← Chapters

အခန်း (၂၃၂) - ဧည့်ပါမောက္ခ

Vol. 16 Ch. 232

အခန်း (၂၃၂) - ဧည့်ပါမောက္ခ

Vol. 16 Ch. 232

အခန်း (၂၃၂) - ဧည့်ပါမောက္ခ

ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း။

ယဲ့ရှောင်ချန်း သုတေသနအဖွဲ့အစည်းထဲ ဝင်လိုက်သည်နှင့် ပါရမီမျက်လုံးကို သုံးကာ သုတေသန ပညာရှင်အားလုံး၏ ပါရမီများကို စစ်ဆေးကြည့်လိုက်ပါသည်။

ထင်ထားသည့်အတိုင်းပင်။ ဝိညာဥ်နားစွင့် ပါရမီရှိသူတိုင်းက စိုက်ပျိုးရေးပါရမီ ရှိကြသည်။

အမှန်ပင်။ စိုက်ပျိုးရေးပါရမီများတွင်လည်း မတူညီသော အဆင့်များရှိကြသည်။

အများစုက အဝါရောင်အတန်းအစား၏ အဆင့် ၁ မှ ၅ အတွင်း ရှိကြသည်။ တချို့ကသာ ၆ သို့မဟုတ် ၇ အထိ ရောက်ကြ၏။

၈ နှင့်အထက်တော့ တစ်ယောက်မှ မရှိပေ။ ဆန်းကြယ်အဆင့်များကိုတော့ ပြောစရာပင်မလိုပါ။

ယဲ့ရှောင်ချန်းက သက်ပြင်းချလိုက်မိပါသည်။ ဒီလိုပါရမီမျိုးနှင့်ဆို ဆန်းကြယ်အဆင့်ကို ရောက်နိုင်ဖို့က တကယ်ပဲခက်ခဲလှပါသည်။

ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးပါရမီရှင် အနည်းငယ်ရှိသော်လည်း အများစုက အဝါရောင်အတန်းအစားများသာ ဖြစ်ကြသည်။

ဆန်းကြယ်အဆင့်များကတော့ ရှိရင်တောင် လွန်ရှားပါးလိမ့်မည်။

ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီက သာမန်မဟုတ်သော အခြေအနေအောက်တွင် မွေးဖွားလာခဲ့ခြင်း ဖြစ်ပါသည်။

နောက်ထပ် ရက်အနည်းငယ်လောက်အထိ ယဲ့ရှောင်ချန်း လမ်းမများပေါ်တွင် ကားဖြင့် ပတ်မောင်းကာ လူများစွာရှိသည့် နေရာများသို့ သွားပြီး ပါရမီမျက်လုံး သုံးလျက် လူတွေရဲ့ စိုက်ပျိုးရေးပါရမီကို စစ်ဆေးကြည့်သည်။

ကံမကောင်းစွာဖြင့် တစ်ယောက်မှ မတွေ့ခဲ့ရပါ။

ဒီလို စိုက်ပျိုးရေးပါရမီမျိုးက ရှားပါးသည်ဟုသာ ပြောနိုင်ပါသည်။

အံ့သြစရာတော့မရှိပါ။ အဖွဲ့အစည်းထဲက လူ ၁၀ ယောက်မှ အယောက် ၂၀ အထိက လူပေါင်း သန်းရာချီထဲမှ ရွေးချယ်ထားသည့် လက်ရွေးစင်များ ဖြစ်ကြသည်။

စိုက်ပျိုးရေးပါရမီရှိသည့် လူတစ်ယောက်နှင့် တွေ့ဖို့ လွယ်ကူပါက အလွန်ရိုးလွန်းနေပါလိမ့်မည်။

ဒီနေ့ ယဲ့ရှောင်ချန်း အဖွဲ့အစည်းထဲမှ ထွက်လာစဥ် ရုတ်တရက် ဝမ်ယွမ်တုန်းထံမှ ဖုန်းဝင်လာ၏။

ပညာရှင်အုပ်စု လာရောက်လည်ပတ်ပြီးကတည်းက သူတို့နှစ်ယောာက်၏ ဆက်ဆံရေး အများကြီး တိုးတက်ခဲ့ပါသည်။

အမှန်ပင်။ ဝမ်ယွမ်တုန်းကတော့ သူ့ကိုဘယ်တော့ ဖုန်းအရင်မခေါ်တတ်ပါ။

"ယွမ်တုန်း ကျားသားမိုးကြိုးပါလား။ ဘာလို့ ငါ့ကို ဖုန်းဆက်တာလဲ။"

ယဲ့ရှောင်ချန်းက ဖုန်းဖြေခလုတ်ကို နှိပ်ကာ ပြုံးလိုက်သည်။

တဖက်တွင်တော့ ဝမ်ယွမ်တုန်း သွေးအန်ချင်သွားသည်။ ဒီလိုစကားပြောပုံမျိုးက အကြီးကဲ တစ်ယောက်က ဂျူနီယာတစ်ယောက်ကို စကားပြောနေသလိုပင်။

သို့သော်လည်း ယဲ့ရှောင်ချန်းနှင့် သူ့ဒေါ်လေး၏ ဆက်ဆံရေးအကြောင်း စဥ်းစားမိသောအခါ လုံးဝ စိတ်ဓာတ်ကျသွားရပါသည်။

"အစ်-အစ်ကိုယဲ့။ ငါမင်းကို ပြောစရာရှိလို့ပါ။"

ဝမ်ယွမ်တုန်း အနည်းငယ် တွန့်ဆုတ်နေသော်လည်း အစ်ကိုယဲ့ဟု ခေါ်လိုက်ပါသည်။

အရင်တုန်းကဆိုလျှင် သူ့ကို အသေရိုက်သတ်တောင် ဒီလိုခေါ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း အခုတော့ ယဲ့ရှောင်ချန်း၏ အောင်မြင်မှုများက သူ့ထက် အများကြီး ကျော်လွန်သွားပြီ ဖြစ်သဖြင့် သူ မော့သာ ကြည့်နိုင်တော့သည်။

လိုက်ပြိုင်ဖို့ ဆန္ဒပင် မရှိတော့ပါ။

"ဘာလဲ"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"ငါတို့ စိုက်ပျိုးရေးတက္ကသိုလ်က မစ်စတာဟဲ့ကို မှတ်မိသေးလား။"

ဝမ်ယွမ်တုန်းက ပြောလိုက်သည်။

"မှတ်မိတယ်လေ။ ဘာဖြစ်လို့လဲ။"

ယဲ့ရှောင်ချန်းက ကြောင်အသွားသည်။

"မနေ့က မစ်စတာဟဲ့ ငါ့ကိုဆက်သွယ်လာတယ်။ မင်းက စိုက်ပျိုးရေးတက္ကသိုလ်ကနေ ဘွဲ့ရထားတာလေ။ စိုက်ပျိုးရေးတက္ကသိုလ်က မင်းရဲ့ကျောင်းတော်ပဲ မဟုတ်လား။ သူက မင်းကို ပြန်လာပြီး ဧည့်ပရော်ဖက်ဆာ တစ်ယောက် လုပ်စေချင်နေတယ်။ မင်း ဘာမှ လုပ်စရာမလိုပါဘူး။ ဒီတိုင်း ပရော်ဖက်ဆာ နာမည်သက်သက်ပဲဖြစ်မှာပါ။"

ဝမ်ယွမ်တုန်း ပြောလိုက်သည်။

သူရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ စိုက်ပျိုးရေးတက္ကသိုလ်က  ဒုတိယအဆင့်တက္ကသိုလ်သာ ဖြစ်သော်လည်း ဧည့်ပရော်ဖက်ဆာ တစ်ယောက်ဖြစ်လာခြင်းက သေချာပေါက် ကြီးမားသည့် ဂုဏ်ပုဒ်တစ်ခု ဖြစ်ပါသည်။

သူတောင် ထိုကဲ့သို့ အောင်မြင်မှုမျိုးရဖို့ ဘယ်လောက် အချိန်ယူရမလဲ မသိပေ။

တကယ်တော့ စိုက်ပျိုးရေးတက္ကသိုလ်က ဒီလို ကမ်းလှမ်းဖို့ စဥ်းစားနေတာကြာပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရထားသည်။ ထို့အပြင် စိုက်ပျိုးရေးတက္ကသိုလ်အတွက် အမှန်တကယ် ဂုဏ်ရှိသော အရာဖြစ်၏။ ဒီလို ထူးချွန်သည့် ကျောင်းသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်.

သူတို့ကျောင်းက ဘွဲ့ရခဲ့သော စီနီယာတစ်ယောက် တရုတ်သိပ္ပံကျောင်းတော်တွင် တွဲဖက်ပရော်ဖက်ဆာ တစ်ယောက်ဖြစ်လာကြောင်း မသိသည့် ကျောင်းသား စိုက်ပျိုးရေးတက္ကသိုလ်တွင် မရှိပါ။  လောလောဆယ် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသားများ၏ အိုင်ဒေါ ဖြစ်နေခဲ့ပါပြီ။

ယဲ့ရှောင်ချန်း ခဏလောက် စဥ်းစားကြည့်လိုက်ပြီး ဘာတွေဖြစ်နေသလဲ ချက်ချင်း နားလည်သွားရပါသည်။

မဟုတ်မှလွဲရော သူ နာမည်ကျော်ဖြစ်လာသဖြင့် စိုက်ပျိုးရေးတက္ကသိုလ်က သူ့ကို ဘွဲ့လွန်ကျောင်းသားတစ်ယောက်အဖြစ် သေသေချာချာ ချီးမြှင့်ချင်တာ ဖြစ်နိုင်သည်။

တက္ကသိုလ်များစွာ၏ ထုံးတမ်းအစဥ်အလာတစ်ခုလည်း ဖြစ်သည်။

ဆိုးရွားသော ကိစ္စတော့ မဟုတ်ပေ။ သူက စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရထားခြင်း ဖြစ်သည်။ သူ့ကျောင်းတော်ကြီးကိုသာ ကူညီနိုင်ပါက သူလုပ်ချင်ပါသည်။

ချက်ချင်း ဝမ်ယွမ်တုန်းနှင့် ချိန်းဆိုလိုက်၏။

နောက်တစ်နေ့ ယဲ့ရှောင်ချန်း ဆရာဟောင်း ဟဲ့ဟိုင်ကျန်းနှင့် ယန်မြို့တော်က အင်မော်တယ် စားသောက်ဆိုင်တွင် တွေ့ကြသည်။

သူ့အပြင် တက္ကသိုလ်မှ အထက်လူကြီး နှစ်ယောက်ပါသေးသည်။ တစ်ယောက်က ဒုကျောင်းအုပ်ဖြစ်ပြီး နောက်တစ်ယောက်က ကျောင်းသားရေးရာရုံး၏ ဥက္ကဌ ဖြစ်သည်။

ဟဲ့ဟိုင်ကျန်းက အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းသော သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်ပါသည်။

သူတို့ ကျောင်းတက်စဥ်ကာလတုန်းက သူ့ကို သဘောကျသည့် ကောင်မလေးတစ်ယောက် ရှိခဲ့ပြီး ပြဿနာတချို့ပင် ဖြစ်ခဲ့သည်ဟု ဆိုကြ၏။

"မစ်စတာဟဲ့ မတွေ့ရတာကြာပြီ။"

ယဲ့ရှောင်ချန်းက ဟဲ့ဟိုင်ကျန်းနှင့် တခြားသူများကို နှုတ်ဆက်လိုက်ပါသည်။

ဟဲ့ဟိုင်ကျန်းက သူ့ရှေ့က သာမန်ထက် ထူးကဲသော အရှိန်အဝါဖြင့် ယဲ့ရှောင်ချန်းကို ကြည့်လိုက်၏။ ထို့နောက် ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

အတန်းထဲတွင် ယဲ့ရှောင်ချန်းက ဇာတ်နိမ့်နေတတ်သဖြင့် သိပ်ပြီး သတိမထားမိခဲ့ပေ။ ယဲ့ရှောင်ချန်းက လူကြောက်တတ်ပြီး စကားလည်း အများကြီး မပြောသဖြင့် သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းခဲ့ပါ။

တက္ကသိုလ်ခေါင်းဆောင်များထံကသာ သူ့အကြောင်း မကြားခဲ့ရပါက သူ့တွင် ယဲ့ရှောင်ချန်းဟူသည့်  တပည့်ရှိခဲ့မှန်းပင် မှတ်မိမည်မဟုတ်ပါ။

သူ့ရှေ့က ယဲ့ရှောင်ချန်းနှင့် သူသိခဲ့သည့် ဇာတ်နိမ့်ပြီး လူကြောက်တတ်သည့် ယဲ့ရှောင်ချန်းတို့ကို တွဲကြည့်လို့ကို မရပေ။

ဘဝက ခန်းမှန်းကြည့်လို့ မရနိုင်ပါ။

အရင်တုန်းက ကျောင်းတွင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တချို့ကို သူတို့ ပြန်ပြောခဲ့ကြပြီး စကားပြောလို့ ပိုအဆင်ပြေလာကြပါသည်။

"မစ်စတာယဲ့ ငါတို့ကျောင်းက ဆွေးနွေးပြီးသွားပြီ။ မင်းကို ဧည့်ပရော်ဖက်ဆာ တစ်ယောက်အဖြစ် ဖိတ်ကြားနိုင်ဖို့ မျှော်လင့်ပါတယ်။ အကန့်အသတ် ဘာမှမရှိဘူး။ သာမန်ရာထူးတစ်ခုလိုပါပဲ။ အဆင်ပြေသွားရင် အပင်အသိစိတ်နဲ့ပတ်သတ်တဲ့ အတန်းတစ်ခု စသင်နိုင်မယ်။ မင်း တစ်တန်း နှစ်တန်းလောက် သင်ပေးလိုက်ပေါ့။ မင်းသဘောတူရင် ဒီကိစ္စပြီးသွားပြီ။ အခု မင်းအပေါ်မှာပဲ မူတည်ပါတယ်"

ထိုသို့ ပြောလိုက်သူက ဒုကျောင်းအုပ် ဟူဟွေ့ ဖြစ်ပါသည်။

တောင်ပိုင်းစိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ကြိုသာ ဖြစ်သဖြင့် ဒေသထဲက ပညာရေးနယ်ပယ်တွင် ထင်ရှားသည့် ရာထူးတစ်ခုတော့ မရှိပေ။

တရုတ်သိပ္ပံကျောင်းတော်နှင့် တောင်ပိုင်းဒေသ စိုက်ပျိုးရေး တက္ကသိုလ်တို့ ပူးပေါင်းမှုက သိပ်ပြီး အကျိုးကျေးဇူးမရသော်လည်း တကယ်တမ်း အကျိုးကျေးဇူးရရှိသူတို့က အချက်အချာ တက္ကသိုလ်နှစ်ခုဖြစ်သော တောင်ပိုင်းဒေသစိုက်ပျိုးရေးတက္ကသိုလ်နှင့် ရှန်းတက္ကသိုလ်တို့ ဖြစ်ကြသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဒါက ကောင်းကင်ဘုံမှ သူ့ကို ပေးအပ်ထားသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ယဲ့ရှောင်ချန်းကိုသာ စိုက်ပျိုးရေး တက္ကသိုလ်တွင် အလည်အပတ် ဆရာလုပ်ဖို့ သို့မဟုတ် အပင်အသိစိတ်အကြောင်း သင်ကြားဖို့ ဖိတ်ခေါ်နိုင်ပါက တန်ဖိုး အလွန်ရှိလာပါလိမ့်မည်။

စိုက်ပျိုးရေး တက္ကသိုလ်၏ အထက်လူကြီးများ၏ ပြောစကားအရ စိုက်ပျိုးရေး တက္ကသိုလ်၏ နက်ရှိုင်းသည့် ပန်းတိုင်က အပင်အသိစိတ်အထူးပြု ဌာနတစ်ခုကို တည်ထောင်နိုင်ဖို့ဖြစ်ပါသည်။

ဟဲ့ဟိုင်ကျန်းနှင့် တခြား နှစ်ယောက်တို့၏ မျှော်လင့်ချက်ကြီးမားသော အကြည့်တို့ကို ယဲ့ရှောင်ချန်းမြင်ကာ လေးလေးနက်နက် တွေးလိုက်မိပါသည်။

အစကတော့ သူ့ပန်းတိုင်က အပင်အသိစိတ် ဘာသာရပ် စနစ်အသစ်ကို အတိုင်းအတာ တစ်ခုအထိ ပြီးပြည့်စုံစေပြီးမှ အပင်အသိစိတ် အကြောင်း သင်ကြားပေးမည့် ကျောင်းတစ်ခု တည်ထောင်ကာ စိုက်ပျိုးရေးပါရမီရှင်များကို လေ့ကျင့်မွေးထုတ်ပေးဖို့ဖြစ်ပါသည်။

အခုတော့ အစီအစဥ်ကို ပြောင်းလဲနိုင်ပြီထင်သည်။ အရင်ဆုံး စိုက်ပျိုးရေး တက္ကသိုလ်နှင့် အလုပ်လုပ်ပြီး အပင်အသိစိတ် အတန်းတစ်ခု သင်နိုင်ဖို့ ကြိုးစားကြည့်မည်။

ထို့အပြင် တောင်ပိုင်းဒေသ စိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးပါရမီရှင်များ ရှိလိမ့်မည်ဟု ယဲ့ရှောင်ချန်း ယုံကြည်ပါသည်။

ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေးတက္ကသိုလ်က မေဂျာများက စိုက်ပျိုးရေးနှင့် သက်ဆိုင်သည်။

"ဟားဟား ကောင်းပါတယ်ဗျာ။ ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်။ ကန့်ကွက်စရာ မရှိပါဘူး။"

ယဲ့ရှောင်ချန်း ပြုံးလိုက်၏။

ဟဲ့ဟိုင်ကျန်းနှင့် တခြားနှစ်ယောက်တို့ ချက်ချင်း အပျော်လွန်သွားကြပါသည်။

ယဲ့ရှောင်ချန်းကို ဖျောင်းဖျဖို့ အားနည်းနည်း စိုက်ထုတ်ရမည်ဟု ထင်ထားသော်လည်း ယဲ့ရှောင်ချန်း အလွယ်လေး သဘောတူလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ရင်ထဲ နက်နက်ရှိုင်းရှိုင်းမှ ပျော်ရွှင်ခဲ့ကြပါသည်။

ယဲ့ရှောင်ချန်းက အချိန်ကျလျှင် တက္ကသိုလ်သို့ သွားရောက်ရန် သူတို့နှင့်အတူ ချိန်းဆိုခဲ့ပါသည်။

ထို့နောက် စားသောက်ဖို့ အချိန်ကျလေပြီ။

အင်မော်တယ်စမ်းရေစားသောက်ဆိုင်မှ သက်သက်လွတ် ဟင်းလျာများကို စားဖူးတာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်က ဒီလောက်အရသာရှိသည့် ဟင်းလျာများကို မစားသုံးဖူးပေ။ လျှာကိုက်မိမလိုပင် ဖြစ်ခဲ့ကြပါသည်။

"အရသာရှိလိုက်တာ။ သက်သက်လွတ်ဟင်းလျာပေမယ့် တကယ်အရမ်းအရသာရှိတာပဲ။။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းက ပုံကြီးချဲ့ထားတာလို့ ငါထင်ထားခဲ့တာ။ ကံမကောင်းတာက အရသာရှိပေမယ့် စျေးကြီးလွန်းတယ်။"

ဟဲ့ဟိုင်ကျန်းက ပန်းကန်လွတ်များကို ကြည့်ရင်း ဗိုက်မဝသေးသလို ခံစားလိုက်ရပါသည်။

ဟင်းလျာတိုင်း၏ အရသာက သူ့ပါးစပ်ထဲတွင် ကျန်ရစ်ခဲ့သည်။

သူ သက်ပြင်းသာ ချမိတော့သည်။

ဒီဆိုင်က အစားအသောက်များက စျေးကြီးလွန်းပါသည်။ ယဲ့ရှောင်ချန်းသာ တကာခံခြင်း မဟုတ်ပါက သူ့ဘဝတွင် ဒီလိုအဆင့်မြင့်ဆိုင်မျိုး၌ တစ်သက်လုံး စားနိုင်မည် မဟုတ်ပေ။

"မစ်စတာဟဲ့။ နောက်ပိုင်း ဒီမှာလာစားချင်ရင် အစ်ကိုယဲ့ကို ဖုန်းသာဆက်လိုက်။ သူက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ပိုင်ရှင်ပဲလေ"

ဝမ်ယွမ်တုန်းက ပြောလိုက်၏။

သူ အင်မော်တယ်စမ်းရေစားသောက်ဆိုင်က အစားအသောက်များကို တကယ်ကြိုက်နှစ်သက်ပါသည်။ သူ ယန်မြို့တော်သို့ ပြန်ရောက်တိုင်း လာစားလေ့ရှိသည်။

ဟဲ့ဟိုင်ကျင်းနှင့် တခြားနှစ်ယောက်တို့လည်း အံ့အားသင့်သွား၏။ ယဲ့ရှောင်ချန်းက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ရဲ့ ပိုင်ရှင် ရှိနေတာကိုး။

ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးလောကတွင်သာ နာမည်ကျော် မဟုတ်ဘဲ ငွေရှာသည့်နေရာတွင်လည်း အလွန်တော်သည့်ပုံပင်။

All Chapters