အခန်း (၂၃၉) - သခင်လေးတုန်ချမ်း
Vol. 16 Ch. 239
အခန်း (၂၃၉) - သခင်လေးတုန်ချမ်း
ယန်မြို့တော် အင်မော်တယ်စမ်းရေ စားသောက်ဆိုင် ကားပါကင်တွင်။
အနက်ရောင် Phaeton ကားတစ်စီးက VIP ကားပါကင်နေရာတွင် ပါကင်ထိုးထားသည်။
အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က VIP အဖွဲ့ဝင်စနစ်ကို စမ်းသပ်ကျင့်သုံးကြည့်ပြီးပြီ ဖြစ်သည်။ ငွေပမာဏတစ်ခုအထိ သုံးစွဲပါက VIP အဖွဲ့ဝင် ဖြစ်သွားပါလိမ့်မည်။
ငွေသုံးစွဲမှု အကန့်အသတ်လည်း ရှိ၏။ တစ်လတွင် ငွေပမာဏတစ်ခုအထိ သုံးစွဲရမည် ဖြစ်သည်။ ငွေသုံးစွဲမှု အကန့်အသတ်ကို ပြည့်မှီပါက VIP Membership ကို မဖျက်သိမ်းလျှင် စျေးက အလိုအလျောက် လျော့ကျသွားပါလိမ့်မည်။
VIP Membership ရှိပါက ဒီနေရာတွင် အချိန်မရွေး နေရာမရွေး စားသုံးနိုင်သည်။ ကြိုတင် မှာယူထားဖို့လည်း မလိုအပ်ပါ။
VIP Membership အတွက် သွင်းငွေက အလွန်များပြား၏။ ယွမ် ၁ သန်းနီးပါးလောက် ရှိသည်။ လစဥ် သုံးစွဲငွေက အနည်းဆုံး ယွမ် ၂၀၀,၀၀၀ လောက်ရှိရမည်။
လောလောဆယ် လူ ၄၀ ကျော်က VIP ဘွဲ့များ ရကုန်ကြပြီး အားလုံးကလည်း တကယ် ချမ်းသာကြပါသည်။
ကားတံခါး ပွင့်လာပြီး မီးပူသေချာထိုးထားသည့် ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး အရင်ဆုံး ထွက်လာသည်။ သူ့ဆံပင်အား သေသေသပ်သပ် ဖြီးထားပြီး ဝတ်စုံကလည်း ထိပ်တန်း စက်ချုပ်သမား တစ်ဦး ကိုယ်တိုင်လုပ်ထားသည့် ဝတ်စုံဖြစ်မှန်း သိသာပါသည်။
သူ့အင်္ကျီလက်အောက်တွင် နာရီတစ်လုံးရှိ၏။ လိုဂိုကို ကြည့်ခြင်းအားဖြင့် ထိပ်တန်း တန်ဖိုးကြီး ဘရန်းဖြစ်သည့် Vacheron Constantin ဖြစ်သည်။ စျေးအလွန်ကြီးသည်မှာ သိသာပါသည်။
သက်လတ်ပိုင်း အမျိုးသားကြီး ကားထဲမှ ထွက်လာပြီးနောက် အခြားတစ်ဖက်က ကားတံခါးထံသို့ အမြန်လျှောက်သွားလိုက်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်သည်။ သူ့မျက်နှာက အလွန် လေးစားသည့်ပုံပေါ်ပြီး အထဲတွင် ထိုင်နေသည့်လူက လူကြီးလူကောင်းတစ်ယောက်ဖြစ်ပုံရသည်။
မကြာမီ အနက်ရောင် အလွှာတစ်ထောင် ဖိနပ်အား ဝတ်ဆင်ထားသည့် ခြေထောက် တစ်ချောင်းက ထွက်လာ၏။ ထို့နောက် ပခုံးပေါ်တွင် ဆံပင်ရှည်များ ကျနေသည့် ကောင်လေး တစ်ယောက် ထွက်လာ၏။
ဒီကောင်လေး၏ ပုံစံက ထူးခြားရုံတင်မကသေးဘဲ လူတိုင်းကို သူက ကျောက်စိမ်းတစ်တုံးလို ချောမွေ့သည့် ခံစားချက်မျိုး ပေးစွမ်း၏။ သူ့မျက်လုံးများကလည်း ကြယ်တွေလို တောက်ပနေပါသည်။
သူ့အသားအရည်က ဖြူပြီး နူးညံ့သည်။ ကောင်မလေးများပင် မနာလိုဖြစ်နိုင်လောက်သည်။
ပိုထူးခြားသည်က ထိုကောင်လေးမှာ လေ့ကျင့်ရေး ဝတ်စုံနှင့် ဆင်တူသည့် အဖြူစွပ်စွပ် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခြင်းပင်။
သို့သော်လည်း ကောင်လေးနှင့် လိုက်ဖက်နေပြီး ဘာမှ ထူးဆန်းမနေပါ။
"ဦးလေးယင်။ ဒါ ဦးလေးပြောတဲ့ စားသောက်ဆိုင်လား။"
ကောင်လေး ကားထဲမှ ထွက်လာပြီးနောက် ခပ်ပါးပါး ပြုံးလိုက်သည်။ သူ့အကြည့်က သိပ်မဝေးသော နေရာတစ်ခုတွင် ချိတ်ဆွဲထားသည့် ထင်ရှားသော ဆိုင်းဘုတ်ပြားကြီး တစ်ခုထံသို့ ရောက်သွားသည်။
အင်မော်တယ်စမ်းရေ စားသောက်ဆိုင်။
ယန်မြို့တော် ကိုင်းခွဲ။
"ဟင်းဟင်း။ အင်မော်တယ်စမ်းရေ။ အင်မော်တယ်စမ်းရေတဲ့။ စိတ်ဝင်စားစရာပဲ။ အင်မော်တယ်ချီစွမ်းအင်ကို အရသာခံနိုင်ဖို့ မျှော်လင့်ပါတယ်။"
ကောင်လေးက ခပ်ပါးပါးပြုံးလိုက်၏။
"သခင်လေး တုန်ချမ်း။ ဒီနေရာပါပဲ။ စိတ်မပျက်စေရပါဘူး။"
သက်လတ်ပိုင်းအမျိုးသားကြီး၏ မျက်နှာပေါ်တွင် ကျိုးနွံသော မျက်နှာထားမျိုး ပေါ်လွင်နေသည်။
သက်လတ်ပိုင်း အမျိုးသားကြီးက ကောင်လေး၏ အဖေအရွယ်လောက်ရှိသည်။ သူ ကျေးကျွန်တစ်ယောက်လို ဆက်ဆံစရာအကြောင်းမရှိပါ။
သို့သော်လည်း သက်လတ်ပိုင်း အမျိုးသားကြီးက မသင့်တော်ပါဘူးဟု လုံးဝ မခံစားရပါ။
ကောင်လေးကလည်း လက်ခံသည့်ပုံပင်။
"ဒါဆို ဝင်ကြတာပေါ့။"
ကောင်လေးက ပြုံးကာ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ ဝင်ပေါက်ထံသို့ လမ်းလျှောက်သွားလိုက်သည်။
သူ့လမ်းလျှောက်နှုန်းက နှေးလည်း မနှေး မြန်လည်းမမြန်ပါ။ သို့သော် ဒီနေရာအား တိုင်းတာထားဖူးသလိုပင်။ သတ်လတ်ပိုင်း အမျိုးသားကြီးက သူ့ကို မှီဖို့ ခပ်သုတ်သုတ် ပြေးနေရ၏။
"စီအီးအို ဝမ် ကြိုဆိုပါတယ်။"
တံခါးစောင့်တစ်ယောက်က ထိုသတ်လက်ပိုင်း အမျိုးသားကြီးကို မြင်သောအခါ ဦးစွာ နှုတ်ဆက်လိုက်ပါသည်။ ဒီသက်လတ်ပိုင်း အမျိုးသားကြီး ခေါင်းဆောင်ဝမ်က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ VIP အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါသည်။
မစ်စတာဝမ်၏ နာမည်အစစ်က ဝမ်ချန်းဖြစ်သည်။ သူက ယန်ဟဲ့အုပ်စု၏ ဥက္ကဌ ဖြစ်သည်။
ဝမ်ချန်း၏ ပိုင်ဆိုင်မှုများက ယန်မြို့တော်၏ ထိပ်တန်း ၁၀ ယောက်ထဲတွင် အဆင့်မှီနိုင်သည်။
"ငါတို့ကို VIP အခန်းဆီ လိုက်ပို့ပေးပါ။"
ဝမ်ချန်းက ခေါင်းငြိမ့်လိုက်၏။
"ဥက္ကဌကြီးဝမ် ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ပေးခဲ့ပါ။"
တံခါးစောင့်က အမြန်လမ်းပြလိုက်ပါသည်။
သီးသန့်အခန်းထဲ ရောက်လာသောအခါ ဝမ်ချန်းက ချက်ချင်း အကောင်းဆုံးဟင်းလျာများ စားပွဲအပြည့် မှာယူလိုက်၏။
အင်မော်တယ် သုံးမျိုးထမင်း၊ အင်မော်တယ် ငါးမျိုး စွပ်ပြုပ်နှင့် အင်မော်တယ်စမ်းရေ သစ်သီးဝိုင်တစ်ပုလင်းတို့ ပါဝင်သည်။
ဟင်းလျာအားလုံး တည်ခင်းပြီးသွားသောအခါ ကောင်လေး၏ အပြုံးက တင်းမာသွား၏။
စားပွဲပေါ်က ဟင်းလျာများကို စိုက်ကြည့်ပြီး အသက်ဝဝ ရှူလိုက်သည်။ ကြယ်တွေလို တောက်ပနေသည့် သူမျက်လုံးများတွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာ၏။
ဝမ်ချန်းက သစ်သီးဝိုင်ဘူးခွံခွက်ကို အဖုံးဖွင့်ပြီး ကောင်လေးရှေ့က ခြေတံရှည်ဖန်ခွက်ထဲ ဝိုင်များ လောင်းထည့်နေသည်။ ဝိုင်နီနီများ ထွက်လာပြီး တစ်ခန်းလုံး ဝိုင်မွှေးရနံ့များဖြင့် ပြည့်နှက်သွားသည်။ ဟင်းလျာများ၏ မွှေးရနံ့ကပင် မဖုံးကွယ်နိုင်ပါ။
သခင်လေး တုန်ချမ်းက ပို၍ပင် စိတ်ရှုပ်သွားပုံရသည်။
ဝမ်ချန်း စကားပြောမည်ကို မစောင့်တော့ဘဲ ချက်ချင်း ဖန်ခွက်ကို ကိုင်ကာ သောက်လိုက်၏။
တစ်ငုံလောက် သောက်ပြီးသွားသောအခါ မျက်လုံးကို ပိတ်လိုက်ပြီး ဂရုတစိုက် အရသာ ခံကြည့်လိုက််၏။
"သခင်လေးတုန်ချမ်း။ သစ်သီးဝိုင်က ဘယ်လိုနေလဲ။"
ဝမ်ချန်းက မသောက်ပါ။ သို့သော် သခင်လေး တုန်ချမ်းကိုသာ ကြည့်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလိုဝိုင်မျိုး ဒီကမ္ဘာကြီးမှာ ရှိနေမယ် မထင်ထားဘူး။"
သခင်လေးတုန်ချမ်းက သူ့ဖန်ခွက်ထဲမှ ဝိုင်အားလုံးကို တစ်ကျိုက်တည်းသောက်ပြစ်လိုက်သည်။ ဖော်မပြနိုင်သည့် မျက်နှာထားတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
တူကို ကိုင်လိုက်ပြီး တခြားဟင်းလျာတွေကိုလည်း စားသုံးကြည့်လိုက်၏။ စားသုံးရင်း ခေါင်းကို တငြိမ့်ငြိမ့် လုပ်နေသည်။
ဝမ်ချန်းက ကောင်လေးမှာ အရသာရှိသော ဟင်းလျာများကြောင့် ခေါင်းငြိမ့်နေသည်ဟုထင်မိသည်။ ချက်ချင်းဆိုသလိုပင် တူများကို ကိုင်လျက် ကောင်လေးအတွက် ဝိုင်များကိုလည်း မကြာခဏ ငှဲ့ပေးနေသည်။ သို့သော်လည်း သူ လုံးဝ မသောက်ပါ။
သူ မထင်ထားခဲ့သည်က သခင်လေး တုန်ချမ်း၏ အတွေးများမှာ ဟင်းလျာများ၏ အရသာပေါ်တွင် ရှိနေခြင်း မဟုတ်ပေ။
...
ယဲ့ရှောင်ချန်းက ကောမော့ယွင်၏ ကိစ္စကို စိတ်ထဲ သိပ်မထားခဲ့ပါ။
ရှဲ့ကျန်းချီ ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ ဘာပဲဖြစ်ဖြစ်သူက တောင်ပိုင်းဒေသတွင် အတော်ဆုံးရှေ့နေပဲ မဟုတ်ပါလား။
ထို့အပြင် သူတကယ် မကိုင်တွယ်နိုင်ပါက တခြားနည်းလမ်းများကို စဥ်းစားနိုင်ပါသည်။
ထိုသူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီအား သူ စုံစမ်းခဲ့သည်။ အတော်လေး ကြီးမားသော ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း ပြဿနာတစ်ချို့တော့ ရှိနေပါသေးသည်။
ယန်မြို့တော်မှ ပြန်လာသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် တောင်ပေါ်ဘုရားကျောင်း ဆောက်မည့် တောင်ခြေကို ဖြတ်ကာမောင်းသွားသည်။ တောင်ခြေတွင် ကားတချို့ ပါကင်ထိုးထားသည်ကို မြင်မိသည်။ အနီးအနားက ရွာသားများကလည်း ရပ်ကြည့်နေကြ၏။ မြေတူးစက်ကြီးတစ်လုံး တောင်လမ်းတစ်ခု ဖောက်နေသည်ကို မြင်လိုက်ရပါသည်။
တောင်ပေါ် ဘုရားကျောင်းကြီးအား တကယ် ဆောက်လုပ်ကြတော့မည်ထင်သည်။
ယဲ့ရှောင်ချန်း၏ ကားက အလွန်မျက်စိကျစရာ ကောင်းသဖြင့် လူများစွာက သူ့ကို ကြိုဆိုလိုက်ကြသည်။
"အုပ်ချုပ်ရေးမှူးလီ"
အဘိုးကြီးတစ်ယောက် သူ့ထံသို့ လျှောက်လာသည်ကို မြင်ပြီး ယဲ့ရှောင်ချန်း အမြန်နှုတ်ဆက်လိုက်ပါသည်။
ထိုလူက ယုဖန်ရွာ၏ အုပ်ချုပ်ရေးမှူး လီယုထျန် ဖြစ်သည်။
လီယုထျန်က ယုဖန်ရွာ၏ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့တာ ၁၀ နှစ်ကျော်ကြာပြီဖြစ်ပြီး ရွာအတွက် ဆောင်ရွက်ပေးခဲ့တာတချို့လည်း ရှိပါသည်။
သို့သော်လည်း ရွာ၏ အခြေအနေ ကန့်သတ်ချက်များကြောင့် ရွာဝင်ငွေက များများ စားစား တိုးတက်မှုမရှိပါ။ လူကြီးလူငယ်များစွာက အပြင်ဘက်တွင်သာ အလုပ်ထွက်လုပ်ကြသည်။
ဒီနေရာတွင် တောင်ပေါ်ဘုရားကျောင်းဆောက်ဖို့ လီယုထျန်က ခေါင်းဆောင်ဖြစ်ကြောင်း ယဲ့ရှောင်ချန်းသိသည်။ တောင်ပေါ်ဘုရားကျောင်းကို ရွာအတွက် ငွေဝင်ပေါက်တစ်ခုအဖြစ် အသုံးချကာ ရွာအခြေအနကို တိုးတက်အောင်လုပ်ဖို့ မျှော်လင့်နေခြင်း ဖြစ်ပါသည်။
တချို့ ဥပမာများလည်း ရှိသည်။
ဥပမာအားဖြင့် လုံးရှင်မြို့တွင် ဆောင်းသီးနှံ သီလရှင်ကျောင်းဟု ခေါ်သည့် နေရာတစ်ခု ရှိသည်။ အလွန် တန်ခိုးကြီးသည့် ဘုရားကျောင်း တစ်ခုရှိသည်ဟု ဆိုကြ၏။ လူများစွာက ထိုနေရာသို့ သွားကာ ပူဇော်ပသကြသည်။ ထိုဘုရားကျောင်းက ရွာအတွက် ဝင်ငွေများစွာကို ယူဆောင်လာပေးရုံသာ မကဘဲ ရွာသားများကလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသည်။
"ရှောင်ချန်း အရင်တစ်ခေါက်က ငါပြောထားတဲ့ ကိစ္စ အလုပ်ဖြစ်မှာလား။"
လီယုထျန်၏ ပါးရေတွန့်နေသော မျက်နှာက ပြုံးသွားသည်။
"အုပ်ချုပ်ရေးမှူးလီ ပြဿနာ မရှိပါဘူး။ ကျွန်တော်လည်း ပြောတော့မလို့ပဲ။"
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
သိပ်မကြာသေးခင်က အုပ်ချုပ်ရေးမှူးလီ သူ့ကို လာတွေ့ခဲ့ပြီး ရွာသားများအတွက် ဝင်ငွေ တိုးတက်စေနိုင်သည့် စီမံကိန်းတစ်ခုကို ရွာထဲတွင် စတင်နိုင်မလားဟု မေးမြန်းခဲ့သည်။
သူက အခုနာမည်ကျော်ဖြစ်နေပြီး ယုဖန်ရွာ၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။
ရွာကို ပြန်ကူညီဖို့ အချိန်ကျပြီဟု သူခံစားလိုက်ရ၏။
လက်ရှိ သူ့အစွမ်းအစဖြင့်ဆိုလျှင် ရွာကို ကူညီပေးခြင်းဖြင့် ယုဖန်ရွာတွင် အခြေခံကျသည့် ပြောင်းလဲမှုတစ်ချို့ကို ဖန်တီးပေးနိုင်ပါသည်။
"ရှောင်ချန်း ကောင်းတာပေါ့ကွာ။ ယုဖန်ရွာရဲ့ ရွာသားတွေအားလုံးကိုယ်စား မင်းကိုငါ ကျေးဇူးတင်ပါတယ်။"
လီယုထျန်၏ အသားမည်းမည်း မျက်နှာကြီးက အလွန်ပျော်ရွှင်နေသည်။ မကြာသေးခင်က သူ အနည်းငယ် စိုးရိမ်နေခဲ့ရ၏။
"အုပ်ချုပ်ရေးမှူးလီ အဲ့လိုမပြောပါနဲ့။ ကျွန်တော်ာကလည်း ယုဖန်ရွာရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ ကူညီပေးရမှာ ကျွန်တော့် တာဝန်ပဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။ "ကဲ ကျွန်တော့်အိမ်ကိုသွားပြီး ဒီကိစ္စကို ဆွေးနွေးကြမလား။"
"ကောင်းပါပြီ ကောင်းပါပြီ"
အုပ်ချုပ်ရေးမှူးလီက အလျင်အမြန် သဘောတူလိုက်ပါသည်။ "ဟားဟား ဒီလောက်ကောင်းတဲ့ ကားကြီး တစ်ခါမှ မစီးဖူးဘူး။"
သူ့ကိုယ်ပေါ်က ဖုန်များကို ခါကာ ဖိနပ်ပေါ်က ရွှံ့များကို ဘေးနားက မြက်ပင်များဖြင့် သုတ်လိုက်ပြီး ကားတံခါးအမြန်ဖွင့်ကာ ဝင်လိုက်သည်။