အခန်း (၂၄၀) - စူပါမုန်ညင်းစေ့၏ ရှေ့ပြေးမြှင့်တင်ရေး
Vol. 16 Ch. 240
အခန်း (၂၄၀) - စူပါမုန်ညင်းစေ့၏ ရှေ့ပြေးမြှင့်တင်ရေး
အိမ်ပြန်ရောက်သောအခါ သူ့အမေက လက်ဖက်ရည်ဖျော်ပြီး ယူလာပေးသည်။
"အစ်မကြီး ဒီလက်ဖက်ရည်က တကယ် ကောင်းတာပဲ။ အရမ်းစျေးကြီးမှာပဲနော်။"
အုပ်ချုပ်ရေးမှုးလီက တစ်ငုံလောက်သောက်လိုက်ပြီး သူ့ပါးစပ်ထဲတွင် လက်ဖက်ရည်၏ မွှေးရနံ့များဖြင့် ပြည့်နှက်သွားသည်ဟု ခံစားလိုက်ရသည်။
"ချန်းကျစ် ဝယ်လာတာပဲ။ မသိပါဘူးရှင်၊ ဘာပဲဖြစ်ဖြစ် လက်ဖက်ရည်ပါပဲ။"
သူ့အမေက ပြုံးလိုက်သည်။
ဒီလက်ဖက်ရည်က သူမတို့မိသားစု လုပ်သော လက်ဖက်ရည်ထက် အများကြီး ပိုကောင်းပါသည်။
ရွာထဲတွင် လက်ဖက်ခြောက် စိုက်ခင်းတစ်ခု ရှိ၏။ မိသားစုတိုင်းတွင် လက်ဖက်ခြောက်ပင်တချို့ ရှိသည်။ လက်ဖက်ခြောက်ရာသီ ရောက်တိုင်း မိသားစုတိုင်းက လက်ဖက်ခြောက် စိုက်ခင်းများသို့ သွားကာ လက်ဖက်ခြောက်များ ခူးဆွတ်ကြပါသည်။
စကားခဏလောက် ပြောပြီးသွားသောအခါ လိုရင်းသို့ ရောက်လာကြ၏။
"အုပ်ချုပ်ရေးမှူးလီ။ ကျွန်တော်က စိုက်ပျိုးရေး နယ်ပယ်ကဆိုတာ ခင်ဗျားသိပါတယ်။ ပြီးတာ့ ကျွန်တော့်ရဲ့ သုတေသနကလည်း အဲ့ဒီနယ်ပယ်ကပဲ။ အဲ့တာကြောင့် ရွာမှာ စုပေါင်းစီမံကိန်းတစ်ခု ဆောင်ရွက်ချင်တယ်ဆိုရင် စိုက်ပျိုးရေးနယ်ပယ်နဲ့ သက်ဆိုင်တာပဲ လုပ်သင့်တယ်လို့ ကျွန်တော်တော့ ထင်တယ်။ ကျွန်တော် အကြံပေးတဲ့အတိုင်း ဆောင်ရွက်မယ်ဆိုရင် ရလဒ်က နည်းမှာမဟုတ်ဘူးလို့ အာမခံပါတယ်။ ပြီးတော့ ရောင်းအားကိုလည်း အာမခံတယ်။"
ယဲ့ရှောင်ချန်း လက်ဖက်ရည် တစ်ငုံသောက်ကာ စပြောလိုက်သည်။
"ရှောင်ချန်း ဒီစူပါမုန်ညင်းစေ့တွေက တကယ် ဖြစ်နိုင်ပါ့မလား။ အရင်တုန်းက ကောင်တီမြို့မှာ မုန်ညင်းစေ့လုပ်ငန်းကို အကြီးအကျယ်လုပ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် မျိုးစေ့တွေက မကောင်းဘူးလေ။ လူအများကြီး ငွေတွေလည်း ဆုံးရှုံးခဲ့ကြရတယ်။ ငါတို့ရွာထဲက လူတချို့လည်း မုန်ညင်းပင်ကို စိုက်ကြတယ်။ ဒါနဲ့ မင်းတို့မိသားစုလည်း အဲ့လို မုန်ညင်းပင်မျိုးကို စိုက်ကြတယ်မဟုတ်လား။"
အုပ်ချုပ်ရေးမှူလီက ခဏလောက် တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။
အရင်တုန်းက ကျရှုံးမှုတစ်ခုကြောင့် ရွာသားများ သဘောမတူမည်ကို သူ စိုးရိမ်နေပါသည်။
ယဲ့ရှောင်ချန်း၏ အမေကို သူကြည့်လိုက်၏။
သူ့အမေက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အစိုးရက အသည်းအသန် စမ်းသပ်နေကြတာလို့ ပြောကြတယ်။ နင့်အဖေနဲ့ ငါတို့လည်း မုန်ညင်းပင် ဧကတွေ အများကြီး စိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် အခြေအနေက မကောင်းဘူးလေ။ နောက်ဆုံးတော့ အထွက်နှုန်းက နိမ့်လွန်းတယ်။ ဝယ်သူကလည်း စိတ်ပြောင်းပြီး စျေးကို အရမ်းနှိမ်လိုက်ကြတယ်။ အဲ့တုန်းက တော်တော် အရှုံးပေါ်ခဲ့ကြတာ။ အစတုန်းက စပါးစိုက်ဖို့ စီစဥ်ထားတဲ့ မြေပေါ်မှာ မုန်ညင်းပင်တွေ စိုက်ခဲ့ကြတာလေ။"
အရင်အတုန်းက အကြောင်းတွေ ပြန်ပြောရင်း အမေ သက်ပြင်းချလိုက်ပါသည်။
ယဲ့ရှောင်ချန်းလည်း ထိုကိစ္စအကြောင်း သိသည်။ အရင်တုန်းက ကျန်းဟုန်ယဲ့ သူ့ကို ပြောဖူးပါသည်။
"အုပ်ချုပ်ရေးမှူးလီ စိတ်ချပါ။ ဒီမုန်ညင်းပင် မျိုးစေ့တွေကို ကျွန်တော်ကိုယ်တိုင် ပျိုးထောင်ပြီး အဆင့်မြှင့်တင်ထားတာ။ ဒီမုန်ညင်းပင်တွေရဲ့ အထွက်နှုန်းသာ သာမန် မုန်ညင်းပင်တွေအောက် နိမ့်မယ်ဆိုရင် ကျွန်တော်က အရှုံးတွေကို ပြန်လျော်ပေးမယ်လို့ ကျွန်တော် အာမခံတယ်။ ရွာသားတွေကိုတော့ မုန်ညင်းပင်စိုက်ဖို့ အတင်းဖိအားမပေးပါဘူး။"
ယဲ့ရှောင်ချန်းက အလွန်ယုံကြည်ချက်ရှိပါသည်။
စူပါ မုန်ညင်းပင် အဆင့်မြှင့်တင်ခြင်းက အဓိက ပရောဂျက်ထဲ ပါနေပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်း လုံးဝ ယုံကြည်ချက် ရှိပါသည်။ ထို့ကြောင့်လည်း ဒီရှေ့ပြေးစီမံကိန်းကို ရွာထဲတွင်လုပ်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ရွာအတွက်လည်း ကောင်းမွန်သော အရာ ဖြစ်သည်။ ရှေ့ပြေးစီမံကိန်း အောင်မြင်ပါက ရွာက သေချာပေါက် အကျိုးကျေးဇူး ခံစားရပါလိမ့်မည်။
"ရှောင်ချန်း မင်းပြောနေတာတွေကို ကြည့်ပါဦး။ မင်းကို မယုံဘဲ နေပါ့မလား။ ရွာသားတွေကလည်း မင်းကိုယုံကြည်ကြတယ်။ ငါတို့ကို ကြွယ်ဝလာအောင် မင်းလုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဆို ဆုံးဖြတ်လိုက်ပြီ။ ငါတို့ မုန်ညင်းပင်တွေ စိုက်ကြမယ်။ ဒါပေမယ့် ရှောင်ချန်း မုန်ညင်းပင်တွေ စိုက်ဖို့အချိန်က ကျော်သွားပြီလေ။ ငါတို့ နောက်နှစ်အထိ စောင့်ရမှာလား။"
အုပ်ချုပ်ရေးမှူးလီက ချက်ချင်း ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်ပါသည်။
ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်က တွဲဖက်ပရော်ဖက်ဆာတစ်ယောက်၊ ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက်နှင့် ယန်မြို့တော် အပင်အသိစိတ်သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာလည်း ဖြစ်သည်။ သူ့ကို မယုံကြည်လျှင် ဘယ်သူ့ကို ယုံကြည်ရမည်နည်း။
ယခု ယုဖန်ရွာထဲက ရွာသားများက ပြောမပြတတ်အောင် ဂုဏ်ယူနေကြလေပြီ။ ရွာထဲမှ ဒီလို အစွမ်းအစရှိသည့် နာမည်ကျော်၊ ပညာရှင်ကောင်း၊ ပရော်ဖက်ဆာကောင်း တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့သည်။ အားလုံး အပြင်ထွက်သည့်အခါ ဂုဏ်ယူဝံ့ကြွားမိပါသည်။
"ဟဲဟဲ မလိုပါဘူးဗျာ။ နှစ်သစ်ကူးကျော်ရင် စိုက်လို့ရပါပြီ။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
ပုံမှန်ဆို မုန်ညင်းပင်များအား ဆောင်းရာသီ အကုန် အောက်တိုဘာလနှင့် နိုဝင်ဘာလအကြား စိုက်ပျိုးကြရသည်။ ယုတ္တိရှိရှိ ပြောရလျှင် စိုက်ပျိုးချိန်က ပြီးဆုံးသွားပြီ ဖြစ်၏။
သို့သော်လည်း စူပါ မုန်ညင်းပင်ကို ပျိုးထောင်သည့်အခါ ယဲ့ရှောင်ချန်း ဒီလိုကိစ္စများကို စိတ်ပူစရာမလိုပါ။ အချိန်မရွေး စိုက်ပျိုးနိုင်ပါသည်။
မဟုတ်ပါက စူပါ မုန်ညင်းပင်ဟု ဘာကြောင့် ခေါ်နေဦးမည်နည်း။
အုပ်ချုပ်ရေးမှူးလီတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်ဟလိုက်မိသည်။ သို့သော် ဘာမှမပြောခဲ့ချေ။
ယဲ့ရှောင်ချန်းက ဒီလောက်တော်သည့် ပညာရှင်တစ်ဦးဖြစ်သဖြင့် သူ့ကိုလိမ်တာ ဖြစ်နိုင်ပါ့မလား။
သူတို့နှစ်ဦး တခြားကိစ္စတချို့ကို ဆွေးနွေးလိုက်ကြသည်။ ဥပမာအားဖြင့် ဒီစူပါ မုန်ညင်းပင်မျိုးစေ့များအား ယဲ့ရှောင်ချန်း တည်ထောင်ထားသည့် ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးမှ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ နောက်ပိုင်း ရိတ်သိမ်းသည့် မုန်ညင်းပင်များကိုလည်း ထိုကုမ္ပဏီမှ တိုက်ရိုက်ဝယ်ယူပါလိမ့်မည်။ ထို့အပြင် ဓာတ်မြေအရှိန်အဝါကိုလည်း ကောင်းကင်ဘုံ ကမ္ဘာမြေ ကုမ္ပဏီက ထောက်ပံ့ပေးသွားပါမည်။ အခမဲ့မဟုတ်သော်လည်း အကြွေးဖြင့် အရင်ဝယ်ယူပြီး မုန်ညင်းပင်များကို ဝယ်ယူသောအခါမှ နုတ်ယူလိုက်နိုင်ပါသည်။
ကောင်းကင်ဘုံ ကမ္ဘာမြေ ကုမ္ပဏီက ရွာသားများနှင့် ဝယ်ယူမှု သဘောတူစာချုပ် ချုပ်ဆိုရမည်။ ဥပမာအားဖြင့် အထွက်နှုန်းက စံနှုန်း မပြည်မှီပါက ကောင်းကင်ဘုံ ကမ္ဘာမြေ ကုမ္ပဏီမှ အလျော်ပြန်ပေးသွားမည် ဖြစ်ပါသည်။
အရင်တုန်းက မုန်ညင်းပင် စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့မှုက အစိုးရထံမှ မသေချာမရေရာသော ကတိတစ်ခုသာ ဖြစ်သည်။ အခုတော့ စာချုပ်ပင် ချုပ်ဆိုပြီးပြီ ဖြစ်သဖြင့် သေချာပေါက် စစ်မှန်ပါလိမ့်မည်။
ထို့အပြင် ယဲ့ရှောင်ချန်းရှိသဖြင့် အတု မဟုတ်နိုင်ပါ။
ဆွေးနွေးပြီးနောက် လီယုထျန်က ပျော်ရွှင်စွာ ပြန်သွားတော့သည်။ ရွာသားများနှင့် ကိစ္စတချို့ ဆောင်ရွက်စရာရှိသေး၏။
"သား နင့်ရဲ့ စူပါမုန်ညင်းပင်တွေက အဲ့လောက် ကောင်းတာလား။"
အမေက စိတ်ဝင်စားစွာ မေးလိုက်၏။
"ဒါပေါ့အမေရဲ့ ကျွန်တော့်စိုက်ပျိုးရေးခြံထဲက ဘယ်ဟင်းသီးဟင်းရွက်က မကောင်းလို့လဲ ပြောစမ်းပါဦး။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
"ဟုတ်ပါပြီအေ၊ ငါ မမေးတော့ပါဘူး။"
သူ့အမေက ပြောစရာစကားမဲ့သွားသည်။
တခြားဟင်းသီးဟင်းရွက်များ၏ အထွက်နှုန်းကလည်း သာမန်ထက် အဆပေါင်းများစွာ ပိုများသည်။ သူမ၏ မျက်လုံးဖြင့်သာ တပ်အပ် မမြင်ပါက ယုံကြည်ဖို့ ခက်ခဲနိုင်ပါသည်။
အုပ်ချုပ်ရေးမှူးလီ၏ လှုပ်ရှားမှုကလည်း အဆင်ပြေသည်။ ရွာသားများက ယဲ့ရှောင်ချန်းအပေါ်တွင် အပြည့်အဝ ယုံကြည်သောကြောင့်လားမသိ၊ ရွာထဲက အိမ်ခြေ ၃၀၀ စလုံး မုန်ညင်းပင် စိုက်ပျိုးရေး စီမံကိန်းတွင် ပါဝင်နိုင်ဖို့ တောင်းဆိုလာကြ၏။
ထို့နောက် အိမ်ခြေတစ်ခုချင်းစီ၏ စိုက်ပျိုးဖို့ စီစဥ်ထားသည့် နေရာများကို အုပ်ချုပ်ရေးမှူးလီက စာရင်းသွင်းသည်။
ထို့နောက် သတ်မှတ်ထားသည့် မျိုးစေ့နှင့် ဓာတ်မြေအရှိန်အဝါ ပမာဏများ ဖြန့်ချီပေးမည် ဖြစ်သည်။
ထိုဓာတ်မြေအရှိန်အဝါက ယဲ့ရှောင်ချန်း တီထွင်ထားခြင်းဖြစ်ပြီး စျေးကွက်ပေါ်က ယူရီးယားဓာတ်မြေသြဇာများနှင့် လုံးဝ ခြားနားပါသည်။
စူပါ မုန်ညင်းပင်များ စိုက်ပျိုးဖို့အတွက် ပိုမို သင့်တော်သည်။
သာမန်မြေအရှိန်အဝါများဖြင့် မစိုက်ပျိုးနိုင်တာတော့ မဟုတ်သော်လည်း စူပါ မုန်ညင်းပင်များ၏ အားသာချက်များကို အပြည့်အဝ မဖော်ထုတ်နိုင်လောက်ပါ။
ယုဖန်ရွာ၏ စူပါမုန်ညင်းပင် စိုက်ပျိုးရေး စီမံကိန်းကို အိမ်နီးချင်းရွာများပါ သိသွားလိမ့်မည်ဟု ယဲ့ရှောင်ချန်းမထင်ခဲ့မိပါ။
နောက်ထပ် ရက်အနည်းငယ်ကြာသောအခါ ရွာများစွာ၏ အကြီးအကဲများ သူ့အိမ်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကာ စူပါ မုန်ညင်းပင် စိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်နိုင်ဖို့ တောင်းဆိုကြ၏။
ယဲ့ရှောင်ချန်းကလည်း သူတို့ကို ကြိုဆိုပါသည်။
ဘာပဲဖြစ်ဖြစ် သူ့ မုန်ညင်းပင်များကို အလွန်ယုံကြည်ချက်ရှိသည်။ ရှေ့ပြေးစီမံကိန်းက ပိုပြီးကျယ်ပြန့်လေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။
စာရင်းသွင်းမှု ရက်အနည်းငယ်ကြာပြီးသောအခါ ရွာအနည်းငယ်၏ ကြိုတင်သတ်မှတ်ထားသော စိုက်ပျိုးနယ်မြေမှာ ၉၀၀ မူ ကျော်သွားပြီ။ ယင်းတို့အနက် ထက်ဝက်မှာ ယုဖန်ရွာမှ ဖြစ်၏။
နှစ်ကုန်ခါနီးတွင်။
အိမ်ခြေတိုင်းက နှစ်သစ်ကူးပစ္စည်းများ စတင်ဝယ်ယူနေကြလေပြီ။
ကျောင်းများလည်း ပိတ်ထားပြီး အပြင်ဘက်တွင် အလုပ်လုပ်နေသည့် လူတချို့လည်း အိမ်ပြန်လာကြ၏။
ရွာက သက်ဝင်စည်ကားလာခဲ့ပါသည်။
ထို့အပြင် လူများစွာက တောင်ပေါ် ဘုရားကျောင်းဆောက်လုပ်ရေးကို နေ့တိုင်းသွားကြည့်ကြသည်။
ယဲ့မိသားစုဝင်များစွာလည်း ပြန်လာကြ၏။ အကြီးဆုံးဦးလေး၊ ဒုတိယဦးလေး၊ အငယ်ဆုံး ဦးလေးနှင့် ဦးလေးပေါင်းများစွာ၏ မိသားစုများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြပါသည်။
ပြန်မလာနိုင်သည့်လူများက အစိုးရ အလုပ်များ ရှိသဖြင့် အားလပ်ရက်များ ရောက်သည်အထိ စောင့်ကြရပါမည်။
ယခင် ရက်အနည်းငယ်အတွင်း သူတို့အိမ်က စည်ကားနေခဲ့သည်။ လူများစွာက နေ့တိုင်း လာလည်ကြ၏။ ဖဲကစားဖို့ စားပွဲများပင် ရှိပြီး အလွန်သက်ဝင်စည်ကားလွန်းလှပါသည်။
အရင်တုန်းက နှစ်သစ်ကူးတွင် ဒီလိုမြင်ကွင်းမျိုး မြင်ရဖို့က မဖြစ်နိုင်ပေ။
သူ့ညီမ ယဲ့ယင်လည်း နောက်ဆုံးတော့ ရှမြို့တော်မှ ပြန်လာပါပြီ။
ကောမော့ယွင်တို့ စတူဒီယို အမှုကိစ္စကတော့ ဘာမှ မထူးသေးပေ။ အားလုံးက တက်တက်ကြွကြွဖြင့် သက်သေများ ရှာဖွေစုဆောင်းနေကြသည်။
အမှုရင်ဆိုင်ဖို့ကိုတော့ နောက်နှစ်အထိ စောင့်ကြရမည်ဖြစ်ပါသည်။
ယခင်က ရှေ့နေကြီး ရှဲ့က ယဲ့ရှောင်ချန်းကို ဆက်သွယ်လာခဲ့သည်။ သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီက လျှို့ဝှက်စွာဖြင့် အဆက်အသွယ်များစွာ ဖန်တီးထားသည်။ သူတို့တွင် အလွန်အားကောင်းသော ဆက်ဆံရေး ရှိ၏။ နှစ်သစ်ကူးအချိန်ကာလကို အသုံးချပြီး ဆက်ဆံရေးတချို့ကို ဖွင့်ချတာ အကောင်းဆုံး ဖြစ်ပါသည်။
တရားရင်ဆိုင်မှုတစ်ခုတွင် ခိုင်မာသော သက်သေအပြင် အဆက်အသွယ်လည်းရှိဖို့ လိုအပ်ကြောင်း ယဲ့ရှောင်ချန်း နားလည်သည်။ မဟုတ်ပါက အားနည်းချက် ရှိသွားမည်ဖြစ်သည်။
သို့သော်လည်း သူစိတ်မပူပေ။ ယန်မြို့တော် အပင်အသိစိတ် သုတေသနေအဖွဲ့အစည်းဖြင့် တည်ဆောက်ထားသည့် အဆက်အသွယ်များက ဟာသ မဟုတ်ပါ။ သာမန်ထက်ထူးကဲပြီး အလွန်ကြီးမားသော အရင်းအနှီးအုပ်စုတစ်ခုဖြစ်နေပြီးသားပင်။
သူ ဆန္ဒရှိပါက အထက်အရာရှိကြီးများ၏ အဆက်အသွယ်ကိုပင် အသုံးချနိုင်ပါသည်။