အခန်း (၂၃၈) - အငြင်းပွားမှုများ
Vol. 16 Ch. 238
အခန်း (၂၃၈) - အငြင်းပွားမှုများ
မကြာသေးခင်က ကောမော့ယွင်တို့၏ စတူဒီယိုက ဂိမ်းဒီဇိုင်းဆွဲခြင်း ပြီးဆုံးသွားပြီး သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီနှင့် ဆွေးနွေးနေကြပြီဟု သူ့ညီမထံမှ ယဲ့ရှောင်ချန်း ကြားခဲ့ရပါသည်။
သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီမှာ ဂိမ်းလောကတွင် နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်၏။ အလွန်ရေပန်းစားသော ဂိမ်းတချို့ကို သူတို့ ဖန်တီးနိုင်ခဲ့သည်။
သို့သော် ဘာကြောင့် ရုတ်တရက်ကြီး ဒီလိုတွေ ဖြစ်လာခဲ့တာလဲ။
"ညီမလေး မငိုပါနဲ့၊ ဘယ်လိုဖြစ်တာလဲ။"
သူ့ညီမ ငိုနေသည်ကို ကြားသောအခါ ယဲ့ရှောင်ချန်း နှစ်သိမ့်လိုက်ပါသည်။
ယဲ့ယင်က အခြေအနေကို သေချာ ရှင်းပြလိုက်သည်။
ထိုအခါမှ ဘာတွေဖြစ်နေသလဲ ယဲ့ရှောင်ချန်း သိသွား၏။ ဖြစ်ချင်တော့ ကောမော့ယွင်၏ စတူဒီယိုက သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီနှင့် ညှိနှိုင်းခဲ့ကြသည်။
သို့သော်လည်း ညှိနှိုင်းမှုတွင် စတူဒီယိုအတွင်း ခြားနားချက်များ ရှိခဲ့ပြီး အုပ်စု နှစ်စု ကွဲသွး၏။ နောက်ထပ် အရေးပါသည့် လူတစ်ယောက်က ရှန်ဟိုင်း ဟုခေါ်သည်။ သူက ဒီမိုဘိုင်းဂိမ်းကို အသုံးချကာ သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီကို အဖွဲ့တစ်ခုအနေဖြင့် ဝင်ချင်နေ၏။
တစ်ဖက်တွင် ကောမော့ယွင်ကတော့ စတူဒီယိုကိုသာ အာရုံစိုက်ထားပြီး သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီ၏ တွဲဖက်အဖွဲ့အစည်းဖြစ်လာမည့်အစား ရန်ပုံငွေကို တိုးမြှင့်ချင်နေသည်။
ဒီမိုဘိုင်းဂိမ်းကို အသုံးချကာ ဖွံ့ဖြိုး တိုးချဲ့နိုင်၏။ တစ်ချိန်ကျ သူတို့ ဂိမ်းကုမ္ပဏီတစ်ခု တည်ထောင်ဖို့ မဖြစ်နိုင်တာမျိုး မဟုတ်ပေ။
နောက်ပိုင်း သူတို့ စာချုပ်ချုပ်ဆိုဖို့ ခက်ခဲလာခဲ့သည်မှာ ထိုခြားနားချက်များကြောင့် ဖြစ်ပါသည်။
သို့သော်လည်း ရှန်ဟိုင်းအား သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီက ဝယ်ယူပြီးသားဟု မည်သူမှ မတွေးခဲ့မိကြပါချေ။
သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီ၏ အထက်လူကြီးများက စတူဒီယိုက ဖန်တီးထားသော ဂိမ်းကို အလွန်သဘောကျနေကြပြီး သူတို့အပိုင်အဖြစ် လိုချင်နေတာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ထောင်ချောက်တစ်ခု ဆင်ခဲ့ပြီး ရှန်ဟိုင်းကို သူတို့အတွင်းလူအဖြစ် ငွေအများကြီးပေးကာ ဝယ်ယူခဲ့သည်။ သူ့ကို သူလျှိုအဖြစ်သုံးကာ မိုဘိုင်းဂိမ်း၏ ဒေတာအပြည့်အစုံကို ခိုးယူခဲ့ပါသည်။
ထို့နောက် သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီက အစည်းအဝေးပွဲတစ်ခုကို ကြိုတင်ကျင်းပကာ ဂိမ်းအသစ်တစ်ခု ထုတ်တော့မည်ဟု ကြေညာခဲ့၏။ ကောမော့ယွင်နှင့် တခြားသူများ သိသွားကြသောအခါ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် အားထုတ်မှုများကို သဲထဲရေသွန် ဖြစ်မသွားစေချင်ပါ။
သို့သော်လည်း သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီ၏ အထက်လူကြီးများက ကောမော့ယွင်တို့ အဖွဲ့ကို အလွန်သဘောကျနေပြီး သူတို့ကို စည်းရုံးဖိတ်ခေါ်ချင်၏။ သူတို့ ကုမ္ပဏီသို့ ဝင်ရောက်ပါက မိုဘိုင်းဂိမ်းကို ဦးဆောင်ခွင့်ပေးမည်ဟု ဆိုကြသည်။
ကံမကောင်းစွာဖြင့် ကောမော့ယွင်နှင့် အခြားသူများက မဝင်ရောက်ချင်ပါ။ နောက်ဆုံးတွင်တော့ နှစ်ဖွဲ့အကြား ပဋိပက္ခဖြစ်လာခဲ့သည်။
သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီက ကောမော့ယွင်ကို့ စတူဒီယိအား တရားစွဲဆိုမည်ဟု ခြိမ်းခြောက်၏။ သူတို့ သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီသို့ မဝင်ပါက သူတို့၏ နာမည်ဂုဏ်သတင်း ဆုံးရှုံးကာ ဂိမ်းလောကမှ ထာဝရ ထွက်ခွာသွားကြရပါတော့မည်။
သူတို့ စတူဒီယို ဒီလိုဒုက္ခရောက်နေရခြင်းမှာ ရှန်ဟိုင်းကြောင့်ဖြစ်ကြောင်း ကောမော့ယွင်နှင့် တခြားသူများ သိသွားကြ၏။
"သူရဲကောင်းဝိညာဥ်ဂိမ်းနဲ့ ရှန်ဟိုင်းတို့က ရွံစရာကောင်းလွန်းတယ်။ အစ်ကို နင့်မှာ မိုယွမ်ကို ကူညီဖို့ နည်းလမ်း မရှိဘူးလားဟင်။"
ယဲ့ယင်က တောင်းပန်လိုက်သည်။
သူမ၏ အစ်ကိုက အလွန်အစွမ်းအစရှိနေပြီ ဖြစ်ကြောင်း သူမ သိသည်။ ထို့ကြောင့် ယဲ့ရှောင်ချန်းကို ဖုန်းဆက်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ ကောမော့ယွင်နှင့် တခြားသူများက လမ်းဆုံး ရောက်နေကြလေပြီ။
သူတို့ တကယ်လို့သာ သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီ၏ တရားစွဲဆိုမှုကို ခံရပါက သေချာပေါက် ရှုံးလိမ့်မည်။ ကောမော့ယွင်နှင့် တခြားသူများ၏ စတူဒီယိုကိုပင် ထိခိုက်သွားနိုင်ပါသည်။
"ညီမလေး စိတ်မပူပါနဲ့။ နည်းလမ်းတစ်ခုရှာဖို့ ငါ ကူစဥ်းစားပေးပါ့မယ်။"
သူ့ညီမက ကောမော့ယွင်နှင့် ဆက်ဆံရေးနက်ရှိုင်းမှန်း ယဲ့ရှောင်ချန်း သိပါသည်။ သူ့ကို မျက်နှာသာ မပေးရင်တောင် ကူညီရပါလိမ့်မည်။
သို့သော်လည်း ဒီလိုကိစ္စမျိုးတွင် အတွေ့အကြုံ မရှိသဖြင့် သူ ဘယ်လိုလုပ် ကူညီနိုင်မည်နည်း။ သူ ကျွမ်းကျင်သူ တစ်ယောက်ကို ရှာရပါလိမ့်မည်။
ဖုန်းချပြီးနောက် ယဲ့ရှောင်ချန်း ခေတ္တ စဥ်းစားလိုက်ပြီး ဝမ်ရွှေရှန့်အား ဖုန်းခေါ်ကာ ရှေ့နေကောင်းကောင်း ရှိမလားဟု မေးမြန်းခဲ့၏။
"ရှောင်ချန်း ဘာလို့ ရှေ့နေလိုက်ရှာနေတာလဲ။ မင်းပြဿနာ တစ်ခုခု တက်နေလို့လား။"
ဝမ်ရွှေရှန့်က သိချင်စွာ မေးလိုက်သည်။
ပုံမှန်ဆို ရှေ့နေ့ငှားခြင်းက တရားစွဲဆိုမှုကိစ္စနှင့်သာ သက်ဆိုင်နေနိုင်ပါသည်။
"ကျွန်တော်မတက်ပါဘူး။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ပြဿနာတချို့ တက်နေလို့ ရှေ့နေတစ်ယောက်နဲ့ တိုင်ပင်ချင်နေလို့ပါ။"
ယဲ့ရှောင်ချန်း ပြောလိုက်၏။
"ပြဿနာ မရှိပါဘူး။ အရမ်းနာမည်ကြီးတဲ့ ရှေ့နေတစ်ယောက်ကို ငါသိတယ်။ သူ့ဖုန်းနံပါတ် ပို့ပေးလိုက်မယ်။ ထားလိုက်ပါကွာ။ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်။ အဲ့လိုဆို ပိုအဆင်ပြေလိမ့်မယ်။"
ဝမ်ရွှေရှန့်၏ လုပ်ငန်းက ကျယ်ပြန့်သည်။ ကျင်းယန်အုပ်စုတွင် အလွန်အာဏာရှိသည့် ဥပဒေဌာနတစ်ခုရှိပြီး တချို့ နာမည်ကြီး ရှေ့နေများနှင့် စီးပွားရေး အဆက်အသွယ် ရှိ၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဝမ်"
ယဲ့ရှောင်ချန်း ပြောလိုက်သည်။
"ဘာလို့ငါ့ကို ကျေးဇူးတင်နေတာလဲ။ မင်းရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ငါမင်းကိုခေါ်သွားတာ မဟုတ်ရင်တောင် မင်းကို သူတို့တွေ အာရုံစိုက်ကြမှာပါ။ ရှေ့နေကြီး ရှဲ့နဲ့ နေ့လည်စာ မစားရတာ ကြာပြီမို့လို့။ မကြာသေးခင်တုန်းက ကိစ္စနဲ့ ငါ့ကိုအများကြီး ကူညီပေးခဲ့တယ်လေ။"
ဝမ်ရွှေရှန့်က ရယ်မောလိုက်၏။
သူတို့နှစ်ယောက် အချိန်နှင့်နေရာတစ်ခုကို သဘောတူကာ ဖုန်းချလိုက်၏။
နေ့လည်ခင်းတွင် ယဲ့ရှောင်ချန်း ယန်မြို့တော်က အင်မော်တယ်စမ်းရေစားသောက်ဆိုင်သို့ ကားဖြင့် မောင်းသွားလိုက်သည်။
သီးသန့်အခန်းတစ်ခုထဲတွင် ဝမ်ရွှေရှန့်နှင့် ရွှေရောင် မျက်လုံးများ၊ ပညာတတ်အရှိန်အဝါများ ရှိသည့် သက်လတ်ပိုင်း အမျိုးသားကြီး တစ်ယောက်ကို ယဲ့ရှောင်ချန်း တွေ့လိုက်ရပါသည်။
"ပရော်ဖက်ဆာယဲ့။ မင်းရဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒါပေမယ့် ဆုံဖို့အခွင့်အရေး တစ်ခါမှမရခဲ့ဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ ဒီနေ့ တွေ့ကြပြီပေါ့။"
ယဲ့ရှောင်ချန်းကို မြင်လိုက်သည်နှင့် သက်လတ်ပိုင်း အမျိုးသားကြီးက မတ်တပ်ရပ်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။
"ရှောင်ချန်း ဒါက ရှဲ့ကျန်းချီတဲ့။ ရှေ့နေကြီး ရှဲ့ပေါ့။"
ဝမ်ရွှေရှန့်က အမြန်မိတ်ဆက်ပေးလိုက်ပါသည်။
"ရှေ့နေကြီး ရှဲ့။ ဒီတစ်ခေါက် ကျွန်တော် ဒုက္ခပေးရဦးမယ်ဗျာ။"
ယဲ့ရှောင်ချန်း ရှဲ့ကျန်းချီနှင့် လက်ဆွဲနှုတ်ဆက်ကာ ယဥ်ယဥ်ကျေးကျေး ပြောလိုက်၏။
"ဟားဟား ဘာဒုက္ခမှ မရှိပါဘူးကွာ။ ငါ့အလုပ်က ဒါပဲလေ"
ရှဲ့ကျန်းချီက သိမ်မွေ့သည့်ပုံပေါ်သော်လည်း တဲ့တိုးသမားဖြစ်သည်။
သူတို့သုံးယောက် ထိုင်လိုက်ကြ၏။
ခဏနောက် စကားပြောပြီးသွားကြသောအခါ နောက်ဆုံးတော့ လိုရင်းကို ရောက်သွားကြပြီ ဖြစ်သည်။
တကယ့်အဖြစ်အပျက်ကို ယဲ့ရှောင်ချန်း အသေးစိတ် ရှင်းပြလိုက်သည်။
"ပရော်ဖက်ဆာယဲ့။ ဒီကိစ္စအတွက် အဓိက သော့ချက်က သက်သေပဲကွ။ မင်းပြောတဲ့ စတူဒီယိုက ဒီဂိမ်းကို သူတို့ဖန်တီးထားမှန်း သက်သေပြနိုင်မယ်ဆိုရင် ကိစ္စပြတ်ပြီပဲ။"
ရှဲ့ကျန်းချီက ပြောလိုက်၏။
"သူတို့ စတူဒီယိုမှာလည်း အတွင်းရေး ပြဿနာတချို့ရှိတယ်။ တစ်ယောက်ယောက်က သက်သေတွေ အကုန်ဖျက်ဆီးသွားတယ်။"
ယဲ့ရှောင်ချန်း ပြောလိုက်၏။
"အဲ့တာဆို အများကြီး ပိုခက်ခဲသွားပြီ။ ဒါပေမယ့် ကိစ္စတော့ မရှိသေးပါဘူး။ ဂိမ်းက သူတို့ ဖန်တီးထားတာ မှန်ရင် သက်သေတချို့ ကျန်ဦးမှာာပါ။ ပရော်ဖက်ဆာယဲ့ ဒီလိုလုပ်ကြရင်ကော။ ငါသူတို့နဲ့ ဆက်သွယ်ပြီး အခြေအနေကို အသေးစိတ် မေးမြန်းကြည့်လိုက်မယ်လေ။"
ရှဲ့ကျန်းချီက စဥ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။ အခြေအနေအတိအကျကို သူလည်း ရာနှုန်းပြည့် သေချာမသိပါ။ ရှဲ့ကျန်းချီကိုယ်တိုင် ကောမော့ယွင်ကို ဆက်သွယ်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
...
ရှမြို့တော်။ တောင်ပိုင်းတက္ကသိုလ်၏ အဆောက်အဦးတစ်ခုတွင်။
ယဲ့ယင်က ခါးစည်းကို ဝတ်ထားပြီး ချက်ပြုတ်ထားသည့် အစားအစာများကို စားပွဲပေါ်တွင် တည်ခင်းပေးနေ၏။
ဟိုဘက်အခန်းက ကွန်ပြူတာများနှင့် အခြားအရာများဖြင့် ပြည့်နှက်နေသော စတူဒီယိုထဲသို့ ဝင်သွားကာ ကောမော့ယွင်နှင့် အခြားသူများကို စားသောက်ဖို့ ခေါ်လိုက်ပါသည်။
ကောမော့ယွင်က မုတ်ဆိတ်ရိတ်ထားသည့်ပုံ မပေါ်ဘဲ အလွန်စိတ်ဓာတ်ကျနေသလိုပင်။
အခြားသူများလည်း ထိုနည်းလည်းကောင်းဖြစ်၏။
အခန်းထဲက အခြေအနေက အလွန်တိတ်ဆိတ်လွန်းလှသည်။
ဝုန်း…
ရုတ်တရက် စိတ်တိုအလွယ်ဆုံး လုရှောင်းချီက စားပွဲကို ရိုက်လိုက်ပြီး ဒေါသထွက်စွာ ပြောလိုက်သည်။ "ငါသည်းမခံနိုင်တော့ဘူးကွာ အဲ့ဒီခွေးမသား ရှန်ဟိုင်းကို ငါသွားသတ်တော့မယ်"
ထိုသို့ ပြောပြီးနောက် ဒေါသထွက်စွာ မတ်တပ်ရပ်လိုက်သည်။
ဘယ်သူမှ ဘာမှ မပြောကြပေ။
လုရှောင်းချီ ရပ်တန့်သွား၏။ "လခွီးထဲမှ ဘာလို့ငါ့ကို မတားကြတာလဲ။"
"မင်းအဲ့လို ပြောနေတာ ဘယ်နှခေါက်ရှိနေပြီလဲ။ ပြီးတော့ ဘာမှလုပ်တာလည်း မတွေ့ဘူး။”
နောက်ထပ် လူငယ်တစ်ယောက်ဖြစ်သော ရှားဖျင်က အားနည်းစွာ ပြောလိုက်သည်။
"ဟုတ်ပြီ၊ စားကြရအောင် စားပြီးရင် လမ်းခွဲကြတာပေါ့။"
ကောမော့ယွင်က တူကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
"လမ်းခွဲမယ် ဟုတ်လား။ အစ်ကိုကြီး လမ်းခွဲမယ်ဆိုတာ ဘာကိုပြောတာလဲ။ မဟုတ်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ငါတို့ဘာလို့ ဒီတိုင်း အလွတ်ပေးလိုက်ရမှာလဲ။"
ဝဝတုတ်တုတ်လူက မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"လမ်းမခွဲရင် ဘာလုပ်နိုင်ဦးမှာလဲ။ ဒီလိုဖြစ်လာမှတော့ ငါတို့တွေ ဘာမှမလုပ်နိုင်တော့ဘူး။ ဒါကို အိပ်မက်တစ်ခုလိုပဲ သဘောထားကြရအောင်။ ချေးငွေကိစ္စတွေကိုတော့ ငါ့တာဝန်ပဲ ထားလိုက်ပါ။"
ကောမော့ယွင်က ပင်ပန်းနေသော ပုံစံဖြင့် ပြောလိုက်ပါသည်။
ရှန်ဟိုင်းကို အလွန်ယုံကြည်မိသည့်အတွက် သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။
တစ်ချိန်က ညီအစ်ကိုဟု ထင်ခဲ့ဖူးသူက သူ့ကို နောက်ကျော ဓားဖြင့် ထိုးသွားခဲ့ပြီး သူ့အား အသည်းမာသွားစေခဲ့သည်။
အခြားသူများလည်း တိတ်စိတ်သွားကြ၏။
အားလုံး တကယ်စိတ်ဓာတ်ကျစရာ အခြေအနေသို့ ရောက်နေကြလေပြီ.
အစကတည်းက ဒီဂိမ်းကို ဖန်တီးဖို့အတွက် သူတို့မိသားစုများထံမှ ပိုက်ဆံချေးခဲ့ကြသည်။ အချိန်ပိုင်း အလုပ်များ လုပ်ခဲ့ကြသည်။ ထို့နောက် စွန့်ဦးတီထွင်လုပ်ငန်း ပလက်ဖောင်းဆီမှ ချေးငွေများပင် ယူခဲ့ကြသည်။ လွန်ခဲ့သော လအနည်းငယ်က အမြတ်ကြီးစားသည့် ငွေတိုးချေးငှားသူများထံမှပင် ငွေများ ထပ်ချေးခဲ့ကြ၏။
သူတို့အောင်မြင်သွားလျှင် ဝင်ငွေ နည်းမည် မဟုတ်ပါ။
သို့သော်လည်း အခုတော့ အားလုံး ပြီးဆုံးသွားလေပြီ။
သူတို့ ခက်ခက်ခဲခဲ ဖန်တီးခဲ့ရသည့် ဂိမ်းက သူများအပိုင် ဖြစ်သွားပြီး သူတို့ကတော့ အကြွေး တစ်ပုံတစ်ခေါင်းဖြင့်သာ ကျန်ရစ်ခဲ့ကြရသည်။
အားလုံးက လမ်းဆုံးကို ရောက်နေကြပါပြီ။
သူတို့ ဒီလမ်းကို ပြန်တက်ချင်ပါက ဒီအခက်အခဲကို အရင်ကျော်လွှားရပါဦးမည်။
သို့သော် သူတို့ ယုံကြည်ချက် မရှိတော့ပါ။
ဘာပဲဖြစ်ဖြစ် ဒီလို အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ရပြီးနောက် စီးပွားရေး ပြန်စဖို့ သတ္တိ မရှိကြတော့ပါ။
ထိုအချိန်တွင် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာ၏။
အားလုံး ယဲ့ယင်ကို ကြည့်လိုက်ကြသည်။
ယဲ့ယင်က ဖုန်းကို အမြန်ထုတ်လိုက်၏။ အမည်မသိ ဖုန်းနံပါတ် ဖြစ်ပါသည်။
ကောမော့ယွင်ကို လှမ်းကြည့်လိုက်ပြီး သူမ ဖုန်းကိုင်လိုက်၏။
"ဟယ်လို အခုပြောနေတာ မိန်းကလေး ယဲ့ယင်လား မသိဘူး။ ကျုပ်က ယန်မြို့တော်ရဲ့ တရားဥပဒေ အဖွဲ့အစည်းက ဒါရိုက်တာ ရှဲ့ကျန်းချီပါ။ ပရော်ဖက်ဆာယဲ့က ကျုပ်ကို ထျန်းချီ စတူဒီယိုနဲ့ သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီတို့အကြားက ပြဿနာကို ကိုင်တွယ်ခိုင်းထားလို့ပါ။"
မသဲမကွဲယောက်ျားသံတစ်သံ ဖုန်းထဲမှ ထွက်လာသည်။
အစကတော့ ယဲ့ယင် အနည်းငယ် ကြောင်သွားသော်လည်း နောက်တော့ ပျော်သွား၏။ ထို့နောက် ချက်ချင်းပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့ ပြောပါ မစ်စတာရှဲ့"
ကောမော့ယွင်နှင့် အခြားသူများလည်း သူ့ကို အမြန်ကြည့်လိုက်ကြသည်။
ယဲ့ရှောင်ချန်းက ရှဲ့ကျန်းချီနှင့် အမှုကိစ္စအကြောင်း ခဏတာမျှ စကားပြောခဲ့ကြသည်။ ထို့နောက် တွေ့ဆုံဖို့ အချိန်နှင့် နေရာတစ်ခု သတ်မှတ်ခဲ့ကြ၏။
ဖုန်းချပြီးနောက် ကောမော့ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ယဲ့ယင် အစ်ကိုယဲ့ကို ပြောလိုက်တာလား။"
"ဟုတ်တယ် မော့ယွင် ကျွန်မကို အပြစ်မတင်ဘူး မလား။"
ယဲ့ယင်က ခေါင်းငြိမ့်လိုက်၏။ ကောမော့ယွင်က မာနကြီးပြီး သူ့အစ်ကိုကို အသိမပေးချင်ခဲ့ပါ။
"ကောင်းတာပေါ့ မရီးရဲ့ အစ်ကိုက ပရော်ဖက်ဆာကြီး တစ်ယောက်ပဲလေ။ သူ သေချာပေါက် ငါတို့ကို ကူညီနိုင်မှာပဲ။"
"ဟုတ်တယ်။ ဘာလို့ မစဥ်းစားမိတာပါလိမ့်ကွာ။"
"ပရော်ဖက်ဆာယဲ့ရဲ့ အကူအညီနဲ့ဆိုရင် ငါတို့ သေချာပေါက် နိုင်နိုင်တယ်။"
ရှားဖျင်နှင့် အခြားသူတို့ အံ့အားသင့် ပျော်ရွှင်သွားကြပါသည်။
ယဲ့ယင်၏ အစ်ကို ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်တွင် တွဲဖက်ပရော်ဖက်ဆာ တစ်ယောက်ဆိုတာ သူတို့သိထားပြီးသား ဖြစ်ပါသည်။
"အပြစ်မတင်ပါဘူး။ မင်းက ငါတို့ကို ကူညီပေးချင်ရုံပဲကို။"
ကောမော့ယွင်က ခေါင်းခါလိုက်သည်။ သို့သော် ခါးသီးမှု အရိပ်အယောင်ကို မြင်နေရပါသည်။
ယဲ့ယင်၏ အစ်ကိုက တရုတ်သိပ္ပံကျောင်းတော်တွင် တွဲဖက်ပရော်ဖက်ဆာတစ်ယောက် ဖြစ်မှန်း သိသွားပြီးကတည်းက ယဲ့ယင်အတွက် လုပ်ငန်းကောင်းကောင်းတစ်ခုကို လုပ်ကိုင်နိုင်ဖို့ အားတက်ခဲ့ရသည်။
သို့သော်လည်း အခုတော့ သူ့အိပ်မက် ပြိုကွဲသွားရလေသည်။ နောက်ဆုံးတော့လည်း ယဲ့ရှောင်ချန်း၏ အကူအညီကို သူလိုအပ်ခဲ့ရသည်။
ကမ္ဘာကြီးကို အထင်သေးခဲ့မိသည်ဟု သူ ရုတ်တရက် ခံစားလိုက်မိပါတော့သည်။