အခန်း (၂၂၀) - အင်မော်တယ်စပျစ်သီးများ
Vol. 15 Ch. 220
အခန်း (၂၂၀) - အင်မော်တယ်စပျစ်သီးများ
ယဲ့ရှောင်ချန်းက အင်မော်တယ် စပျစ်သီး အရေအတွက်ကို ရေတွက်ကြည့်သောအခါ စုစုပေါင်း ၃၈ လုံး ရှိသည်ကို တွေ့လိုက်ရသည်။
သာမန် စပျစ်ခိုင်တစ်ခိုင်ကို စပျစ်သီး ၁၅ လုံးမှ ၃၀ လုံး ရှိပါသည်။
ထို့အပြင် ထိုအင်မော်တယ် စပျစ်သီးများက ဆူဖြိုး ကြီးထွားကြပါသည်။
ယဲ့ရှောင်ချန်းက အင်မော်တယ် စပျစ်သီး တစ်လုံးကို ယူလိုက်ပြီး ရေမဆေးဘဲ အင်္ကျီဖြင့်သုတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။
စပျစ်သီး၏ အသားကို သူ့သွားဖြင့် ကိုက်လိုက်သောအခါ အေးမြပြီး ချိုမြိန်သည့် အရည်တစ်ခုက သူ့ပါးစပ်ထဲ စိမ့်ထွက်လာသည်။
အရသာရှိလိုက်တာ။
အရသာ အရမ်းရှိတာပဲ။
ယဲ့ရှောင်ချန်းတစ်ယောက်် အင်မော်တယ် စပျစ်သီးများ၏ အရသာကို စကားလုံးများဖြင့် မဖော်ပြတတ်တော့ပေ။
သူ့ခန္ဓာကိုယ်ထဲ ပေါက်ထွက်နေသည့် အင်မော်တယ် ဝိညာဥ်စွမ်းအင်ကိုလည်း ခံစားမိသည်။
သူ မနေနိင်ဘဲ နည်းနည်းလောက် ထပ်စားလိုက်သည်။ ရုတ်တရက်ကြီး ဗိုက်ပြည့်သွားသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်ထဲ အင်မော်တယ် ဝိညာဥ်စွမ်းအင်က ပြည့်နှက်သွားပြီး အစာခြေဖို့ ခက်ခဲနေသည့်ပုံပင်။
သူ အင်မော်တယ် စပျစ်သီးများ ထပ်စားပါက သူ အစာမကြေဖြစ်ပြီး ခန္ဓာကိုယ်အတွက် မကောင်းနိုင်သည်ကို သူသိပါသည်။
သူက အင်မော်တယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီဆိုသော်လည်း သူ့ကျင့်ကြံမှုက အခြေခံသာ ရှိသေးပြီး အင်မော်တယ် သစ်သီးနှင့် အင်မော်တယ် အပင်များစွာကို မစားသုံးနိုင်သေးပါ။
ထိုအချိန်တွင် ယဲ့ရှောင်ချန်း တခြား အင်မော်တယ် စပျစ်သီးများကို စတင်ခူးဆွတ်လေသည်။
သူ ခုနက ခူးထားသည့် အင်မော်တယ် စပျစ်ခိုင်အပြင် စုစုပေါင်း ၁၄၈ ခိုင် ရှိပါသည်။
အပင်တန်ဖိုးဖြတ်နည်းလမ်းကို အသုံးပြုလိုက်သည်။
အင်မော်တယ်စပျစ်သီးတစ်လုံးစီ၏ တန်ဖိုးကိုတော့ တခြားအင်မော်တယ် အပင်များ၏ အပင်တန်ဖိုးဖြတ် အချက်အလက်များကို ကြည့်ရင်း ယဲ့ရှောင်ချန်း မှန်းဆနိုင်ပါသည်။
စပျစ်သီးတစ်လုံးကို အနည်းဆုံး ၁.၃၀ မှ ၁.၅၀ အင်မော်တယ်ယွမ် ရှိလောက်သည်။
တစ်နည်းအားဖြင့် အင်မော်တယ် စပျစ်နွယ် ၁၀ နွယ်ပေါ်က အင်မော်တယ် စပျစ်သီးများက အနည်းဆုံး အင်မော်တယ်ယွမ် ၇,၀၀၀ တန်သည်။
ယဲ့ရှောင်ချန်း လောလောဆယ်တော့ ထိုအင်မော်တယ် စပျစ်သီးများကို ရောင်းဖို့ အစီအစဥ်မရှိသေးပါ။ အင်မော်တယ် အပင်များ ထပ်စုပြီး လေလံပွဲလုပ်ဖို့ စီစဥ်ထား၏။
ယဲ့ရှောင်ချန်း အိမ်ပြန်လာပြီး ခုနက စားခဲ့သည့် အင်မော်တယ် စပျစ်သီးများကို အဆိပ်ဖြေလိုက်သည်။
အင်မော်တယ် စပျစ်သီးများက အလွန် အရည်ရွှမ်းသဖြင့် အဆိပ်ဖြေပြီးနောက်တွင် အင်မော်တယ်ပဲစေ့များလောက်တော့ ခြောက်သွေ့ပုံမပေါ်ပါ။ လှပနေပါသေးသည်။ သို့သော် အရင်ကလောက်တော့ မလှပတော့ပေ။
ယဲ့ရှောင်ချန်းက အင်မော်တယ် စပျစ်သီး ခြောက်လုံးကို ယူလိုက်ပြီး သစ်သီးပန်းကန်လုံး တစ်လုံးထဲ ထည့်လိုက်သည်။ ထိုပန်းကန်လုံးကို တီဗီကြည့်နေသည့် သူ့မိဘများထံသို့ ယူလာ၏ ။ "စပျစ်သီး စားဖို့ အချိန်ကျပြီ။"
သူ့မိဘများက သိပ်ပြီး အရေးမစိုက်ပါ။ စပျစ်သီးများကတော့ ကြီးများပြီး တောက်ပနေပါသည်။
သို့သော်လည်း သူတို့နှစ်ယောက် စားပြီးသွားသောအခါ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။
"သား ဒီစပျစ်သီးတွေက ဘာတွေလဲ။ ဘာလို့ အရသာအရမ်းရှိတာလဲ။"
အမေက နောက်ထပ် စပျစ်သီးတစ်လုံးကို ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်၏။ သူမ၏ မျက်နှာက စားသောက်ရင်း ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်။ "အရသာ အရမ်း ရှိတာပဲ။ မဟုတ်မှလွဲရော နင့်စိုက်ပျိုးရေးခြံထဲမှာ စိုက်ထားတာတွေလား။"
"ဟုတ်တယ် စပျစ်နွယ်က အသီးတွေပါ။ ဘယ်လိုထင်လဲ။ ကျွန်တော် သေသေချာချာ လေ့လာထားတာလေ။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။
"ငါ့သားက တော်လိုက်တာ။ စပျစ်သီးတွေကလည်း ကောင်းချက်ပဲ။"
သူ့အမေက ချီးကျူး၍ မဆုံးတော့ပါ။
စပျစ်သီးခြောက်လုံး ခဏလေးနှင့် ကုန်သွား၏။ သို့သော်လည်း သူတို့နှစ်ယောက် စားချင်နေဆဲပင်။
"သား ရှိသေးလား။ နည်းနည်းပဲ ရှိတာကို ဘယ်လိုလုပ် ဝမှာလဲ။"
အမေက အမြန်မေးလိုက်သည်။
"အမေ ဒီစပျစ်သီးတွေကို အများကြီး စားလို့ မရဘူး။"
ယဲ့ရှောင်ချန်းက ဆင်ခြေတစ်ခု ပေးလိုက်သည်။
တကယ်တော့ အာဟာရပြည့်ဝခြင်းက လွဲပြီး တခြား ဘေးထွက်ဆိုးကျိုး မရှိနိုင်ပပါ။
သို့သော် များပြားစွာ စားသုံးခြင်းက အာဟာရ အလွန်အမင်း ပြည့်ဝသွားစေနိုင်သည်။
ထို့အပြင် ဒါက အင်မော်တယ် သစ်သီး ဖြစ်၏။
ပမာဏက အကန့်အသတ်ရှိသဖြင့် အကုန်လုံးကို တစ်ခါတည်းစားလို့မရနိုင်ပါ။ နေ့တိုင်းစားဖို့ ရှိအောင် ကိုယ့်ကိုယ်ကို ထိန်းရမည်ဖြစ်သည်။
ယဲ့ရှောင်ချန်းက သူ့မိသားစုအတွက်တော့ သေချာပေါက် အင်မော်တယ် အပင်များ၊ အင်မော်တယ် သစ်သီးများကို ကျွေးရန် မတွန့်တိုပါ။
အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များ၊ အင်မော်တယ်ပဲစေ့များ၊ အင်မော်တယ် မုန်လာဥများ အစရှိသည်တို့ကို နေ့စဥ် စားသုံးခြင်းကြောင့် သူ့မိဘများက အခုဆို အသက် ၁၀နှစ်လောက် ပိုငယ်နေသလို ဖြစ်နေလေပြီ။ ၎င်းတို့၏ အနာရောဂါများလည်း ပျောက်ကင်းကုန်ကြသည်။
အနာဂတ်တွင် နေ့တိုင်း ဒီလိုပဲ စားသောက်နေပါက သူတို့ အသက်ရှည်ရှည် နေနိုင်ပါလိမ့်မည်။
ညစာစားပြီးနောက်။
ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံသို့ ပြန်လာသည်။
ဒီနေ့ည ချီယွမ်ဆေးကို သူ ဖော်စပ်ဖို့ ကြိုးစားမည်။
အချိန်အကြာကြီး ပြင်ဆင်ပြီးနောက် လိုအပ်သည့် ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးပြီ ဖြစ်ပါသည်။
ဒုဓလီဝိညာဥ်မျိုးစေ့ ၃ ခု၊။
ကျားကျွင်းမြက်ပင် ၃ ပင်။
လေအမျိုးအစား အင်မော်တယ်မြက်ပင် ၃ ပင်။
အားလုံးက အဆင့်နိမ့်များ ဖြစ်ကြသည်။
၎င်းတို့ကို ဝယ်ယူဖို့အတွက် ယဲ့ရှောင်ချန်း အင်မော်တယ်ယွမ် ၁၂,၀၀၀ ကျော်လောက် သုံးခဲ့ရ၏။
သို့သော်လည်း ဝမ်ရှင်းယီကို ကုသနိုင်မည် ဆိုပါက အင်မော်တယ်ယွမ် ဘယ်လောက်ပဲ ကုန်ကုန် တန်ပါသည်။
သွပ်အိမ်ထဲတွင်။
ယဲ့ရှောင်ချန်းက အင်မော်တယ် ဝိညာဥ်ချီများ ဖြတ်တောက်ထားသည့် ဝိညာဥ်ပစ္စည်းအားလုံးကို ထုတ်ကာ စတင်ဖော်စပ်တော့သည်။
ယဲ့ရှောင်ချန်းတစ်ယောက် အလွန်သတိထားနေရ၏။
သတိမဲ့သွားပါက ကျရှုံးနိုင်သည်ကို သူသိနေသည်။
ဒါက အင်မော်တယ်ယွမ် သောင်းချီတန်သော ပစ္စည်းများဖြစ်၏။
ည ၉နာရီ အချိန််မှစပြီး မနက် ၂ နာရီ ၃ နာရီအထိ ယဲ့ရှောင်ချန်း ဘွိုင်လာအိုးဘေးတွင် နေကာ မီးကို ထိန်းညှိလျက် နေခဲ့သည်။
ထိုအချိန်တွင် ယဲ့ရှော်ချန်း၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားသော ပုံရိပ်မျိုး ပေါ်လွင်နေပါသည်။
အဘယ့်ကြောင့်ဆိုသော် ဆေးဝါး အောင်မြင်မှုက သိသာထင်ရှားလာပြီ။
တစ်ချိန်တည်းမှာပင် ကျရှုံးဖို့ အဖြစ်နိုင်ဆုံး အချိန် ဖြစ်နေပါသည်။
သူ မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားနေ၏။
ရုတ်တရက်ကြီး ထူးဆန်းသည့် အနံ့တစ်ခုက ဘွိုင်လာအိုးထဲမှ ထွက်လာသည်။
ယဲ့ရှောင်ချန်း နှာခေါင်းရှုံ့သွား၏။ သူ့မျက်နှာက ပီတိဖြစ်သွားသော မျက်နှာ ဖြစ်သွားပါသည်။ မီးကို အမြန်ပိတ်လိုက်ပါသည်။
ထူးဆန်းသည့် အနံ့က တဖြည်းဖြည်း ပိုသန်မာလာသည်။ ထို့နောက် တစ်အိမ်လုံး အဆိုပါအနံ့တွေဖြင့် ပြည့်နှံ့သွားသည်။
၁၅ မိနစ်ကျော်လောက် စောင့်ပြီးသွားသောအခါ ထူးဆန်းသည့် ရနံ့ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ ထို့နောက် ဘွိုင်လာအိုးအဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါ ပြဒါးရောင် ဆေးရည်ကို မြင်လိုက်ရသည်။
ဓာတ်ဘူးခွက်ငယ် သုံးခွက်ကို အမြန် ထုတ်လိုက်သည်။ အထဲက ဆေးရည်ကို လောင်းထည့်ပြီး အညီအမျှ သုံးပိုင်း ပိုင်းထည့်လိုက်၏။
အဖုံးကို အမြန်ပိတ်လိုက်သည်။
ဒီချီယွမ်ဆေးရည်က ဝမ်ရှင်းယီ၏ ပြန်လည် ကောင်းမွန်မှုကို ကိုယ်စားပြုသည်။
ဝမ်ရှင်းယီကို အခုချက်ချင်း မက်ဆေ့ချ် ပို့ချင်သော်လည်း အလွန်နောက်ကျနေသဖြင့် ဝမ်ရှင်းယီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်ပြီဟု ထင်သဖြင့် သူလက်လျှော့လိုက်ပါသည်။
နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီအား ဝီချက်မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။
"ရှင်းယီ ဒီနေ့ ကျွန်တော် အံ့သြစရာ တစ်ခုခု ပြဖို့ ရှိတယ်။"
ဝမ်ရှင်းယီက ဘယ်လို အံ့သြစရာမျိုးလဲဟု မေးသည့် မက်ဆေ့ချ် အမြန်ပြန်ပို့လိုက်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက မပြောဘဲ လျှို့ဝှက်ထားသည်။
ယဲ့ရှောင်ချန်းသည် မနက်စာတောင် စားမနေတော့ဘဲ ယန်မြို့တော်သို့ မောင်းလာခဲ့၏။
ဝမ်ရွှေရှန့်ဗီလာသို့ သူရောက်လာသောအခါ ဝမ်ရွှေရှန့် အလုပ်သွားပြီဖြစ်သည်။
ခုတလော ဝမ်ရွှေရှန့်က အလုပ်ကို စောစော သွားကာ နောက်ကျမှ ပြန်လာတတ်၏။ သူ အလွန် အလုပ်များနေပါသည်။
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ ခြံဝန်းထဲသို့ တန်းလာခဲ့သည်။
ဝမ်ရှင်းယီလည်း စောင့်နေတာ ကြာပြီ ဖြစ်၏။
ဘယ်လို အံ့သြစရာမျိုးလဲဟု လက်ဟန်ပြကာ မေးလိုက်သည်။
ဝမ်ရှင်းယီ၏ အလွန်သိချင်နေသော မျက်နှာကို မြင်သောအခါ သူ မနေနိုင်ဘဲ ပြုံးလိုက်မိ၏။ ထို့နောက် ဓာတ်ဘူးခွက်တစ်ခွက်ကို ထုတ်လိုက်သည်။
ဝမ်ရှင်းယီက ထိုခွက်ကို ကြည့်ကာ ဇဝေဇဝါဖြစ်သွား၏။ အရသာ ရှိတဲ့ဟာ တစ်ခုခုများလား။
"ရှင်းယီ ကျွန်တော် ရှင်းယီရဲ့ နားအကြားဝေဒနာကို ကုသပေးနိုင်တဲ့ ဆေးဝါးကို ရှာတွေ့ခဲ့ပြီ။"
ယဲ့ရှောင်ချန်းက လက်ဟန်ဘာသာစကားဖြင့် ပြောလိုက်သည်။
ဝမ်ရှင်းယီ ကြက်သေ သေသွားသည်။
သူမ၏ နားအကြားဝေဒနာအား ကုသဖို့ ခက်ခဲမှန်း သိသဖြင့် ပျော်ရွှင်နေသည့်ပုံတော့ သိပ်မပေါက်ပေ။
သူမ၏ အစ်ကိုက သူလုပ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြည့်ပြီးပြီဖြစ်သော်လည်း တစ်ခုမှ မအောင်မြင်ခဲ့ပေ။ သူရခဲ့တာဆိုလို့ စိတ်ပျက်အားလျော့မှုများ ထပ်ခါထပ်ခါ ခံစားခဲ့ရခြင်းဖြစ်ပြီး နောက်ဆုံးတော့ စိတ်ဓာတ်ကျမှုအဖြစ် ပြောင်းလဲသွားခဲ့၏။
ထို့နောက် သူမ၏ နားအကြားဝေဒနာကို ကုသဖို့ ဘယ်လိုမျှော်လင့်ချက်မျိုးမှ မထားခဲ့တော့ပါ။
ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ မျက်နှာကို မြင်ကာ သူမ ဘာတွေးနေသလဲ သိသဖြင့် ချက်ချင်း ပြောလိုက်၏။
"ရှင်းယီ ကျွန်တော့်ကို ဒီတစ်ခေါက်တော့ ယုံပေးပါ။"
ဝမ်ရှင်းယီက ခေတ္တ တိတ်ဆိတ်သွားသည်။ ထို့နောက် လက်ဟန်ပြလိုက်သည်။ "ရှောင်ချန်း ရှင် ကျွန်မအပေါ် ကောင်းတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ရောဂါက တကယ် ကုသလို့ မရနိုင်ဘူး။ ထားလိုက်ပါတော့။ ကျွန်မကို စိတ်ပျက်ရအောင် ထပ်မလုပ်ပါနဲ့။ အခု လုံးဝ လက်လျှော့လိုက်တာ ပိုကောင်းပါတယ်။"
ယဲ့ရှောင်ချန်းက သူမ၏ လက်ကို အမြန်ကိုင်ကာ ဝိညာဥ်ဆက်သွယ်ခြင်းပါရမီကို အသုံးပြု၍ ဝမ်ရှင်းယီ၏ အသိစိတ်နှင့် ဆက်သွယ်လိုက်သည်။
ရုတ်ခြည်းဆိုသလို ဝမ်ရှင်းယီ၏ အာရုံထဲ အသံတစ်ခု မြည်ဟည်းလာ၏။
"ရှင်းယီ ကျွန်တော့်အသံကို ကြားရလား။"
ဝမ်ရှင်းယီအား ထိတ်လန့်သွားစေမည့် လျှို့ဝှက်ချက်တချို့ကို ထုတ်ဖော်လိုက်ရလည်း မမှုတော့ပါ။ ဝမ်ရှင်းယီ အခု သူ့ကို ယုံကြည်အောင် လုပ်ရမည်။
ယဲ့ရှောင်ချန်း၏ အသံကို တကယ်ကြားရသဖြင့် ဝမ်ရှင်းယီ ထိတ်လန့်သွားသည်။
ဒါက သူမ တစ်စုံတစ်ယောက်၏ အသံကို ပထမဆုံးကြားဖူးတာဖြစ်ပြီး အသံပိုင်ရှင်က ယဲ့ရှောင်ချန်း ဖြစ်နေသည်။
ယဲ့ရှောင်ချန်း၏ အသံက နူးညံ့ပြီး ဆွဲဆောင်မှုရှိသည်။ သူမ၏ နှလုံးသားအား တုန်ခါသွားစေ၏။
"ရှင်းယီ ကျွန်တော့်ကို ယုံပါ။ ကျွန်တော့်အသံကို ကြားရပြီး ကျွန်တော် တီးမှုတ်ပေးခဲ့တဲ့ ပလွေသံကို ကြားရတယ်ဆိုရင် သေချာပေါက် ရှင်းယီရဲ့ ရောဂါကို ကုသပေးနိုင်ပါတယ်။"
ယဲ့ရှောင်ချန်းက နူးညံ့စွာ ပြောလိုက်သည်။
သူ့အကြည့်က အလွန် သိမ်မွေ့လှပြီး အသန့်စင်ဆုံး မေတ္တာများဖြင့် ပြည့်နှက်နေခဲ့၏။
ဝမ်ရှင်းယီ၏ နှလုံးသားက ယဲ့ရှောင်ချန်း၏ စကားသံနှင့် အကြည့်တို့ကြောင့်လုံးဝ အရည်ပျော်ကျသွားခဲ့ရလေပြီ။
နောက်ဆုံးတော့ သူမ ညင်သာစွာ ခေါင်းငြိမ့်လိုက်ပါတော့သည်။