အခန်း (၂၁၈) - ကျန်းချီ သုံးမျိုး တိုင်းတာချက်
Vol. 15 Ch. 218
အခန်း (၂၁၈) - ကျန်းချီ သုံးမျိုး တိုင်းတာချက်
ယဲ့ရှောင်ချန်း အိမ်ပြန်ရောက်လာသောအခါ နေ့လည်ခင်း ၄ နာရီကျော်နေပြီဖြစ်သည်။
သူ့မိဘများက သူ့ကိုစောင့်ကြိုနေကြသည်။ ဒေါ်လေးဟွေ့၊ ဒေါ်ကြီးနှင့် တခြားအိမ်နီးချင်းများကလည်း လာလည်ကြသည်။
"သား နင့်ရဲ့ တွဲဖက်ပရော်ဖက်ဆာ ဘွဲ့ကြီးကို ကြည့်ပါရစေဦး။"
အမေက အပျော်များဖြင့် တောက်ပနေပြီး အမြန်ပြောလိုက်ပါသည်။
သူ့အဖေလည်း ပျော်ရွှင်နေပါသည်။
မိသားစုထဲတွင် တွဲဖက်ပရော်ဖက်ဆာ တစ်ယောက် ရှိလာခဲ့ပြီ။ ထို့အပြင် တရုတ်သိပ္ပံကျောင်းတော်က တွဲဖက်ပရော်ဖက်ဆာ ဖြစ်သည်။ သူတို့၏ ဘိုးဘေးများအတွက် ဂုဏ်ယူစေနိုင်လောက်သည့် အဖြစ်အပျက်ကောင်း တစ်ခုဖြစ်ပါသည်။အရင်တစ်ခေါက်က ပညာရှင်အသင်း လာရောက် လည်ပတ်ခဲ့သော်လည်း တရားဝင် မဟုတ်ဘဲ တရားဝင် အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါ။
ဒီတစ်ခေါက်တော့ မတူညီတော့ပေ။
နီနီတောက်တောက် တံဆိပ်ဖြင့် အဖြူရောင်နှင့် အနက်ရောင်ရှိ ဘွဲ့လက်မှတ် အသစ်စက်စက်။
ယဲ့မျိုးရိုးအတွက် ဂုဏ်သိက္ခာကောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။
သိပ်မကြာလိုက်ပေ။ ရွာထဲက ယဲ့မိသားစုဝင်များအားလုံး စုစည်းခဲ့ကြ၏။
ကြက်များဘဲများကို သတ်လျက် ၎င်းတို့၏ ဘိုးဘေးများကို ပူဇော်ပြသဖို့ ပြင်ဆင်ကြသည်။
အလုပ်များစွာ လုပ်ပြီးသွားကြပြီး ညစာစားဖို့အချိန်ရောက်လာသောအခါ စားပွဲများစွာအား တည်ခင်းထားပြီးပြီဖြစ်ပါသည်။
အားလုံးက ယဲ့မိသားစု၏ မိတ်ဆွေများနှင့် ဆွေမျိုးများဖြစ်ကြသည်။ အရင်တစ်ခေါက်က လာရောက်လည်ပတ်သည့် ပညာရှင်အသင်းထက် မနည်းပါ။
အလွန်စည်ကားလွန်းလှပါသည်။
ယဲ့မိသားစုတွင် တရုတ်သိပ္ပံကျောင်းတော်က ဒီလို တွဲဖက်ပရော်ဖက်ဆာမျိုး ရှိလာသဖြင့် အားလုံး ဝမ်းသာနေကြပါသည်။
၈နာရီ ၉နာရီလောက် ရောက်ကာမှ ဆွေမျိုးများနှင့် မိတ်ဆွေများ သူတို့အိမ်မှပြန်သွားကြပြီး တိတ်ဆိတ် အေးချမ်းသွားတော့သည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံသို့ သွားခွင့်ရလေပြီ။
မြေပုံမှတဆင့် အားလုံးကို မြင်နိုင်သော်လည်း လူကိုယ်တိုင် သွားကြည့်ရတာလောက် မချောမွေ့ပါ။
ထောင်ဟွမ်းယီက ကြိုးစားပမ်းစား အလုပ် လုပ်နေပါသည်။
စိုက်ပျိုးရေးခြံ တစ်ခြံလုံးကို အလွန်စနစ်ကျစွာ ထိန်းသိမ်းထားသည်။
စိုက်ပျိုးရေးခြံထဲတွင် ပေါင်းပင်တစ်ပင်တောင် မရှိဘဲ အလွန်သန့်ရှင်းနေပါသည်။
တရုတ်သိပ္ပံကျောင်းတော်မှ ဖမ်းယူခဲ့သည့် မိစ္ဆာဝိညာဥ်အကြောင်း ယဲ့ရှောင်ချန်း တွေးမိသွားကာ ချက်ချင်း အင်မော်တယ်ပဲစေ့ကို ထုတ်ယူလိုက်သည်။
လက်ချောင်း တစ်ချောင်းလောက် လှုပ်လိုက်သည်နှင့် အင်မော်တယ်ပဲစေ့ ပျံတက်သွားပြီး လေထဲတွင် လည်သွားသည်။ ဝုန်းကနဲ မြည်အောင် ပေါက်ကွဲသွားပြီး အနက်ရောင် မြူခိုးထူများအဖြစ် ပြောင်းလဲကာ ပျံ့နှံ့သွားသည်။
ထို့နောက် ချက်ချင်းဆိုသလို အနက်ရောင် မြူခိုးမှ အဖြူရောင် အမျိုးသမီးတစ်ယောက် အဖြစ် ပြောင်းလဲသွားလေသည်။
"ဟမ်"
ယဲ့ရှောင်ချန်း အနည်းငယ် အံ့သြသွားသည်။ အဘယ့်ကြောင့်ဆိုသော် ပဲစေ့စစ်သည်တော်အား ကိုယ်ထည်ဖော်ဖို့ အမိန့်မပေးရသေးသောကြောင့်ဖြစ်သည်။
အလိုအလျောက် အသွင်ဆောင်တာလား။
စိတ်ဝင်စားစရာပင်။ ဒီပဲစေ့စစ်သည်တော်က ထောင်ဟွမ်းယီနှင့် ခြားနားသည့်ပုံပင်။
အဖြူရောင် အမျိုးသမီးက လေထဲတွင် ပျံဝဲနေသည်။ သူမ၏ မျက်နှာက လှပ၏။ ရှေးရိုးဆန်သည့် အလှလေးမျိုးကဲ့သို့ ဖြစ်သည်။
ထို့အပြင် သူမ၏ မျက်လုံးတွင် အသိစိတ်ရှိသလို အလင်းရောင် တချို့ရှိနေသည်။
ယဲ့ရှောင်ချန်းက သူ့မေးစေ့ကို ကိုင်လိုက်၏ "ကောင်းတယ်။ အခုချိန်ကစပြီး မင်းကို ထောင်ဖန်းကျာလို့ ခေါ်မယ်။"
"ထောင်ဖန်းကျာ သခင့်ကို ဂါဝရပြုပါတယ်။"
အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးက လေထဲတွင် ဒူးထောက်လိုက်သည်။ သူမ၏ အသံက ရှင်းလင်းပြီး သာယာသည်။
"ကောင်းပြီ။ မင်းရဲ့ပုံစံနဲ့ အဝတ်အစားတွေကို ပြောင်းလဲလိုက်ပါ။"
ယဲ့ရှောင်ချန်းက လက်ရမ်းပြကာ ပြောလိုက်သည်။
သူမက စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်မည့် ပဲစေ့စစ်သည်တော် တစ်ပါးသာဖြစ်သဖြင့် ဒီလောက် လှဖို့ လိုအပ်လို့လား။
အလွန်လျင်မြန်စွာဖြင့် ထောင်ဖန်းကျာက ရွာသူတစ်ယောက် အသွင် ပြောင်းလဲသွားခဲ့ပါသည်။
သို့သော်လည်း သူမ၏ သဘာဝအလှကိုတော့ ဖုံးကွယ်ဖို့ ခက်ခဲနေပါသေးသည်။
ဒါဆိုလည်း ရှိပါစေတော့။ ကြည့်လို့တော့ ကောင်းပါသည်။
ထောင်ဟွမ်းယီနှင့် ယှဥ်လျှင် ထောင်ဖန်းကျာက အများကြီး ပိုဉာဏ်ကောင်းပြီး ပျော့ပြောင်းသည်။
ယဲ့ရှောင်ချန်းက သူမကို အင်မော်တယ်မြေကွက် ၁၂ ကွက်အား တာဝန်ယူခိုင်းလိုက်သည်။
ပဲစေ့စစ်သည်တော် နှစ်ယောက်နှင့် နောက်ဆုံးတော့ ယဲ့ရှောင်ချန်း အနားယူနိုင်ပြီဖြစ်သည်။
...
တရုတ်သိပ္ပံကျောင်းတော် ထျန်ရွေ့ပန်းခြံတွင်။
အချိန်ကား ညည့်နက်သန်းခေါင် အချိန် ဖြစ်သည်။
အရင်တစ်ခေါက် ကြိုးဆွဲကျ သတ်သေသွားသည့် သစ်ပင်ကြီးအောက်တွင် လူငါးယောက် မတ်တပ်ရပ်နေသည်။
ကျန်းဟန်လျန်၊ တာအိုဆရာကြီးယန်၊ ဆရာကြီး ချင်းထျန်နှင့် သူ့တပည့်နှစ်ယောက်တို့ ဖြစ်ကြသည်။
လောလောဆယ် တပည့်နှစ်ယောက်က အလွန် အလုပ်များနေသည်။ ၎င်းတို့နှင့် အတူတူ ယူဆောင်လာသည့် အိတ်များထဲက ထူးထူးဆန်းဆန်း ပစ္စည်းများကို ထုတ်ကာ အနီးအနားတွင် စတင်တိုင်းတာနေသည်။
မကြာခဏ ဆရာကြီး ချင်းထျန်က ညွှန်ကြားပေးနေ၏။
အထူးလုံခြုံရေးဌာန ဒါရိုက်တာကြီး ကျန်းဟန်လျန်က ခေါင်းရှုပ်နေခဲ့ပါသည်။
တဖက်တွင်တော့ တာအိုဆရာကြီးယန်က ဂရုတစိုက် စောင့်ကြည့်နေသည်။ ဆရာကြီး ချင်းထျန်က နယ်မြေထဲက ဖုန်းရွှေကို တိုင်းတာနေမှန်း သိသဖြင့် သူ့မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်ဝနေပါသည်။
ဆရာကြီးချင်းထျန်က သာမန်လူသားများ နားမလည်နိုင်သည့် စကားလုံးများနှင့် အချက်အလက်များကို ပြောပြပြီး တပည့်နှစ်ယောက်ကလည်း အလျင်အမြန် တိုင်းတာသည်။
"ဆရာကြီးချင်းထျန် ဒါက လင်းနန်ဂိုဏ်းရဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကို တိုင်းတာတဲ့ နည်းလမ်းလား။"
တာအိုဆရာကြီးယန်က ရုတ်တရက် မေးလိုက်သည်။
သူက မြောက်ပိုင်းဒေသဂိုဏ်းတွင် ပါဝင်သည်။ သို့သော်လည်း သမိုင်းအရ အကြောင်းပြချက် တချို့ကြောင့် မြောက်ပိုင်းဒေသဂိုဏ်းမှာ အလွန် ယိမ်းယိုင်ခဲ့ရသည်။
တဖက်တွင်တော့ ဟောင်ကောင်၊ ထိုင်ဝမ်၊ အရှေ့တောင်အာရှနှင့် ဥရောပတို့တွင် လင်းနန်ဂိုဏ်းက အလွန်အဆင်ပြေနေပါသည်။
"ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကို တိုင်းတာတယ်ဟုတ်လား။ အဲ့တာက လင်းနန်ဂိုဏ်းရဲ့ ယေဘုယျ နိယာမတစ်ခုသက်သက်ပဲ။ ဒါက ကျန်းချီ သုံးမျိုး တိုင်းတာချက် လို့ခေါ်တယ်။”
ဆရာကြီးချင်းထျန်က ခေါင်းခါလိုက်သည်။
ကျန်းချီ သုံးမျိုး တိုင်းတာချက်မှာ သုံးကျန်းအကွာအဝေးထဲရှိ ဖုန်းရွှေအား တိုင်းတာနိုင်သည်။
ဒီလိုဆိုရင်တောင် တာအိုဆရာကြီးယန်က လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
လင်းနန်ဂိုဏ်းနှင့်ယှဥ်လျှင် မြောက်ပိုင်းဒေသ ဂိုဏ်းက နဂါးမှတ်များ ရှာဖွေရာတွင် ပိုတော်သည်။ သို့သော်လည်း အားလုံးက အတိတ်တွင်သာဖြစ်သည်။
ဆရာကြီးချင်းထျန်က သူ့တပည့်များထံမှ အချက်အလက်များ ရရှိပြီးနောက် ထူးဆန်းသည့် ခြေလှမ်းဖြင့် လှမ်းနေသည်။ လက်ထဲတွင်လည်း လက်ရာမြောက်သည့် ဖုန်းရွှေ သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားသည်။
ရုတ်တရက် ဆရာကြီးချင်းထျန်က ရပ်တန့်သွားပြီး အသက်ရှူသံအောက်တွင် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။ လက်တစ်ဖက်တွင် သံလိုက်အိမ်မြှောင်ကို ကိုင်ပြီး နောက်တစ်ဖက်ဖြင့် တွက်ချက်မှုများ စတင်ဆောင်ရွက်ခဲ့၏။
ခဏကြာသောအခါ ဆရာကြီးချင်းထျန်က စိတ်အေးလက်အေး သက်ပြင်းချလိုက်ပြီး မူလနေရာသို့ ပြန်လျှောက်သွားလေသည်။ ခေါင်းကို ခါလျက်ပြောလိုက်၏။ "မဟုတ်သေးဘူး။ ဒီနေရာက ယင်ဝိညာဥ်စုစည်းမှတ် ဆိုပေမယ့် ယင်ဝိညာဉ်တွေ မရှိတော့ဘူး။"
သူ့လေသံက တည်တံ့နေ၏။
"မဖြစ်နိုင်တာ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လူတစ်ယောက် သတ်သေသွားတယ် မဟုတ်လား။"
တာအိုဆရာကြီးယန် အလွန်ထိတ်လန့်သွား၏။ "ယင်ဝိညာဉ်က သူ့ဖာသာသူ ထွက်သွားတာလား။"
"အဲ့တာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ယင်ဝိညာဥ် စုစည်းမှတ်က ထိခိုက်ထားပေမယ့် ပညာရှင်ရောင်ဝါတစ်ခုနဲ့ လွှမ်းခြုံမှုကို ခံထားရတာ။ ယင်ဝိညာဉ်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ပန်းခြံထဲက ထွက်သွားနိုင်မှာ မဟုတ်ဘူး။"
ဆရာကြီးချင်းထျန်က ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်သည်။
"ဒါ...ဒါဆို ဒီမှာ ယင်ဝိညာဉ် မရှိတာ ဖြစ်နိုင်လား။"
ဆရာကြီးချင်းထျန်က အမှားလုပ်မည်မဟုတ်သည်ကို တာအိုဆရာကြီးယန်က သိထားပါသည်။
"မဟုတ်မှလွဲရော ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုနှစ်ခုက ရိုးရိုးအမှုတွေပဲလား။"
အထူးလုံခြုံရေးဌာနဒါရိုက်တာ ကျန်းဟန်လျန်လည်း အလွန်ထိတ်လန့်သွားသည်။
"ဒီက ဖုန်းရွှေအခြေအနေကို ငါစစ်ဆေးကြည့်ပြီးသွားပြီ။ အာရုံခံကြည့်လိုက်တော့ ဒီနေရာမှာ တကယ်ပဲ မိစ္ဆာဝိညာဥ်တွေ ရှိခဲ့ဖူးတယ်။ ပြီးတော့ အရမ်းအားကောင်းကြတယ်။ ဒါပေမယ့် အခုတော့ ပျောက်သွားပြီ။ ဘာလို့ ပျောက်သွားလဲဆိုတာကတော့ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ဖုန်းရွှေ တာအိုပညာရှင်တစ်ယောက်က လှုပ်ရှားပြီး ဒီက မိစ္ဆာဝိညာဥ်ကို ဖယ်ရှားသွားတာ။ ဒုတိယတစ်ခုက တရုတ်သိပ္ပံကျောင်းတော်ရဲ့ ပညာရှင်ရောင်ဝါကြောင့် မတော်တဆ သေသွားကြတာပဲ။"
ဆရာကြီး ချင်းထျန်က ပြောလိုက်သည်။ "ဒါပေမယ့် ပထမ ဖြစ်နိုင်ချေကိုပဲ ကျုပ်ကတော့ ပိုယုံချင်တယ်။"
"ဖုန်းရွှေ တာအိုပညာရှင်တစ်ယောက်က ဒီကို လာခဲ့တာလား။"
တာအိုဆရာကြီးယန်နှင့် ကျန်းဟန်လျန်တို့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြ၏။
ဒါလိုဆို ဟောင်ကောင်မှ ဆရာကြီးချင်းထျန်ကို ဖိတ်ကြားဖို့ ပိုက်ဆံတွေ အများကြီး သူတို့ သုံးခဲ့ပါ့မည်နည်း။
ဆရာကြီးချင်းထျန်က သူတို့မျက်နှာပေါ်က အကြည့်များကို မြင်ကာ သူတို့ ဘာမှ မသိကြသေးကြောင်း နားလည်သွားသည်။
တရုတ်ပြည်တွင် ဖုန်းရွှေ တာအိုပညာရှင် အလွန်နည်းပါးသည်ဟု သူထင်ခဲ့မိ၏။ သို့သော် အခုတော့ သူမှားသွားသည့်ပုံပင်။
ဖုန်းရွှေတာအိုပညာရှင် တစ်ယောက်ကသာ တကယ်ပဲ အထူးလုံခြုံရေးဌာနကို အသိမပေးဘဲ ယင်ဝိညာဉ်များကို နှိမ်နင်းခဲ့ပါက ထိုပညာရှင်က သာမန်ထက် ထူးကဲတာ တစ်ခုခု လုပ်ခဲ့သည်ဟု ဆိုလိုနေပါသည်။
...
ထိုအချိန်တွင် တောင်ပိုင်းဒေသ ကျင်းကောင်တီမြို့၏ ယုဖန်ရွာတွင်။
စိုက်ပျိုးရေးခြံ၌။
ယဲ့ရှောင်ချန်းက မိုးသားတိမ်တိုက်ဖန်တီးခြင်း အင်မော်တယ်ကျင့်စဥ်ကို လေ့လာနေသည်။
အင်မော်တယ်ကျင့်စဥ်၏ သီအိုရီကို ကမ္ဘာမြေပေါ်က အသိပညာဖြင့် ရှင်းပြလို့မရနိုင်ပါ။
သူ့လက်ချောင်းများဖြင့် ပုံစံကွက်ဖော်လိုက်ပြီး သူ့မှော်စွမ်းအင်များကို ထုတ်လိုက်သည်။ အင်မော်တယ်စမ်းရေ တစ်ပုံးကို လက်ညှိုးထိုးလိုက်၏။
ရုတ်တရက် ရေများပွက်လာပြီး မြူခိုးတိမ်တစ်ခု လေပေါ်သို့ တက်သွား၏။
၁၀ စက္ကန့်ကျော်လောက် ကြာရှည်ခံခဲ့သည်။ မြူခိုးတိမ်မှာ အရှည်အားဖြင့် ၁၀ ပေလောက် ရှိသည်။
သူ့လက်ချောင်းဆယ်ချောင်း လှုပ်ခါသွား၏။ ထို့နောက် မှော်စွမ်းအင်မျှင်တစ်ခုအား မြူခိုးတိမ်တိုက်ထဲသို့ ပစ်လွှတ်လိုက်သည်။ မြူခိုးတိမ်တိုက်ကြီးက စတင်ရွေ့လျားလာပြီး ဘယ်ကိုပဲဖြတ်သွားသွား မိုးများ တဖွဲဖွဲ ရွာသွန်းသွား၏။
မြူခိုးတိမ်တိုက်ကြီး ရပ်တန့်သွားသောအခါ အင်မော်တယ်မြေကွက်တစ်ခုလုံး ရွှဲစိုနေပြီ ဖြစ်ပါသည်။
ဒါတင်မကသေးဘဲ မိုးသားတိမ်တိုက်ဖန်တီးခြင်း ကျင့်စဥ်ဖြင့် ရေလောင်းထားသည့် အင်မော်တယ် အပင်များမှာ မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ကြီးထွားလာကြသည်။
"မိုးသားတိမ်တိုက်ဖန်တီးခြင်းနဲ့ အပင်ဖွံ့ဖြိုးခြင်း အာနိသင်နှစ်ခုကို ပေါင်းလိုက်ရင် တကယ် စွမ်းအားကြီးတာပဲ။"
ယဲ့ရှောင်ချန်းက ကျေနပ်နေသည့် ပုံပင်။
အပင်ဖွံ့ဖြိုးခြင်း နည်းလမ်း သက်သက်ထက် အများကြီး ပိုကောင်းနေပါသည်။