← Chapters

အခန်း (၂၃၅) - ပါရမီ၏ အရေးပါမှု

Vol. 16 Ch. 235

အခန်း (၂၃၅) - ပါရမီ၏ အရေးပါမှု

Vol. 16 Ch. 235

အခန်း (၂၃၅) - ပါရမီ၏ အရေးပါမှု

မိုးကြိုးပစ်သလို လက်ခုပ်သြဘာသံများ ပေါ်ထွက်လာသည်။ ကျောင်းသားများစွာက ယဲ့ရှောင်ချန်း၏ အမည်ကို အော်ဟစ်နေကြ၏။ အထူးသဖြင့် ကောင်မလေးများ ဖြစ်သည်။

ယဲ့ရှောင်ချန်းက စင်ပေါ်ခုမှရောက်တာဖြစ်ပြီး ထိတ်လန့်သွားရပါသည်။ သူ့ကျောင်းတော်ဟောင်းက ကျောင်းသားများ ဒီလောက်ထိ စိတ်အားထက်သန်နေကြလိမ့်မည်ဟု မထင်ထားပါ။

ဒီလိုမြင်ကွင်းမျိုး မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။ တောင်ပိုင်းတက္ကသိုလ်၏ နာမည်ကြီးများပင် ရှိနေကြသည်။ လူသောင်းချီပြီး စုပြုံကြည့်ရှုနေကြ၏။ အားပေးသံများက မြေပြိုသလိုနှင့် ဆူနာမီတိုက်ခတ်သလို ဖြစ်နေပါသည်။

"အားလုံးပဲ ကျေးဇူးပြုပြီး တိတ်ပေးကြပါ။"

ယဲ့ရှောင်ချန်းက မိုက်ခရိုဖုန်းကို ကျောင်းသားရေးရာရုံး ခေါင်းဆောင်ထံမှ ယူလိုက်သည်။ အားပေးသံ၊ လက်ခုပ်သြဘာသံများနှင့် အော်သံများ မရပ်သည်ကို မြင်သောအခါ သူမိုက်ခရိုဖုန်းနှင့် ချက်ချင်း ပြောလိုက်ရသည်။

သူ့စကားများက အာနိသင်ရှိပုံရသည်။ အသံများ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ မရေမတွက်နိုင်သော မျက်လုံးအစုံများက ယဲ့ရှောင်ချန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြပါသည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ၂၀၀၇ ခုနှစ်ကျောင်းသားဟောင်း ယဲ့ရှောင်ချန်းပါ။ ဒီနေ့ ကျွန်တော့် ကျောင်းတော်ဟောင်းကြီးဆီကို ပြန်လာပြီး ဒီမှာ ရပ်နေရပါပြီ။ အားလုံးကို ဒီလိုသင်ကြားပေးခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

သူ တဖြည်းဖြည်း စိတ်ပြန်ငြိမ်သွား၏။

ဘာပဲဖြစ်ဖြစ် သူက ဒီ့ထက် ပိုကြီးမားသော မြင်ကွင်းများကို မြင်ဖူးသူဖြစ်သဖြင့် အလွန် အသားကျမြန်ပါသည်။

"အပင်အသိစိတ်နဲ့ ပတ်သတ်တဲ့ သင်ကြားမှုကို မစတင်ခင်မှာ အားလုံးကို အခြေခံနားလည်မှုလေးရအောင် စမ်းသပ်ချက်တစ်ခု လုပ်ပေးပါ့မယ်။"

ယဲ့ရှောင်ချန်းက ခေတ္တ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

မကြာမီ ကျောင်းတော် ဝန်ထမ်းတချို့က ပန်းအိုးများကို ယူဆောင်လာကြ၏။ အားလုံးက အဖူးဖူးနေကြသည်။ တစ်မိနစ်တောင် မကြာလိုက်ဘဲ ပန်းအိုးမျိုးစုံက ယဲ့ရှောင်ချန်း၏ ဘေးပတ်လည်သို့  ရောက်လာကြပါသည်။

"ဒီပန်းအိုးတွေကို မြင်ကြရဲ့လား။ အားလုံးက ဖူးနေကြပါပြီ။ ပုံမှန် အခြေအနေမှာဆိုရင် သူတို့ပွင့်ဖို့ သူတို့အချိန်နဲ့သူတို့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် သုတေသနလုပ်နေတဲ့ အပင်အသိစိတ်က သူတို့တွေရဲ့ သဘာဝစည်းမျဥ်းတွေကို ပြောင်းလဲပြီး စောစောပွင့်လာအောင် လုပ်ဆောင်နိုင်ပါတယ်။"

ယဲ့ရှောင်ချန်း မိုက်ခရိုဖုန်းဖြင့်ပြောလိုက်သည်။

ရုတ်တရက် မှော်ဆန်သည့် မြင်ကွင်းတစ်ခု ပေါ်လာ၏။ ယဲ့ရှောင်ချန်း ဘာမှ မလုပ်ဘဲ သူ့ဘေးက ပန်းအိုးများစွာက တစ်ချိန်တည်းမှာပင် ပန်းများ ပွင့်လာကြသည်။

ရုတ်ခြည်းဆိုသလို ရောင်စုံပန်းများ ဖူးပွင့်သွားကြသည်။

အားကစားရုံကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ ထို့နောက် အံ့သြသည့်အသံများ ထွက်လာသည်။

မျက်လှည့်ပြပွဲတစ်ခုကို ကြည့်နေရသလို ခံစားနေကြရပါသည်။

သို့သော်လည်း မျက်လှည့်ထက်ပင် ဒါက ပိုမှော်ဆန်နေပါသည်။

ဘာပဲဖြစ်ဖြစ် မျက်လှည့်ပွဲတွင် လှည့်ကွက်များ ရှိနေသည်။

ယဲ့ရှောင်ချန်းက ဘာမှတောင် မလုပ်ဘဲ ပန်းများ အလိုအလျောက် ပွင့်လာ၏။

အံ့သြဖို့ကောင်းပါသည်။

လူများစွာက ကျယ်လောင်စွာ မေးကုန်ကြသည်။ ယဲ့ရှောင်ချန်း ဘယ်လိုလုပ်လိုက်တာလဲ။

"အားလုံးမြင်တဲ့အတိုင်း အနည်းဆုံး ပန်းအမျိုးအစား ဆယ်ကျော်ပါတယ်။ ဒါပေမယ့် အားလုံးက တစ်ချိန်တည်း ပွင့်သွားကြတယ်။ သူတို့တွေ ပွင့်လာအောင် ကျွန်တော် မှော်ပညာ သုံးလိုက်တာ မဟုတ်ဘူး။။ ဒါပေမယ့် ဒီပန်းတွေ သူတို့ဖာသာ ပွင့်သွားအောင် စိတ်ချင်း ဆက်သွယ်မှုတစ်ခုကို လုပ်လိုက်တာ။ အဲ့တာကို ကျွန်တော် အပင်အသိစိတ်လို့ခေါ်တယ်။ အရာအားလုံးမှာ စိတ်ဝိညာဥ်ရှိပြီး အခြားအရာတွေနဲ့ ဆက်သွယ်နိုင်တယ်။ ဆက်သွယ်ခြင်းအတားအဆီးကြီးကို ဖယ်ရှားနိုင်တာနဲ့ ကျန်တာတွေ အကုန်ရိုးရှင်းသွားလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်သလိုပဲ။ ဒါပေမယ့် ဘာသာစကား အတားအအဆီးဆိုတာကြီးကို ကျော်လွန်ပြီး ဆက်သွယ်ဖို့ နည်းလမ်း တွေ့ခဲ့ကြသေးတာပဲ။ ထိုနည်းလည်းကောင်း မတူညီတဲ့ မျိုးစိတ်တွေအကြားထဲမှာ ဆက်သွယ်ဖို့ နည်းလမ်းတွေရှိတယ်။ ဒါက ကျွန်တော့် အပင်အသိစိတ်သုတေသနရဲ့ အခြေခံတွေပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်သွားရင် အပင်တွေနဲ့ ဆက်သွယ်ဖို့က လုံးဝ ခက်ခဲမှာ မဟုတ်တော့ဘူး။  ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာ ဆက်သွယ်သလိုမျိုးပဲ။ စားပြီးပြီလား၊ နေကောင်းလား။ ငါလည်း စားပြီးပါပြီ စသဖြင့်ပေါ့။ ဒီပန်းတွေနဲ့ ကျွန်တော့်ရဲ့ ဆက်သွယ်မှုက အရမ်းရိုးရှင်းတယ်။ ကျွန်တော့်ရဲ့ အတန်းဖော်တွေအများကြီးက မင်းတို့တွေ ပန်းပွင့်တာမြင်ချင်တယ်လို့ ပြောလိုက်တာ။ ဒီပန်းတွေအတွက်တော့ သူတို့ ပန်းပွင့်တာကို တစ်ယောက်ယောက်က မြင်ချင်တော့ ပျော်တာပေါ့။ အဲ့လိုနဲ့ အဖူးတွေက ပွင့်လာခဲ့တာပဲ..."

ယဲ့ရှောင်ချန်းက သေချာစွာ ပြောလိုက်သည်။

ထိုအကြောင်းကို ကြားသောအခါ လူများစွာ စိတ်ဝင်စားသွားကြ၏။ မခက်ခဲဘဲ အလွန်ရိုးရှင်းပါသည်။

"စီနီယာကြီးယဲ့ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ရမလား။"

ထိုင်နေသည့် ကောင်လေးတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။

"ကျောင်းသားလေး ဘာမေးမလို့လဲ မေးပါ။"

ယဲ့ရှောင်ချန်း၏ အကြားအာရုံက ကောင်းလွန်းသည်။ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ဘာမှ မလွတ်နိုင်ပါ။

တခြား သာမန်ဆရာတစ်ယောက်သာဆိုရင် သေချာပေါက် ဒီလောက် လူအုပ်ကြီးထဲ ရှာတွေ့ဖို့ ခက်ခဲနိုင်ပါလိမ့်မည်။

ကောင်လေးက အံ့အားသင့် ပျော်ရွှင်သွားသည်။စီနီယာ ယဲ့ရှောင်ချန်း တကယ်ကြီး သူ့အသံကို ကြားသွားလိမ့်မည်ဟု မထင်ထားပေ။ သူ အမြန် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်ပါသည််။ "စီနီယာကြီးယဲ့ အပင်အသိစိတ်ကို သင်ယူဖို့ဆိုရင် ဝိညာဥ်နားစွင့်ပါရမီရှိရမယ်လို့ ကြားမိတယ်။ အဲ့တာ အမှန်ပဲလား။"

ထိုမေးခွန်းက လူတိုင်း မေးချင်နေသော မေးခွန်း ဖြစ်ပါသည်။

အင်တာနက်ပေါ်တွင် ဝိညာဥ်နားစွင့်ပါရမီအကြောင်း ကောလဟာလများ ပျံ့နှံ့နေပြီ ဖြစ်သည်။ သို့သော်လည်း ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းက ဘာတွေ မှော်ဆန်လွန်းနေသလဲ သူတို့မပြောနိုင်ကြပါ။ ဘာအာနိသင်မှ မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းက အလိမ်အညာဟူသည့် ကောလဟာလများ အင်တာနက်ပေါ်တွင် ပေါ်လာခဲ့သည်။ ယဲ့ရှောင်ချန်းက အပင်အသိစိတ်ဆိုသည့် ပညာရပ်မှာ လူတွေကို ခြောက်လှန့်ဖို့ လှည့်ကွက်တစ်ခုသာဖြစ်သည်ဟု ဆိုကြ၏။

"ဒီကျောင်းသားရဲ့ မေးခွန်းက အားလုံးမေးချင်နေကြတဲ့ မေးခွန်းလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဒီမှာ တစ်ခုခုတော့ ပြောရမယ်။ တကယ်တော့ အဲ့ဒီ ဝိညာဥ်နားစွင့်ပါရမီဆိုတာ အစိတ်အပိုင်းတစ်ခုပါပဲ။ တိတိကျကျပြောရရင် စိုက်ပျိုးရေးပါရမီတစ်ခုရှိရမှာပါ။"

ယဲ့ရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။ "စိုက်ပျိုးရေးပါရမီဆိုတာ ဘာလဲ။ နားလည်လွယ်အောင် ပြောရရင် လယ်သမားတစ်ယောက် ဖြစ်လာဖို့ ပါရမီရှိလားမရှိလားပေါ့။ လူအများကြီးက လယ်သမားလုပ်ချင်ကြတယ်။ စိုက်ပျိုးရေးမှာ ပါရမီလိုအပ်လို့လား။ လိုအပ်တာပေါ့။ လုပ်ငန်းတိုင်းမှာ ပါရမီဆိုတာ လိုအပ်တယ်။ ဝတ္ထုရေးဖို့ စာရေးဆရာပါရမီ လိုအပ်တယ်။ မဟုတ်ရင် သာမန်ပဲဖြစ်လာလိမ့်မယ်။ နတ်ဘုရားတစ်ပါးလို ဒါမှမဟုတ် သူဌေး ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ သိပ္ပံပညာရှင်ဖြစ်ချင်ရင် ဒီနယ်မြေမှာ ပါရမီပါရမှာပေါ့။ မဟုတ်ရင် စဖို့အတွက်တောင် ခက်ခဲနေလိမ့်မယ်။ အားကစားသမားတွေ။ စီးပွားရေးသမားတွေနဲ့ သိုင်းပညာရှင်တွေမှာတောင် သက်ဆိုင်ရာ ပါရမီကို လိုအပ်တယ်။ ပါရမီရှိတဲ့လူတွေက အားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆကို ရနိုင်တယ် ပါရမီ မရှိတဲ့သူတွေကတော့ အဲ့လိုမရနိုင်တဲ့အပြင် အောင်မြင်ဖို့တောင် ခက်ခဲကြတယ်။"

လူများစွာက နက်နက်ရှိုင်းရှိုင်း တွေးတောမိကြသည်။ ပါရမီက တကယ်ပဲ အရေးပါသည်။

အောင်မြင်မှု၏ ၉၉ ရာခိုင်နှုန်း ချွေးနှင့် ပါရမီက ၁ ရာခိုင်နှုန်း ဆိုသည့် နာမည်ကျော် ဆိုရိုးစကား မရှိဘူးလား။ တကယ်တော့ ချွေးက အလွန်အရေးပါသည်။ သို့သော် ပါရမီက ပို၍ပင် အရေးပါပါသည်။

"ဒါဆို စီနီယာကြီး ယဲ့။ ကျွန်တော်တို့ စိုက်ပျိုးရေးပါရမီ ရှိ မရှိ ဘယ်လိုသိနိုင်မှာလဲ။"

ကောင်လေးက စိတ်ဝင်စားစွာ မေးလိုက်သည်။

"အရင်ဆုံး စိုက်ပျိုးရေးမှာ စိတ်ဝင်စားမှု ရှိလား သိရမယ်။ မသိရင် ဒီနယ်ပယ်မှာ ပါရမီ မရှိမှန်း ၉၉ ရာခိုင်နှုန်း သေချာတယ်။ စိတ်မဝင်စားရင် ဘယ်လိုလုပ် ပါရမီရှိမှာလဲ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"စီနီယာကြီးယဲ့ စိုက်ပျိုးရေးကို ကျွန်တော် အရမ်းစိတ်ဝင်စားပါတယ်။ မဟုတ်ရင် ဒီမေဂျာယူထားမှာ မဟုတ်ဘူး။"

ကောင်လေးက အမြန်ပြောလိုက်သည်။

ရုတ်တရက် ထိုနေရာက လူများစွာကလည်း စိတ်ဝင်စားသည်ဟု ဆိုလာသည်။

ယဲ့ရှော်ချန်းက ပြုံးကာသာ ပြန်ပြောလိုက်သည်။ "ပါရမီ ရှိခြင်း မရှိခြင်းကို ကြိုတင် စမ်းသပ်လို့ ရပါတယ်။ ဒီစမ်းသပ်ချက်က စိုက်ပျိိုးရေး ပါရမီရှိနိုင်မလား ရာနှုန်းပြည့်တော့ မသေချာဘူး။ စမ်းသပ်ချက်ကို မအောင်ရင် စိုက်ပျိုးရေးအတွက် ပါရမီ မရှိတာတော့ သေချာတယ်။"

"အားလုံးပဲ မျက်လုံးကို အရင်ပိတ်လိုက်ကြပါ။ ပြီးရင် စိတ်ထဲမှာ အရင်းနှီးဆုံး အပင်တစ်မျိုးကို တွေးကြည့်လိုက်ပါ။ အဲ့ဒီအပင်ကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပုံဖော်နိုင်ရင် စိုက်ပျိုးရေးမှာ ပါရမီရှိတဲ့ သဘောပဲ။ ပုံမဖော်နိုင်ရင် ဒါမှမဟုတ် ဘာကို တွေးကြည့်ရမှန်းတောင်မသိရင် သေချာပေါက် ပါရမီ မပါလို့ပဲ။"

ယဲ့ရှောင်ချန်းက အကြိုစမ်းသပ်ချက်၏ နည်းလမ်းကို ရှင်းပြလိုက်သည်။ "ကျွန်တော် ဒီကျောင်းမှာ ကာလကြာ အပင်အသိစိတ် အတန်းကို သင်ကြားပေးသွားမှာပါ။ လဝက်တိုင်း တစ်ခါ သင်ကြားပေးပါ့မယ်။ အဲ့အချိန်ကျရင် ဒီလိုစိုက်ပျိုးရေးပါရမီမျိုးရှိတဲ့ ကျောင်းသားတွေက လာရောက် လျှောက်ထား စာရင်းသွင်းနိုင်ပါတယ်။ ပါရမီ မရှိတဲ့လူတွေကတော့ စာရင်းသွင်းဖို့ မလိုပါဘူး။"

ယဲ့ရှောင်ချန်း စမ်းသပ်နည်းလမ်းကို ရှင်းပြပြီးသွားသောအခါ ကျောင်းသားများစွာက ချက်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး သူတို့အရင်းနှီးဆုံး အပင်တစ်မျိုးအား စိတ်ကူးဖြင့် ပုံဖော်ကြည့်ကြတော့သည်။

All Chapters