ပါသည်။
"အစ်ကိုကြီးချန်း ယဲ့ယင်ကိုချစ်တဲ့ ကျွန်တော့်အချစ်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။"
ကောမော့ယွင်က ခါးမတ်ကာ တည်တံ့စွာ ပြောလိုက်သည်။
သူ ယဲ့ယင်ကို တကယ်သဘောကျပါသည်။
အရွဲ့တိုက်သော အရိပ်အယောင်မျိုး မတွေ့ရပေ။
ခုနက ယဲ့ယင်အစ်ကို၏ လုပ်ရပ်များမှာ သူ့ကိုသတိပေးသည့် သဘောဖြစ်သည်ကို နားလည်ပါသည်။
"ဟုတ်ပါပြီ။ စားကြရအောင်။"
ယဲ့ရှောင်ချန်း ပြုံးလိုက်ပြီး အခန်းထဲက တင်းမာနေသည့် အခြေအနေလည်း ပြောင်းလဲသွားတော့သည်။
ယဲ့ယင်လည်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
တဖက်တွင်လည်း ကောမော့ယွင်သည် သူ့ကိုယ်ပေါ်က ဖိအားကြီး ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရပါသည်။
ထို့နောက် အခြေအနေက ပျော်ရွှင်ဖွယ် ကောင်းလာပါသည်။
ကောမော့ယွင်က သက်ရောက်မှု လုံးဝ ရှိပုံမပေါ်ပါ။ စကားပြော အလွန်ကောင်းပြီး အခြေအနေကို ထိန်းညှိရာတွင်လည်း တော်လေသည်။
ထို့ကြောင့်လည်း သူ့ညီမက သဘောကျနေတာ ဖြစ်နိုင်သည်။
သူ့အစွမ်းအစကို မဆိုဦးနှင့်။ သူ့အပြောကောင်းမှုတစ်ခုတည်းနဲ့တင် မိန်းကလေးများအကြား အလွန်ရေပန်းစားနိုင်ပါသည်။
စားသောက်ပြီးနောက် ကောမော့ယွင်က ငွေရှင်းပေးချင်နေသည်။ ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်၏။ "ဟုတ်ပါပြီ ကောမော့ယွင်။ ငါ့ကို မင်းအစ်ကိုတစ်ယောက်လို သဘောထားရင် ငါ့ကိုရှင်းခွင့်ပေးစမ်းပါ။"
ကောမော့ယွင်က ပြောလိုက်သည်။ "မဟုတ်တာဗျာ။ ကျွန်တော့်အစ်ကိုတင်မဟုတ်ဘူး ကျွန်တော့်ရဲ့ ယောက်ဖလောင်းလည်း ဟုတ်တယ်လေ။ ကျွန်တော်က ရှင်းရမှာပေါ့ဗျ။"
ယဲ့ယင်က ရှက်ရွံ့လွန်းနေသဖြင့် မျက်နှာ နီရဲသွားသည်။
ယဲ့ရှောင်ချန်းက ဆွံ့အသွားသည်။ ကောမော့ယွင်က အလွန်ကြည့်ကောင်းလှသော်လည်း ဘာကြောင့် ဒီလောက် မျက်နှာကြောတင်းရတာလဲ။