အခန်း (၂၄၇) - နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
Vol. 17 Ch. 247
အခန်း (၂၄၇) - နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
နောက်တစ်နေ့ မနက်ခင်းတွင်။
ယဲ့ရှောင်ချန်း နိုးလာသောအခါ ကွန်ပြူတာရှေ့တွင် လုတုန်ချမ်းတစ်ယောက် နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို ကြည့်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရပါသည်။
ယဲ့ရှောင်ချန်း အနားသို့ သွားကြည့်လိုက်သောအခါ မူးလဲချင်သွား၏။ မနှစ်က နှစ်သစ်ကူး ရုပ်သံအစီအစဥ်ဖြစ်ပါသည်။
နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို ဒီလောက်တောင် စွဲလမ်းနေပြီလား။
ယဲ့ရှောင်ချန်း နိုးလာသည်ကို လုတုန်ချမ်း မြင်လိုက်သောအခါ ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "ဒီနှစ်သစ်ကူး ရုပ်သံအစီအစဥ်က တကယ်ကောင်းတာပဲ။ မနေ့ညက ကြည့်ပြီးတော့ ဒီကွန်ပြူတာကို သုံးပြီး မနှစ်က နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို ရှာကြည့်နေတာလေ။"
သူ့မျက်နှာပေါ်က အပျော်ကို ကြည့်ခြင်းအားဖြင့် နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို သူ တကယ် သဘောကျမှန်း မြင်နိုင်ပါသည်။
"နှစ်သစ်ကူး ရုပ်သံအစီအစဥ်အပိုင်းတွေ အများကြီး ရှိတယ်။ မင်း အကြာကြီး ကြည့်လို့ ရမှာပါ။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"မဟုတ်တာ၊ မဟုတ်တာ။ နောက်ပိုင်းကျရင် ညဘက်ပဲ ကြည့်မှာပါ။ နေ့ဘက်တွေမှာ လုပ်စရာ ရှိတယ်လေ။"
လုတုန်ချမ်းက ခေါင်းကို အမြန်ခါလိုက်ပြီး မတ်တပ်ရပ်လိုက်၏။
သူတကယ် ဆက်ကြည့်ချင်မိပါသည်။ သို့သော်လည်း သူက စိတ်ဓာတ် ခိုင်မာသော လူတစ်ယောက် ဖြစ်၏။ မဟုတ်ပါက ပါရမီညံ့ဖျင်းတာတောင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ဆုံးအဆင့်ထိ ရောက်နိုင်ခဲ့မည် မဟုတ်ပါ။
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပါသည်။ မနက်စာ စားပြီးနောက် လုတုန်ချမ်းကို စိုက်ပျိုးရေးခြံသို့ အရင်သွားခိုင်းလိုက်၏။
ပဲစေ့စစ်သည်တော် သုံးယောက်ကတော့ ညစာ စားပြီးနောက် စိုက်ပျိုးရေးခြံထဲ ပြန်ဝင်သွားကြပြီ ဖြစ်ပါသည်။
သူကတော့ ပြန်မသွားပါ။
ဘာပဲဖြစ်ဖြစ် ဒီနှစ်က နှစ်သစ်ကူး ပထမနေ့ မဟုတ်ပါလား။
နောက်လာမည့် ရက်အနည်းငယ်က နှစ်သစ်ကူး ဂါဝရပြုနေ့ရက်များ ဖြစ်ပါသည်။
သူတို့မိသားစု၏ ဓလေ့အရ နှစ်သစ်ကူး ပထမနေ့တွင် သူတို့ ဦးလေးများထံသို့ သွားလည်လေ့ ရှိပါသည်။
နှစ်သစ်ကူး ဒုတိယနေ့တွင် အဘွားအိမ်သို့ သွားကာ သွားလည်ရပါသည်။
တတိယနေ့၊ စတုတ္ထနေ့နှင့် ပဥ္စမနေ့တို့တွင် အခြားဆွေမျိုးများအိမ်သို့ သွားလည်ကာ နှစ်သစ်ကူးဂါဝရပြုကြပါသည်။
သို့သော် ဒီနှစ်တော့ မတူပေ။
ယဲ့ရှောင်ချန်းနှင့် မိသားစုတို့ အပြင်ထွက်ဖို့ အသင့်မဖြစ်ခင်မှာပင် သူတို့ထံသို့ တစ်ယောက်ပြီး တစ်ယောက် လာလည်ကြလေသည်။
အားလုံးက ဦးလေးများ၊ ဒေါ်လေးများ၊ ဝမ်းကွဲများ စသည်တို့ ဖြစ်ကြသည်။
ဆေးလိပ်များ၊ လက်ဖက်ရည်များ၊ သကြားလုံးများနှင့် ဧည့်ခန်းထဲတွင် ဆူညံသံများ ပျော်ရွှင်သံများနှင့် စည်ကားလို့ နေပါသည်။
ကလေးများ ပါလာပါက သေချာပေါက် သကြားလုံး လက်တစ်ဆုပ်စာကို ယူကြပြီး ၎င်းတို့၏ အိပ်ကပ်ထဲသို့ ထည့်ကြသည်။ တချိန်တည်းမှာပင် သူတို့ကို စာအိတ်နီများလည်း ပေးကြ၏။
နှစ်သစ်ကူး ဂါဝရပြုခြင်းဖြစ်သဖြင့် ဂါဝရပြုပြီးနောက်တွင် ခဏလောက် ထိုင်စကားပြောပြီး တခြားမိသားစုတစ်စုကို ဆက်လက် ဂါဝရပြုတာ ပုံမှန်ပဲ ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းတို့မိသားစုက နှစ်သစ်ကူး ဂါဝရပြုဖို့ပင် အခွင့်အရေး မရခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ပထမမိသားစု ထွက်သွားလျှင် ဒုတိယမိသားစုက တန်းရောက်လာတတ်ပြီး ယဲ့မျိုးရိုးသာ မကဘဲ ရွာထဲက လူများလည်း ပါကြသည်။
ယဲ့ရှောင်ချန်းတို့ မိသားစု မနားခဲ့ကြရပါ။
မကြာမီ ၁၀ နာရီဝန်းကျင်သို့ ရောက်လာခဲ့၏။
ယဲ့ရှောင်ချန်းတို့မိသားစုမှာ နှစ်သစ်ကူး ဂါဝရပြုရန် အပြင်သွားဖို့ အချိန်ရှိလောက်မည်ဟု ထင်ခဲ့မိသည်။ သို့သော် တခြားဆွေမျိုးများ ရောက်လာကြလိမ့်မည်ဟု မည်သူ ထင်မည်နည်း။
ကားများလည်း တစ်စီးပြီး တစ်စီး ရောက်လာကြသည်။
ပထမဒေါ်လေးတို့မိသားစု၊ ဒုတိယဒေါ်လေးတို့ မိသားစု၊ ပထမဦးလေးတို့ မိသားစု၊ ဒုတိယဦးလေးတို့ မိသားစု စသဖြင့်...။ ဘာပဲဖြစ်ဖြစ် သူနှင့် နီးစပ်သည့် ဆွေမျိုးများ အားလုံးက ဆွေးနွေးခဲ့ကြပြီး အတူတူ လာခဲ့ကြပုံပေါ်ပါသည်။
ဆွေမျိုးများက အဝေးကြီးမှ လာခဲ့ကြရခြင်း ဖြစ်သဖြင့် သူတို့ကို ဧည့်ခံဖို့ နေ့လည်စာများ ပြင်ဆင်ရပါသည်။
သို့သော်လည်း လူကများလွန်း၏။
ကံကောင်းစွာဖြင့် သူ့ဦးလေးတို့ မိသားစုက လာကူညီသည်။ နေ့လည်ခင်းတွင် စားပွဲ ၇ လုံး၊ ၈လုံးလောက် ရှိလာ၏။
နေ့လည်ခင်းအချိန်။
ယဲ့ရှောင်ချန်းတို့မိသားစု နောက်ဆုံးတော့ စိတ်အေးလက်အေး သက်ပြင်းချနိုင်ပြီ ဖြစ်ပါသည်။ နောက်ဆုံးတော့ နှစ်သစ်ကူး ဂါဝရပြုဖို့ အပြင်သွားနိုင်ပြီ ဟုထင်လိုက်ကြသည်။
သို့သော် သူတို့ထံသို့ ထပ်လာလည်သည့် လူများ ရှိလိမ့်မည်ဟု မထင်ခဲ့ကြပါ။
လီကျန့်ရမ်၊ လျို့ဖူရှန်း၊ ရှုကျောင်းနှင့် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က တခြား ရှယ်ယာဝင်များ ဖြစ်ကြပါသည်။
အချိန်ကလည်း ပြီးပြည့်စုံလှ၏။
နှစ်သစ်ကူး ဂါဝရလာပြုသည့် ယဲ့မိသားစု ဆွေမျိုးများ ပြန်သွားကြပြီဖြစ်သည်။
ဆွေမျိုးများအကြား နှစ်သစ်ကူး ဂါဝရပြုခြင်းက မနက်ပိုင်းတွင်သာ ကျင်းပလေ့ရှိသည်။
ထို့အပြင် သူတို့အတွက် ယဲ့ရှောင်ချန်းတို့ မိသားစု နေ့လည်စာ ချက်ပေးဖို့ မလိုတော့ပါ။
နေ့လည် ၄ နာရီလောက်မှ အိမ်ထဲ တိတ်ဆိတ်သွားခဲ့၏။
အမှန်ပင်။ ယဲ့ရှောင်ချန်း၏ ဖုန်းကတော့ မရပ်မနား မြည်နေဆဲပင်။ မကြာခဏ သူ့ကို ဖုန်းဆက်ကာ နှစ်သစ်ကူးတွင် ပျော်ရွှင်ဖို့ ဆုတောင်းပေးကြ၏။
"ရှောင်ချန်း သူတို့ကို ဖုန်းဖြေမနေစမ်းပါနဲ့။ ငါတို့ အရင်ဆုံး နှစ်သစ်ကူး ဂါဝရပြုဖို့ သွားရအောင်"
ယဲ့ရှောင်ချန်းတစ်ယောက် ဖုန်းဆက်တိုက် ပြန်ဖြေနေသည်ကို မြင်သောအခါ သူ့အမေက အမြန်ပြောလိုက်၏။
အခု ၅ နာရီပင် ထိုးတော့မည်။ ဒီ့ထက် နောက်ကျပါက နှစ်သစ်ကူး ဂါဝရသွားပြုဖို့ အဆင်မပြေ ဖြစ်လာနိုင်ပါသည်။
ဖုန်းချပြီးနောက် ယဲ့ရှောင်ချန်း ဖုန်းသာ ပိတ်ထားလိုက်တော့သည်။ ဒီလိုဆို ဖုန်းမဝင်လာနိုင်တော့ပါ။
နှစ်သစ်ကူး ဂါဝရပြုပြီးနောက် အိမ်ပြန်လာသောအခါ ညအချိန်ပင် ရောက်နေပြီ ဖြစ်သည်။
ထိုအခါမှ ယဲ့ရှောင်ချန်း ဖုန်းပြန်ဖွင့်လိုက်သောအခါ မှင်သက်စရာ ကောင်းလောက်အောင် များပြားသော ဖုန်းကောလ်များ ဝင်ထားသည်ကို မြင်လိုက်ရပါသည်။
သူ တစ်ယောက်ချင်းစီကို ပြန်ခေါ်ဆိုရ၏။
နှစ်သစ်ကူး ဂါဝရပြုဖို့ အရေးကြီးပုဂ္ဂိုလ်များစွာကို သူ့ဆီကို ဖုန်းဆက်ထားခဲ့ကြသည်။ ဥပမာ ယန်မြို့တော်ဝန်ကြီး ကျန်းဟုန်ယဲ့၊ တောင်ပိုင်းဒေသ မြို့တော်ဝန် ကျန်းရှန် စသည်တို့ ဖြစ်ကြသည်။
တကယ်ပဲ အလုပ်များသည့် နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။
စားသောက်ဖို့ အချိန်ရောက်သောအခါ လုတုန်ချမ်းက စိတ်အေးလက်အေး စိုက်ပျိုးရေးခြံမှ ပြန်လာခဲ့၏။
စားသောက်ပြီးနောက် ကွန်ပြူတာရှေ့တွင် ထပ်ထိုင်ကာ နှစ်သစ်ကူး ရုပ်သံအစီအစဥ်ကို စတင်ကြည့်ရှုလေသည်။
နောက်တစ်နေ့ ယဲ့ရှောင်ချန်းတို့မိသားစု အဘွားအိမ်မှ စတင်ကာ ဆွေမျိုးများထံသို့ နှစ်သစ်ကူး ဂါဝရ လိုက်ပြုလေသည်။
ဒီလိုနှင့် နှစ်သစ်ကူးဂါဝပြုဖို့အတွက် ရက်အနည်းငယ် အချိန်ကုန်ခဲ့ရပါသည်။
ဆွေမျိုးများကိုသာ နှစ်သစ်ကူး ဂါဝရပြုထားရသေးသဖြင့် ယဲ့ရှောင်ချန်း မနားနိုင်သေးပါ။ တခြားနေရာများကိုသွားပြီး နှစ်သစ်ကူး ဂါဝရပြုရပါဦးမည်။
နှစ်သစ်ကူးကို အောင်ပွဲခံခြင်းက တကယ် ပင်ပန်းစရာ အလုပ်တစ်ခု ဖြစ်ပါသည်။
ဒီလိုနှင့် ပထမလ၏ ၁၀ ရက်မြောက်နေ့မှ ယဲ့ရှောင်ချန်းတို့မိသားစု နှစ်သစ်ကူး ဂါဝရပြုလို့ ပြီးဆုံးခဲ့ပါသည်။
ထိုအချိန်တွင် သုတေသနအဖွဲ့အစည်းက ပုံမှန် အလုပ်များကို ပြန်လုပ်နေပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်းလည်း လုပ်စရာရှိတာ ပြန်လုပ်ပြီ ဖြစ်၏။
စူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်း။
ဒါက ၂၀၁၆ ခုနှစ်၏ ပထမဆုံး အဓိက အဖြစ်အပျက်တစ်ခု ဖြစ်သည်။
ယုဖန်ရွာနှင့် ပတ်ဝန်းကျင်ရွာအနည်းငယ်တို့၏ မူတစ်ထောင်လောက် ကျယ်ဝန်းသော လယ်ကွက်များအပြင် တခြား ရှေ့ပြေးလယ်ကွက်များလည်း ရှိသေး၏။ စုစုပေါင်း ဧရိယာက မူ ၂,၀၀၀ လောက် ရှိပါသည်။
ဘာပဲဖြစ်ဖြစ် ဒါက ရှေ့ပြေးစီမံကိန်းတစ်ခုသာ ဖြစ်ပြီး စိုက်ပျိုးရေးသမား များစွာက စူပါ မုန်ညင်းပင်ကို ယုံကြည်ချက် သိပ်မရှိကြဘဲ စောင့်ကြည့်နေကြဆဲ ဖြစ်၏။
စူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်း အောင်မြင်ပါက စောင့်ကြည့်နေကြသည့် စိုက်ပျိုးရေးသမားများကိုလည်း သေချာပေါက် ဆွဲဆောင်နိုင်ပါလိမ့်မည်။
ထိုသို့ဖြစ်လာပါက စူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်းကြီး အပြည့်အဝ လုပ်ငန်းတည်ထောင်နိုင်ဖို့ အချိန် ဖြစ်ပါသည်။
စူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်း ပရိုမိုးရှင်း ပွဲတော်အား ယန်မြို့တော်၏ ဗဟို အဆောက်အအုံ တစ်ခုတွင် ကျင်းပခဲ့ပါသည်။
ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံ ဝန်ထမ်းများအပြင် ရှေ့ပြေးစီမံကိန်းတွင် ပါဝင်သည့် လယ်သမားများတချို့နှင့် ယန်မြို့တော် ခေါင်းဆောင်ပိုင်း တချို့လည်း ရှိပါသေးသည်။
ထိုစိုက်ပျိုးရေးသမားများက မီဒီယာ ရှေ့မှောက်တွင် ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေး ခြံကြီးနှင့် သက်ဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုကြပါသည်။
စိုက်ပျိုးရေးသမား အလွန်များသောကြောင့် အားလုံး လက်မှတ်ထိုးဖို့က မဖြစ်နိုင်ပါ။ ထို့ကြောင့် တချို့ စိုက်ပျိုးရေးသမား ကိုယ်စားလှယ်များကသာ လက်မှတ်ရေးထိုးပေးကြပါသည်။
ကျန်စိုက်ပျိုးရေးသမားများထံကိုတော့ ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးမှ ဝန်ထမ်းများက တစ်ယောက်ချင်း သဘောတူစာချုပ် လာချုပ်ဆိုခိုင်းမည် ဖြစ်ပါသည်။
ယဲ့ရှောင်ချန်း၏ ဂုဏ်နာမည်နှင့် ထိုစူပါမုန်ညင်းပင်များကို ယဲ့ရှောင်ချန်းက ပျိုးထောင်ထားသည် ဟူသောအချက်တို့ကြောင့် တုန့်ပြန်မှုက ကြီးမားလှပါသည်။
လူများစွာက စူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်းမှာ ယန်မြို့တော်၏ မုန်ညင်းပင် ရှေ့ပြေးစီမံကိန်းကြီးအား ကယ်တင်နိုင်ပါ့မလားဟု ဆွေးနွေးနေကြဆဲ ဖြစ်သည်။
အဆိုးမြင်ဝါဒီများနှင့် မယုံကြည်သူများလည်း ရှိပါသည်။
ဒီစူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်းကြီးက ယန်မြို့တော်၏ အပင်အသိစိတ် သုတေသန အဖွဲ့အစည်းနှင့် မသက်ဆိုင်သော်လည်း ယဲ့ရှောင်ချန်းက ဖန်တီးထားခြင်း ဖြစ်သဖြင့် အများကြီး အာရုံစိုက်လာကြပါသည်။
အထူသဖြင့် သုတေသနအဖွဲ့အစည်းနှင့် အတူတူ အလုပ်လုပ်သည့် ကုမ္ပဏီများမှ ဖြစ်သည်။
အထူးစပါးမျိုး ရှေ့ပြေးစီမံကိန်းအား အတည်ပြု မကြေညာရသေးသော်လည်း အတွင်းဘက်တွင် လည်ပတ်နေပြီ ဖြစ်ပါသည်။
စူပါ မုန်ညင်းပင် ရှေ့ပြေးစီမံကိန်းသာ အောင်မြင်သွားပါက အထူးစပါးမျိုး ရှေ့ပြေးစီမံကိန်းအပေါ် သူတို့ ယုံကြည်ချက် မြင့်တက်သွားပါလိမ့်မည်။
စူပါ မုန်ညင်းပင် ရှေ့ပြေးစီမံကိန်း၏ အရေးပါမှုကို သူ နားလည်သဖြင့် ယဲ့ရှောင်ချန်းကိုယ်တိုင် စူပါမုန်ညင်းပင် ရှေ့ပြေးစီမံကိန်း ပရိုမိုးရှင်းထဲ ပါဝင်ခဲ့ပါသည်။
စိုက်ပျိုးရေးနယ်မြေများသို့ ကိုယ်တိုင်ပင် သွားရောက်ပြီး လယ်သမားများကို စိုက်ပျိုးရေးနှင့် မြေအရှိန်အဝါ အသုံးချမှုတို့တွင် ညွှန်ကြား သင်ပြသည်။
ပြောစရာမလိုအောင် ယုဖန်ရွာက အချက်အချာ ရှေ့ပြေးစီမံကိန်း နယ်မြေ ဖြစ်ပါသည်။
စူပါ မုန်ညင်းပင်မျိုးစေ့များက သာမန်ထက် ထူးကဲကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။
ရှေ့ပြေးစီမံကိန်းအား စတင်ဆောင်ရွက်ပြီး ၂ ရက်အတွင်း စူပါမုန်ညင်းပင်မျိုးစေ့များ အပင်ပေါက်လာခဲ့ပါသည်။
အညှောက်ပေါက်နှုန်းက ရာနှုန်းပြည့်ပင်။
ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးမှ စူပါ မုန်ညင်းပင် ရှေ့ပြေးစီမံကိန်း တစ်ခုစီသို့ နည်းပညာရှင်များ လွှတ်ခဲ့သည်။ နေ့တိုင်း ရှေ့ပြေးစီမံကိန်းများ၏ အခြေအနေကို မှတ်တမ်းတင်ပါသည်။
တတိယနေ့တွင် ရိုက်ယူထားသည့် ဓာတ်ပုံများမှ အစိမ်းရောင် မုန်ညင်းအပင်ပေါက်များက မြေကြီးထဲမှ ထွက်လာပြီ ဖြစ်ကြောင်း မြင်နိုင်ပါသည်။
ထိုသတင်း ထွက်လာသောအခါ စောင့်ကြည့်နေကြသူတိုင်း ထိတ်လန့် အံ့အားသင့်သွားကြရသည်။
မျိုးစေ့များကို စိုက်ပျိုးထားတာ ၃ ရက်သာ ရှိသေး၏။ သို့သော် မုန်ညင်းပင် မျိုးစေ့များမှာ အပင်ပေါက်လာပြီး လက်ရှိ အရွယ်အစားအထိ ကြီးထွားလာကြပြီ ဖြစ်သည်။
သာမန် မုန်ညင်းပင်များထက် အများကြီး ပိုမြန်ဆန်ပါသည်။
ထို့အပြင် မုန်ညင်းပင်ပေါက်များကလည်း အလွန် ကောင်းမွန်စွာ ကြီးထွားနေကြသည်။ အပင်ပေါက်များကို အားဖြည့်ပေးဖို့ လုံးဝ မလိုအပ်ပါ။
လယ်သမားများ၏ ယုံကြည်မှုများ အလွန်အမင်း တိုးတက်လာခဲ့ပါတော့သည်။