အဆင့် ၉ ဆေးလုံးဧကရာဇ်
Vol. 55 Ch. 760
မိုဝူကျိက အရင် စပြောလိုက်သောကြောင့် ကွမ်ကျင်းအနေနှင့် အတင်းကျပ် အားသုံးလိုက်ရမလား ဒါမှမဟုတ် စကား ပြောဆိုရမည်လား မသိတော့ပေ။ ယခု သူက မိုဝူကျိ၏ ထူးထူးဆန်းဆန်း စကားကြောင့် ကြောင်အမ်းမိသွားသည်။
“ဘာအဓိပ္ပါယ်လဲ …” ကွမ်ကျင်းက မိုဝူကျိအား အနည်းငယ် အံ့ဩစွာဖြင့် ကြည့်လိုက်ပြီး အတင်းကျပ်အားသုံးခေါ်သွားမည့် အကြံကိုပါ မေ့လျော့သွားလေ၏။
မိုဝူကျိက မထူးမခြားနား ပြောလိုက်သည် “ အင်မော်တယ်ရောင်းရင်းကွမ်ကို မီဖေးကုန်သည်အိမ်တော်က ကျုပ်ကို ဆွဲခေါ်ခိုင်းလိုက်တာမလား ”
“ ….” ကွမ်ကျင်းက မိုဝူကျိအား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း မိုဝူကျိသည် သူ သိထားသည်နှင့် အဘယ်ကြောင့် ကွာခြားနေရဲတာလဲဟု တွေးနေမိသည်။ အခြားလူများက ကောင်းကင်ဘုံအလွန်မြို့လေးအတွင်း အကြမ်းဖက်မှု လုပ်ရဲကြမည် မဟုတ်သော်လည်း ထိုစည်းမျည်းများမှာ သူတို့မီဖေးကုန်သညအိမ်တော်အား ချုပ်နှောင်မထားနိုင်ပေ။
မိုဝူကျိက ကွမ်ကျင်းသည် ပြန်မဖြေကြောင်း သိကာ ပျာယာခတ်မသွားဘဲ ဆက်ပြောလိုက်သည် “ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတုန်းက နတ်ဆိုးမျိုးနွယ်ရဲ့ နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက် ကျုပ်ကို လာရှာတယ်လေ ….. ”
“ အဲဒီလူကို ခင်ဗျား သတ်လိုက်တယ်ဆိုတာကို သိတယ် ” ကွမ်ကျင်းက မိုဝူကျိအား ဆက်ပြောခွင့် မပေးဘဲ ဝင်ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည် “ အဲဒီလူသာ ကျုပ်နဲ့ တွေ့သွားရင် အမွေးတိုင်တစ်ဝက်စာလောက်တောင် အချိန်ယူလိုက်ရမှာ မဟုတ်ဘူး ”
မိုဝူကျိက အသာပြုံးကာ တည်တည်ငြိမ်ငြိမ်ဖြင့် “ အဲတုန်းက ကျုပ်က သူ့ကို တစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့တာ ”
ကွမ်ကျင်း မျက်နှာ အမူအယာမှာ ပြောင်းလဲသွားလေ၏။ မိုဝူကျိက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေလျှင်ပင် သူ့အနေနှင့် ထိုနှစ်ဖက်ချွန်လူအား တစ်ကွက်တည်းဖြင့် သတ်နိုင်မည် မဟုတ်ပေ။ ကွမ်ကျင်းက ထိုလူသည် အကြိုက်ထူးဆန်းသော်လည်း အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင် ကွမ်ကျင်းက ကျီချီတွင် တစ်ဖက်လူအား ပိတ်လှောင်ကာ သတ်ပစ်နိုင်သည့် ထူးထူးဆန်းဆန်း ကမ္ဘာငယ်လေး ရှိသည့် အကြောင်း ကြားထားသေး၏။
မိုဝူကျိက ဆက်ပြောလိုက်သည် “ အမှန်ပဲ … ကျုပ်က အနည်းငယ် ပြင်ဆင်ပြီးတော့ သူ့ကို တစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့တာ ”
ကွမ်ကျင်းက အေးစက်စွာ နှာခေါင်းရှံ့လိုက်ရင်း သတ်ဖြတ်ငွေ့များက ထွက်ပေါ်လာလေသည်။ သူက မိုဝူကျိသည် အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်အား တစ်ကွက်တည်းဖြင့် အနိုင်ယူပစ်နိုင်လိုက်ကြောင်းအား မယုံပေ။
ယခင် မိုဝူကျိက နှစ်ဖက်ချွန်လူအား တစ်ကွက်တည်းဖြင့် အပြီးမသတ်ခဲ့ပေ။ သို့သော်လည်း သူက ကျီချီအား အဆုံးသတ်ပစ်ဖို့ရာ ဆယ်သက်ရှိုက်စာမျှသာ လိုအပ်ခဲ့၏။
မိုဝူကျိက ထိုစကားများကို ပြောသည့်အခါ အပိုပြောနေခြင်း မဟုတ်ပေ။ သူက ကိုယ်ပိုင်အင်အားအကြောင်း အထင်သေးမိကောင်း မိနိုင်သေး၏။
ယခင် သူ ကျီချီကို သတ်လိုက်စဉ်က သူသည် အင်မော်တယ်ဘုရင်အဆင့်သာ ရှိသေးသည်။ ယခု သူက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်နေလေရာ ကျီချီအား တစ်ကွက်တည်းဖြင့် အမှန်တကယ် ရှင်းပစ်နိုင်သည်။
“ ကျုပ်ဆီမှာ အင်မော်တယ် ဧကရာဇ်အကူ လိုနေတယ်။ အဲဒါကြောင့် ခင်ဗျားကို အခွင့်အရေးပေးဖို့ ခေါ်လိုက်တာပဲ။ တကယ်လို့ ခင်ဗျားက အဲဒီအခွင့်အရေးကို မလိုချင်ရင်တော့ ကျုပ်ကို စိတ်ကြိုက် လုပ်ကြည့်ပေါ့။ ခင်ဗျားလည်း မကြာခင် ကျီချီနဲ့ တွေ့သွားရလိမ့်မယ် …. မဟုတ်သေးပါဘူး။ ခင်ဗျားက ကျီချီနဲ့ တွေ့နိုင်မှာ မဟုတ်တော့ဘူး။ သူ့ဝိညာဉ်က လုံးဝ ပျက်စီးသွားပြီလေ ” မိုဝူကျိက တည်ငြိမ်နေကာ ကိုယ်ပိုင်ယုံကြည်မှုအပြည့် ဖြစ်နေသည်။
မိုဝူကျိက သူ့စွမ်းအားစက်ကွင်း မထုတ်ထားသော်လည်း ကွမ်ကျင်းက အသွင်သဏ္ဍာန် မရှိသည့် ဖိအားကို ခံစားမိပေ၏။ ထိုစဉ် သူက မိုဝူကျိ စကားများမှာ အမှန်ဖြစ်နိုင်ကြောင်း သံသယဝင်လာမိသည်။
“ ကျုပ်က အင်မော်တယ် ဧကရာဇ် မဟုတ်ဘူး ” ကွမ်ကျင်းက အသက်ပြင်းပြင်းရှုကာ သတ်ဖြတ်ငွေ့များကို ပြန်လည် ရုတ်သိမ်းလိုက်ရသည်။ သူ့စွမ်းအားစက်ကွင်းမှာ သူတို့ဘေးပတ်လည်၌ တိတ်တဆိတ် ဖြန့်ကျက်ထားသော်လည်း သူ့စိတ်ထဲ၌ အကြောက်တရားတချို့ ကိန်းအောင်းနေသေး၏။ တစ်ချိန်တည်းဆိုသလို မိုဝူကျိ သတ္တိကို လေးစားမိသွားသည်။ သူက မိုဝူကျိကို ဖမ်းဆီးရန် ရောက်လာသော်လည်း မိုဝူကျိက ဤအခွင့်အရေးကို အသုံးချ၍ သူ့အား စည်းရုံးရန် ကြိုးစားနေသည်။ မည်သူကမှ ဤသို့ လုပ်ရဲကြမည် မဟုတ်ပေ။
မိုဝူကျိက ဂုဏ်ယူစွာ ဆက်ပြောလိုက်သည် “ ခင်ဗျားက အင်မော်တယ် ဧကရာဇ် မဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ခင်ဗျားသာ ကျုပ်နောက် လိုက်ရင် အင်မော်တယ် ဧကရာဇ် ဖြစ်လာနိုင်တယ် ”
“ ခင်ဗျားက အဆင့် ၉ ဆေးလုံးဧကရာဇ်လား …. ဧကရာဇ်ဆေးလုံးကို ဖော်စပ်နိုင်တယ်လား ” ကွမ်ကျင်းက နဂိုနှင့် မတူတော့ပေ။
ကောင်းကင်ဘုံအလွန်မြို့လေး၌ ဧကရာဇ်ဖွေရှာ နှလုံးသားပန်းမှာ အင်မော်တယ် အုပ်စိုးသူအဆင့်အား အင်မော်တယ် ဧကရာဇ်အဆင့်အဖြစ် တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည့် တစ်ခုတည်းသော ဆေးပင် ဖြစ်၏။ ထို့အပြင် ဧကရာဇ်ဖွေရှာ နှလုံးသားပန်းမှာလည်း ဧကရာဇ်ဆေးလုံးအဖြစ် ဖော်စပ်ရမည် ဖြစ်သည်။
အဆင့် ၉ အင်မော်တယ်ဆေးလုံးလောက် အကျိုးအာနိသင် ရှိသည့် ဆေးလုံးများမှာ ဤနေရာတွင် မရရှိနိုင်ပေ။ ကောင်းကင်ဘုံအလွန်မြို့လေး၌ ရတနာများစွာ ရှိသော်လည်း ဧကရာဇ်တာအိုအသီး မရှိပေ။
“ ဟုတ်တယ် ကျုပ်က အဆင့် ၉ ဆေးလုံးဧကရာဇ်ပဲ ” မိုဝူကျိက သူ့ဝင့်ကြွားသည့်ဟန်အတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။ ယခု သူက အင်မော်တယ်များ၏ အကျင့်စရိုက်အကြောင်း ကောင်းကောင်း သိလာလေပြီ။ အကယ်၍ သူက တုံ့ဆိုင်းစွာ ဖြေဆိုလိုက်ပါက သူ လိမ်ညာနေသည်ဟု ထင်သွားပေလိမ့်မည်။
“ အဲဆို ခင်ဗျားက ကျုပ် အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်မှန်း သိပြီးသားပေါ့။ အဲဒါကြောင့် ကျုပ်ကို အင်မော်တယ် ဧကရာဇ်အဆင့် ရောက်အောင် ကူညီပေးပြီးတော့ အကူအညီ ပြန်လိုချင်တာလား ” ကွမ်ကျင်းသည် မိုဝူကျိသည် သူ့ကျင့်ကြံဆင့်အကြောင်း အဘယ်ကြောင့် ထည့်ပြောမှန်း နားလည်သွားလေပြီ။
မိုဝူကျိက တည်ငြိမ်စွာဖြင့်
“ ခင်ဗျား မှန်တယ်။ တကယ်လို့ ခင်ဗျားက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် မဟုတ်ခဲ့ရင် ကျုပ်ရဲ့ အချိန်တွေ ဖြုန်းနေမှာ မဟုတ်ဘူး။ ခင်ဗျားက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ဆိုတာနဲ့ ကျုပ်ကို ဖမ်းနိုင်မယ် ထင်နေတာလား။ ခင်ဗျားကို မပြောနဲ့ဦး …. ခင်ဗျားတို့ မီဖေးကုန်သည်အိမ်တော်က အင်မော်တယ် အုပ်စိုးသူတွေ အကုန်ရောက်လာရင်တောင် ကျုပ်က အထိအခိုက်မရှိ လွတ်ဦးမှာပဲ။
အရင်နှစ်တွေတုန်းက အင်မော်တယ် ဧကရာဇ် လေးယောက် ဝိုင်းဖမ်းထားတောင် ကျုပ်က ထွက်ပြေးနိုင်ခဲ့တယ်။ သူတို့ထဲက သုံးယောက်က မဟာဧကရာဇ်တွေနော် … ခင်ဗျားတို့လို အင်မော်တယ် အုပ်စိုးသူအဆင့်တွေကိုတော့ မပြောနေနဲ့တော့ … ”
“ ကျုပ်က စီးပွားရေးကို မသိဘူး။ ခင်ဗျားကို ကူညီပေးနိုင်တာ ဘာမှမရှိဘူး ” ကွမ်ကျင်း လေသံမှာ သိသိသာသာ ပျော့သွားလေ၏။
သူ့စိတ်ထဲ၌ နှလုံးခုန်မြန်နေဆဲ ဖြစ်သည်။
အင်မော်တယ် ဧကရာဇ် …. အင်မော်တယ် ဧကရာဇ် ….
သူက မီဖေးကုန်သည်အိမ်တော်ကို ဘာလို့ ဝင်ခဲ့တာလဲ …..
သူက တာအိုကို သဘောပေါက်ကာ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းလို၍ မဟုတ်ပါလော။ သို့သော်လည်း သူက မီဖေးကုန်သည်အိမ်တော်၏ လူမိုက်အဖြစ် နှစ်ရာချီအောင် ထမ်းဆောင်ခဲ့သောကြောင့် အစိမ်းရောင်ကျောက် ဝေစုရခဲ့သော်လည်း ဧကရာဇ်ဆေးလုံး ရဖို့ရာ အခွင့်အရေး မရရှိခဲ့ပေ။
မိုဝူကျိက ကွမ်ကျင်း စကားများကို ကြားသောအခါ သူ့တွင် အခွင့်အရေး ရလာပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူက လော့စီဆီမှ သတင်းတချို့ ရရှိခဲ့ပြီး မီဖေးကုန်သည်အိမ်တော်မှာ ကောင်းကင်ဘုံအလွန်မြို့မှ မဟုတ်ကြောင်း သိခဲ့ရသည်။ မီဖေးကုန်သည်အိမ်တော်တွင် အင်မော်တယ် အုပ်စိုးသူအဆင့် နည်းနည်းသာ ရှိပြီး အားအကောင်းဆုံးသူမှာ ကွမ်ကျင်း ဖြစ်၏။ ကွမ်ကျင်းမှာ စကားနည်းသူ ဖြစ်ပြီး သူ မီဖေးကုန်သည်အိမ်တော်သို့ ဝင်လိုက်သည့် အကြောင်းအရင်းမှာ အင်မော်တယ် ဧကရာဇ်အဖြစ် တက်လှမ်းချင်လို၍ ဖြစ်သည်။
မိုဝူကျိက မီဖေးကုန်သည်အိမ်တော်သည် ကွမ်ကျင်းအား အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းနိုင်မည့် ဆေးလုံး ပေးနိုင်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် ကွမ်ကျင်းကို သူ့ဘက် စည်းရုံးဖို့ရာ ခေါ်လိုက်ခြင်း ဖြစ်၏။
အကြောင်းအရင်းမှာ မိုဝူကျိက သူ့ဆီ လာရောက်တောင်းဆိုကြသော လူများမှာ သူ့စီးပွားရေးကို အားပေးနေခြင်းသာ ဖြစ်၏။ အကယ်၍ အင်မော်တယ် တစ်ယောက်ယောက် ရောက်လာလျှင် သူနှင့် လော့စီက နောက်မှသာ နေမည် ဖြစ်သောကြောင့် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး ရှာရခြင်း ဖြစ်သည်။ ထိုသူက သူ့အား မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ်များကို တားဆီးပေးရုံသာမက သူ့အဆင့် ၇ သတ်ဖြတ်ရေး အစီအရင်အား ကူညီပေးနိုင်သော သူ ဖြစ်ရမည်။
အစီအရင်တာအို၌ လက်ရှိအဆင့်အတန်းမှာ ကွမ်ကျင်း၏ အကူအညီပါ ထည့်တွက်လျှင် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တစ်ယောက်ကို ပိတ်လှောင်၍ သတ်ဖြတ်ရန် ဖြစ်နိုင်ပေသည်။
အကယ်၍ ဤစည်းရုံးမှုက မအောင်မြင်ခဲ့လျှင် သူက ကောင်းကင်ဘုံအလွန်မြို့မှ ထွက်သွားဖို့ရာ စဉ်းစားမိပေလိမ့်မည်။ သူက ကွမ်ကျင်းကို ကြောက်၍ မဟုတ်ဘဲ အင်မော်တယ် ဧကရာဇ်တချို့ ကိုယ်တိုင် သူ့တံခါးဝ ရောက်လာမည်ကို စိုးရိမ်၍ ဖြစ်၏။
“ ကျုပ် ဆေးဖော်စပ်နေတုန်း တချို့ ပါးမွှားလေးတွေ ကျုပ်ကို လာပြီး မနှောင့်ယှက်ဖို့ပဲ မျှော်လင့်တာပါ။ ခင်ဗျား အင်မော်တယ် ဧကရာဇ် ဖြစ်လာရင် ဒီမှာနေပြီး ကျုပ်ရဲ့ ကာကွယ်သူ လုပ်ပေးရမယ် ” မိုဝူကျိက ပြန်ဖြေလိုက်သည်။
ကွမ်ကျင်းက လုံးဝ မတည်ငြိမ်တော့ပေ။ အကယ်၍ မိုဝူကျိသာ သူ့အား ဧကရာဇ်ဆေးလုံး ပေးနိုင်လျှင် မီဖေးကုန်သည်အိမ်တော်နှင့် အဘယ်ကြောင့် အတူတူ တွဲလုပ်နေတော့မည်နည်း။
“ ခင်ဗျားက တကယ်ပဲ အဆင့် ၉ ဆေးလုံးဧကရာဇ်လား။ တကယ်ကြီး ကျုပ်အတွက် ဧကရာဇ်ဆေးလုံး ဖော်စပ်ပေးနိုင်တာလား ” ကွမ်ကျင်းက မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်၌ မိုဝူကျိက ပြန်မဖြေတော့ပေ။ သူက လက်ထဲမှ ချထားသော အင်မော်တယ် ဆေးပင်များကို ပြန်ကောက်ကိုင်လိုက်သည်။
မိုဝူကျိ၏ အပြုအမူက ကွမ်ကျင်းအား မိုဝူကျိသည် အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ပို၍ သေချာသွားစေသည်။ အဆင့် ၉ ဆေးလုံးဧကရာဇ်တစ်ယောက်က မိမိအား လာရောက်ခေါ်ဆောင်လိုသည်ကပင် အဆင့်အတန်းနှိမ့်ချထားခြင်း ဖြစ်ပေသည်။ သူ့ဆက်တိုက် မေးမြန်းနေသည့် အပြုအမူကား မိုဝူကျိအား မကျေမနပ် ဖြစ်စေသည်မှာ ပုံမှန်သာ ဖြစ်၏။
“ ဆေးလုံးဧကရာဇ်မို … ကျုပ်က မီဖေးကုန်သည်အိမ်တော်ရဲ့ ကာကွယ်သူတစ်ယောက် ဖြစ်ရုံလေးပါ။ ကျုပ်က အရောင်းဝန်ထမ်းလည်း မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ် ” ဤအချိန်တိုလေးအတွင်း ကွမ်ကျင်းက ဆုံးဖြတ်ချက် ထားပြီးသွားလေပြီ။
ကွမ်ကျင်းက ခဏတာ ရပ်ပြီးမှ ဆက်ပြောလိုက်သည် “ ဒါပေမဲ့ တကယ်လို့ ကျုပ် ပြန်မသွားရင် အင်မော်တယ် ဧကရာဇ် တစ်ယောက် ရောက်လာလိမ့်မယ် ”
သူ မီဖေးကုန်သည်အိမ်တော်ဆီ ဝင်လိုက်သည့် အကြောင်းအရင်းမှာ ဧကရာဇ်ဆေးလုံးကြောင့်သာ ဖြစ်၏။ သို့သော်လည်း မီဖေးကုန်သည်အိမ်တော်အနေနှင့် သူ့အား ပြုစုပျိုးထောင်ပေးမည့် လူမဟုတ်ဘဲ ခိုင်းဖက်အဖြစ်သာ ဖြစ်နေသည်။ ထို့ကြောင့် သူသာ အရူး မဟုတ်သရွေ့ မိုဝူကျိ၏ စကားကို မည်သို့ တုံ့ပြန်ရမှန်း သိလိမ့်မည်။
မိုဝူကျိက စကားတစ်လုံးမှ ထပ်မပြောတော့ဘဲ အင်မော်တယ် ဆေးပင်များကိုသာ ဆက်လေ့လာနေသည်။
ကွမ်ကျင်းက မည်သို့ တုံ့ပြန်ရမည်မှန်း မသိ၍ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူက နှစ်များစွာ အတွေ့အကြုံရှိလာလေရာ မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သွားလေ၏။ ဆေးလုံးဧကရာဇ်မိုက သူအား ကျိန်ဆိုပြရန် အလိုရှိနေခြင်း ဖြစ်ပေသည်။
ထိုစဉ် ကွမ်ကျင်းက အနည်းငယ် တုံ့ဆိုင်းလာမိ၏။ သူ မီဖေးကုန်သည်အိမ်တော်သို့ ဝင်စဉ်အခါက သူ ထွက်သွားလိုသည့်အခါတိုင်း ထွက်သွားနိုင်ရန် ကတိစကား ရခဲ့သည်။ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းတော့မည့် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ကျိန်ဆိုခြင်း မပြုလိုပေ။ ထို့အပြင် မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ် ရောက်ရှိလာလျှင် သူ ကွမ်ကျင်းက ရင်ဆိုင်ရလောက်အောင်အထိ အားမကောင်းပေ။
မိုဝူကျိက ရုတ်တရက် ပြောလိုက်သည်
“ ခင်ဗျား ကျိန်ဆိုဖို့ မလိုပါဘူး။ ကျုပ်နောက်ကနေ နှစ်တစ်ရာ လိုက်ပေးဖို့ ကတိစကားဆိုရမယ်။ နှစ်တစ်ရာပြီးသွားရင် ခင်ဗျားဘာသာ စိတ်ကြိုက်လုပ်လို့ ရတယ် …. ကျုပ်နောက်ကို လိုက်ပြီးတော့ ကျုပ်ဂိုဏ်းကို ဝင်လို့ ရတယ် ဒါမှမဟုတ် ထွက်သွားနိုင်တယ်။ တကယ်လို့ မီဖေးကုန်သည်အိမ်တော်ဆီက အင်မော်တယ် ဧကရာဇ်တွေလာရင် ကျုပ်ဆီမှာ ကျုပ်ဘာသာ ဖြေရှင်းနည်း ရှိပါတယ် ”
အဲလောက်တောင် ရိုးရှင်းတယ်လား ….
ကွမ်ကျင်းက မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ ဤနှစ်တစ်ရာမှာ သာမာန် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် တံခါးပိတ် လေ့ကျင့်ချိန်မျှသာ ဖြစ်၏။ အခြေအနေများက ထို့ထက် ဆိုးရွားလျှင်ပင် မဆိုးလှပေ။ တစ်ဖက်တွင် သူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်းကို သံသယမရှိပေ။ မိုဝူကျိသည် အဆင့် ၉ ဆေးလုံးဧကရာဇ်ဖြစ်၍ သူ သွားလိုသည့် နေရာတိုင်းကို သွားနိုင်ပေလိမ့်မည်။ ကွမ်ကျင်းက မိုဝူကျိသာ အရူး မဟုတ်ပါက အင်မော်တယ် ဧကရာဇ်များ သူ့တံခါးဝရှေ့အထိ ရောက်လာမည်ကို စောင့်နေလိမ့်မည် မဟုတ်ပေ။
အခွင့်အရေးမှာ သူ့ရှေ့မှောက် ရောက်နေပြီ ဖြစ်ရာ ကွမ်ကျင်းက အဘယ်ကြောင့်များ လက်လွှတ်ရမည်နည်း။
“ ကျုပ် ကွမ်ကျင်းက ဆေးလုံးဆရာမိုသာ ဧကရာဇ်ဆေးလုံး ပေးရင် ဆေးလုံးဆရာမိုနောက်ကို နှစ်တစ်ရာ လိုက်ပါ့မယ်။ ကျုပ် အသက်နဲ့ တာအိုကို မထိခိုက်သရွေ့ ဆေးလုံးဆရာမိုရဲ့ ညွှန်ကြားချက်တွေကို နားထောင်ပါ့မယ်။ တကယ်လို့ ကျုပ် ဒီ ကတိစကားကို ချိုးဖောက်မိခဲ့ရင် မိုးကြိုးဒဏ် ခံရ၍ သေပါစေသား ”
“ ကောင်းပြီလေ … အင်မော်တယ်ရောင်းရင်း ကွမ်ကျင်းက ရွေးချယ်မှု မှန်မှန် လုပ်နိုင်ခဲ့တာပဲ။ ခင်ဗျား အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့ လိုသလောက် ဧကရာဇ်ဆေးလုံး တစ်လုံး မဟုတ်ဘူး အများကြီး ပေးနိုင်တယ်။ အခု ခင်ဗျားက လူသားဆေးလုံးအိမ်တော်က လူဖြစ်သွားပြီလို့ ခင်ဗျားနဲ့ အတူတူ ပါလာတဲ့ အမျိုးသမီးကို သွားပြောလိုက် … ဧကရာဇ်ဆေးလုံးကိုတော့ နောက်ထပ် တစ်လကြာရင် ပေးမယ် ” မိုဝူကျိက ရယ်မောကာ ပြောလိုက်သည်။
သူက တစ်လတာအချိန်လိုအပ်ခြင်းမှာ မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် မဖြစ်သေး၍ ဖြစ်ပေသည်။ သို့သော်လည်း သူ့အစီအစဉ်ပေါ်၌ သက်ရောက်မှု ရှိမည် မဟုတ်ပေ။ သူ့လူသားတာအိုနှင့် ဆေးလုံး ဖော်စပ်မှု အမွေအနှစ်တို့နှင့်အတူ အင်မော်တယ်ဆေးပင်များပါ ထည့်တွက်လိုက်လျှင် တစ်လအတွင်း သူက အဆင့် ၉ ဆေးလုံးဧကရာဇ်အဖြစ် မတက်လှမ်းနိုင်မှသာ လူညံ့ ဖြစ်နေပေလိမ့်မည်။
သူ့လူသားတာအိုက သေမျိုးပစ္စည်းများအပေါ် အင်မော်တယ် စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများကို စိမ့်ဝင်စေလေ၏။ သူက သေမျိုးတစ်ယောက် ဖြစ်သော်လည်း အင်မော်တယ် အုပ်စိုးသူအဆင့်အထိ ကျင့်ကြံနိုင်သလို ဖြစ်၏။
အကယ်၍ သူ့လူသားတာအိုက ဆေးလုံးတာအိုနှင့် အောင်အောင်မြင်မြင် ပေါင်းစပ်သွားလျှင် လမ်းဘေးမြက်ကိုပင် ထိပ်တန်းအဆင့် ဆေးလုံး ဖော်စပ်နိုင်ပေလိမ့်မည်။
“ ဟုတ်ကဲ့ ” ကွမ်ကျင်းက သူ့စိတ်ထဲမှ ပျော်ရွင်မှုကို ချိုးနှိမ်ထားကာ ဦးညွှတ်၍ အခန်းမှ ထွက်သွားလိုက်သည်။ တစ်လအတွင်း ဧကရာဇ်ဆေးလုံး ရနိုင်မည့် ကိစ္စမှာ အိပ်မက် အကောင်အထည် ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
…………….…
“ ကာကွယ်သူ ကွမ် သူ့ကို ခေါ်မလာဘူးလား ” ကွမ်ကျင်း တစ်ယောက်တည်း ထွက်လာသည်ကို မြင်၍ ရန်ယူရွှေက နားမလည်စွာ မေးလိုက်သည်။
ကွမ်ကျင်း လေသံမှာ တည်ငြိမ်နေပြီး “ တာဝန်ခံရန် …. ကျုပ် လူသားဆေးလုံးအိမ်တော်မှာ နေဖို့ ဆုံးဖြတ်လိုက်ပြီ။ ခေါင်းဆောင်မင်ဆီ ပြန်ပြီးတော့ ပြောလိုက်ပါ … ဒီနှစ်တွေမှာ ကျုပ်ကို ထောက်ပံ့ခဲ့တဲ့ မီဖေးကုန်သည်အိမ်တော်ကို ကျေးဇူးတင်ပါတယ်လို့ ….. ”
“ ဘာ …” ရန်ယူရွှေက ကွမ်ကျင်းအား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သူမက သူတို့၏ အကျပ်ကိုင်မှုမှာ ကွမ်ကျင်း သစ္စာဖောက်သွားသည့် ရလဒ်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
***