အခန်း (၂၃၃) - အိမ်ထောင်ဖက်ရွေးချယ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ
Vol. 16 Ch. 233
အခန်း (၂၃၃) - အိမ်ထောင်ဖက်ရွေးချယ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ
တောင်ပိုင်းဒေသ စိုက်ပျိုးရေးတက္ကသိုလ်။
ထိုတက္ကသိုလ်က သက်တမ်းနုသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။ ရာစုနှစ်ချီပြီး သက်တမ်းရှိနေသော တက္ကသိုလ်များနှင့် ယှဥ်လျှင် ၎င်း၏ သမိုင်းကြောင်းက အများကြီး ပိုပါးလွှာပါသည်။
သို့သော်လည်း ကျောင်းဝန်းကြီးထဲက အလှဆင်မှုကိုတော့ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ထားပါသည်။
သန့်ရှင်းနေသော လမ်းမများ၊ သပ်သပ်ရပ်ရပ် စိုက်ပျိုးထားသော အလှဆင်သစ်ပင်ကြီးများနှင့် ကျောင်းသားအုပ်များက ပညာတတ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကြပါသည်။
"မင်တို့ကြားပြီးကြပြီလား။ စာသင်နှစ် ၂၀၀၇ ခုနှစ်က စီနီယာ ယဲ့ရှောင်ချန်းက ငါတို့ကျောင်းရဲ့ ဧည့်ပရော်ဖက်ဆာ တစ်ယောက် ဖြစ်လာတော့မယ်ဆို။ အဲ့တာ အမှန်ပဲလားမသိဘူး။"
"အမှန်ပဲကွ။ အချိန်ကိုတောင် သတ်မှတ်ပြီးသွားကြပြီလို့ ကြားတယ်။"
"ငါတော့ မျှော်နေတယ်။ စီနီယာ ယဲ့ရှောင်ချန်းက ငါတို့ကျောင်းမှာ ပါရမီအရှိဆုံးလူလေ။ ကျွတ် ကျွတ်။ တရုတ်သိပ္ပံကျောင်းတော်မှာလည်း တွဲဖက်ပရော်ဖက်ဆာ တစ်ယောက်ပဲ။ သူက တရုတ်သိပ္ပံကျောင်းတော်မှာ အငယ်ဆုံး တွဲဖက်ပရော်ဖက်ဆာကွ။"
"ဟူး စီနီယာ ယဲ့ရှောင်ချန်းက ငါတို့ထက် သိပ်ပြီး အသက်မကြီးဘူးနော်။ ဒါပေမယ့် တရုတ်သိပ္ပံကျောင်းတော်ရဲ့ တွဲဖက်ပရော်ဖက်ဆာကြီးတောင် ဖြစ်နေပြီ။ အံ့သြဖို့ ကောင်းလိုက်တာ။"
"စီနီယာ ယဲ့ရှောင်ချန်းက ကျောင်းမှာတုန်းက သိပ်မတော်ဘူးလို့ ကြားမိသလိုပဲ။"
"ဘာကို မတော်တာလဲကွ။ သူက ဒီတိုင်း ဇာတ်နိမ့်နိမ့်ပဲ နေတတ်လို့ပါကွာ။"
"ငါတို့ကျောင်းမှာ အပင်အသိစိတ် သင်ရိုးညွှန်းတမ်း ရှိလာတော့မယ်ထင်တယ်။ သင်ဖို့ ရွေးလို့လည်း ရတယ်။ အချိန်ကျရင် ငါတော့ သေချာပေါက် ရွေးမှာပဲ။"
"အပင်အသိစိတ်က အခု ရုက္ခဗေဒပညာရဲ့ အနာဂတ် ဖွံ့ဖြိုးမှုလမ်းစဥ်လို့ မြင်နေကြပြီ။ ငါတို့ အဲ့ဒီအကြောင်း သင်ယူနိုင်ရင် သေချာပေါက် အကျိုးရှိမှာပါ။"
"အဲ့လောက် မလွယ်ဘူးကွ။ အပင်အသိစိတ်ကို သင်ယူနိုင်ဖို့ဆိုရင် ဝိညာဥ်နားစွင့်နိုင်တဲ့ ပါရမီရှိမှဖြစ်မယ်လို့ ကြားတယ်နော်။"
"ငါလည်း ကြားဖူးတယ်။ အဲ့ဒီပါရမီက အရမ်းဆန်းကြယ်တယ်တဲ့။ ရုက္ခဗေဒပညာရှင် အများကြီးမှာတောင် အဲ့ဒီပါရမီ မရှိဘူးလို့ပြောတယ်။"
...
အချိန်တစ်ခုသို့ ရောက်လာသောအခါ ယဲ့ရှောင်ချန်း တောင်ပိုင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ဧည့်ပရော်ဖက်ဆာ တစ်ယောက်ဖြစ်လာတော့မည့်အကြောင်း စကားသံများ ထွက်လာခဲ့သည်။
နောက်ဆုံးတွင် ပိုပို ပြင်းထန်လာပြီး ကျောင်းသား အားလုံးနီးပါး သိနေကြပါပြီ။
ကျောင်းသားအများစုက မျှော်လင့်နေကြ၏။
ယဲ့ရှောင်ချန်းကို သူတို့ အလွန်လေးစားသည်။ သူတို့ကျောင်းက ထိပ်တန်းပါရမီရှင်တစ်ယောက် မဟုတ်ပါလား။
အားလုံး ဂုဏ်ယူမိကြ၏။ တောင်ပိုင်း စိုက်ပျိုးရေးတက္ကသိုလ်က ပါရမီရှင်များ မွေးမထုတ်ပေးနိုင်ဘူးဟု မည်သူ ဆိုဦးမနည်း။
လူတချို့ကတော့ အစပိုင်းတွင် မယုံကြည်ကြပေ။ ဘာပဲဖြစ်ဖြစ် တရားဝင် အတည်ပြုထားခြင်းလည်း မရှိသေးပေ။ ကျောင်းက လွှင့်သော ကောလဟာလ တချို့သာ ဖြစ်နိုင်ပါသည်။
အလုပ်သမားများက ကျောင်းတော် ဝင်ပေါက်တွင် စာတန်းကြီးတစ်ခုကို ချိတ်ဆွဲလိုက်သည်ကို ကျောင်းသားများ မြင်သွားကြ၏။ "ကျောင်းတော်ကြီးမှ ပြန်လည် ကြိုဆိုပါတယ်၊ စာသင်နှစ် ၂၀၀၇ မှ ပရော်ဖက်ဆာယဲ့ရှောင်ချန်း"
ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်း သူ့ကျောင်းတော်ကြီးဆီသို့ ဧည့်ပရော်ဖက်ဆာ တစ်ယောက်အနေဖြင့် ပြန်လာမည်ဟူသည့် ကောလဟာလမှာ အတည်ပြုပြီးသား ဖြစ်သွားပါသည်။
ကျောင်းတော်ထဲက သတင်းမီဒီယာများကလည်း ထိုအကြောင်းကို စပြောလာကြပြီး တောင်ပိုင်းဒေသ စိုက်ပျိုးရေးတက္ကသိုလ်၏ မျက်နှာကို တောက်ပလာစေပါသည်။
ဒီနေ့ ယဲ့ရှောင်ချန်း စိုက်ပျိုးရေးတက္ကသိုလ်သို့ ကားမောင်းလာခဲ့သည်။ မျက်စိကျစရာ စာတန်းကြီးအား မြင်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ တစ်နေ့ သူ့ကျောင်းတော်ကြီးသို့ ပြန်လာချိန်တွင် ဒီလောက်ထိ အခွင့်ထူး ခံစားရလိမ့်မည်ဟု မထင်ထားခဲ့ပါ။
အရင်တုန်းက သူက တောင်ပိုင်ဒေသ စိုက်ပျိုးရေး တက္ကသိုလ်ကြီး၏ သာမာန် ဘွဲ့ရကျောင်းသားတစ်ယောက်သာ ဖြစ်သည်။
သူ ကားဖြင့် မောင်းဝင်လာခဲ့သည်။
သူ ဘွဲ့ရခဲ့တာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သော်လည်း အထဲက ပတ်ဝန်းကျင်အခြေအနေမှာ များများစားစား မပြောင်းလဲသေးပါ။
သူမှတ်မိထားသည့် ပုံစံနှင့် အတော်လေး တူညီနေပါသေးသည်။
ထို့ကြောင့် သူ့ကျောင်းသားဘဝတုန်းက မှတ်ဉာဏ်များကို ပြန်လည် အောက်မေ့သတိရသွားစေပါသည်။
ဘတ်စကတ်ဘော ကွင်းတစ်ခုကို ဖြတ်သွားသောအခါ ကျောင်းသားများစွာ ချွေးများ တစ်ပေါက်ပေါက် ကျနေသည်ကို မြင်နိုင်ပါသည်။
ကားကိုရပ်လိုက်ပြီး ကားထဲမှထွက်ကာ ဝင်သွားလိုက်သည်။
ငါ ဘတ်စကတ်ဘော မကစားရတာ ကြာပြီ။
သူ တက္ကသိုလ် တက်စဥ်တုန်းက ရက်သတ္တပတ် အားလပ်ရက်များတွင် ဘတ်စ်ကတ်ဘော ကစားလေ့ရှိသည်။ သူ့စကေးက အတော်ကြီး မဟုတ်သော်လည်း သူသဘောကျသည့် အားကစားတစ်ခု ဖြစ်ပါသည်။
ရုတ်တရက် ဘတ်စ်ကတ်ဘောလုံး တစ်လုံးက သိပ်မဝေးသည့် နေရာတစ်ခုတွင် စာအုပ်ဖတ်နေသော ကောင်မလေး တစ်ယောက်ဆီသို့ ပျံသန်းသွား၏။
"အစ်မယု စာဖတ်မနေစမ်းပါနဲ့။ ငါတို့နဲ့ တစ်ချီလောက် ကစားစမ်းပါဦး။"
ဘတ်စ်ကတ်ဘော ကစားသမားဝတ်စုံ ဝတ်ထားသည့် အရပ်ရှည်ရှည် ကောင်လေး တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
နေရောင်အောက်တွင် သူ့ကြွက်သားများက ကြံ့ခိုင် ပြည့်ဝနေ၏။
"နင်တို့ စကေးတွေက ကောင်းမှမကောင်းတာ။ ပျင်းဖို့ကောင်းတယ်။"
ကောင်မလေးက ခေါင်းကို ဆက်ငုံ့ထားသည်။ ဘတ်စ်ကတ်ဘောကို လက်တစ်ဖက်တည်းနှင့် ဖမ်းပြီး ခေါင်းကို မော့လိုက်သည်။ တောက်ပပြီး လှပသည့် မျက်နှာတစ်ခုက ပေါ်လာ၏။ အလှအပကြီး မဟုတ်သော်လည်း အလွန်ကျော့ရှင်းပါသည်။ ပြုံးလိုက်လျှင် အလွန်တောက်ပပါသည်။
"အရင်စည်းမျဥ်းအတိုင်း ဆိုရင်ကော"
ကောင်လေးက ပြောလိုက်၏။
"နင့်စကားနဲ့ နင်နော်"
အစ်မယု ဟူသည့် ကောင်မလေးက မတ်တပ်ရပ်လိုက်သည်။
ယဲ့ရှောင်ချန်း အံ့သြသွား၏ ကောင်မလေးက အရပ်မပုပါ။ အနည်းဆုံး ၅ပေ ၉လက်မ အရပ်ရှည်ပြီး အလွန်အရပ်ရှည်လှပါသည်။
သူ့အဝတ်အစားများကို ချွတ်လိုက်သောအခါ အင်္ကျီလက်တို ဘတ်စ်ကတ်ဘော ကစားသမားအင်္ကျီက ပေါ်လာ၏။
သူမ၏ ဆံပင်အား အနောက်တွင် စုစည်းကာ ဘတ်စ်ကတ်ဘောကို လက်တစ်ဖက်တည်းနှင့် ကိုင်လိုက်ပြီး ကွင်းထဲသို့ လျှောက်လာသည်။
ကစားပွဲတွင် ယဲ့ရှောင်ချန်း ကောင်မလေး၏ စကေးများကို မြင်ခဲ့ရပါသည်။
သူမက မိန်းကလေးဖြစ်သော်လည်း သူမ၏ လျှင်မြန်မှုနှင့် စကေးများက အလွန်ကောင်းမွန်လှသည်။ ပြိုင်ဘက်များတွင် အရပ် အားသာချက်ရှိသော်လည်း ကောင်မလေး၏ အသင်းက ဖိနှိပ်ထား၏။
သူမ၏ ခုန်နိုင်အားကလည်း အလွန် အံ့အားသင့်ဖို့ကောင်းပါသည်။ ခုနက ကောင်လေး၏ အရပ်ကို ကျော်၍တောင် ခုန်နိုင်ပါသည်။
ယဲ့ရှောင်ချန်း အံ့သြသွား၏။ ဒီလို ကျောင်းတွင်း အလှပဂေးလေးက ဘတ်စ်ကတ်ဘော ကျွမ်းကျင်သူလည်း ဖြစ်နေသည်။ သူ တကယ် မပြောနိုင်ခဲ့ပါ။
ရုတ်တရက် ပါရမီမျက်လုံးကို အသုံးပြုလျက် ကွင်းထဲက လူများကို ကြည့်လိုက်လေသည်။
အစ်မယုဟူသည့် ကောင်မလေးကို ကြည့်လိုက်သောအခါ သူ အံ့အားသင့်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် ကောင်မလေး၏ စိုက်ပျိုးရေးပါရမီက အလွန်ကောင်းမွန်နေ၏။ အဝါရောင်အတန်းအစား အဆင့်ခုနစ်ပင် ရှိသည်။
ပညာရှင်ကြီးယန်၏ အဆင့်နှင့် အတူတူပင်။
ယဲ့ရှောင်ချန်း ရယ်ရခက် ငိုရခက်ဖြစ်သွား၏။ ကောင်မလေး၏ ဘတ်စ်ကတ်ဘော စကေးများက ကောင်းမွန်သဖြင့် ဘတ်စ်ကတ်ဘောတွင် အလွန်ပါရမီ ပါလိမ့်မည်ဟု ထင်ခဲ့မိသည်။ စိုက်ပျိုးရေးတွင် ပါရမီ ဒီလောက်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပါ။
အရပ်ရှည်ရှည်ကောင်လေးက ဘောလုံးကို ခြင်းထဲ ပစ်ထည့်လိုက်စဥ် အစ်မယုက ခုန်ကာ ဘောလုံးကို ရိုက်ထုတ်လိုက်၏။
ဘတ်စ်ကတ်ဘော ပျံထွက်သွားပြီး ယဲ့ရှောင်ချန်း အနားသို့ ရောက်လာသည်။
အလွန်မြန်ဆန်လွန်းလှပါသည်။
ယဲ့ရှောင်ချန်းက ဘတ်စ်ကတ်ဘောကို လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်ပြီး ဘုတ်ပြားပေါ်က ခြင်းထံသို့ သူ့အကြည့်ရောက်သွားသည်။
သူ ခပ်ပေါ့ပေါ့ပဲ လှမ်းပစ်လိုက်သည့်အခါ ဘတ်စ်ကတ်ဘော ပျံထွက်သွားပြီး ခြင်းထဲသို့ တိတိကျကျ ဝင်သွားတော့သည်။
ဘတ်စ်ကတ်ဘော ကစားနေသူ အားလုံး ကြက်သေ သေသွားရ၏။
ဒီလောက်အဝေးကြီးဆို သုံးမှတ်မျဥ်းကိုတောင် ကျော်လောက်သည်။ ကံကောင်းခြင်း မဟုတ်ပါက သူ့စကေးများ တကယ် ကောင်းမွန်လှသည်ဟူသည့် သဘောပင်။
အရပ်ရှည်ရှည် ကောင်လေး၏ မျက်လုံးများ ဝိုင်းစက်သွား၏။ သူအမြန် ပြေးလာပြီး မေးလိုက်သည်။ "အစ်ကို ဘတ်စ်ကတ်ဘော ကစားမလား။"
"ဟဲဟဲ ငါဘတ်စ်ကတ်ဘော မကစားတာ ကြာပြီ။"
ယဲ့ရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။
"အစ်ကို့ရဲ့ ဘောလုံးပစ် စကေးနဲ့ဆိုရင် မကစားတာ ကြာတဲ့ပုံလည်း မဟုတ်ပါဘူးဗျာ။ လာပါ ကစားကြရအောင်။"
အရပ်ရှည်ရှည် ကောင်လေးက လက်နှစ်ဖက်ကို ပွတ်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်ပါသည်။
သူ့ထက် အရပ်ပုသည့် ကစားဖော် တစ်ယောက်ဘက်သို့ လှည့်ပြီး ပြောလိုက်၏။ "ချောင် မင်းနားလိုက်ဦး။"
သူ့ကစားဖော်က ခေါင်းငြိမ့်ကာ ကွင်းထဲမှ ထွက်သွားလေသည်။
ယဲ့ရှောင်ချန်း ဒါကိုမြင်သောအခါ လက်ခံလိုက်ပြီး ကွင်းထဲသို့ ချက်ချင်း ဝင်သွား၏။
တကယ်တော့ သူဘတ်စ်ကတ်ဘော ကစားဖို့ လက်ခံခဲ့ခြင်းက အစ်မယုကို အလွန်စိတ်ဝင်စားနေသောကြောင့် ဖြစ်ပါသည်။ ဒီလောက်မြင့်သည့် စိုက်ပျိုးရေးပါရမီနှင့်ဆိုရင် သေချာပေါက် သူမအား သုတေသနအဖွဲ့အစည်းထဲသို့ ခေါ်နိုင်သည်။
ကစားပွဲအစတွင် အစ်မယုက သူမ၏ အမြန်နှုန်း အားသာချက်ကို အသုံးချပြီး ဘောလုံးကို လုယူလိုက်နိုင်၏။ ထို့နောက် သုံးမှတ် ပစ်ချက်ဖြင့် ဝင်အောင် ပစ်လိုက်နိုင်ပါသည်။ သူမ ယဲ့ရှောင်ချန်းကို စိန်ခေါ်နေသလိုပင်။
ယဲ့ရှောင်ချန်း ရယ်မောလိုက်၏။
သူ့စကေးများက သာမန်သာဖြစ်သော်လည်း ခန္ဓာကိုယ်က သာမန်မဟုတ်ပေ။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် စဦးအဆင့်ကိုပင် ရောက်နေပြီဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အမြန်နှုန်းက သာမန်လူသား ထက်ပိုမို မြန်ဆန်နေပါပြီ။ တုန့်ပြန်နှုန်း၊ အမြန်နှုန်း၊ ခွန်အား၊ ခုန်နိုင်စွမ်း အစရှိသည်တို့မှာ သာမန်လူတစ်ယောက်ထက် အစပေါင်းများစွာ သာလွန်နေပါပြီ။ NBA ကစားသမားများပင် သူ့ရှေ့တွင် ဘာမှ မဟုတ်ပါ။
ဘောလုံးက သူ့လက်ထဲရောက်လာ၏။ သူ ခပ်မြန်မြန် ထိုးဖောက်လာပြီး ဘယ်သူမှ မရှိသကဲ့သို့ လှည့်ကာပတ်ကာဖြင့် ပြေးလာခဲ့သည်။
အစ်မယုက အမြန် တုန့်ပြန်လိုက်၏။ သူ့ကို တားချင်သော်လည်း ယဲ့ရှောင်ချန်းက ဖျတ်ခနဲ သူမဘေးမှ ဖြတ်သွားလေသည်။
သူမ တုန့်ပြန်လိုက်သောအခါ ယဲ့ရှောင်ချန်းက ဂိုးပင် သွင်းပြီးနေလေပြီ။
အစ်မယု အံ့အားသင့်သွား၏။ မြန်လိုက်တာ။
အစ်မယု ဘောလုံးကို ပြန်ယူလိုက်သည်။
သူမ၏ ဘောလုံးပုတ်စကေးက အလွန်လှပသပ်ရပ်၏။ သူမ၏ အကွက်ပြောင်းလဲမှုများကလည်း အလွန်မြန်ဆန်ကာ တောက်ပနေ၏။
အစ်မယု ဘုတ်ပြားအနားသို့ ရောက်ချိန်တွင် ယဲ့ရှောင်ချန်းက သူမ၏ အရှေ့၌ ပေါ်လာခဲ့၏။
အစ်မယု၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ် ပြင်းပြင်းပြပြ ပေါ်ပေါက်လာပြီး ဘယ်ဘက် ညာဘက် လှစ်ခနဲ ရှောင်သည်။ သို့သော် အမြဲတမ်း ယဲ့ရှောင်ချန်းက တားဆီးနိုင်ခဲ့၏။
ဗျူဟာမျိုးစုံသုံးသော်လည်း ယဲ့ရှောင်ချန်းကို ခါမထုတ်နိုင်ပေ။ နောက်ဆုံးတွင်တော့ အတင်း ခုန်သွင်းဖို့ လုပ်ရတော့သည်။
ယဲ့ရှောင်ချန်းက ၅ပေ ၇လက်မသာ အရပ်ရှိပြီး အစ်မယုက သူ့ထက် အရပ်ပိုရှည်သည်။
ထို့အပြင် အစ်မယု၏ ခုန်နိုင်စွမ်းကလည်း အများကြီး ပိုမြင့်၏။
ကံမကောင်းစွာဖြင့် သူမ ရင်ဆိုင်နေရသူက ယဲ့ရှောင်ချန်းဖြစ်သည်။
ဖောင်း…
ကာလိုက်ပါသည်။
ဘတ်စ်ကတ်ဘောလုံးက ပျံထွက်သွားပြီး အရပ်ရှည်ရှည် ကောင်လေး၏ လက်ထဲသို့ ကွက်တိ ကျသွားလေသည်။
အစ်မယု ကြောင်သွားရသည်။
ယဲ့ရှောင်ချန်းက နောက်ပြန်ကြီး ခုန်လိုက်ခြင်း ဖြစ်သော်လည်း ဘောလုံးကို ပုတ်ထုတ်လိုက်နိုင်ခဲ့သည်။ သူ့ရဲ့ တုန့်ပြန်နှုန်းနဲ့ ခုန်နိုင်စွမ်းတွေက ကြောက်ဖို့ မကောင်းလွန်းနေဘူးလား။