အခန်း (၂၂၆) - လက်တွေ့စမ်းသပ်ချက်
Vol. 16 Ch. 226
အခန်း (၂၂၆) - လက်တွေ့စမ်းသပ်ချက်
ယန်ရှစ်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း။
အဆင့်မြင့် ဓာတ်ခွဲခန်းတစ်ခုတွင်။
သုတေသနပညာရှင် အယောက် ၂၀ ကျော်က ဓာတ်ခွဲခန်းဝတ်စုံများ ဝတ်ဆင်ထားကြသည်။
ပညာရှင်ကြီးယန်၊ ကျန်းခယ့်ချင်းနှင့် တခြားသူများလည်း ထိုနေရာတွင် ရှိနေကြသည်။
ထိုနေရာတွင် ရပ်နေနိုင်သူအားလုံးက ဝိညာဥ်နားစွင့် ပါရမီရှိသူများ ဖြစ်ကြသည်။
ဥပမာအားဖြင့် ပညာရှင်ကြီးယန်၊ ကျန်းခယ့်ချင်းနှင့် တခြားသူများက ဝိညာဥ်နားစွင့် လက်ချောင်း နည်းလမ်းအခြေခံကို ကျွမ်းကျင်ထားကြသူများ ဖြစ်ပါသည်။
"ဒီနေ့ ကျွန်တော်လုပ်မယ့် စမ်းသပ်ချက်က အရမ်းအရေးကြီးတယ်။ အားလုံးက ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်း စဦးအဆင့်ကို ရောက်ပြီးသားဆိုတော့ ကျွန်တော် ဖန်တီးထားတဲ့ ဝိညာဥ်နားစွင့်ကမ္ဘာထဲမှာ ပါဝင်နိုင်ပါတယ်။ တကယ့်အပင်အသိစိတ်ဆိုတာ ဘယ်လိုမျိုးလဲ အားလုံးကို တွေ့ကြုံရအောင် ကျွန်တော်လုပ်ပေးမယ်။ ဒါက ခင်ဗျားတို့ရဲ့ အပင်အသိစိတ် နားလည်မှုကို အထောက်အကူဖြစ်စေမှာပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်၏။
"သိပ္ပံပညာမှာ သံသယဆိုတာ ရှိရမယ်ဆိုတဲ့ ရှေးရိုးစကားတစ်ခု ရှိဖူးတယ်။ ဒါပေမယ့် ဒါက လုံးဝမှန်တာတော့ မဟုတ်ဘူး။ တစ်ခုခုကို သံသယဖြစ်နေရင် စဦးအဆင့်ကို ဘယ်တော့မှ ကျော်နိုင်မှာ မဟုတ်ဘူး။ ဘာသာရေး ယုံကြည်မှုတွေလိုပဲလေ။ ယုံကြည်ရင် အဆင်ပြေမယ်။ ဒါက သဘောတရားပဲ။ အပင်အသိစိတ်ကို ဘာမှ နားမလည်ဘဲ သူ့ရဲ့ တည်ရှိမှုကို သံသယဖြစ်နေရင် အသိစိတ်လောကထဲ ဘယ်တာ့မှ တကယ်ဝင်နိုင်မှာ မဟုတ်ဘူး..."
ယဲ့ရှောင်ချန်း စကားအများကြီး ပြောခဲ့သည်။
အားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကြီးသော အရိပ်အယောင်များ ပေါ်လာ၏။
ဒီအချိန်တောအတွင်း သူတို့ သီအိုရီအသိပညာများစွာ သင်ယူခဲ့ရသည်။ သို့သော် အပင်အသိစိတ်ဆိုတာ ဘယ်လိုမျိုးလဲ မသိကြသေးပါ။
မကြာမီ ယဲ့ရှောင်ချန်းက အားလုံးကို အလွန်ကြီးမားသည့် လက်ဖက်ပင်တစ်ပင်ဆီသို့ ခေါ်လာ၏၊။
လက်ဖက်ပင်က မမြင့်သော်လည်း အလွန်ကြီးပါသည်။
အားလုံးက လက်များတွဲလျက် လက်ဖက်ပင်ကို ဝန်းရံလိုက်ကြသည်။
အားလုံး လက်များကို လက်ဖက်ပင်ပေါ်သို့ တင်လိုက်၏။
"ဟုတ်ပြီ အားလုံးပဲ မျက်လုံးပိတ်ပြီး လက်ဖက်ပင်ကို ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းနဲ့ ထိတွေ့ကြည့်လိုက်ပါ။ ပုံမှန် ဆက်သွယ်ပုံလိုမျိုးပဲ အာရုံလွဲလို့ မဖြစ်ဘူးနော်။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
ချက်ချင်း အားလုံး မျက်စိပိတ်လိုက်ကြသည်။
သူတို့၏ လက်ချောင်းများကို အသုံးပြုပြီး လက်ဖက်ပင် သစ်ရွက်များကို ထိတွေ့လိုက်ကြ၏။ သူတို့၏ လက်ချောင်းများက ထူးဆန်းသည့် စည်းချက်အတိုင်း ထိရိုက်နေကြသည်။
အားလုံး၏ ထိရိုက်မှုက ပေါင်းစည်း ညီညာ သွားသလိုပင်။
ယဲ့ရှောင်ချန်းလည်း သူ့လက်ကို လက်ဖက်ပင်ပေါ် တင်လိုက်ပြီး စိတ်ဝိညာဥ် ဆက်သွယ်ခြင်း ပါရမီကို သုံးလိုက်၏။
သူ့စိတ်ဝိညာဥ် ဆက်သွယ်ခြင်းနည်းလမ်းက လက်ဖက်ပင်အတွက်သာ မဟုတ်ဘဲ လက်ရှိ ရှိနေသည့် လူအားလုံးအတွက် ဖြစ်ပါသည်။
ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်း၏ အခြေအနေအောက်တွင် အားလုံးက အလွန် အာရုံစိုက်ထားကြပြီး အာရုံလွဲသည့် အတွေးများလည်း မရှိကြပါ။ သူတို့၏ အသိစိတ်များနှင့် ယဲ့ရှောင်ချန်း ဆက်သွယ်ဖို့ အလွန် လွယ်ကူပါသည်။၊
ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်း၏ ဝိညာဥ် ဆက်သွယ်ခြင်း ပါရမီကို ကြားခံအနေဖြင့် အသုံးပြုကာ အားလုံး၏ အသိစိတ်နှင့် လက်ဖက်ပင်၏ အသိစိတ်အကြား တံတားတစ်စင်း တည်ဆောက်ပေးလိုက်ပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း အားလုံးက ၎င်းတို့၏ အသိစိတ်များကို မမြင်ရသည့် အားအင်တစ်ခုက ဆွဲခေါ်သွားသည်ဟု ခံစားလိုက်ရသည်။ ဆက်သွယ်ခြင်းတံတားကို ကူးသွားပြီး ထူးဆန်းသည့် အသိစိတ်တစ်ခုကို အာရုံခံမိပါသည်။
ဒီလိုနှင့် အပင်အသိစိတ်လောက၏ ဆန်းကြယ်သည့် ထောင့်တစ်နေရာမှာ တဖြည်းဖြည်း သူတို့ထံတွင် ပေါ်လာခဲ့သည်။
အချိန်အတော်ကြာသောအခါ အားလုံး မျက်လုံးများ ပြန်ဖွင့်လိုက်ကြပြီး မျက်နှာများကလည်း အံ့အားသင့် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေ၏။
အပင်အသိစိတ်များကို သူတို့တကယ် အာရုံခံမိကြသည်။ ခံစားချက်က ဖော်ပြလို့ မရနိုင်ပါ။
"အံ့သြစရာပါလား။ အပင်တွေမှာ တကယ် အသိစိတ်ရှိနေတာပဲ။"
ပညာရှင်ကြီးယန် သက်ပြင်းချလိုက်သည်။
အရင်တုန်းက သံသယရှိခဲ့သဖြင့် ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုတော့ အပင်အသိစိတ်ကို အာရုံခံမိခဲ့သဖြင့် ပျော်ရွှင်နေပါပြီ။
နောက်ဆုံးတော့ အပင်အသိစိတ်နယ်ပယ်အား သူ ထိတွေ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပါသည်။
အရင်အပင် သုတေသနများနှင့် နှိုင်းယှဥ်လျှင် ဒီအပင်သုတေသနက ပို၍ပင် မျှော်လင့်ချက်များ ပေးစွမ်းနေပါသည်၊။
တခြားသူများကလည်း တက်ကြွစွာ ဆွေးနွေးနေကြပြီး သူတို့၏ ပျော်ရွှင်မှုကို မဖုံးဖိနိုင်ကြတော့ပါ။
"အပင်အသိစိတ်နဲ့ ဆက်သွယ်ဖို့ ကျွန်တော် လမ်းပြခဲ့တုန်းက ခံစားချက်ကို မှတ်ထားပါ။ ခင်ဗျားတို့ရဲ့ ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းက ပြီးပြည့်စုံသွားရင် ကိုယ့်ဖာသာကိုယ် ဆက်သွယ်နိုင်လိမ့်မယ်။"
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။
စမ်းသပ်ချက်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း သုတေသနအဖွဲ့အစည်းမှ ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူလုပ်ဖို့လိုတာကို လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ ကျန်တာကိုတော့ သုတသနပညာရှင်များ၏ တာဝန်သာ ထားခဲ့လို့ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ၃ နှစ်သား ကလေးတွေမှ မဟုတ်ဘဲ။
...
အိပ်ယာမှ နိုးလာပြီး ဝမ်ရွှမ်းယန် ပထမဆုံး ပြုလုပ်သည့်အရာက ငြိမ့်ညောင်း ဂီတဝက်ဘ်ဆိုက်ထဲ ဖုန်းဖြင့် လော့အင်ဝင်ပြီး သူ့ပို့စ်၏ အခြေအနေကို စစ်ဆေးခြင်း ဖြစ်ပါသည်။
ဝမ်ရွှမ်းယန် သူ့ပို့စ်ကို ဖွင့်ကြည့်လိုက်သောအခါ ကြက်သေ သေသွားရသည်။
အဘယ့်ကြောင့်ဆိုသော် သူ့ပို့စ်က အလွန် နာမည်ကြီးနေပြီ ဖြစ်သောကြောင့်ပင်။
ကြည့်ရှုသူက ၅၀,၀၀၀ ကျော်သွားပြီး ကောမန့်က ၁,၀၀၀ ကျော်သွားသည်။
ဒီလို ပို့စ်မျိုးက သေချာပေါက် ဝက်ဘ်ဆိုက်တွင် နာမည်ကြီးပါလိမ့်မည်။
ပိုအရေးကြီးသည်က တစ်ညနှင့် တစ်မနက်သာ ရှိသေး၏။
တကယ်တော့ ဝက်ဘ်ဆိုက်၏ မန်ဘာများစွာက ထိုတေးသွားကို နားဆင်ပြီးသွားသောအခါ အလွန် နက်နက်ရှိုင်းရှိုင်း စွဲလမ်းသွားကြသည်။
ဖုန်းဖြင့် အသံသွင်းထားခြင်းဖြစ်သောကြောင့် ပလွေသံ၏ ဝိညာဥ်ဖောက်ထွင်းသော ပါရမီက အများကြီး ပိုအားနည်းသော်လည်း အလွန် အားကောင်းပါသေးသည်။
ထိုတေးသွားကို ကြားသူတိုင်း နစ်မြောသွားနိုင်ပြီး စိတ်ပြန်ခွာလို့ မရတော့ပေ။ ဆက်တိုက် နားထောင်ကာ ထိုတေးသွား၏ အမာခံ ပရိတ်သတ်များ ဖြစ်လာကြသည်။
အခုတော့ ပိုစ့်တွင် ပလွေမှုတ်သူက ဘယ်သူဖြစ်ကြောင်း မေးသည့် လူများနှင့် ပြည့်နှက်နေလေပြီ။
သို့သော် ဝမ်ရွှမ်းယန် ပြောပြလို့မဖြစ်ပေ။
ပြောပြချင်သော်လည်း အကျိုးဆက်များကို သူနားလည်သည်။
ယဲ့ရှောင်ချန်း ဝမ်ရှင်းယီကို စတူဒီယိုသို့ ခေါ်လာစဥ်က ယွမ် ၂ သန်း ၃ သန်းတန်သည့် Porsche Cayenne ကားကြီး စီးလာခဲ့သည်။ တစ်ချက်လောက်ကြည့်လိုက်သည်နှင့် သူက ချမ်းသာပြီး အဆင့်အတန်းမြင့်သောလူဖြစ်ကြောင်း မြင်နိုင်သည်။
ထိုကဲ့သို့ အံ့သြစရာ ပိုစ့်ကြောင့် ဝက်ဘ်ဆိုက်၏ စီမံသူများလည်း သတိထားမိသွားကြပြီဖြစ်သည်။
နားထောင်ပြီးသွားသောအခါ အလွန်စွဲလမ်းသွားကြသည်။ ထို့နောက် နှစ်ခါ ပြန်မစဥ်းစားဘဲ ပို့စ်ကို Pin ထောက်ကာ ထိပ်ဆုံးတွင် ထားလိုက်ပါတော့သည်။
Pin ထောက်ထားသည့် ပို့စ်ဖြစ်သောကြောင့် အချိန်တိုအတွင်း အလွန်နာမည်ကြီးလာခြင်းလည်း ဖြစ်သည်။
ဝမ်ရွှမ်းယန်သာ ပို့စ်တင်တုန်းက ဒေါင်းလုတ် ဆွဲခွင့်ကို ပိတ်မထားခဲ့ပါက ပို၍ပင် ပြန့်နှံ့သွားနိုင်ပါသည်။
သို့သော်လည်း ဒီတေးသွားကြောင့် ငြိမ့်ညောင်း ဂီတ ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်သူ တိုးမြင့်လာပြီး ထိုတိုးမြင့်မှုကလည်း ဆက်တိုက် ဖြစ်ပွားနေသည်။
ဒင်…
ရုတ်တရက် ဝမ်ရွှမ်းယန်တစ်ယောက် သီးသန့်မက်ဆေ့ချ် တစ်စောင် ရရှိလိုက်သည်။
အမြန်ဖွင့်ကြည့်လိုက်သောအခါ ဂီတကုမ္ပဏီတစ်ခုမှ ဖြစ်သည်ဟု ဆိုသူတစ်ယောက်ဖြစ်ပြီး ဒီတေးသွားကို ဘယ်သူတီးမှုတ်တာလဲ သိချင်နေကာ အချက်အလက်အတွက် ငွေအများကြီးပေးမည်ဟု ဆိုသည်။
ဂီတကုမ္ပဏီတစ်ခုမှ လူတစ်ယောက်က သူ့ထံသို့ အစောကြီး ရောက်လာလိမ့်မည်ဟု ဝမ်ရွှမ်းယန် မထင်ထားခဲ့ပါ။
သူ မသိဘဲ ဒီတိုင်း မတော်တဆ အသံဖမ်းခဲ့မိသည်ဟုသာ ပြန်ပြောလိုက်သည်။
တစ်ရက်လုံးလုံး လူများစွာက သူ့ကို သီးသန့် မက်ဆေ့ချ်များ ပို့ကြပါသည်။
ပြီးတော့ ဒေါင်းလုတ်ခွင့်ကို ဖွင့်မပေးဖို့ မျှော်လင့်သော ဝက်ဘ်ဆိုက် စီမံသူများလည်း ပါသည်။
ဒေါင်းလုတ်ခွင့်ကို ဖွင့်ပေးလိုက်ပါက ဒီတေးသွားမှာ တခြား ဂီတ ပလက်ဖောင်းများပေါ် ရောက်သွားပြီး ငြိမ့်ညောင်း ဂီတ ဝက်ဘ်ဆိုက်၏ စည်ကားမှုကို ခိုးယူသွားပါလိမ့်မည်။
ထို့ကြောင့် စီမံရေးအပိုင်းက သူ့ကို ငွေပေးချင်နေသည်။ တနည်းအားဖြင့် ဝင်ရောက်သူ များပြားလာသလောက် သူ့ကိုပေးမည်ဖြစ်သည်။
"ဒါလည်း ကောင်းတာပဲ။ တေးသွားက တခြာ ပလက်ဖောင်းတွေဆီ ပျံ့မသွားဘဲ ငါလည်း နည်းနည်းပါးပါး ရတာပေါ့။"
ဒီတေးသွား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး တေသွားဖန်တီးသူ သိသွားမည်ကိုလည်း ဝမ်ရွှမ်းယန် စိုးရိမ်ရသေးသည်။
အခုတော့ တေးသွားက ဝက်ဘ်ဆိုက်ထဲတွင် ပုံသေဖြစ်နေသဖြင့် နာမည်ကြီးမှုကလည်း အကန့်အသတ်တစ်ခုသာ ရှိပြီး ဖန်တီးသူလည်း မသိနိုင်တော့ပါ။
တစ်ယောက်ယောက်က အသံဖမ်းစက်ဖြင့် ထပ်ဖမ်းနိုင်ချေ ရှိသော်လည်း အသံကွာလတီက ပိုဆိုးသွားပါလိမ့်မည်။
ဝမ်ရွှမ်းယန်က ချက်ချင်း သဘောတူလိုက်၏။
ဒီလုနှင့် ရက်ပိုင်းအတွင်း ထိုပန်းဝိညာဥ်တေးသွားက ဂီတနယ်ပယ်တွင် နာမည်ကြီးလာခဲ့သည်။ မရေမတွက်နိုင်သော မိတ်ဆွေများ၊ မိသားစုများ၊ ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အတန်းဖော်များက နားထောင်ကြပြီး ဒီတိုင်းပြီးမသွားဘဲ အမာခံ ပရိတ်သတ်များ ဖြစ်လာကြကာ တခြားသူများကို ဆက်ညွှန်းပေးသည်။
ဒီလိုနှင့် နှင်းလုံးတစ်လုံးလို ပိုပိုပြီး ကြီးလာခဲ့သည်။
ထို့အပြင် ငြိမ့်ညောင်း ဂီတ ဝက်ဘ်ဆိုက်၏ ဝင်ရောက်ကြည့်ရှုသူနှုန်းကလည်း သတိပေးချက်ပေါ်လောက်အောင် များပြားလာသည်။
ဒီတေးသွားကို ပြန်လည် အသံဖမ်းသူများ ရှိသော်လည်း ကွာလတီက မကောင်းပါ။
တခြားဗားရှင်းများဖြင့် ပြန်လည်တီးမှုတ်သူများ ရှိသော်လည်း သိပ်ပြီး နာမည်မကြီးပေ။ အဘယ့်ကြောင့်ဆိုသော် ထိုတေးသွားများကို နားထောင်ပြီးသူများက မူရင်း တေးသွားလောက် မကောင်းသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။