အခန်း (၂၄၆) - နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ
Vol. 17 Ch. 246
အခန်း (၂၄၆) - နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ
ယဲ့ရှောင်ချန်းနှင့် အင်မော်တယ်စာချုပ်ကို ချုပ်ဆိုပြီးနောက် လုတုန်ချမ်း စိုက်ပျိုးရေးခြံတွင် အခြေချခဲ့ပါသည်။
သူ ထိုနေရာတွင် ကျင့်ကြံနိုင်သည်။ သို့သော် ယဲ့ရှောင်ချန်း၏ စီစဥ်မှုများကိုလည်း နာခံရမည်။
ယဲ့ရှောင်ချန်း၏ စီစဥ်မှုက အလွန်ရှင်းပါသည်။ ပဲစေ့စစ်သည်တော်များအား ကူညီပြီး စိုက်ပျိုးရေးခြံကို စောင့်ရှောက်ပေးစေချင်ခြင်း ဖြစ်သည်။
အင်မော်တယ်အပင်များကို မြင်လိုက်သောအခါ လုတုန်ချမ်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ထိုအင်မော်တယ်အပင်များက သာမန်ပုံစံနှင့် တူသော်လည်း အလွန်ကြီးမားနေသည့် ဝိညာဥ်ချီအရှိန်အဝါများကို ဖိနှိပ်ထားလို့ မရနိုင်ပါ။
ထို့အပြင် ဒီလိုဝိညာဥ်ချီအဆင့်က အလွန်မြင့်မားသည်။
သာမန်လောကတွင် ဒီလိုအရည်အသွေးမြင့်သည့် ဝိညာဥ်အပင်များ ရှိနေလိမ့်မည်ဟု ယုံကြည်ဖို့ ခက်ခဲလှပါသည်။ ထို့အပြင် အလွန်ကောင်းမွန်စွာလည်း ဖွံ့ဖြိုးကြီးထွားနေကြ၏။
ကျင့်ကြံခြင်း လောကတွင်တောင် နေရာတိုင်း၌ ဝိညာဥ်အပင်များ စိုက်ပျိုးလို့မရပါ။ ဝိညာဥ်ချီ ကြွယ်ဝသည့် ဝိညာဥ်မြေတစ်ခု ဖြစ်မှ ရပေမည်။
ထိုကဲ့သို့ ဝိညာဥ်မြေတစ်ခုမှာ ဂိုဏ်းနှင့် မျိုးနွယ်စုပေါင်းစုံတို့က အသက်နှင့်ရင်းပြီး ကာကွယ်ကြသည့် ရတနာတစ်ပါး ဖြစ်သည်။
ဂိုဏ်းများအကြား တိုက်ပွဲများမျာ အများအားဖြင့် ထိုကဲ့သို့သော ဝိညာဥ်မြေနှင့် အရင်းအမြစ်များအတွက် ဆင်နွှဲကြခြင်း ဖြစ်ပါသည်။
ဒီစိုက်ပျိုးရေးခြံတွင် သာမန်ထက် ထူးကဲသည့် ဝိညာဥ်မြေတစ်ခု ရှိနေတာ သေချာပါသည်။ မဟုတ်ပါက ဒီဝိညာဥ်အပင်များ ချောမွေ့စွာ ကြီးထွားနိုင်မည် မဟုတ်ပါ။
သို့သော်လည်း သူ ဘယ်လောက်ပဲ ကြိုးစားပြီး အာရုံခံကြည့်ပါစေ၊ ဝိညာဥ်မြေတစ်ခု၏ အရိပ်အယောင်ကိုပင် မတွေ့ရပါ။
ဒါက ပုံမှန်ပဲဖြစ်ပါသည်။ လုတုန်ချမ်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။ အင်မော်တယ်မြေကွက်၏ မှော်ဆန်မှုကို သူ ဘယ်လိုလုပ်ပြီး သိနိုင်ပါမည်နည်း။
"မစ်စတာယဲ့။ ဒီဝိညာဥ်အပင်တွေကို ကျွန်တော် ဘယ်လို ထိန်းသိမ်းရမလဲ။"
လုတုန်ချမ်း မေးလိုက်သည်။
သူ စတင်ကျင့်ကြံကတည်းက စိုက်ပျိုးရေးအကြောင်း ဘာမှ မသင်ယူခဲ့ရပါ။
ထို့ကြောင့် ထိုဝိညာဥ်အပင်များကို ဘယ်လို ထိန်းသိမ်းရမလဲ မသိပေ။
"ငါမင်းကို ဝိညာဉ်နားစွင့် လက်ချောင်းနည်းလမ်းတစ်ခု သင်ပေးမယ်။ ပြီးရင် အပင်တွေနဲ့ ကြိုးစားပြီး ဆက်သွယ်ကြည့်လိုက်။ ဘာပဲဖြစ်ဖြစ် သူတို့ကိုပျော်အောင် လုပ်ပေးဖို့ပဲ လိုတာပါ။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။
"သူတို့နဲ့ ဆက်သွယ်ရမယ်ဟုတ်လား။"
လုတုန်ချမ်း အံ့အားသင့်သွား၏။
သို့သော်လည်း သူက လက်တွေ့ကျသော လူမျိုး ဖြစ်သည်။ သဘောတူစာချုပ်ကို လက်မှတ် ထိုးပြီးသား ဖြစ်သဖြင့် သူ လိုက်နာပါမည်။
ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေးခြံတွင် ကျင့်ကြံရသဖြင့် သူလည်း အကျိုးကျေးဇူးရရှိပါသည်။
လုတုန်ချမ်း၏ ပါရမီကြောင့် ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို ချက်ချင်းပဲ တတ်မြောက်သွားခဲ့သည်။ အလွန်လျှင်မြန်စွာလည်း တိုးတက်လာ၏။ အခြားသူများဆို ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို ကျွမ်းကျင်ဖို့ တစ်လ နှစ်လလောက် ကြာနိုင်သော်လည်း သူကတော့ နေ့တစ်ဝက်နှင့် ကျွမ်းကျင်သွား၏။
ဒါက ကျွမ်းကျင်အဆင့် စိုက်ပျိုးရေးပါရမီရှင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးပဲ ဖြစ်ပါသည်။
လုတုန်ချမ်းတစ်ယောက် ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို ကျွမ်းကျင်တတ်မြောက်ပြီးနောက် အင်မော်တယ်အပင်တစ်မျိုးနှင့် ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်သောအခါ ချက်ခြင်း ဆိုသလို ဝိညာဥ်နားစွင့် အခြေအနေထဲ ဝင်ရောက်သွားနိုင်၏၊
ထိုအချိန်တွင် ယဲ့ရှောင်ချန်း အပြင်ထွက်သွားသည်။ သူပြန်လာသောအခါ အင်မော်တယ်အပင်တစ်ပင်ရှေ့တွင် မျက်လုံးမှိတ်ပြီး တင်ပုလ္လင်ခွေထိုင်နေသော လုတုန်ချမ်းအား တွေ့လိုက်ရ၏။ သူ့လက်ချောင်းများက အပင်ကို ထိတွေ့နေပြီး အနည်းငယ် တုန်ယင်နေ၏။
အင်မော်တယ်အပင်နှင့် သူ ဆက်သွယ်နေသေးတာ သိသာပါသည်။
အချိန်အတော်ကြာသောအခါ လုတုန်ချမ်း နောက်ဆုံးတော့ ပြန်ထလာပြီဖြစ်သည်။ မျက်နှာက ဆန္ဒများနှင့် ပြည့်ဝနေပြီး ခုနက ခံစားချက်ကို ပြန်လည် မြင်ယောင်နေသလိုပင်။
"တုန်လေး မင်း ဘယ်လို ခံစားရလဲ။"
ယဲ့ရှောင်ချန်းက ပြုံးကာ မေးလိုက်သည်။
"တကယ် အံ့သြဖို့ ကောင်းတာပဲ။ ဝိညာဥ်အပင်တွေရဲ့ အသိစိတ်နဲ့ ကျွန်တော် တကယ်ကြီး ဆက်သွယ်နိုင်တယ်။ အဲ့ဒီခံစားချက်က တော်တော်ကောင်းတယ်။ ပြီးတော့ ကျွန်တော့် ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်ကလည်း အလိုအလျောက် လည်ပတ်လာပြီ။ အရင်တုန်းကလို ထစ်ထစ်ငေါ့ငေါ့ ခံစားချက်မျိုး မရှိတော့ဘူး။ ပိုပြီး ချောမွေ့လာသလို ခံစားရတယ်"
လုတုန်ချမ်းက အံ့သြစွာ ပြောလိုက်ပါသည်။
"သေချာတာပေါ့။ မင်းမှာ အရမ်းမြင့်တဲ့ စိုက်ပျိုးရေးပါရမီ ရှိတာကိုး။ ဝိညာဥ်နားစွင့် အခြေအနေအတွင်း ဝင်ရောက်သွားရင် မင်းရဲ့ အာရုံတစ်ခုလုံးနဲ့ အသိစိတ်တွေက အရမ်း စူးစိုက်နေလိမ့်မယ်။ ဒါက အကောင်းဆုံး ကျင့်ကြံခြင်း အခြေအနေပဲ။ မင်းရဲ့ ကျင့်ကြံခြင်းနည်းလမ်းက မင်းရဲ့ စိုက်ပျိုးရေးပါရမီနဲ့ မကိုက်ညီဘူးဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ရင် အာနိသင်တွေက သေချာပေါက် ပိုပြီးတောင် ကောင်းပါဦးမယ်။"
ယဲ့ရှောင်ချန်း ပြုံးလိုက်၏။
စိုက်ပျိုးရေးပါရမီက စိုက်ပျိုးရေးအတွက်သာ မဟုတ်ပါ။ ကျင့်ကြံခြင်းအတွက်လည်း အသုံးဝင်၏။ သို့သော် အာနိသင်များကတော့ စိုက်ပျိုးရေးလုပ်သောအခါ အသိသာဆုံး ဖြစ်ပါသည်။
ထို့ကြောင့်လည်း အင်မော်တယ် စိုက်ပျိုးရေးသမားများက ၎င်းတို့၏ အချိန်အများစုကို စိုက်ပျိုးရင်းသာ ကုန်ဆုံးကြခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်း တိုးတက်မှုက သာမန် အင်မော်တယ် ကျင့်ကြံသူများအောက် မနိမ့်ကျပါ။
ယဲ့ရှောင်ချန်း၏ ကျင့်ကြံခြင်း တိုးတက်မှု အလွန်နှေးရသည့် အကြောင်းအရင်းက ရှန်းနုန်ပါရမီ၏ ထူးကဲမှုကြောင့် ဖြစ်ပါသည်။ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ကတော့ အလွန် ဒုက္ခများနေ၏။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးဆုံး သွားပါက နောက်ပိုင်း သူ့တိုးတက်မှုမှာ အလွန် မြန်ဆန်လာပါလိမ့်မည်။
...
ဒီနေ့က နှစ်သစ်ကူးနေ့ဖြစ်သည်။
နှစ်သစ်ကူးည။
အိမ်ထဲတွင်။
နှစ်သစ်ကူးည ညစာစားပွဲဝိုင်းတစ်ခုက အသင့်ဖြစ်နေပါပြီ။ ကြက်သား၊ ဘဲသား၊ ငန်းသား၊ အမဲသား၊ ငါးနှင့် ဝက်နံရိုးများ အစရှိသည်တို့ ဖြစ်ပါသည်။
အလွန်အမင်း ပေါများလှပါသည်။
အိမ်ရှေ့က LCD တီဗီကြီးက နှစ်သစ်ကူးနေ့ အစီအစဥ်ကို ပြသနေပါသည်။
စားပွဲဝိုင်းကြီးအရှေ့တွင် ယဲ့ရှောင်ချန်းတို့ မိသားစု လေးဦးအပြင် ပဲစေ့စစ်သည်တော် သုံးဦးနှင့် လုတုန်ချမ်းတို့ပါ အားလုံး ရှိနေကြသည်။
ပဲစေ့စစ်သည်တော်များက ဘာမှစားဖို့ မလိုပါ။
သို့သော်လည်း သူ့အမေက သူတို့ကို လာခိုင်းဖို့ အတင်းပြောခဲ့ခြင်း ဖြစ်သည်။ နှစ်သစ်ကူး ညဖြစ်သဖြင့် သူတို့ကို စိုက်ပျိုးရေးခြံထဲတွင်သာ အချိန်မကုန်ဆုံးစေချင်ဘူးဟု ဆို၏။
သစ်သားခေါင်း ထောင်ဟွမ်းယီနှင့် ထောင်ဟုန်စန်းတို့ဖြင့် ယှဥ်လျှင် ထောင်ဖန်းကျာက အများကြီး ပို၍ ဉာဏ်ရည်မြင့်သည်။ သာမန် လူတစ်ယောက်လိုပဲ စကားပြောနိုင်၏။
လုတုန်ချမ်း၏ အာရုံစိုက်မှုများကတေတာ့ ထောင်ဖန်းကျာအပေါ်တွင်သာ ရှိနေသည်။ ယဲ့ရှောင်ချန်း ဒီလောက်တော်သည့် ယင်စစ်သည်တော်တစ်ယောက်ကို ဘယ်လိုဖန်တီးနိုင်ခဲ့သလဲ ဆိုတာကိုပင် သိချင်နေမိပါသည်။
"လုလေး များများစားပါဦး။ မရှက်ပါနဲ့။ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပါ။"
သူ့အမေက လုတုန်ချမ်းကို ဝက်ဗိုက်သား ရွှေရောင်အဆီတုံးကြီး တစ်တုံးကို ထည့်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒေါ်လေး"
လုတုန်ချမ်း အမြန်ပြောလိုက်ပါသည်။
ရှုရှန်ဓားဂိုဏ်းထဲတွင် ဒီလောက်ထိ နွေးထွေးသည့် လက်စုံထမင်းဝိုင်းတစ်ခုကို သူ မခံစားခဲ့ရဖူးပါ။
သူငယ်စဥ်ကတည်းက ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ခဲ့ရသည်။ ထို့အပြင် သူ့ပါရမီကလည်း မကောင်းမွန်သဖြင် မိသားစု၏ တန်ဖိုးထားခြင်းကို မခံခဲ့ရပါ။
သံယောဇဥ်ဆိုတာကိုလည်း သူ တကယ် ဘာမှ မခံစားရပါ။
သို့သော် ဒီနေရာတွင်တော့ သူ့ရင်ထဲ နွေးထွေးမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါသည်။ အရင်တုန်းက ဘယ်သူမှ သူ့ပန်းကန်ထဲ ဟင်းမထည့်ပေးဖူးပါ။
နှစ်သစ်ကူးညစာကို စားသောက်ရင်း နှစ်သစ်ကူးည ရုပ်သံအစီအစဥ်ကို ကြည့်ရှုနေကြ၏။
ဒါက ယဲ့ရှောင်ချန်းတို့ မိသားစု၏ ရိုးရာပဲ ဖြစ်ပါသည်။
ဒီနှစ် နှစ်သစ်ကူး ရုပ်သံအစီအစဥ်က ဘာမှ မထူးခြားပါ။ အရင်အတိုင်းပဲ ဖြစ်သည်။
သို့သော် လုတုန်ချမ်းက အလွန် စိတ်ပါဝင်စားစွာ ကြည့်ရှုနေ၏။
အဘယ့်ကြောင့်ဆိုသော် နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို သူ တစ်ခါမှ မကြည့်ဖူးသောကြောင့် ဖြစ်ပါသည်။
သူက အင်မော်တယ်ကျင့်ကြံခြင်းလောကတွင် နေထိုင်ခဲ့သည်။ သူ ငယ်စဥ်ကတည်းက သူ့ဘဝ၏ အဓိပ္ပာယ်ဟူသည်မှာ ကျင့်ကြံခြင်းသာ ရှိခဲ့သည်။
ဒီလောက် ပျော်စရာကောင်းတဲ့ ရုပ်သံအစီအစဥ်မျိုး ဘယ်မှာ ကြည့်ဖူးလို့လဲ။ ထို့အပြင် ရုပ်သံက ရောင်စုံလွန်းသဖြင့် သူ့စိတ်ကူးနိုင်တာထက်ပင် ကျော်လွန်နေပါသည်။
"သီချင်းက ကောင်းလိုက်တာ။"
"ကတာလည်း မဆိုးဘူး။"
"အဲ့တာ စကားနိုင်လုပွဲလား စိတ်ဝင်စားဖို့ အရမ်းကောင်းတာပဲ။"
"ဟားဟား ရယ်စရာကောင်းလိုက်တာ..."
...
လုတုန်ချမ်း မျက်စိ မခွာနိုင်တော့ပါ။ အထူးသဖြင့် စကားနိုင်လုပွဲကို မြင်လျှင် အမြဲတမ်း တစ်ယောက်တည်း မကြာခဏ ထရယ်မောတတ်၏။
ဖရုံစေ့များ စားနေသည့် ယဲ့ယင်က နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ "အစ်ကို သူ့ ဟာသဉာဏ်က ဘာလို့ အဲ့လောက် နိမ့်ကျနေရတာလဲ။ ဒီစကားနိုင်လုပွဲတွေက ဘာမှ စိတ်ဝင်စားဖို့လည်း မကောင်းဘဲနဲ့"
"ငါလည်း အဲ့လိုပဲထင်တယ်"
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။
လုတုန်ချမ်းက မော်တယ်လောကမှ မဟုတ်ပါ။
နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို ပထမဆုံး ကြည့်ဖူးတာ ဖြစ်သဖြင့် ဒီလို ကြီးကြီးမားမား တုန့်ပြန်နေခြင်း ဖြစ်ပါသည်။
လုတုန်ချမ်းက ဖင်မရွှေ့ဘဲ နှစ်သစ်ကူးည ရုပ်သံအစီအစဥ်ကို နာရီနဲ့ချီအောင် ဆက်တိုက် ကြည့်ပါသ်။
၁၂ နာရီပင် ထိုးတော့မည်။
အဖေဖြစ်သူက ဗြောက်အိုးတစ်ဗူး ယူလာပြီး မီးရှူးမီးပန်း ဆယ်ပုံးလောက်လည်း ယူလာခဲ့၏။
နှစ်သစ်ကူးကို ဗြောက်အိုးများဖြင့် ကြိုဆို အောင်ပွဲခံခြင်းမှာ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ မိသားစုတိုင်းလည်း ဒီလိုပဲ လုပ်ကြ၏။
ချမ်းသာသည့် မိသားစုများကတော့ မီးရှူးမီးပန်းများပင် ဖောက်လွှတ်တတ်ကြသည်။
ဒီနှစ် သူ့အဖေက ကြွားဝါဖို့အတွက် မီးရှူးမီးပန်း ဆယ်ပုံးကျော်လောက် ဝယ်ယူခဲ့ပါသည်။
၁၂ နာရီထိုးသောအခါ နားစည်ကွဲလောက်သည့် ဗြောက်အိုးသံများ ထွက်ပေါ်လာ၏။
ကမ္ဘာကြီးတစ်ခုလုံး ဗြောက်အိုးသံများဖြင့် ဖုံးလွှမ်းသွားသည်။
ယဲ့ရှောင်ချန်းက မီးရှူးမီးပန်းပုံးများကို မီးညှိလိုက်ပါသည်။ မီးရှူးမီးပန်းများ ကောင်းကင်ပေါ် ပျံတက်သွားပြီး ကောင်းကင်ပေါ်တွင် ဖြာထွက်သွား၏။ အလွန် တောက်ပလှပါသည်။
ဒီနေ့ညက မအိပ်ဘဲနေရမည့် ညတစ်ည ဖြစ်ပါသည်။
ညသန်းခေါင်ကျော်အချိန်တွင်။
ဗြောက်အိုးအသံများ တဖြည်းဖြည်း တိုးသွားလေပြီ။
သို့သော်လည်း အပြင်ဘက်က လေထဲတွင် မီးခိုးများဖြင့် ပြည့်နှက်နေ၏။ ဗြောက်အိုးများစွာကြောင့် ဒီလိုဖြစ်ရခြင်း ဖြစ်သည်။
မီးခိုးများက တစ်ညတည်းနှင့် ပျောက်ကွယ် မသွားပါ။ မနက်ပိုင်းတွင်လည်း ထူထပ်သော မြူများဖြစ်ပေါ်လာစေလိမ့်မည်။ ထူထပ်လွန်းသဖြင့် ကိုယ့်လက်ကိုယ်ပင် ပြန်မမြင်နိုင်ပါ။
သူ့မိဘများနှင့် ညီမဖြစ်သူက အိပ်ပျော်နေကြလေပြီ။
လုတုန်ချမ်းက နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို ကြည့်နေဆဲ ဖြစ်သည်။
သူ လုံးဝ ဈာန်ဝင်နေခဲ့ပါသည်။