အခန်း (၂၄၅) - စိုက်ပျိုးရေးပါရမီ
Vol. 17 Ch. 245
အခန်း (၂၄၅) - စိုက်ပျိုးရေးပါရမီ
အင်မော်တယ်ကျင့်ကြံခြင်းလောကနှင့် သာမန်လောကတို့က ဘုံလောကချင်း မတူကြပါ။ လောက နှစ်ခုက စာရွက်တစ်ရွက်၏ စာမျက်နှာ နှစ်ဖက်လိုပင်။ သာမန်လောကက အရှေ့ဘက် ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံခြင်းလောကက အနောက်ဘက် ဖြစ်ပါသည်။
လောက နှစ်ခုက မဆက်သွယ်ထားဘဲ အထူး လမ်းတချို့ဖြင့်သာ ဆက်သွယ်နိုင်ပါသည်။
လုတုန်ချမ်း၏ စကားများမှ ယဲ့ရှောင်ချန်း အများကြီး ခန့်မှန်းမိပါသည်။
ဟိုးအရင်တုန်းက လောကနှစ်ခုက ဆက်သွယ်ထားသည်။ သို့သော် ဘေးမဲ့ခေတ်သို့ ရောက်ရှိလာသောအခါ အင်မော်တယ်ကျင့်ကြံခြင်းလောကက ထိခိုက်မှု ရှိလာခဲ့၏။
ထိခိုက်မှုကို လျှော့ချပြစ်ဖို့အတွက် အင်မော်တယ်ကျင့်ကြံခြင်းလောကက အင်မော်တယ်ကျင့်ကြံခြင်းလောကနှင့် သာမန်လောကတို့၏ အကြားက အဆက်အသွယ်နှင့် လမ်းကြောင်းတို့ကို လုံးဝ ဖြတ်တောက် ချိပ်ပိတ်ခဲ့ပါသည်။
ဒါက လွန်ခဲ့သော နှစ်ရာပေါင်းအနည်းငယ်က ရာဇဝင်နှင့် ဒဏ္ဍာရီများတွင်သာ တည်ရှိခဲ့သည့် သမိုင်းကြောင်းများဖြစ်ပါသည်။
"ဒါဆို မင်းက ဘာလို့ သာမန်လောကကို လာခဲ့တာလဲ။"
ယဲ့ရှောင်ချန်းက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
"အင်မော်တယ်ကျင့်ကြံခြင်းလောကက အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲကို စခဲ့ပြီး ငါကံကောင်းလို့ အရွေးခံခဲ့ရတယ်။"
လုတုန်ချမ်းက ဘာမှ ဖုံးကွယ်မထားဘဲ အမှန်တိုင်း ပြောလိုက်ပါသည်။
"ဒါဆို မင်းအပြင် တခြားသူတွေ ရှိသေးတယ်ပေါ့။"
ယဲ့ရှောင်ချန်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ပါသည်။
အင်မော်တယ်ကျင့်ကြံခြင်းလောကက သာမန်လောကနှင့် ဆက်သွယ်နေခြင်း မရှိပါက သူ့အနာဂတ် အစီအစဥ်များနှင့် သူ့အပေါ် ထိခိုက်မှုများ လျော့ကျသွားပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် အင်မော်တယ်ကျင့်ကြံခြင်းလောကတွင် သာမန်ထက်ထူးကဲသည့် စွမ်းအားများကို ကျွမ်းကျင်တတ်မြောက်ထားကြပြီး သူ့အစီအစဥ်များအား အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်ပါသည်။
ထိုအခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အန္တရာယ်ကတော့ သိပ်ပြီး မကြီးလှပါ။ သာမန်လောက၏ နည်းပညာ စွမ်းအားဖြင့်ပင် သူတို့အား ဖိနှိပ်ဖို့ လုံလောက်ကာ သူတို့အား အလောတကြီး ပြုမူနိုင်စေမည် မဟုတ်ပေ။
"ဟုတ်တယ် ၃၅ ယောက် ရှိတယ်။ ဒါပေမယ့် ထွက်လာတော့ အားလုံး လူစုကွဲသွားကြတယ်။"
လုတုန်ချမ်းက ရှက်ရွံ့သလိုလိုဖြင့် ပြောလိုက်သည်။ "မစ်စတာယဲ့ ငါ့မှာ အတင့်ရဲတဲ့ တောင်းဆိုစရာ တစ်ခု ရှိပါတယ်။ မင်းလက်ခံနိုင်မယ်လို့ မျှော်လင့်မိတယ်။"
"ဘယ်လို အတင့်ရဲတဲ့ တောင်းဆိုမှုလဲ။"
ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို သဘောကျနေသည်။ ထို့ကြောင့်ချက်ချင်း သိမ်မွေ့စွာ ပြောလိုက်ပါသည်။
"မင်းရဲ့ စိုက်ပျိုးရေးခြံမှာ ငါ့ကျင့်ကြံလို့ ရမလား။ ဒီက ဝိညာဥ်ချီ အရည်အသွေးက အရမ်းမြင့်တယ်။ ငါသာ ဒီမှာ ကျင့်ကြံမယ်ဆိုရင် ချီစွမ်းအင် သန့်စင်ခြင်းအဆင့်အထိကို ထိုးဖောက်သွားနိုင်တယ်။ မစ်စတာယဲ့။ ဒီတောင်းဆိုချက်က အရမ်းလွန်တယ်ဆိုတာ သိပေမယ့် ငါ့ဘဝကို ချိုးဖောက်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက် မို့လို့ပါ။ ဒီ့အတွက် ငါတတ်နိုင်တဲ့ ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ အသင့်ပါပဲ။"
လုတုန်ချမ်းက အမြန်ပြောလိုက်သည်။
ယဲ့ရှောင်ချန်း ငြင်းလိုက်မည်ကို သူ စိုးရိမ်နေပါသည်။
သူ့ပါရမီအထုံက နိမ့်လွန်း၏။ အင်မော်တယ်ကျင့်ကြံခြင်းလောကတွင်တောင် သူ့မိသားစုနှင့် ဂိုဏ်းတို့က အကန့်အသတ်မဲ့ ရင်းမြစ်များနှင့် မထောက်ပံ့လျှင် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ ခက်ခဲလှပါသည်။
သို့သော်လည်း မဖြစ်နိုင်ပါ။
ယခု သူ သာမန်လောကတွင် ရောက်နေပြီ ဖြစ်သဖြင့် အဆင့်တက်ဖို့ ပို၍ပင် ခက်ခဲနေပါပြီ။ သူ့တွင် ဝိညာဥ်ပုံဆောင်ခဲများ ရှိသော်လည်း သူ့မှော်စွမ်းအင်ကို ပြန်ဖြည့်စွမ်းဖို့သာ ကူညီနိုင်ပါသည်။
ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားသွား၏။ လုတုန်ချမ်းကို အကဲခတ်ကြည့်လိုက်ပြီး သူ ညာနေတာ မဟုတ်မှန်း ပြောနိုင်သည်။
"လုတုန်ချမ်း ငါ့စိုက်ပျိုးရေးခြံထဲက ဝိညာဥ်စွမ်းအင်က အရမ်း မများတာ မင်း သိသင့်တယ်။ မင်းရဲ့ ကျင့်ကြံမှုကို အပြည့်အဝ ထောက်ပံ့ပေးဖို့က မဖြစ်နိုင်ဘူး။"
ယဲ့ရှောင်ချန်းက ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်ပါသည်။
"မစ်စတာယဲ့ စိတ်မပူပါနဲ့။ တစ်ရက်ကို ငါ တစ်နာရီပဲ ကျင့်ကြံဖို့လိုတာပါ။ ငါ ဝိညာဥ်ချီတွေ အများကြီး သုံးဖို့ မလိုပါဘူး။"
လုတုန်ချမ်းက အမြန်ပြောလိုက်၏။
အဆင့်မြင်ဝိညာဥ်စွမ်းအင် အများကြီး မသုံးနိုင်တာတော့ အမှန်ပဲ ဖြစ်သည်။ အရမ်းများလွန်းပါက သူ မချေဖျက်နိုင် ဖြစ်သွားလိမ့်မည်။
အစားအစာ စားသောက်ခြင်းလိုပင်။ စွမ်းအင်က များလွန်းပါက အများကြီး စားလျှင် အစာမကြေမှုကို ဖြစ်ပေါ်စေပါသည်။
ကျင့်ကြံခြင်းလည်း ထိုနည်းလည်းကောင်း ဖြစ်၏။
အမှန်ပင်။ ကျင့်ကြံခြင်း နည်းလမ်း အဆင့်က မြင့်ပါက ခြားနားနိုင်ပါသည်။
ယဲ့ရှောင်ချန်းလည်း ဒါကိုသိသည်။
"မင်းရဲ့ တောင်းဆိုမှုကို လက်ခံဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါလည်း တောင်းဆိုစရာ ရှိတယ်။"
ယဲ့ရှောင်ချန်း ပြောလိုက်၏။
"မစ်စတာယဲ့ ပြောပါ။"
လုတုန်ချမ်းက သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပါ။ သူ့မျက်နှာက ထိုစိတ်လှုပ်ရှားမှုကို ပြသနေ၏။
"ငါနဲ့ အင်မော်တယ်စာချုပ်တစ်ခု ချုပ်ရမယ်။"
ယဲ့ရှောင်ချန်းက အရောင်မျိုးစုံဖြင့် တောက်ပနေသည့် ထူးထူးဆန်းဆန်း ကျောက်စိမ်း အဆောင်ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
ဒါက ယဲ့ရှောင်ချန်း အင်မော်တယ်ယွမ် ၁၀၀ ကျော်ဖြင့် ဝယ်ခဲ့သည့် အဆင့်နိမ့် အင်မော်တယ်စာချုပ် ဖြစ်ပါသည်။
အင်မော်တယ် သဘောတူ စာချုပ် ချုပ်ဆိုဖို့ အဓိက အသုံးပြု၏။ နှစ်ဦးနှစ်ဖက် သဘောတူလိုက်ပါက ချိုးဖောက်လို့ မရတော့ပါ။
လုတုန်ချမ်းက ထိုကျောက်စိမ်းအဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့အာရုံထဲတွင် ရုတ်တရက် တစ်စုံတစ်ခု ပေါ်လာ၏။ အင်မော်တယ်စာချုပ်မှ အချက်အလက်များ ဖြစ်ပါသည်။
အဓိက အချက် များစွာ ရှိ၏။
ပထမဆုံး စိုက်ပျိုးရေးခြံနှင့် ယဲ့ရှောင်ချန်း၏ အခြေအနေကို မည်သူ့ကိုမှ ထုတ်ပြောလို့ မရပါ။
ဒုတိယအနေဖြင့် အင်မော်တယ်စာချုပ်သက်တမ်းကာလတွင် သူ့ဆန္ဒများကို မဖောက်ဖျက်ပါက ယဲ့ရှောင်ချန်း၏ စီစဥ်မှုများကို သူနာခံရမည်။
တတိယအနေဖြင့် ယဲ့ရှောင်ချန်း အန္တရာယ် ဖြစ်စေမည့် ဘာကိစ္စကိုမဆို မဆောင်ရွက်ဖို့ ဖြစ်သည်။
စတုတ္ထအနေဖြင့် အင်မော်တယ်စာချုပ် သက်တမ်းအတွင်း လုတုန်ချမ်းက စိုက်ပျိုးရေးခြံတွင် ကျင့်ကြံနိုင်၏။ သို့သော် စိုက်ပျိုးရေးခြံလုပ်ငန်းများကို မစွက်ဖက်ရပါ။
ပဥ္စမအနေဖြင့် အင်မော်တယ်စာချုပ်က သုံးနှစ် သက်တမ်း ရှိပါသည်။
ဖတ်ပြီးသွားသောအခါ လုတုန်ချမ်း ဘာမှ တွန့်ဆုတ်မနေဘဲ လက်မှတ်ထိုးလိုက်ပါသည်။
အင်မော်တယ်စာချုပ် သက်တမ်းကာလအတွင်း ယဲ့ရှောင်ချန်း၏ စီစဥ်မှုများကို နာခံရမည်ဆိုသော်လည်း သူ့အမြင်တွင်တော့ သူ ချီသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ပါက ဘာဖြစ်ဖြစ် တန်ပါသည်။
ထို့အပြင် ယဲ့ရှောင်ချန်းကလည်း သူ့ဆန္ဒကို ထိခိုက်သည့် အရာများကို အတင်းအကြပ် လုပ်ခိုင်းလို့ မရပါ။
ဒီလိုဆို သူက ငှားရမ်းခံရသည့်သဘောသာ ဖြစ်ပြီး ကျေးကျွန် ဖြစ်မသွားပါ။
အင်မော်တယ်စာချုပ်အား ချုပ်ဆိုပြီးသွားသောအခါ ကျောက်စိမ်းအဆောင်က ရုတ်တရက် ကွဲထွက်သွားပြီး အလင်းလုံးတစ်လုံး အဖြစ်ပြောင်းလဲကာ နှစ်ခြမ်း ကွဲသွား၏။ ထို့နောက် သူတို့နှစ်ယောက်၏ မျက်ခုံးအကြားတွင် ပျောက်ကွယ်သွားလေသည်။
ရုတ်တရက် သူတို့စိတ်ထဲ၌ အင်မော်တယ်စာချုပ်၏ ပုံရိပ်ပေါ်လာသည်။
လုတုန်ချန်း ရင်တုန်သွား၏။ ဒီလို မှော်အင်မော်တယ်စာချုပ်မျိုးက ကျင့်ကြံလောကတွင် မရှိနိုင်ပါ။
သူ ချိုးဖောက်မိပါက ဒီအင်မော်တယ်စာချုပ်က အလွန် ကြောက်ဖို့ ကောင်းလာလိမ့်မည်ဟု ခံစားနေမိပါသည်။
"ဟားဟား လုတုန်ချမ်း။ အခုချိန်ကစပြီး မင်းကို တုန်လေးလို့ပဲ ခေါ်တော့မယ်။"
ယဲ့ရှောင်ချန်း ပြုံးလိုက်၏။
လုတုန်ချမ်း၏ မျက်နှာကတော့ တည်သွား၏။ တုန်လေးတဲ့လား။ ဒီလိုခေါ်တာ အရမ်းရင်းနှီးနေသလို ဖြစ်မနေဘူးလား။
သူ မငြင်းနိုင်ပါ။ ဒါက သူ့ဆန္ဒကို ထိခိုက်သည့် အရာ မဟုတ်ပေ။
ချက်ချင်း စိတ်ပျက်လက်ပျက်နှင့် သဘောတူလိုက်ရပါသည်။
"ဟားဟား တုန်လေး။ တကယ်တော့ မင်းရဲ့ ပါရမီကို သုံးပြီး ဓားသိုင်းကျင့်တာက နှမြောဖို့ ကောင်းတယ်လို့ ငါတော့ ထင်တယ်။"
ယဲ့ရှောင်ချန်းက ဖော်ရွေလာ၏။ ပြုမူပုံကလည်း အရင်ကနှင့် မတူတော့ပါ။
အင်မော်တယ်စာချုပ်ကို ချုပ်ဆိုပြီးသဖြင့် လုတုန်ချမ်းက သူ့အတွက် အန္တရာယ် မဟုတ်တော့ပေ။
"ဟင် မစ်စတာ ယဲ့ရှောင်ချန်း။ ငါ့ပါရမီက ညံ့လွန်းပါတယ်။ ပြီးတော့ ဓားသိုင်းကျင့်ဖို့တောင် မသင့်တော်ဘူး။ ငါ့ပန်းတိုင်က တာအိုလမ်းစဥ်ကို လိုက်ပြီး ထာဝရရှင်သန်နိုင်ဖို့ပဲ။ နှစ်တစ်ရာလောက်နဲ့ အရိုးစု ဖြစ်မလာချင်ဘူး။"
လုတုန်ချမ်းက လှည့်ဖျားသော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
ယဲ့ရှောင်ချန်း သူ့ပါရမီကို ညံ့သည်ဟု မြင်နေသည်ဟု သူ ထင်မိသည်။
"ပါရမီက ညံ့တယ် ဟုတ်လား။ ဘယ်သူပြောလဲ။ မင်းက ဓားသိုင်းကျင့်ဖို့ မသင့်တော်ပေမယ့် တခြား တစ်ခုခု လုပ်လို့ ရပါတယ်။"
ယဲ့ရှောင်ချန်းက အပြုံးဖြင့် ပြောလိုက်၏။
လုတုန်ချမ်း သူ့ဆိုလိုရင်းအား နားမလည်မှန်း သူ သိပါသည်။
"တခြား လုပ်စရာ ဟုတ်လား။ ငါက ဓားသိုင်း ကျင့်တာအပြင် ဘာလုပ်လို့ ရသေးလို့လဲ။"
လုတုန်ချမ်း ကြက်သေ သေသွားသည်။ သူ့ခေါင်းထဲတွင်လည်း ဇဝေဇဝါ ဖြစ်နေ၏။
"မင်းက စိုက်ပျိုးရေးမှာ အရမ်း ပါရမီပါတာ မသိဘူးလားကွ။"
ယဲ့ရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။
"တကယ်လား။"
လုတုန်ချမ်း အံ့အားသင့်စွာ ပြောလိုက်သည်။
"မင်း ပါရမီကို မစမ်းသပ်ရသေးဘူးလား။"
ယဲ့ရှောင်ချန်းက စိတ်ဝင်စားစွာ မေးလိုက်သည်။
"စမ်းသပ်ပြီးပါပြီ။ လူသားအဆင့် ၁၀ ဝိညာဥ်အခြေခံအုတ်မြင့်အဆင့်ပဲရှိတယ်။"
လုတုန်ချမ်း၏ မျက်နှာတွင် ဝမ်းနည်းသည့် အရိပ်အယောင် ပေါ်လာ၏။
ပါရမီက သူ့အကြီးမားဆုံးနောင်တဖြစ်ပါသည်။
"လူသားအဆင့် ၁၀ ဟုတ်လား။"
ယဲ့ရှောင်ချန်းက အံ့အားသင့်စွာ ပြောလိုက်သည်။ "ပါရမီတွေက အဝါရောင်၊ အနက်ရောင်၊ ကမ္ဘာမြေ၊ ကောင်းကင်ဘုံဆိုပြီး လေးဆင့်ပဲရှိတာမဟုတ်ဘူးလား။ ပြီးတော့ တစ်ဆင့်ဆီမှာ အဆင့် ၁၀ ခုစီ ရှိတယ်လေ။ လူသားအဆင့်ဆိုတာ ဘာလဲ။"
"လူသားအဆင့် ၁၀ဆိုတာ ဝိညာဥ်အခြေခံအုတ်မြစ် အားနည်းလွန်းတဲ့ လူတွေအတွက်ပါ။ ပြောရမယ်ဆို လူသားအဆင့် ၃ အောက် နိမ့်ရင် ကျင့်ကြံဖို့ ပါရမီ ပါမလာဘူးလို့ သဘောရတယ်။ လူသားအဆင့် ၄ ကနေ ၆ အထိက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မရောက်နိုင်ဘူး။ သိုင်းပညာတွေပဲ ကျင့်ကြံနိုင်တယ်။ လူသားအဆင့် ၇ ကနေ ၁၀ အထိကသာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်တယ်။ ဒါပေမယ့် ချီစွမ်းအင် ကျင့်ကြံဖို့ မျှော်လင့်ချက် မရှိဘူး။"
လုတုန်ချမ်း ရှင်းပြလိုက်ပါသည်။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်၏။ ဒီလိုကိုး။
ထို့ကြောင့်လည်း ကျင့်ကြံမှု ပါရမီ ညံ့သော်လည်း လုတုန်ချမ်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်အထိ ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။
ကံမကောင်းစွာဖြင့် လုတုန်ချမ်း ဦးတည်ချက် မှားယွင်းခဲ့သည်။
"တုန်လေး ကျင့်ကြံခြင်းလောကက တခြား ပါရမီတွေကိုကော မစမ်းသပ်ဘူးလားကွ။ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ အဂ္ဂိရတ်ပညာ၊ သန့်စင်ခြင်း စတာတွေပေါ့။"
ယဲ့ရှောင်ချန်း စိတ်ဝင်စားစွာ မေးလိုက်သည်။
"မစမ်းသပ်ဘူး။ ဝိညာဥ်အခြေခံအုတ်မြစ်ပဲ စမ်းသပ်လို့ ရတယ်။"
လုတုန်ချမ်း ခေါင်းခါလိုက်ပါသည်။
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်ပါသည်။
ကြည့်ရတာ ကျင့်ကြံခြင်းလောကကလည်း အားနည်းနေလွန်းဆဲဖြစ်ပုံပေါ်သည်။ ကျင့်ကြံခြင်းပါရမီကိုသာ စမ်းသပ်နိုင်ကြပြီး တခြားနယ်ပယ်များတွင် မတော်ကြပေ။ ဘာတွေဖြစ်နေသလဲ သူ မသိတော့ပါ။
အဲ့ဒီနယ်ပယ်တွေကို တန်ဖိုးမထားကြတာလား။ ဒါမှမဟုတ် စမ်းသပ်ဖို့ နည်းလမ်း မရှိကြတာလား။
"ဟဲဟဲ လုတုန်ချမ်း မင်းရဲ့ ပါရမီတွေအကြောင်း ငါပြောပြမယ်။ မင်းခုနက ပြောလိုက်တဲ့ ဝိညာဥ်အုတ်မြစ်ဆိုတဲ့ ကျင့်ကြံခြင်း ပါရမီအပြင် စိုက်ပျိုးရေးပါရမီ၊ အဂ္ဂိရတ်ပါရမီ၊ အဆောင်ပါရမီ၊ အခင်းအကျင်းပါရမီစတာတွေလည်း ရှိသေးတယ်။ မင်းကို ဂုဏ်ပြုရဦးမယ်။ မင်းမှာ စိုက်ပျိုးရေးပါရမီ ရှိတယ်။ ပြီးတော့ မဆိုးဘူး။"
ယဲ့ရှောင်ချန်း ပြုံးလိုက်ပါသည်။
စိုက်ပျိုးရေးပါရမီလား။
လုတုန်ချမ်း အနည်းငယ် ကြောင်သွားသည်။ သို့သော်လည်း ဘာမှ မသိသဖြင့် ပြောလိုက်၏။
"ကျင့်ကြံခြင်းလောကမှာ ဝိညာဥ်အပင်မျိုးစုံ စိုက်ပျိုးရေးကို အထူးပြုတဲ့ ဝိညာဥ် စိုက်ပျိုးရေးသမား အများကြီး ရှိတယ်။ မင်း ခုနက ပြောလိုက်တဲ့ စိုက်ပျိုးရေးပါရမီဆိုတာ မဟုတ်မှလွဲရော ဝိညာဥ် စိုက်ပျိုးရေးသမားတစ်ယောက် ဖြစ်လာဖို့ ပြောတာလား။"
"မဟုတ်ဘူး မင်းထင်သလိုမဟုတ်ဘူး။ ဘာခြားနားသလဲဆိုတာ အချိန်တိုအတွင်း ငါရှင်းပြလို့မရဘူး။ ငါအသေအချာပြောနိုင်တာကတော့ အင်မော်တယ် စိုက်ပျိုးရေးသမားတစ်ယောက်ရဲ့ လမ်းကို လျှောက်မယ်ဆိုရင် မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ဓားသိုင်း ကျင့်ကြံသူတစ်ယောက် လုပ်တာထက် အများကြီး ပိုကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွမ်းကျင်အဆင့် ၅ စိုက်ပျိုးရေးပါရမီဆိုတာ နည်းတဲ့ပါရမီမှ မဟုတ်တာ။"
ယဲ့ရှောင်ချန်း ပြုံးလိုက်ပါသည်။
လုတုန်ချမ်းက စိုက်ပျိုးရေးခြံတွင် ကျင့်ကြံခွင့် ပေးလိုက်ရသည့် အကြောင်းအရင်းကလည်း ထိုကျွမ်းကျင်အဆင့် ၅ စိုက်ပျိုးရေးပါရမီကြောင့် ဖြစ်ပါသည်။
လုံတုန်ချမ်း ကြက်သေ သေသွားသည်။
ကျွမ်းကျင်အဆင့် ၅ စိုက်ပျိုးရေးပါရမီ ဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် ပညာရှင်ထဲက ပညာရှင် ဖြစ်ပါသည်။ သူ့ လုမျိုးရိုးတွင် ရတနာတစ်ပါးလို ပျိုးထောင်ခံခဲ့ရသည့် ကျွမ်းကျင်အဆင့် ၃ ကျင့်ကြံ ပညာရှင်တစ်ဦး ရှိခဲ့၏။ သူ့ထက်ငယ်သော်လည်း ချီသန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်၏။ ဗဟို ဖန်တီးခြင်း အဆင့်ဝင်ပေါက်သို့ ရောက်တော့မည်ဟုပင် ပြောကြသည်။
သို့သော်လည်း ဒီလို ကျွမ်းကျင် အဆင့် ၅ စိုက်ပျိုးရေးပါရမီကို ဘယ်လိုတောင် သုံးလို့ ရမလဲ။။
ဒီအကြောင်းအရာကို သူ နားလည်ထားသည့်ပုံအရဆို ကျင့်ကြံခြင်း ပါရမီသာ ရှိသည်။ ဝိညာဥ်စိုက်ပျိုးရေးသမားများနှင့် ဥယျာဥ်မှူးများက အားလုံး အဆင့်နိမ့်အလုပ်များ ဖြစ်ကြသည်။
လုတုန်ချမ်း၏ မျက်နှာကို ယဲ့ရှောင်ချန်း မြင်လိုက်ပြီး အချိန်တိုအတွင်း သူ လက်ခံနိုင်မှာ မဟုတ်တာကို သိလိုက်ပါသည်။
အရေးမကြီးပါ။ သူ့လို ပါရမီရှင်တစ်ယောက်ကို သူ သေသေချာချာ ပျိုးထောင်ရပါမည်။
ဘာပဲဖြစ်ဖြစ် လောလောဆယ် သူ့လက်အောက်က ပါရမီရှင် အရေအတွက် နည်းလွန်းနေသေးသည် မဟုတ်ပါလား။