အခန်း (၂၂၂) - အင်မော်တယ်
Vol. 15 Ch. 222
အခန်း (၂၂၂) - အင်မော်တယ်
ဝမ်ရှင်းယီ ယခု နားကြားနိုင်ပါပြီ။
ဝမ်ရွှေရှန့်နှင့် ကျူချင်းချင်းတို့ ထိုအကြောင်း ကြားကြသောအခါ ကြောင်အသွားပါသည်။
အစကတော့ မယုံသော်လည်း ဝမ်ရှင်းယီက အလွန် တောင့်တင်းသောအသံဖြင့် သူတို့ ပြောသည့် စကားများကို တစ်လုံးချင်း တစ်လုံးချင်း ပြန်ပြောပြသည်။
နောက်ဆုံးတော့ သူတို့ ယုံကြည်ခဲ့ပါပြီ။
ဝမ်ရွှေရှန့်က အလွန်ဝမ်းသာလွန်းသဖြင့် ငိုပြီး သူ့ညီမကို ဖက်ထားခဲ့သည်။
ဝမ်ရှင်းယီ ရုတ်တရက် နားပြန်ကြားလာနိုင်လာခြင်းမှာ ယဲ့ရှောင်ချန်းပေးသည့် ဆေးဝါးတစ်မျိုးကြောင့် ဖြစ်ကြောင်း သိလိုက်ရသောအခါ အားလုံး ထိတ်လန့်သွားကြသည်။
ဝမ်ရှင်းယီအား ကုသပေးခဲ့သူက ယဲ့ရှောင်ချန်း ဖြစ်ပါသည်။
"ရှောင်ချန်း မင်းဘယ်လို လုပ်လိုက်တာလဲ။"
ဝမ်ရွှေရှန့်က အလွန်အမင်း ဝမ်းမြောက်နေသော လေသံဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီးဝမ်။ ကျွန်တော်မတော်တဆ ရှာတွေ့ခဲ့တဲ့ လျှို့ဝှက် ဆေးညွှန်းတစ်မျိုးပါ။ ဆေးညွှန်းထဲက ဆေးဝါးအများစုက လက်ရှိ ဆေးပင်တွေလောက်နဲ့ မရနိုင်လို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စိုက်ပျိုးနည်းစနစ်ကို သုံးပြီး သက်ဆိုင်ရာ ဆေးဂုဏ်သတ္တိတွေရှိတဲ့ ဆေးပင်တွေကို စိုက်ပျိုးခဲ့တယ်။ အစကတော့ ရာနှုန်းပြည့် ယုံကြည်မှု မရှိပေမယ့် အခု ကျွန်တော် အောင်မြင်သွားတဲ့ပုံပဲ။"
ယဲ့ရှောင်ချန်းက ဆင်ခြေတစ်ခု ပေးလိုက်သည်။
"ရှောင်ချန်း ကျေးဇူးအများကြီး တင်ပါတယ်။ ငါ... ငါဘယ်လိုကျေးဇူးတင်ရမှန်း မသိတော့ပါဘူးကွာ။"
ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းလက်အား ကိုင်လိုက်ပြီး သူ့အသံကလည်း စိတ်ခံစားချက်များဖြင့် ပြည့်ဝနေ၏။ စိတ်ခံစားချက််က သူ့ကို ဆောက်လုပ်ရေးနယ်မြေတွင် ကယ်တင်ခဲ့တုန်းကထက် ပို၍ပင် အားကောင်းနေပါသည်။
"အစ်ကိုကြီးဝမ် ကျွန်တော် လုပ်သင့်တာ လုပ်ခဲ့တာပါ။ ဒါပေမယ့် ရှင်းယီရဲ့ အကြားအာရုံက သာမန် လူတစ်ယောက်နဲ့ စံနှုန်းလောက်အထိတော့ မရောက်သေးဘူး။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး အလွန် ကျေနပ်သွားပါသည်။
ယဲ့ရှောင်ချန်းက ဝမ်မိသားစု၏ ကံကောင်းသော ကြယ်ပွင့်ကလေးဖြစ်သည်ဟု သူ ခံစားခဲ့ရပါသည်။
ပထမဆုံး သူ့သားကို ကယ်တင်ခဲ့သည်။ ထို့နောက် သူ့အား ဒေဝါလီခံရမည့် ဘေးမှ ကယ်တင်ပေးခဲ့သည်။ အခုတော့ သူ့ညီမ၏ နားအကြား ဝေဒနာကို ကုသပေးခဲ့ပြန်သည်။
သူ့တစ်သက်လုံး ဒီကျေးဇူးကို ပြန်ဆပ်နိုင်တော့မည် မဟုတ်ပါ။
သို့သော်လည်း သူ့ညီမနှင့် ယဲ့ရှောင်ချန်းတို့၏ ဆက်ဆံရေးအကြောင်း စဥ်းစားမိသောအခါ သူစိတ်အေးသွားရသည်။ ဘာပဲဖြစ်ဖြစ် အနာဂတ်တွင် သူတို့မိသားစုတစ်ခု ဖြစ်လာကြတော့မည် မဟုတ်ပါလား။
နေ့လည်စာ စားပြီးနောက် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို အပြင်ခေါ်လာခဲ့သည်။
သူမ၏ နားအကြားဝေဒနာကြောင့် အပြင်မထွက်သလောက် ရှားခဲ့ပါသည်။ အဆင်မပြေဘဲ မတော်တဆဖြစ်လွယ်သောကြောင့် ဖြစ်ပါသည်။
သို့သော် အခုတော့ မတူညီတော့ပါ။
သူမ၏ အကြားအာရုံကို သာမန်လူတစ်ယောက်၏ စံနှုန်းနှင့် ကိုက်ညီအောင် လုပ်ပေးသည့် နားအကူကိရိယာပင် တပ်ထားပါသည်။
ယဲ့ရှောင်ချန်းက ကားမောင်းရင်း ဝမ်ရှင်းယီကို စကားပြောနေသည်။
အရင်က တစ်ခါမှ စကားမပြောဘူးသဖြင့် ဝမ်ရှင်းယီက စကားပြောဖို့ သင်ယူနေရဆဲ ဖြစ်ပါသည်။
သူမ စကားပြောသောအခါ ထစ်ငေါ့နေပြီး တောင့်တောင့်ကြီး ဖြစ်နေ၏။
ယဲ့ရှောင်ချန်းက မကြာခဏ သူမ၏ အသံထွက်ပုံထွက်နည်းကို ပြင်ဆင်ပေးရသည်။
ဧကန္တ အရင်က တစ်ခါမှ စကားမပြောဖူးလို့လားမသိ၊ အခု ဝမ်ရှင်းယီ စကားအလွန်များလာပြီး ရပ်ပင် မရပ်တော့ပါ။
ယဲ့ရှောင်ချန်းကလည်း စိတ်မရှည် မဖြစ်ပါ။
ထို့နောက် ဝမ်ရှင်းယီကို ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးသို့ လိုက်ပို့ပြီး အထဲက နေရာတွေအားလုံးကို လည်ပတ်ခဲ့သည်။
ဝမ်ရှင်းယီကို ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းသို့လည်း ခေါ်လာပေး၏။
သုတေသနပညာရှင်များက ဒါရိုက်တာကြီး ကောင်မလေးတစ်ယောက်ကို ခေါ်လာသည်ကို မြင်သောအခါ ဒါရိုက်တာကြီး၏ ကောင်မလေးဖြစ်မှန်း ချက်ချင်း နားလည်သွားကြသည်။ သူတို့အားလုံး နားလည်သည့် မျက်နှာမျိုး ပြသကြ၏။
ထိုနေ့၏ ကျန်သော အချိန်များတွင်တော့ ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီအား ယန်မြို့တော်က နေရာမျိုးစုံသို့ လိုက်ပို့ပေးသည်။
သူမကို အိမ်ပြန်ပို့ပြီးသောအခါ မနက်ဖြန် သူ့အိမ်သို့ ခေါ်သွားမည်ဟု ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
ဝမ်ရှင်းယီက ညင်သာစွာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခြေဖျားထောက်ပြီး ယဲ့ရှောင်ချန်း၏ ပါးကို နမ်းလိုက်သည်။ ထို့နောက် ပျော်မြူးစွာ တခစ်ခစ်ရယ်ရင်း အိမ်ထဲ ပြေးဝင်သွားတော့သည်။
ယဲ့ရှောင်ချန်း ကြက်သေ သေသွားရ၏။ ဝမ်ရှင်းယီ နမ်းရှိုက်သွားသည့် နေရာအား လက်ဖြင့် ထိကြည့်လိုက်မိပါသည်။
ဝမ်ရှင်းယီ သူ့ကို ရာနှုန်းပြည့် လက်ခံသွားပြီဖြစ်ကြောင်း သူသိလိုက်ပါသည်။
ကဗျာဆန်ဆန် ဖွင့်မပြောရသေးသော်လည်း သူတို့နှလုံးသားများက ဖွင့်ပြောစရာမလိုဘဲ အပြန်အလှန် နားလည်ကာ ယိမ်းယိုင်နေပြီးသား ဖြစ်ကြပါသည်။
"ဟီးဟီး ကောင်းလိုက်တာ"
ယဲ့ရှောင်ချန်း ရုတ်တရက် ပြုံးဖြီးသွားပါသည်။
...
စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက ရှန်းနုန် စနစ်မှတဆင့် သခင်ကြီး ထိုက်ရှန်အား ယွမ်ချီဆေးရည် အကြောင်း မေးမြန်းနေသည်။
"ဒီအခြေအနေ ဖြစ်လာရတဲ့ အကြောင်းအရင်းက ဆေးပင်တွေ အများကြီးကို ရောနှောပြီး ကျိုချက်တဲ့အခါမှာ သူတို့ရဲ့ ဆေးဂုဏ်သတ္တိတွေကို အပြည့်အဝ မထုတ်လုပ်နိုင်ခဲ့လို့ပဲ။ ပြောရရင် မင်း ကျိုချက်လိုက်တဲ့ ကုန်ကြမ်းတွေ အကုန်လုံးက ဝိညာဥ်ကင်းမဲ့တယ်။ အင်မော်တယ်ရောင်ဝါမရှိရင် ဆေးဂုဏ်သတ္တိတွေက ပေါင်းစပ်ဖို့ အများကြီး ပိုခက်ခဲသွားလိမ့်မယ်။"
သခင်ကြီး ထိုင်ရှန်က ပြောလိုက်သည်။
"စီနီယာကြီး တခြားနည်းလမ်း မရှိတော့ဘူးလားဗျ။"
ယဲ့ရှောင်ချန်းက မေးလိုက်သည်။
"တကယ်တော့ ဒီပြဿနာကို ဖြေရှင်းဖို့က အရမ်းရိုးရှင်းပါတယ်။ သန့်စင်မှုပါရမီပါတဲ့ ဆေးပင်တွေကို သုံးဖို့ပေါ့။ မင်းက ရှန်းနုန် မဟုတ်လား။ ပြီးတော့ မင်းစိုက်ပျိုးတဲ့ ဆေးပင်တွေမှာလည်း သန့်စင်မှု ဂုဏ်သတ္တိ ပါဝင်မှာပဲ။ သန့်စင်မှုတစ်ခုတည်းနဲ့ ပေါင်းစပ်မှု အာနိသင်ကို အားကောင်းစေတယ်။ ဆေးပင်တွေရဲ့ ဆေးဂုဏ်သတ္တိကို အမြင့်ဆုံး ထုတ်လုပ်စေတယ်။"
သခင်ကြီး ထိုက်ရှန်က စာထပ်ပြန်ပါသည်။
ယဲ့ရှောင်ချန်း မျက်လုံးများ ဝိုင်းစက်သွား၏။ သန့်စင်မှုဂုဏ်သတ္တိနဲ့ အင်မော်တယ်ဆေးပင်တွေကို သုံးလိုက်ရင် အဆင်ပြေပြီလား။
သူ့မှာ မျှော်လင့်ချက် ရှိသွားပါသည်။
စတိုးဆိုင်က ဝယ်ယူသည့် ဆေးပင်များက သန့်စင်မှုပါရမီ မပါရှိသဖြင့် သူကိုယ်တိုင် စိုက်ပျိုးရပါလိမ့်မည်။
လေအမျိုးအစား အင်မော်တယ်မြက်ပင်၊ ကျားကျွင်းမြက်ပင်နှင့်၊ ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့တို့ကို သူ ကိုယ်တိုင် စိုက်ပျိုးရမည်။
နည်းနည်းလောက်ကြာလည်း ပြဿနာ မရှိပါ။
ဘာပဲဖြစ်ဖြစ် အခု ဝမ်ရှင်းယီက နားအကြားအာရုံအကူကိရိယာနှင့်ဆို သာမန်လူတစ်ယောက်လို ပြောနိုင်ကြားနိုင်နေပြီဖြစ်ပါသည်။
သူ အလျှင်မလိုပါ။
ထို့အပြင် ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့လို ဆန်းကြယ်အဆင့် အင်မော်တယ်အပင်ကို စိုက်ပျိုးဖို့က မလွယ်ကူပါ။ သူက ကျားကျွင်းမြက်ပင်မျိုးစေ့ကို ရှာနေ၏။
ကျားကျွင်းမြက်ပင်မျိုးစေ့က အဝါရောင်အတန်းအစား အဆင့်ရှစ် အင်မော်တယ်အပင်ဖြစ်ပြီး မျိုးစေ့တစ်စေ့ကို အင်မော်တယ်ယွမ် ၂၁ ယွမ် တန်ပါသည်။
ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့က ပိုပြီး ထူးခြား၏။
ဒုဓလီစိတ်ဝိညာဥ်ပင်ဟု ခေါ်သည့် အင်မော်တယ် နွယ်တစ်မျိုးပေါ်တွင် ပေါက်ရောက်သည်။ အင်မော်တယ် နွယ်တစ်ခုတွင် ဒုဓလီဝိညာဥ်မျိုးစေ့ ရာနှင့်ချီပြီး ပေါ်နိုင်သည်ဟု ဆို၏။
သို့သော် ဖွံ့ဖြိုးနှုန်းက အလွန်ကြာမြင့်သည်။ နှစ်နှင့်ချီပါသည်။
တကယ်တော့ ဆန်းကြယ်အဆင့် အင်မော်တယ်အပင်များ၏ ဖွံ့ဖြိုးကြီးထွားချိန်က တစ်နှစ်ကျော် ကြာသည်။
ကမ္ဘာမြေအဆင့် အင်မော်တယ်အပင်ဖြစ်ပါက နှစ်ပေါင်း ရာနှင့် ချီပြီး ကြာမြင့်မည်။
ကောင်းကင်ဘုံ အဆင့် အင်မော်တယ် အပင််သာဆိုလျှင်တော့...။
ထို့ကြောင့် ဒုဓလီဝိညာဥ်မျိုးစေ့ကို စိုက်ပျိုးချင်ပါက ဒုဓလီအင်မော်တယ်နွယ်ပင်မျိုးစေ့ကို ဝယ်ယူရသည်။
စျေးကြီးလွန်းပါသည်။
မျိုးစေ့တစ်စေ့ကို အင်မော်တယ်ယွမ် ၃၈၅ တန်၏။
ဒီဒုဓလီအင်မော်တယ်နွယ်ပင်မျိုးစေ့ကိုသာ အဆင့်နိမ့် ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့အဖြစ် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါက ဒုဓလီ အင််မော်တယ် နွယ်ပင်မျိုးစေ့ တစ်စေ့ကို အနည်းဆုံး အင်မော်တယ်ယွမ် သန်းချီပြီး ရနိုင်သည်။
ပြဿနာက ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့များမှာ အဆင့်နိမ့်ရောက်ဖို့ မလွယ်ကူခြင်းသာဖြစ်သည်။ ချွတ်ယွင်းအဆင့်ဖြစ်ပါက ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့မှာ သိပ်မတန်ပါ။ အင်မော်တယ်ယွမ် ရာကျော်လောက်သာ ရနိုင်ပါသည်။
တနည်းအားဖြင့် အများဆုံး အင်မော်တယ်ယွမ် ၁၀,၀၀၀ - ၂၀,၀၀၀ သာ အများဆုံး ရနိုင်ပါသည်။
ဒုဓလီအင်မော်တယ်နွယ်ပင်၏ ဖွံ့ဖြိုးနှုန်းနှင့် အခက်အခဲများနှင့်ယှဥ်လျှင် ဒီဝင်ငွေ နည်းနည်းလေးက မတန်ပါ။
အဘယ့်ကြောင့်ဆိုသော် သာမန် အဝါရောင်အတန်းအစား အင်မော်တယ်အပင်တစ်ခုဖြစ်ပါက တူညီသော အခြေအနေနှင့် အချိန်အခါအောက်တွင် သေချာပေါက် ပိုရနိုင်ပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက သိပ်ဂရုမစိုက်ပါ။ အဆင့်နိမ့် အင်မော်တယ်အပင်အဖြစ် မစိုက်ပျိုးနိုင်လည်း အရေးမကြီးပေ။ ဒုဓလီအင်မော်တယ်နွယ်ပင်ကို ဝမ်ရှင်းယီ၏ အကြားဝေဒနာကို ကုသပေးဖို့သာ စိုက်ပျိုးခြင်း ဖြစ်ပါသည်။
အင်မော်တယ်ယွမ် ဘယ်လောက်ရနိုင်မလဲ ဆိုတာကတော့ အရန် အမြတ်သာဖြစ်ပါသည်။
ချက်ချင်း ယဲ့ရှောင်ချန်း လေအမျိုးအစား အင်မော်တယ်မြက်ပင်မျိုးစေ့ ၁၀ စေ့၊ ကျားကျွင်းမြက်ပင် မျိုးစေ့ ၁၀စေ့နှင့် ဒုဓလီအင်မော်တယ်နွယ်ပင်မျိုးစေ့ ၁ စေ့ကို ဝယ်ခဲ့သည်။
သူ့တွင် အင်မော်တယ်ယွမ် ထောင်ချီပြီး ရှိနေသေးသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရသဖြင့် အဆင့် ၂ အင်မော်တယ်မြေကွက်နှစ်ကွက်၊ အဆင့် ၂ အင်မော်တယ်စမ်းရေတစ်အိုင်၊ အင်မော်တယ်စမ်းရေ ချိန်းကြိုးတစ်ခု ထပ်မံဝယ်ယူခဲ့ပါသည်။ သူ့တွင် အင်မော်တယ်ယွမ် ၃,၀၀၀ သာ ကျန်တော့သည်။
ဒုဓလီအင်မော်တယ်နွယ်ပင်က လေအမျိုးအစား အင်မော်တယ်အပင်ဖြစ်သဖြင့် ယဲ့ရှောင်ချန်းက အချိန်အကြာကြီး မယူလိုသဖြင့် လေအမျိုးအစား အင်မော်တယ်မြေသြဇာကို ဝယ်ယူခဲ့ပါသည်။
တခြား အင်မော်တယ်မြေသြဇာများကိုလည်း တချို့တဝက် ဝယ်ယူခဲ့၏။
ဒီလိုနှင့် ယဲ့ရှောင်ချန်း၏ အကောင့်ထဲတွင် အင်မော်တယ်ယွမ် ၂,၀၀၀ အောက်သာ ကျန်တော့သည်။
ယဲ့ရှောင်ချန်းက မျိုးစေ့များကို မျိုးစေ့သန် အင်မော်တယ်ဆေးရည်ထဲတွင် စိမ်ပြီးမှ အင်မော်တယ်မြေကွက်နှင့် အင်မော်တယ်စမ်းရေတို့ကို နေရာချသည်။
နေရာချထားသည့် အင်မော်တယ်မြေကွက်နှစ်ကွက်ဆီကို လာခဲ့ပြီး အရင်မြေဆွဖို့ ပြင်လိုက်၏။
အမှန်ပင်။ အင်မော်တယ်ပေါက်ပြားကို သုံးပြီး တူးစရာ မလိုတော့ပေ။
ဒါက မလွယ်ကူရုံသာမဟုတ်ဘဲ သက်ရောက်မှုကလည်း သိပ်မရှိပါ။
အရင်တုန်းက အင်မော်တယ်အပင်များ ရိတ်သိမ်းပြီးနောက် သူ ဝယ်ထားသည့် အရွယ်ရောက်ပြီး အင်မော်တယ်မြေတူးတီကောင်ကို သုံးကာ မြေတူးဆွမည်ဖြစ်သည်။
သိုလှောင်နေရာကွက်ထဲမှ ထူးဆန်းသည့် ဗူးတစ်ခုကို အမြန်ထုတ်လိုက်သည်။
ထိုဗူးက အင်မော်တယ်မြေတူးတီကောင်ကို ထည့်ဖို့ အထူး အသုံးပြုရသော ဗူး ဖြစ်သည်။
အင်မော်တယ်ယွမ် ၁၀၀ ကျော် ပေးရပါသည်။
ဗူးကို သူ့လက်ချောင်းဖြင့် ခေါက်လိုက်သောအခါ ဗူးက ခပ်ဖျော့ဖျော့ အလင်းရောင် လင်းလက်လာပြီး အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။
ဗူးကို မြေပေါ်တွင်ချလိုက်၏။ လက်ညှိုးတစ်ချောင်းစာ အရွယ်လောက်ရှိသည့် တီကောင်လို အင်းဆက်တစ်ကောင် ထွက်လာသည်။
အရောင်က အဝါဖျော့ဖျော့ဖြစ်၏။
တစ်ပေလောက် ရှည်သည်။
အင်းဆက်က အင်မော်တယ်မြေနှင့် ထိတွေ့လိုက်သည်နှင့် တွင်းတူးပြီး မြေကြီးထဲ ဝင်သွားသည်။
ရုတ်တရက် ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ အင်မော်တယ်မြေတူးတီကောင် တူးဝင်သွားသည့် အင်မော်တယ်မြေကြီးမှာ လှိုင်းများလို စတင်တုန်ခါလာသည်။
ထို့နောက် အင်မော်တယ်မြေကြီး၏ မူလက မာကျောနေသော မျက်နှာပြင်မှာ အက်ကြောင်းများ ထင်လာပြီး သဲနှင့်တူသော မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။