အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်လာဖို့ရန် အခက်အခဲ
Vol. 55 Ch. 761
ရန်ယူရွေအနေနှင့် ကွမ်ကျင်း၏ ဆုံးဖြတ်ချက်ကို နားလည်ရန် အချိန်အနည်းငယ်မျှသာ လိုအပ်ခဲ့သည်။ အကယ်၍ သူမ ဖြစ်နေပါက သူမသည်လည်း အတူတူ လုပ်မိပေလိမ့်မည်။ ကွမ်ကျင်းတစ်ယောက် မီဖေးကုန်သည်အိမ်တော်သို့ ဝင်ရောက်လာသည့် အကြောင်းအရင်းမှာ တာအိုကို သဘောပေါက်ကာ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းနိုင်ရန် ဖြစ်သည်။ သူ ပထမဆုံး ဝင်စဉ်ကတည်းမှ သူက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီ ဖြစ်၏။ နှစ်ရာချီကာ ကြာမြင့်သွားသော်လည်း သူက အင်မော်တယ် အုပ်စိုးသူအဆင့်မျှသာ ရှိနေသေးသည်။
ဤနှစ်များအတွင်း ကွမ်ကျင်းက ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိခဲ့သော်လည်း ထိုအရင်းအမြစ် အများစုမှာ ကွမ်ကျင်းဘာသာ စကြဝဠာနံရံကြီးမှ ရရှိလာမှန်း သူမ သိပေသည်။ ကွမ်ကျင်း လိုချင်ခဲ့သော ဧကရာဇ်ဆေးလုံးကိုတော့ မီဖေးကုန်သည်အိမ်တော်က တစ်ခါမှပင် ထည့်မပြောပေ။
“ကျမ သိပါပြီ။ အစ်ကိုကြီးကွမ် ကိုယ့်ဘာသာ ဂရုစိုက်ပါ …. နှုတ်ဆက်ခဲ့ပါတယ် ” ရန်ယူရွှေက စိတ်ခံစားချက်များကို မြန်မြန် ထိန်းချုပ်ကာ ကွမ်ကျင်းအား အခေါ်အဝေါ်ပင် ပြောင်းလဲလိုက်သေးသည်။
ကွမ်ကျင်းက ရန်ယူရွှေအား ကြည့်နေပြီးနောက် လော့စီဘက် လှည့်ကာ ပြောလိုက်သည် “ သူမ ပြောသွားတဲ့ ကိုယ့်ဘာသာ ဂရုစိုက်ဆိုတာ ဘာအဓိပ္ပါယ်လဲ သိလား ”
လော့စီက ခေါင်းခါကာ ကွမ်ကျင်းသည် ရုတ်တရက်ကြီး သူမတို့ လူသားဆေးလုံးအိမ်တော် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာသည်ကို ကြောင်အမ်းမိနေဆဲ ဖြစ်သည်။
ကွမ်ကျင်း လေသံမှာ လေးနက်လာကာ “ အခု ကျုပ်က လူသားဆေးလုံးအိမ်တော်ကို ဝင်ပြီးပြီဆိုတော့ မီဖေးကုန်သည်အိမ်တော်က သူတို့ ဧကရာဇ်အဆင့် ကျင့်ကြံသူတွေကို မကြာခင် လွှတ်လိမ့်မယ် ”
မိုဝူကျိက မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ်များနှင့် ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းရှိသည်ဟု ပြောထားသော်လည်း ကွမ်ကျင်းက စိုးရိမ်မိနေသေး၏။ မိုဝူကျိ တွေးထားသည့်အတိုင်း ချမ်းသာမှုနှင့် စတေးနိုင်မှုမှာ တွဲလျက် ရောက်ရှိလာခြင်း ဖြစ်သည်။ ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းချင်သောကြောင့် သူ့အသက်ကို စတေးထားဖို့ရာ ဆန္ဒရှိရမည်။
အကယ်၍ သူက ထိုစတေးမှုအား မကိုင်တွယ်နိုင်လျှင် မိုဝူကျိက သူ့အား ဧကရာဇ်ဆေးလုံး ပေးမည် မဟုတ်ပေ။
“ အာ ....” လော့စီ မျက်နှာပေါ်၌ အကြောက်တရားတချို့ ပေါ်လာသည်။ သူမက ကွမ်ကျင်း ဘက်ပြောင်းခြင်းကြောင့် ဖြစ်လာသည့် အံ့အားသင့်မှုပင် ဘေးရောက်သွားလေ၏။ ထိုစဉ် သူမက မိုဝူကျိအား ထွက်ပြေးဖို့ရာ အကြံပေးချင်နေသည်။ သို့သော်လည်း မိုဝူကျိက သူမ စကားနားထောင်မည် မဟုတ်ကြောင်း သိထားလေသည်။ သူမက ငွေရေးကြေးရေးနှင့် အမြတ်များကို စီမံခန့်ခွဲနေသူ ဖြစ်လေရာ ထွက်သွားဖို့ရာ မည်မျှ ခက်ခဲမည်ကို မည်သို့ မသိဘဲ နေမည်နည်း။ အကယ်၍ မိုဝူကျိသာ ထွက်သွားလျှင် သူ့အင်မော်တယ်ဆေးပင်များနှင့် ရတနာများကို သယ်ဆောင်သွားနိုင်မည် မဟုတ်ပေ။
...........…
“ ဘာ ...” မင်ချန်းက ရုတ်တရက် ထရပ်ကာ ရန်ယူရွှေအား အံ့ဩစွာ ကြည့်လိုက်သည်။ ကွမ်ကျင်းသည် သူ့မီဖေးကုန်သည်အိမ်တော်၏ အားအကောင်းဆုံး အဆင့်မြင့် ကျင့်ကြံသူ ဖြစ်လေရာ ရုတ်တရက်ကြီး မိုဝူကျိ၏ လူသားဆေးလုံး အိမ်တော်ဆီ ဘက်ပြောင်းသွားလေသည်။
ရန်ယူရွှေက လက်နှစ်ဖက် ယှက်ကာ “ ခေါင်းဆောင် ... မိုဝူကျိကလည်း အင်မော်တယ် အုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လောက်မယ်။ ကျမတို့ စွမ်းရည်နဲ့ဆိုရင် သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ အထက်ကို အကြောင်းကြားပြီး ဧကရာဇ်အဆင့် အဆင့်မြင့်ကျင့်ကြံသူတွေကို လှမ်းတောင်းဆိုလိုက်မယ် ”
မင်ချန်းက စိတ်ထိန်းလိုက်ပြီးနောက် ရန်ယူရွှေအား ပြောလိုက်သည် “ တာဝန်ခံရန် ... အရင်က ကျုပ် အမှားပါ။ မင်းရဲ့ အကြံကို နားမထောင်ခဲ့မိဘူး။ အခုချက်ချင်း အဲဒီအကြောင်းကို အထက်ကို တင်ပြလိုက်မယ် ”
မင်ချန်းက မျက်နှာရှစ်ခေါက်ချိုး ဖြစ်သွားလေသည်။ ရန်ယူရွှေနှင့် ဝမ်လီတို့က ထိုအကြောင်းအရင်းကို သိကြသည်။ အမှန်အတိုင်းဆိုရလျှင် ကောင်းကင်ဘုံအလွန်မြို့လေး၏ မီးဖေးကုန်သည်အိမ်တော်က ထိုဧကရာဇ်အဆင့် ကျင့်ကြံသူများအတွက် ကျင့်ကြံရေး အရင်းအမြစ်မျှသာ ဖြစ်ပေသည်။ ထိုဧကရာဇ်အဆင့်များက သူတို့အချိန်များကို ကျယ်ပြောလှသည့် စကြဝဠာကြီးထဲတွင် လှည့်လည်၍ လည်းကောင်း၊ တံခါးပိတ် ကျင့်ကြံ၍ လည်းကောင်း ကုန်ဆုံးကြ၏။
အကယ်၍ သူတို့ကို အကူအညီတောင်းဆိုလျှင် ထိုလူများ ရောက်လာဖို့ရာ အနည်းဆုံး တစ်လလောက် ကြာမြင့်ပေလိမ့်မည်။ အကယ်၍ မိုဝူကျိသာ ထိုအချိန်လေးအတွင်း ထွက်ပြေးသွားခဲ့လျှင် သူ မင်ချန်းက တာဝန်အပြည့် ယူရမည် ဖြစ်သည်။
“ ကွမ်ကျင်း လူသားဆေးလုံးအိမ်တော်ဆီ ဝင်သွားတဲ့အကြောင်းအရင်းက မီဖေးကုန်သည်အိမ်ာတော်အပေါ် ယုံကြည်မှု လျော့လာလို့ပဲ နေမယ်။ တာဝန်ခံရန် ... ဆေးလုံးဆရာမိုက ကွမ်ကျင်းကို ဧကရာဇ်ဆေးလုံး ပေးမယ်လို့များ ကတိပေးလိုက်တယ်လို့ ထင်လား ” မင်ချန်းက တည်ငြိမ်သွားပြီ ဖြစ်ရာ ကွမ်ကျင်း ဘက်ပြောင်းသွားသည့် အကြောင်းအရင်းကို စတင်၍ စဉ်းစားလာမိသည်။
ရန်ယူရွှေက ကွမ်ကျင်းသည် မီဖေးကုန်သည်အိမ်တော်မှ ထွက်သွားသည့် အကြောင်းအရင်းကို ကောင်းကောင်း သိပေသည်။ မင်ချန်း၏ မေးခွန်းကို သူမက တန်းဖြေလိုက်သည်
“ ခေါင်းဆောင် .... ကွမ်ကျင်းရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ဆိုရင် ဧကရာဇ်ဆေးလုံးတစ်လုံးနဲ့ မီဖေးကုန်သည်အိမ်တော်ကို သစ္စာဖောက်သွားနိုင်ပါတယ်။ တကယ်လို့ ကျမသာ မမှားရင် ကာကွယ်သူကွမ်က ဧကရာဇ်ဆေးလုံးကြောင့် ထွက်သွားတာပဲ နေမယ် ”
ရန်ယူရွှေက ကွမ်ကျင်းအပေါ်တွင် အမြင်ဆိုး မရှိပေ။ သူမက သူတို့နှစ်ယောက်လုံးမှာ ထိခိုက်နစ်နာသူများဟု ခံစားနေရသည်။ ကွမ်ကျင်းက မီးဖေးကုန်သည်အိမ်တော်အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသော်လည်း ဧကရာဇ် ဆေးလုံး ရရှိဖို့ရာ မဆိုထားနှင့် သူက စကြဝဠာနံရံမှ ကျင့်ကြံရေး အရင်းအမြစ်များ ရယူနေရခြင်း ဖြစ်၏။ ထိုပိုင်ဆိုင်မှုများကို မီဖေးကုန်သည်အိမ်တော်နောက်မှ ဧကရာဇ်အဆင့် အဆင့်မြင့် ကျင့်ကြံသူများ၏ ယူဆောင်သွားခြင်းကို ခံခဲ့ရသည်။ သူမက သူမကိုယ်သူမလည်း အတူတူ ခံစားမိပေသည်။ သူမက ထိုလူများအတွက် အစိမ်းရောင်ကျောက်များ ရရှိရန် ပစ္စည်းတစ်ခုမျှသာ ဖြစ်နေ၏။
မီဖေးကုန်သည်အိမ်တော်ဆီ ရောက်လာသော အကျိုးမြတ်များနှင့် သူတို့နှင့် မသက်ဆိုင်ပေ။ သူမကို ထည့်မပြောလျှင်ပင် မီဖေးကုန်သည်အိမ်တော် ခေါင်းဆောင် မင်ချန်းပင် ထိုအကျိုးမြတ်များမှ ပမာဏပိစိလေးသာ ရရှိပေသည်။
“အဲဒီ မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ်လား ” မင်ချန်းက ရန်ယူရွှေအား တအံ့တဩ ကြည့်ကာ မေးလိုက်သည်။ သူက မိုဝူကျိသည် ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ခန့်မှန်းမိသော်လည်း အများဆုံး အဆင့် ၈ ဆေးလုံးဧကရာဇ်ဟုသာ ထင်မှတ်မိခဲ့သည်။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ အဆင့် ၈ ဆေးလုံးဧကရာဇ် လစ်ဟာမနေသော်လည်း အဆင့် ၉ ဆေးလုံးဧကရာဇ်မှာမူ လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရပေသည်။ သို့သော်လည်း အဆင့် ၉ ဆေးလုံးဧကရာဇ်များမှာ ဆေးလုံး ဖော်စပ်ဖို့ရာ မလိုလားကြဘဲ သူတို့အချိန်အများစုကို ကျင့်ကြံရေး၌သာ မြှပ်နှံ့ထားကြသည်။
အဆင့် ၈ နှင့် အဆင့် ၉ ဆေးလုံးဧကရာဇ်များကို တစ်ဆင့်တည်း ကွာခြားချက် ရှိသည်ဟု မမြင်သင့်ပေ။ လက်တွေ့၌ ခြားနားချက်မှာ မိုးနှင်မြေလို ကွာခြားချက်ကြီးပြီး ၉၉ ရာခိုင်နှုန်းသော အဆင့် ၈ ဆေးလုံးဧကရာဇ်များက သူတို့ တစ်ဘဝလုံး ကြိုးစားလျှင်ပင် အဆင့် ၉ ဆေးလုံးဧကရာဇ်အဖြစ် မတက်လှမ်းနိုင်ကြပေ။ အကြောင်းမှာ သူတို့ဆေးလုံး၌ မိုးမြေ စွမ်းအားကို မပေါင်းစပ်နိုင်၍ ဖြစ်သည်။ ထို့ကြောင့် အဆင့် ၉ ဆေးလုံးဧကရာဇ်များမှာ မိုးမြေတာအိုအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်နေကြသည့် မဟာဧကရာဇ်များသာ ဖြစ်ကြသည်။
ရန်ယူရွှေက ခေါင်းခါကာ “ အဲလိုတော့ မဟုတ်လောက်ဘူး။ အဲဒီ မိုဝူကျိက အရမ်းငယ်သေးတယ်။ သူ့ကျင့်ကြံဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်တောင် ရောက်ဦးမှာ မဟုတ်ဘူး။ သူက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေတာတောင် ကောင်းကင်ဘုံကို တော်တော်သွေဖယ်နေပြီ။ သူ့ဧကရာဇ်ဆေးလုံးက တခြားနည်းလမ်းနဲ့ ရလာတာပဲ နေလိမ့်မယ်။ သူ့ရိုးရှင်းတဲ့ ဇာစ်မြစ်နဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်ကြောင့် ဧကရာဇ်ဆေးလုံးကို သုံးပြီးတော့ အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူကို သူ့ဘက် ပါအောင် လုပ်တာ ပုံမှန်ပါပဲ ”
မင်ချန်းက ခေါင်းညိတ်ကာ ထိုအရာမှာ မဖြစ်နိုင်ကြောင်း သိထားသည်။
မည်သည့် အဆင့် ၉ ဆေးလုံးဧကရာဇ်က ဂုဏ်သတင်းကျော်ကြားပြီး အများသိသည့် လူပုဂ္ဂိုလ် မဟုတ်လို့လဲ .....
မြို့ငယ်လေး၌ အဘယ်ကြောင့် ရှိနေမည်နည်း။ ဤသည်မှာ ကောင်းကင်ဘုံအလွန်မြို့လေး ဖြစ်သော်လည်း မဖြစ်နိုင်သေးပေ။
............…
နောက်ရက်ပိုင်းလေး၌ မိုဝူကျိက ဆေးလုံးများ အပြင်းအထန် ဖော်စပ်နေရင်း အစိမ်းရောင်ကျောက်များကို လက်ခံနေသည်။
ယခု သူက အဆင့် ၈ ပြိုင်ဖက်ကင်းအဆင့် ဆေးလုံးများ ဖော်စပ်နိုင်နေပြီ ဖြစ်ရာ အဆင့် ၉ ဆေးလုံး ဖော်စပ်ကြည့်ဖို့ အချိန်အခါကောင်း ဖြစ်၏။
မိုဝူကျိ၏ ယခင်အတွေးများအရ သူ့လူသားတာအို၊ ဆေးလုံးတာအို၊ မြောက်များစွာသော ထိပ်တန်းအဆင့် ဆေးပင်များဖြင့် သူက အဆင့် ၉ ဆေးလုံးကို ဖော်စပ်ဖို့ရာ အကြိမ်ရေ အနည်းငယ်ခန့်သာ လိုအပ်လောက်မည်ဟု တွေးထင်ထားခဲ့သည်။
သို့သော် ၁၇ ကြိမ်တိုင် ဆက်တိုက် ကျရှုံးပြီးနောက် သူ မှားယွင်းနေကြောင်း နားလည်သွားသည်။ ကြည့်ရသည်မှာ အဆင့် ၉ ဆေးလုံး ဖော်စပ်ခြင်းမှာ အဆင့် ၈ ဆေးလုံး ဖော်စပ်ခြင်းလို မဟုတ်ဘဲ များများလေ့ကျင့်ရုံလောက် မရိုးရှင်းပေ။
သူက ပစ္စည်းများစွာ ရရှိထားသော်လည်း အကုန်ပြောင်းသွားလေပြီ။ အဓိက အရာမှာ သူ့တွင် ဆက်လေ့ကျင့်ဖို့ အဆင့် ၉ အင်မော်တယ်ဆေးပင်များ မရှိတော့ပေ။
မိုဝူကျိက အဆင့် ၉ ဆေးလုံးများကို ဆက်လက် မဖော်စပ်တော့ပေ။ သူက သူ့ဆေးလုံးတာအိုနှင့် ပတ်သတ်ပြီး တစ်ခုခု ပြဿနာ ရှိလိုက်မှန်း သံသယ ဝင်လာမိသည်။ အကြောင်းမှာ ယခင် ခုနှစ်ကြိမ်လုံးမှာ ဆေးလုံးဖြစ်တည်ခြင်းအဆင့်မှာ ကျရှုံးခဲ့၍ ဖြစ်သည်။ သူ့ဆီတွင် ဆရာမရှိသည်က ကံဆိုးလှပေသည်။ အကယ်၍ သူ့တွင် အဆင့် ၉ ဆေးလုံးဧကရာဇ်တစ်ယောက် ဆရာအဖြစ် ရှိနေလျှင် မိုဝူကျိက သူ့ပြဿနာမှာ အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း တွေးလိုက်မိ၏။
သုံးရက်လုံးလုံး အဖြေရှာပြီးနောက်တွင်ပင် မိုဝူကျိက ဖြေရှင်းနည်းကို မရှာနိုင်သေးပေ။ သူ့အမြင်အရ သူ့လက်ဟန်နှင့် နည်းစနစ်များတွင် ပြဿနာ ရှိမနေချေ။ တစ်ခုတည်းသော ပြဿနာမှာ ဆေးလုံးများ မဖြစ်တည်လာခြင်း ဖြစ်၏။
ကောင်းကင်ဆိတ်ငြိမ်မြက် အပါအဝင် အင်မော်တယ် ဆေးဆယ်ပင်ကို ထုတ်ယူပြီးနောက် မိုဝူကျိက ဆေးမီးဖိုကို သန့်စင်လိုက်သည်။ သူက ဆိတ်ငြိမ်မှုန့် ဆေးလုံးကို ဆက်လက် ဖော်စပ်ကြည့်မည် ဖြစ်သည်။
မိုဝူကျိ၏ အမြင်အရ လက်တွေ့ လေ့ကျင့်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။ သူက အကြောင်းအရင်းများမှ ဖြေရှင်းနည်းကို မရှာထုတ်နိုင်သည့်အတွက် လက်တွေ့လုပ်ဆောင်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ဆိတ်ငြိမ်မှုန့် ဆေးလုံးမှာ အဆင့် ၉ ကုသဆေးလုံး ဖြစ်၏။ ထိုဆေးလုံးမှာ ကောင်းကင်ဘုံအလွန်မြို့၌ အဖိုးတန်ဆုံး ဆေးလုံးအဖြစ် မှတ်ယူ၍ ရပေသည်။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ တိုက်ပွဲများက ဆက်တိုက် ဖြစ်ပွားနေလေရာ အဆင့် ၉ ကုသဆေးလုံး၏ တန်ဖိုးမှာ တိုင်းတာ၍ပင် မရပေ။
မိုဝူကျိက ပါဝင်ပစ္စည်းများကို မြန်မြန် သန့်စင်လိုက်သည်။ သူက ဆေးလုံးတာအိုကို လျှောက်လှမ်းစဉ်ကတည်းမှ သူ့နည်းလမ်းများမှာ သာမာန်လက်ဟန်၊ နည်းစနစ်များကို ကျော်လွန်၍ ဖြစ်တည်လာပြီးသား ဖြစ်၏။ သူ့ဆေးလုံးတာအိုမှာ ဆေးမီးဖိုအတွင်းမှ ဝိညာဉ်စွမ်းအားအမျှင်နှင့် စွမ်းအားများကို စိတ်စွမ်းအား ထိန်းချုပ်မှုဖြင့် လုပ်နိုင်သည့် အနေအထားသို့ ရောက်နေလေပြီ။
မိုဝူကျိက ဆေးလုံးများ စုဆောင်းဖို့ရာ တစ်နာရီမျှ ကြာမြင့်သော်လည်း နှစ်နာရီ အချိန်ယူရန် ဆုံးဖြတ်လိုက်သည်။
သူ့ကျရှုံးမှုများမှာ ဆေးလုံးကို ယူပြီးသည့်အချိန်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခင် အမှားများမှ သင်ယူထားပြီး သူက ဆေးအဆီအနှစ်များကို အတင်းကျပ် ပေါင်းစပ်ဖို့ရာ အာကာပြင် ချုပ်နှောင်မှုကို ထုတ်သုံးလိုက်သည်။
“ ခွမ်း ...” နောက်ထပ် ဆေးတစ်လုံး ကြေမွသွားပြန်၏။
ယခင်နှင့် ခြားနားသွားသည်မှာ မိုဝူကျိက အဆင့် ၉ အင်မာ်တယ် ဆေးလုံး တစ်လုံး အရယူနိုင်လိုက်ခြင်း ဖြစ်သည်။
မိုဝူကျိ လက်အတွင်း၌ ဆိတ်ငြိမ်မှုန့် ဆေးလုံးမှာ ဆေးစွမ်းအား ကင်းမဲ့နေပြီး ဝိညာဉ်စွမ်းအားသာ ထုတ်လွှင့်နေသည်။ သိသာလှစွာ အမှိုက်ဆေးလုံးသာ ဖြစ်နေ၏။
မိုဝူကျိက ထိုအမှိုက်ဆေးလုံးအား သေချာကြည့်ကာ ဆက်၍ ဖော်စပ်ကြည့်ရဦးမည်လား မသိတော့ပေ။
တစ်ရက်ကြာပြီးနောက် မိုဝူကျိက တစ်ခုခု တွေ့ရှိသွားဟန် ပေါ်၏။ သူက ရုတ်တရက် ရေရွှတ်လိုက်သည် “ အကြောင်းအရင်းကို သိသွားပြီ ”
အဆင့် ၉ အင်မော်တယ်ဆေးလုံးမှာ မိုးမြေတာအိုများကို လှုံ့ဆော်ပေးသော ဆေးလုံး ဖြစ်ပေသည်။ သာမာန်နည်းလမ်းဖြင့် သူက ဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားကြည့်လျှင်ပင် တာအိုအငွေ့အသက် လိုအပ်နေပေလိမ့်မည်။ ပြောရမည်ဆိုလျှင် စည်းမျည်းမရှိသော ဆေးလုံးတစ်လုံးမျှသာ ဖြစ်နေသည်။ အဆင့် ၉ အင်မော်တယ်ဆေးလုံးမှာ မိုးမြေ တာအိုစည်းမျည်းကို ခြုံငုံထားနိုင်စွမ်း ရှိရမည်။ တာအိုစည်းမျည်းကို ထည့်သွင်းပေါင်းစပ်ခြင်းကသာ အဆင့် ၉ ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်။
မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ အကယ်၍ သူသာ လူသားတာအို၏ ရှေးဦးဖန်တီးသူ မဟုတ်ခဲ့လျှင် အဆင့် ၉ ဆေးလုံးအား လက်လျော့လိုက်ရလိမ့်မည်။ အကြောင်းမှာ ဆက်၍ လေ့ကျင့်နေခြင်းက အဆင့် ၉ ဆေးပင်များကို ဖြုန်းတီးပစ်နေခြင်းသာ ဖြစ်ပေသည်။
အဆင့် ၉ အင်မော်တယ်ဆေးလုံးများကို အင်မော်တယ် ဧကရာဇ်များ ဖော်စပ်နိုင်ခြင်းမှာ သူတို့က တာအိုကို သဘောပေါက်နားလည်ထားပြီးပြီ ဖြစ်ရာ မိုးမြေ စည်းမျည်းကို ထည့်သွင်းပေါင်းစပ်နိုင်သောကြောင့် ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူက အင်မော်တယ်ဆေးလုံးဆီ တာအိုစည်းမျည်းများကို မပေါင်းစပ်ခင် ထိုစည်းမျည်းများအကြောင်း အသိဉာဏ်ပွင့်ရမည်။ ထို့အပြင် အဆင့် ၉ ဆေးလုံးဧကရာဇ်များပင် ခြားနားသော အဆင့် ၉ ဆေးလုံးများကို ဖော်စပ်ကြသည်။ ခြားနားသော ဆေးလုံးဧကရာဇ်များက မတူညီသော အဆင့်နှင့် အာနိသင်ဆေးလုံးများကို ဖော်စပ်ကြသည်။
သူ မိုဝူကျိက အင်မော်တယ် ဧကရာဇ် တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ထိုသဘောတရားကို ယခင်က နားမလည်ခဲ့ပေ။ အကယ်၍ သူသာ အာကာပြင် ချုပ်နှောင်မှုကို အတင်းကျပ် ထုတ်မသုံးခဲ့လျှင် ထိုသဘောတရားကို နားလည်လာမည် မဟုတ်ချေ။
သူက အင်မော်တယ် ဧကရာဇ် တစ်ယောက် မဟုတ်သော်လည်း အင်မော်တယ် ဧကရာဇ်များပင် မယှဉ်နိုင်သည့် တာအို ဘိုးဘေးတည်ထောင်သူ ဖြစ်နေသည်။ အစကတည်းမှ သူ့တာအိုမှာ မိုးမြေစည်းမျည်းများအတွင်း ကိုယ်ပိုင် လမ်းကြောင်း ရှာဖွေရခြင်း ဖြစ်၏။ အဆင့် ၉ ဆေးလုံးဧကရာဇ်များက မိုးမြေတာအို သဘောတရားများကို ပေါင်းစပ်နိုင်သောကြောင့် သူသည်လည်း အဆင့် ၉ ဆေးလုံးဆီ လူသားတာအိုကို ပေါင်းစပ်ပစ်လိုက်မည်။
ထိုသဘောတရားကို နားလည်ပြီးနောက် မိုဝူကျိက နောက်ထပ် ဆေးဖော်စပ်ကြည့်ဖို့ရာ တုံ့ဆိုင်းမနေတော့ပေ။ သူ့အမြန်ဆုံးနှုန်းဖြင့် ပါဝင်ပစ္စည်းများကို သန့်စင်လိုက်ပြီး ဆေးအဆီအနှစ်များကို ပေါင်းစပ်လိုက်သည်။
***