အခန်း (၂၂၉) - လယ်ကွင်းစမ်းသပ်ချက်
Vol. 16 Ch. 229
အခန်း (၂၂၉) - လယ်ကွင်းစမ်းသပ်ချက်
ယဲ့ရှောင်ချန်းက သူ့တေးသွားဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။
မှားစရာအကြောင်းမရှိပါ။ သူသာ ဒီလို အာနိသင်ရှိသည့် တေးသွားများကို တီးမှုတ်နိုင်သည်။
အပင်ဝိညာဥ်တေးသွား။
အသံအရည်အသွေးက အသံဖမ်း စတူဒီယိုထဲကလောက် မကောင်းသော်လည်း ဝိညာဥ်ကို ဖောက်ထွင်းသွားစေသော အံ့အားသင့်ဖို့ကောင်းသည့် အာနိသင်ရှိနေပါသေးသည်။
"ကြည့်ရတာ ငါပလွေမှုတ်နေတုန်း တစ်ယောက်ယောက် ခိုးပြီး အသံဖမ်းခဲ့တာထင်တယ်"
ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
မူရင်း အသံသာဆို အာနိသင်က အများကြီး ပိုကောင်းလိမ့်မည်။
တစ်ယောက်ယောက်က သူ့တေးသွားကို ခိုးယူအသံဖမ်းပြီး အင်တာနက်တွင် တင်လိုက်သဖြင့် ယဲ့ရှောင်ချန်း သိပ်သဘောမတွေ့ပါ။ သို့သော် ကောမန့် ၉၉ ရာခိုင်နှုန်းလောက်က သဘောကျပြီး ချီးကျူးသည့် စာများ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အောင်မြင်သွားသလို ခံစားလိုက်ရပါသည်။
ထိုအချိန်တွင် ဖန်းယွမ်က နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြန်သည်။
"ချန်းကျစ် ဘယ်လိုထင်လဲကွ။ မကောင်းဘူးလား။"
"တော်တော် ကောင်းတာပဲ။"
ယဲ့ရှောင်ချန်းက စာပြန်လိုက်သည်။
"တော်တော် ကောင်းတာပဲ ဆိုတာထက် ပိုကောင်းပါတယ်ကွာ။ နှိုင်းယှဥ်လို့ကို မရတာ။ ဒီတေးသွားကို ဘယ်သူ တီးမှုတ်ခဲ့တာလဲ မသိဘူး။ ဒီတေးသွားကို ဒေါင်းလုတ်ဆွဲလို့ မရတာတော့ စိတ်ပျက်စရာပဲ။ မင်းနားထောင်ချင်ရင် ဝက်ဘ်ဆိုက်ထဲ ဝင်မှပဲ ရလိမ့်မယ်။"
ဖန်းယွမ်က နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါသည်။
ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး ဖန်းယွမ်နှင့် ခဏလောက် ဆက်စကားပြောနေလိုက်၏။ ထို့နောက် ဝီချက်ကိုပိတ်လိုက်ပြီး ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ကို စဖတ်လိုက်ပါသည်။
အချိန်အတော်ကြာသောအခါ ယဲ့ရှောင်ချန်းက စာရွက်ဖြူ တစ်ရွက်ကို ထုတ်လိုက်ပြီး စာရွက်ပေါ်တွင် ပုံဆွဲလိုက်ပါသည်။
ငါးထောင့်ကြယ်နှင့် အနည်းငယ် ပုံစံတူသည့် ပုံတစ်ခုကို ဆွဲလိုက်သည်။
"အသွင်ငါးမျိုး အပင်ပုံစံကွက်ကို စိုက်ပျိုးရေးကို တိုးမြှင့်ပေးဖို့ သုံးတယ်။ အသက်စွမ်းအင် စုစည်းမှု အားကောင်းခြင်း၊ နွေးထွေးစေခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အစိုဓာတ် ထိန်းသိမ်းခြင်းနှင့် အာဟာရစုပ်ယူမှု အားတိုးစေခြင်း စတာတွေ ပါဝင်တယ်။ ပြီးတော့ ပစ္စည်းတွေကို အကန့်အသတ်လည်း မရှိဘူး။ လုပ်ကြည့်ဖို့ အရမ်း လွယ်ကူတယ်။"
ယဲ့ရှောင်ချန်း ပုံဆွဲပြီးနောက် တစ်ယောက်တည်း ရေရွတ်လိုက်ပါသည်။
ဒီလို အပင်ပုံစံကွက်က အဓိကအားဖြင့် သာမန်အပင်များအတွက် အသုံးပြုသည်။ အင်မော်တယ်အပင်များအတွက် အာနိသင် သိပ်မရှိပေ။
"ဟုတ်တယ်၊ ဒီအပင်ပုံစံကွက်ကို ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးမှာ အသုံးပြုလို့ရတယ်။"
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုကို အမြန်ချလိုက်ပါသည်။
ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ထဲတွင် စိုက်ပျိုးရေး နည်းလမ်း များစွာရှိသည်။ ယဲ့ရှောင်ချန်း လောလောဆယ် လုပ်ဖို့ အားမရှိသေးသဖြင့် ဖြည်းဖြည်းချင်းသာ ဆောင်ရွက်နိုင်ပါသည်။
နောက်ထပ် ရက်အနည်းငယ်အတွင်း အပင် ပုံစံကွက်ကို ဖန်တီးဖို့ ယဲ့ရှောင်ချန်း စီစဥ်လိုက်သည်။
မကြာသေးခင်ကမှ ဖွင့်ထားသည့် မြေကွက် တစ်ကွက်ကို ရွေးချယ်လိုက်သည်။ မြေ ၂ ဧက ၃ ဧကလောက်ဖြစ်ပါသည်။ အဆင့်မြင့် ဖန်လုံအိမ်များကို မသုံးသဘဲ အပင်များကို တန်းစိုက်ပျိုးလိုက်၏။
မြေကွက်၏ ပုံစံက ငါးထောင့်ကြယ် ပုံစံ ဖြစ်နေသဖြင့် ယဲ့ရှောင်ချန်း၏ စမ်းသပ်ချက်ကို ဝမ်ရွှေရှန့် အလွန် စိတ်ဝင်စားနေသည်။ ထို့အပြင် ထောင့်ငါးထောင့်တွင် မြေစင်တစ်ခုစီ တည်ဆောက်ထား၏။
ထိုအချိန်တွင် ယဲ့ရှောင်ချန်းတစ်ယောက် စမ်းသပ်ချက်နယ်မြေတွင် အလုပ်များနေခဲ့သည်။
ဝမ်ရွှေရှန့် အပါအဝင် အလုပ်သမားများစွာက စောင့်ကြည့်နေကြ၏။
ယဲ့ရှောင်ချန်းက မြေစင်တစ်ခုပေါ်တွင် မတ်တပ်ရပ်ကာ သူ့မှော်စွမ်းအင်အား မျက်လုံးထဲသို့ လမ်းသွယ်လိုက်သည်။
လက်အသွင်တစ်ခု ပြုလုပ်လိုက်၏။
သူ့လှုပ်ရှားမှုများက အလွန်လျှို့ဝှက်သဖြင့် ဘယ်သူမှ သံသယမဖြစ်ပါ။
သို့သော်လည်း မြေစင် ငါးခု ဘာကြောင့် ရှိနေရသလဲဆိုတာတော့ လူများစွာက စိတ်ဝင်စားနေကြပါသည်။
ဆောင်းရာသီ နောက်ပိုင်းရောက်နေပြီ ဖြစ်ပြီး ဖန်လုံအိမ် မဆောက်ဘဲ မြေပေါ်တွင်သာ စိုက်ပျိုးထားပါက အပင်များ အေးခဲပြီး သေကုန်ကြလိမ့်မည်။
သို့သော်လည်း ယဲ့ရှောင်ချန်း၏ အရှိန်အဝါက လူတိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ ဖြစ်သဖြင့် ဘယ်သူကမှ သံသယ မဖြစ်ကြပါ။
ယဲ့ရှောင်ချန်းက စောင့်ကြည့်သူများ၏ အတွေးကို ဂရုမစိုက်ပါ။ ထိုအချိန်တွင် သူက အပင်တန်ဖိုးဖြတ် နည်းလမ်းနှင့် ရောင်ဝါ ဆန်းစစ်ခြင်း နည်းလမ်းတို့ကိုသုံးကာ စမ်းသပ်နယ်မြေ၏ အသွင်ငါးမျိုး ရောင်ဝါကို လေ့လာနေပါသည်။
မြေနွေးထွေးမှု၊ ဓာတ်မြေအရှိန်အဝါ ကောင်းမွန်မှု၊ လေဦးတည်ချက်၊ စိုထိုင်းမှု၊ ယန်စွမ်းအင်၊ နေရောင်ခြည်နှင့် အစရှိသည်တို့ကို ထိုရောင်ဝါဆန်းစစ်ခြင်းနည်းလမ်းဖြင့် မသဲမကွဲ ဆန်းစစ်နိုင်ပါသည်။
သူ့အမြင်အာရုံထဲတွင် ကမ္ဘာကြီးက မရေမတွက်နိုင်သော အရောင်များဖြင့် ရောစပ်သွားသည်။
အရောင်အလွန်စုံလင်လှပြီး ကျက်သရေ ရှိလွန်းလှ၏။
စမ်းသပ်နယ်မြေ၏ ရောင်ဝါများကို မြေစင်ကြီး ငါးခုပေါ်မှာ တစ်ခုချင်းစီ တက်ကြည့်လိုက်သည်။
မြေစင်တစ်ခုပေါ်တွင် သူဆန်းစစ်ကြည့်ရှုပြီးသည့် အချိန်တိုင်း ငါးထောင့်ကြယ် အပင်ပုံစံကွက်ဖြင့် စာရွက်ပေါ်တွင် ထူးဆန်းသည့် မျဥ်းကြောင်းများကို ဆွဲလိုက်သည်။
မြေစင် ငါးခုပေါ်မှ ကြည့်ရှုပြီးနောက် စာရွက်ပေါ်က ရှုပ်ထွေးနေသည့် မျဥ်းများမှာ မမြင်နိုင်သည့် ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
"ရောင်ဝါရဲ့ ဗဟိုချက်က ဒီအမှတ်မှာပဲ။။ ပြီးတော့ ဒီအမှတ်က နည်းနည်းလေး နေရာလွဲနေတယ်။ ထူးဆန်းတဲ့ အားအင်တစ်ခုလည်း ရှိနေတယ်။"
ယဲ့ရှောင်ချန်းက စာရွက်ပေါ်မှ အရာများကို ကြည့်ကာ အကြံအစဥ်တစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် မြေတူးစက်ကြီးတစ်ခုကို တောင်းယူကာ စမ်းသပ်နယ်မြေပေါ်က အမှတ်တစ်ခုတွင် တွင်းကြီးတစ်ခုတူးပြီး ကျောက်တုံးကြီး တစ်တုံးကို မြှုပ်နှံလိုက်သည်။
ထို့နောက် နေရာတစ်ခုတွင် ကြီးမားသော သစ်သားချောင်း၊ သို့မဟုတ် သံချောင်းကြီးများကို စိုက်ထူလိုက်သည်။
နေရာ ၇ ခုလောက်ကို ဒီလိုပဲ လုပ်ခဲ့၏။
တည်နေရာတစ်ခုတွင် မြေတူးဆွပြီး ဘိလပ်မြေများ လောင်းချကာ ရေများ လောင်းချလိုက်သည်။
ထိုလုပ်ငန်းများအားလုံး လုပ်ပြီးနောက် ရောင်ဝါ ဆန်းစစ်ခြင်း နည်းလမ်းကို သုံးကာ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းဆိုသလို စမ်းသပ်နယ်မြေ၏ ရောင်ဝါများက သိသာသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်ကို မြင်လိုက်ရပါသည်။ ပုံမှန်ဖြစ်လာပြီး ရောင်ဝါ၏ အလယ်ဗဟိုက သာမန် တည်နေရာသို့ ရောက်ရှိသွားလေသည်။
"ဟုတ်ပြီ။ ဒီမြေစင်ငါးခုကို ဆက်သွယ်တဲ့ နေရာတွေအဖြစ်သုံးပြီး အပူကူးစက်တွေနဲ့ ကာထားလိုက်မယ်။ မမေ့နဲ့နော်။ အပူကူးစက်တွေက မြေစင်တွေနဲ့ အမြင့်ချင်း တူရမယ်။"
ယဲ့ရှောင်ချန်းက ကြီးကြပ်သူတစ်ယောက်ကို ညွှန်ကြားလိုက်သည်။
စိုက်ပျိုးရေးခြံ မန်နေဂျာက အလျင်အမြန် ခေါင်းငြိမ့်သဘောတူလိုက်ပြီး သူ့အလုပ်သမားများကို အလုပ်စလုပ်ခိုင်းလိုက်သည်။
"ရှောင်ချန်း အပူထိန်းသိမ်းတဲ့ ဖန်လုံအိမ်ကို မသုံးလို့ တကယ်ဖြစ်ပါ့မလား။"
ဝမ်ရွှေရှန့်က သူ့နားလျှောက်လာပြီး ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
"ဟားဟား အစ်ကိုကြီးဝမ် ခဏနေရင် သိရပါလိမ့်မယ်။"
ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်ပါသည်။
ဝမ်ရွှေရှန့်က မျက်တောင်ခပ်လိုက်ပြီး ယဲ့ရှောင်ချန်း တစ်ယောက် ပိုပိုပြီး ဆန်းကြယ်လာသည်ဟု ခံစားလိုက်ရသည်။
အသင့်ရှိပြီးသား အပူကူးစက်များကြောင့် ဆောက်လုပ်ရေးက အလွန်ရိုးရှင်းပြီး အဆင်ပြေ ချောမွေ့ပါသည်။ တစ်နာရီအတွင်း စမ်းသပ်နယ်မြေအား လုံးဝ ဝန်းရံနိုင်ခဲ့သည်။ ယဲ့ရှောင်ချန်း ညွှန်ကြားထားသည့် နေရာနှစ်ခုတွင် ဝင်ပေါက်နှစ်ပေါက်နှင့် ထွက်ပေါက်နှစ်ပေါက်သာ ရှိပါသည်။
"အစ်ကိုကြီးဝမ် အထဲဝင်ကြည့်ရအောင်။"
ယဲ့ရှောင်ချန်း ပြောလိုက်သည်။
"ကောင်းပြီ။"
ဝမ်ရွှေရှန့်တစ်ယောက် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
ချက်ချင်းဆိုသလို သူတို့နှစ်ယောက် စမ်းသပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့၏။
ရုတ်တရက် ဝမ်ရွှေရှန့် အနည်းငယ် ကြောင်သွားသည်။ သူ ရပ်တန့်လိုက်ပြီး ဝင်ပေါက်မှ တဆင့် စမ်းသပ်နယ်မြေအပြင်ဘက်သို့ ပြန်ထွက်သွားသည်။
ခဏလောက်ကြာသောအခါ ပြန်ဝင်လာ၏။ ဝင်လိုက် ထွက်လိုက် အကြိမ်ကြိမ် လုပ်လိုက်သည်။
သူ့မျက်နှာပေါ်က ထိတ်လန့်မှုက အလွန်အမင်း ပြင်းထန်နေ၏။ "ရှောင်ချန်း ဘယ်လိုဖြစ်တာလဲ။ ဒီစမ်းသပ်နယ်မြေထဲက အပူချိန်က ဘာလို့ အပြင်ဘက်ထက် အများကြီး မြင့်နေတာလဲ။"
အပူချိန်က အရေပြားပေါ်တွင် အသိသာဆုံး ဖြစ်သည်။
အပြင်ဘက်မှာ အဝတ်အစားထူကြီးများ ဝတ်ထားရင်တောင် သူ အလွန်ချမ်းအေးနေဆဲဖြစ်ပါသည်။
သို့သော် ဒီစမ်းသပ်နယ်မြေထဲ ဝင်ရောက်လိုက်သောအခါ နွေးထွေးသွားသလို ခံစားလိုက်ရပါသည်။ အပူချိန်ကွာခြားချက်က သိသာလွန်း၏။
ဘာလဲဟ။
ဒီစမ်းသပ်နယ်မြေထဲတွင် အပူပေးနည်းပညာ လုံးဝ မရှိမှန်း မသိထားပါက မြေအောက်တွင် အပူပေးကိရိယာ တစ်ခုခုကို မြှုပ်နှံထားသည်ဟု ထင်သွားနိုင်သည်။
"အစ်ကိုကြီးဝမ် ဘယ်လိုလဲ။ အပူထိန်းသိမ်းထားတဲ့ ဖန်လုံအိမ်ထဲ ရောက်နေသလို ခံစားရလား။"
ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်၏ မျက်နှာကို မြင်ကာ ရယ်မောလိုက်မိ၏။
"အေး ထူးဆန်းလွန်းတယ် ရှောင်ချန်း။ မင်း ဘယ်လို လုပ်လိုက်တာလဲ။"
ဝမ်ရွှေရှန့် မျက်လုံးများ ဝိုင်းစက်သွား၏။
ဘယ်လို အပူပေးကိရိယာမျိုးမှ မရှိဘဲ ဒီလို နွေးထွေးမှုကို ရရှိခြင်းက အလွန်အံ့အားသင့်ဖို့ ကောင်းလွန်းပါသည်။
စိုက်ပျိုးရေးခြံတစ်ခုလုံးတွင်သာ ဒီလိုနည်းလမ်းကို သုံးပါက ကုန်ကျစရိတ်ဘယ်လောက်တောင် သက်သာလိုက်မလဲ။
အနည်းဆုံး စိုက်ပျိုးရေးခြံ၏ ကုန်ကျစရိတ် တစ်ဝက်လောက်က ဖန်လုံအိမ်များ၏ ကိရိယာ တပ်ဆင်မှုကြောင့် ကုန်ဆုံးရသည်။
"မကြာသေးခင်ကမှ ကျွန်တော် ရှာတွေ့ထားတဲ့ နည်းလမ်းပါ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့ရဲ့ ချီစက်ကွင်းအသုံးပြုမှုနဲ့ သက်ဆိုင်တယ်။ အခြေအနေအတိအကျကိုတော့ စကားလုံး နည်းနည်းနဲ့ ရှင်းပြလို့ မရဘူး။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
"ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာလား။"
ဝမ်ရွှေရှန့်က အမြန်မေးလိုက်၏။
"လောလောဆယ်တော့ မရသေးဘူး။ ကျွန်တော် စမ်းသပ်နေဆဲမို့လို့ အလုပ်ဖြစ်မယ်လို့ ပြောဖို့ ခက်တယ်။ ဘာပဲဖြစ်ဖြစ် အပူကူးခြင်းအပြင် အပင်ဖွံ့ဖြိုးမှုမှာ တခြားကဏ္ဍတွေလည်း ရှိသေးတယ်မလား။ ကျွန်တော် ဒေတာတချို့စုဆောင်းပြီး အဆင့်မြှင့်တင်ရဦးမှဦပေါ့။"
ယဲ့ရှောင်ချန်းက ခေါင်းခါကာ ပြောလိုက်သည်။
ဝမ်ရွှေရှန့် စဥ်းစားကြည့်လိုက်ပြီး လက်ခံလိုက်သည်။ သို့သော် သူမျှော်လင့်ထားမိပါသည်။