အခန်း (၂၅၀) - ထျန်းချီ ရှန့်မန်
Vol. 17 Ch. 250
အခန်း (၂၅၀) - ထျန်းချီ ရှန့်မန်
ယဲ့ရှောင်ချန်းက ဆရာကြီးနင်ကို သယ်ဆောင်ကာ လုတုန်ချမ်းနှင့်အတူ ချောင်ရှန်းဟုန်၏ ဗီလာထဲမှ ပြန်ထွက်လာပြီး ဘယ်သူမှ သတိမထားမိစေဘဲ ကားဆီသို့ ပြန်လာခဲ့ပါသည်။
စိုက်ပျိုးရေးခြံအထိ သူတို့ ပြန်မောင်းလာခဲ့ကြသည်။
အင်မော်တယ် ပဲစေ့အကြောင်း ဂရုမစိုက်အားသေးဘဲ ယဲ့ရှောင်ချန်း ဆရာကြီးနင်အား စစ်ဆေးမေးမြန်းဖို့ အသင့်ပြင်လိုက်၏။
ဝိညာဥ်ခွဲခြမ်းခြင်း ကျင့်စဥ်ကို ကျင့်ကြံသည့် မိစ္ဆာစိတ်၏ မူလဇစ်မြစ်ကို သူ တကယ် သိချင်သည်။ ဒီမိစ္ဆာစိတ်အပြင် တခြားဝိညာဥ်ခွဲခြမ်းကျင့်စဥ်တွေကော ရှိနေသေးသလား။
ဒါက ဝိညာဥ်ခွဲခြမ်း ကျင့်စဥ်၏ ထူးခြားချက်ဖြစ်ပါသည်။ ဇစ်မြစ်ကို ရှာမတွေ့ပါက ဖယ်ရှားဖို့ အလွန်ခက်ခဲပြီး သေရာမှ ပြန်ရှင်လာဖို့လည်း လွယ်ကူပါသည်။
သေချာပေါက် ထိုအမြစ်ကို ယဲ့ရှောင်ချန်း လုံးဝ ရှင်းလင်းပစ်ရမည်။ မဟုတ်ပါက ဖုံးကွယ်နေသည့် အန္တရာယ်များ ကျန်ရစ်ခဲ့လျှင် အလွန်ဒုက္ခများနိုင်ပါသည်။
ဒီဆရာကြီးနင်က အကျည်းတန်သော်လည်း သူ့ပါးစပ်က အလွန် လုံပါ၏။
သူ ဘာမှကို မပြောပါ။
"ဆရာကြီးနင် ဘာလို့ ဒီလိုလုပ်နေတာလဲ။ ကျင့်ကြံသူတွေရဲ့ နည်းလမ်းကို ခင်ဗျားလည်း သိမှာပါ။ ခင်ဗျား သေသွားရင်တောင် ခင်ဗျားရဲ့ ဝိညာဥ်က ဆက်ပြီး အမေးမြန်းခံနေရဦးမှာပဲ။"
ယဲ့ရှောင်ချန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
အမှန်ပင်။ သူ့မှာ ဒီလို အစွမ်းအစတော့ မရှိပါ။ ဝိညာဥ်ကို နုတ်ပြီး စမ်းသပ်စစ်ဆေးလိုပါက အနည်းဆုံး ချီသန့်စင်အဆင့်သို့ ရောက်ဖို့ လိုအပ်ပါသည်။
သို့သော်လည်း ဆရာကြီးနင်က ဒါကို မသိပါ။
ချောင်ရှင်းဟုန်၏ ဗီလာထဲတွင် ယဲ့ရှောင်ချန်းက ပဲစေ့တစ်စေ့ကို သုံးပြီး မိစ္ဆာစိတ်ကို နုတ်ယူသွား၏။ သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါသည်။
"မစ္စတာယဲ့ မင်းဘာလို့ သူ့ကို ဒီလောက် သည်းခံနေတာလဲ။ ဒီလိုခေါင်းမာတဲ့လူမျိုးက ငါတို့ကျင့်ကြံခြင်းလောကမှာဆိုရင် ငရဲမှာ နှစ်ရာချီပြီး နှိပ်စက်ခံရပြီးတော့ သေဖို့ တောင်းဆိုနေရလိမ့်မယ်။"
လုတုန်ချမ်းက အင်မော်တယ် ကျင့်ကြံခြင်းလောကထဲတွင် မွေးဖွားလာသူ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်မှုက လက်တွေ့ဘဝနှင့် လားလားမှ မသက်ဆိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။
အားနည်းသူများက သန်မာသူများ၏ သားကောင်ဖြစ်ပြီး သန်မာသူများက လေးစားခံရပါသည်။
လုတုန်ချမ်းအတွက် လူတစ်ယောက်ကို သတ်ဖို့က အလွန်လွယ်သည်။
လုတုန်ချမ်း၏ သွေးအေးသော အရှိန်အဝါကြောင့် ကြောက်စိတ်ဖြင့် တုန်လှုပ်နေပါပြီ။ သူ ထစ်ငေါ့စွာ ပြောလိုက်ပါသည်။ "ငါ... ငါပြောပါ့မယ်။ ငါတစ်ခုလောာက်ပဲ တောင်းဆိုချင်လို့ပါ။"
"ဟင်း သေခါနီးကိုများ အခြေအနေရပ်တွေ လာတောင်းဆိုရဲသေးတယ်ပေါ့။"
လုတုန်ချမ်း၏ မျက်လုံးများတွင် ကြမ်းကြုတ်သည့် ပုံရိပ်များ ပေါ်လာသည်။
လုတုန်ချမ်း၏ ပြောင်းလဲမှုများကို မြင်ကာ ယဲ့ရှောင်ချန်း အလွန်အံ့အားသင့်သွားသည်။ အရင်တုန်းကတော့ သူ့ကို နူးညံ့သည့် လူကြီးလူကောင်း တစ်ယောက်ဟု ထင်ခဲ့ပါသည်။
အပြင်ပိုင်းတွင် ဒီလောက်ထိ ရိုးရှင်းပြီး သဘောကောင်းသည်ဟု ထင်ရသူက ဒီလိုအချိန်မျိုးတွင် အလွန် သွေးအေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။
သို့သော် လုတုန်ချမ်းက အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လာခဲ့သူဆိုတာကို သူမှတ်မိသွားပါသည်။ လုတုန်ချမ်းသူ့အပေါ် အလွန်ယဥ်ကျေးပြနေသည့် အကြောင်းအရင်းက သူ့ကို တောင်းဆိုစရာရှိလို့သာ ဖြစ်သည်။ တကယ်တော့ လုတုန်ချမ်းက သူ့ထက် ပိုသန်မာသည်ဟုပင် ယုံကြည်ခဲ့သည်။
အရင်တစ်ချိန်တုန်းက အားနည်းချက်လေး စိုးစင်းလောက် ပြသလိုက်ပါက လုတုန်ချမ်း၏ တုန့်ပြန်မှုလည်း မတူနိုင်လောက်ပါ။
လုတုန်ချမ်းတောင် ဒီလိုဖြစ်နေပါက အင်မော်တယ် ကျင့်ကြံလောကမှ တခြားကျင့်ကြံသူများက ဒီ့ထက်ပင်ပိုဆိုးနိုင်ပါသည်။
နောက်ပိုင်းတွင် ကျင့်ကြံခြင်းလောကမှ လူများနှင့် ဆက်ဆံလာရပါက သူပိုဂရုစိုက်ရတော့မည် ထင်သည်။
"တုန်လေး သိပ်မကြမ်းပါနဲ့။ သူ စကားကိုပြီးအောင် ပြောပါစေ။"
ယဲ့ရှောင်ချန်းက ရယ်လိုက်၏။
လုတုန်ချမ်း သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး သူ့အလိုအတိုင်း လုပ်ခဲ့ပါသည်။
"ပြောကြည့်ပါ။ သင့်တော်တဲ့အရာဆိုရင် ကျုပ် သေချာပေါက် သဘောတူပါ့မယ်။"
ယဲ့ရှောင်ချန်းက သဘောကောင်းစွာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက တကယ် နူးညံ့သိမ်မွေ့ပြီး လုတုန်ချမ်းလို ကြမ်းကြုတ်သည့် အရှိန်အဝါမျိုး မရှိသောကြောင့်လားမသိ၊ ဆရာကြီးနင် အမြန််ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
"ငါဝင်ထားတဲ့ဂိုဏ်းကို အင်မော်တယ် ပုံရိပ်ဂိုဏ်းလို့ခေါ်တယ်။ အဲ့ဒီက တပည့်တွေက အင်္ဂဝိဇ္ဇာကို အာရုံစိုက်ကြတယ်။ တကယ်တော့ ငါတို့တွေရဲ့ အဓိက ရည်ရွယ်ချက်က ငါတို့ရဲ့ ဘိုးဘေးဝိညာဥ် ပူးကပ်ဖို့အတွက် သင့်တော်တဲ့ ကိုယ်ထည်တစ်ခုကို ရှာပေးဖို့ပဲ။"
"တကယ်တော့ ငါတို့အားလုံးက ဘိုးဘေးဝိညာဥ်ကို အမှုထမ်းဖို့အတွက် အင်မော်တယ် ပုံရိပ်ဂိုဏ်းထဲ ရောက်နေကြတာ။ ငါတို့အားလုံးရဲ့ ကိုယ်ထဲမှာ သွေးမျိုးဆက်တစ်ခု အမွေဆက်ဆံရတယ်။ သူ့ကို သစ္စာဖောက်ရင် ငါတင်မဟုတ်ဘဲ ငါ့မိသားစု တစ်စုလုံးပါ သေရမှာပါကွာ။"
"အဲ့တာကြောင့် မစ္စတာယဲ့က ငါတို့မိသားစုဝင်တွေကို သွေးမျိုးဆက် အချုပ်အနှောင်ကနေ ဖယ်ရှားပေးဖို့ မျှော်လင့်တာပါ"
ဆရာကြီးနင် ပြောပြီးသွားသောအခါ မြေပေါ်တွင် လှဲကာ တောင်းဆိုသည့် အကြည့်မျိုးဖြင့် ပြောလိုက်သည်။
ဘိုးဘေးဝိညာဥ်၏ အချုပ်အနှောင်ကို နှစ်ရာပေါင်းများစွာ ခံခဲ့ရသည့် ဆရာကြီးနင်နှင့် သူ့မိသားစုဝင်များအတွက် သူတို့ ဘယ်တော့မှ နိုးထလာနိုင်တော့မည်မဟုတ်ဟုပင် ပြောနိုင်ပါသည်။
ဘိုးဘေးဝိညာဥ် သေဆုံးသွားမှဖြစ်မည်။
အခုတော့ ဘိုးဘေးဝိညာဥ် သေဆုံးနိုင်ခြေ တစ်ခုကို နောက်ဆုံးတော့ မြင်ခဲ့ရပြီ။
သို့သော်လည်း ပြဿနာက သူ့တို့၏ ဘိုးဘေးဝိညာဥ်ကို သူ သစ္စာဖောက်လိုက်ပါက သူ့မိသားစုလည်း ပျက်စီးသွားနိုင်သည်။
"ဒါဆို ခင်ဗျားရဲ့ ဘိုးဘေးဝိညာဥ်မှာ တခြား အမွေဆက်ခံသူတွေ ရှိသေးတယ်ပေါ့။"
ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။
"ဟုတ်တယ်။ အခု ဘိုးဘေးဝိညာဥ် ပူးကပ်ဖို့ သင့်တော်တဲ့လူကို ရှာဖို့ မလွယ်တော့ဘူး။ ပြီးတော့ သူတို့တွေလည်း အရမ်းလျှို့ဝှက်ပြီးလုပ်ကြရတယ်။ မဟုတ်ရင် ပြဿနာတက်ဖို့ လွယ်တယ်။ အခုထိတော့ ဘိုးဘေးဝိညာဥ်ကို ပိုင်ဆိုင်ထားတာ ၃ ယောက်ကနေ ၅ ယောက်အထိ ရှိနိုင်တယ်။ ပြီးတော့ ငါတို့အင်မော်တယ် ပုံရိပ်ဂိုဏ်းရဲ့ ဘိုးဘေးပိုင်မြေမှာ ဘိုးဘေးဝိညာဥ်ရဲ့ ရုပ်တု တစ်ခု ရှိနိုင်တယ်။ အဲ့တာက ဘိုးဘေးဝိညာဥ်ရဲ့ အဓိကခန္ဓာကိုယ်ပဲ။"
ဆရာကြီးနင်က အမြန်ပြောလိုက်ပါသည်။
"အမွေဆက်ခံသူက ၃ ယောက်ကနေ ၅ ယောက်အထိ ရှိတယ်။ ပြီးတော့ ဘိုးဘေးဝိညာဥ်ရဲ့ အဓိက ခန္ဓာကိုယ်ကော ရှိသေးတယ်ပေါ့။"
ယဲ့ရှောင်ချန်း ခေတ္တ ချင့်ချိန်စဥ်းစားကြည့်လိုက်သည်။ ထို့နောက် လုတုန်ချမ်းအား ပြောလိုက်၏။ "တုန်လေး မင်းမှာ အကြံရှိလား။"
လုတုန်ချမ်းက ခေါင်းခါကာ ပြောလိုက်သည်။ "ကျွန်တော်လည်း ဝိညာဉ်ခွဲခြမ်း မိစ္ဆာကျင့်စဥ်ရဲ့ ကောလဟာလတွေကိုပဲ ကြားဖူးတယ်။ ပြီးတော့ သိပ်ပြီး များများစားစားလည်း မသိဘူး။ မောင်ရှန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို ရှာနိုင်ရင် နည်းလမ်းတစ်ခုတော့ ရှိမှာပါ။"
သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ရှိသည့် ဓားသိုင်းကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ဒီလောက် သိနေတာပင် တော်လှပါပြီ။
ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်ပြီး သဘောတူလိုက်ပါသည်။ "ငါတို့ အင်မော်တယ် ပုံရိပ်ဂိုဏ်းရဲ့ ဘိုးဘေးပိုင်မြေကို သွားပြီး အဓိကခန္ဓာကိုယ်ကို ရှာဖွေတွေ့နိုင်ရင် တခြား အမွေဆက်ခံသူတွေကိုလည်း ရှင်းနိုင်လောက်တယ်။ စကားမစပ် ငါ တစ်ခု မေ့သွားတယ်။"
ယဲ့ရှောင်ချန်းက ရုတ်တရက် ပြုံးလိုက်ပြီး အင်မော်တယ် ပဲစေ့ကို ထုတ်လိုက်သည်။
"ဒါနဲ့ဆို ပိုလွယ်မှာပေါ့။"
ယဲ့ရှောင်ချန်း ပြောလိုက်သည်။
လုတုန်ချမ်းက သိပ်နားမလည်ပါ။
ယဲ့ရှောင်ချန်းကလည်း လုံးဝ မရှင်းပြပါ။ ထိုအစား ယဲ့ရှောင်ချန်းသည် ပဲစေ့စစ်သည်တော် ဖန်တီးမှုကို စတင်ဆောင်ရွက်ခဲ့သည်။
ယဲ့ရှောင်ချန်းသည် ရုတ်တရက် သူ့ပါးစပ်ကို ဟလိုက်ပြီး ပါးစပ်အပြည့် မှော်စွမ်းအင်များဖြင့် မန်းမှုတ်လိုက်သည်။ ထိုအခါ အင်မော်တယ် ပဲစေ့လေးက လေပေါ်ပျံသွားပြိး ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လုတုန်ချမ်း ကြက်သေ သေသွားရသည်။ သူ ယင်စစ်သည်တော်တစ်ယောက်ကို ဖန်တီးနေတာလား။
သူ အထိတ်လန့်ဆုံးက ယဲ့ရှောင်ချန်း မှုတ်ထုတ်နေသည့် မှော်စွမ်းအင်ပဲ ဖြစ်သည်။ မမြင်ရသည့် ဖိအားကြောင့် သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ တုန်ယင်နေသလို ခံစားရစေပါသည်။
ဒါက မှော်စွမ်းအားများအကြား အကြွင်းမဲ့ ကွာခြားမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
လုတုန်ချမ်းတစ်ယောက် ယဲ့ရှောင်ချန်းကို ပိုပိုပြီး ကြောက်လာပါပြီ။
အင်မော်တယ် ပဲစေ့ထဲက မိစ္ဆာစိတ်မှာ အတော်လေး ကြမ်းကြုတ်သည်။ ကံမကောင်းစွာဖြင့် အင်မော်တယ်ပဲစေ့ထဲသို့ ရောက်ရှိလာပြီးနောက် ပန်းကန်ပြားတစ်ချပ်ပေါ်က ငါးတစ်ကောင်လို ဖြစ်လာပြီး ယဲ့ရှောင်ချန်း ဆန္ဒရှိသလို စေစားနိုင်သည်။
သွေးလန့်စရာ အော်သံတစ်ခုနှင့်အတူ အနက်ရောင် မီးခိုးများ ပျံ့နှံ့သွားပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွားပါသည်။
ရုတ်တရက်ဆိုသလို စတုတ္ထပဲစေ့ စစ်သည်တော် ဖန်တီးခြင်း ပြီးဆုံးသွားခဲ့ပါပြီ။
ယဲ့ရှောင်ချန်း၏ မျက်လုံးများ အရောင်လက်သွား၏။ သူ့လက်ချောင်းဖြင့် တောက်လိုက်သောအခါ ရုတ်ချည်းဆိုသလို ပျံဝဲနေသည့် အင်မော်တယ် ပဲစေ့အတွင်းမှ သိပ်သည်းသည့် အန္တရာယ် အရှိန်အဝါတစ်ခု ပေါက်ထွက်လာပြီး ပျံ့နှံ့သွားလေသည်။
နယ်မြေတစ်ခုလုံး၏ အပူချိန်လည်း အများကြီး လျော့ကျသွားသလိုပင်။
လုတုန်ချမ်းသည်လည်း တုန်ယင်လာသည်။
အန္တရာယ်များသည့် အရှိန်အဝါကြီးကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်မှာ တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင် ဖြစ်ပေါ်လာ၏။
ဆရာကြီးနင်က ပို၍ပင် ဆိုးသေးသည်။ သူ စတင် တုန်ရီလာခဲ့ပါသည်။
ယဲ့ရှောင်ချန်း၏ အတွေးတစ်ချက်တည်းနှင့် အန္တရာယ်အရှိန်အဝါက ရုတ်တရက် စုစည်းသွားပြီး မုတ်ဆိတ်နက် အဘိုးကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
သူ့မျက်နှာက ဂုဏ်သရေရှိကာ အလွန်ခန့်ညားလှပါသည်။
"ဒီနိမ့်ကျသူက သခင်လေးကို ဂါဝရပြုပါတယ်။"
မုတ်ဆိတ်နက် အဘိုးကြီးက လေထဲတွင် ဒူးထောက်ကာ တလေးတစား ပြောလိုက်ပါသည်။
မုတ်ဆိတ်နက် အဘိုးကြီး၏ အသွင်အပြင်သည် ဘိုးဘေးနယ်မြေရှိ ဘိုးဘေးဝိညာဥ်၏ ရုပ်ပုံနှင့် ချွတ်စွပ်တူနေသောကြောင့် ဆရာကြီးနင် ကြက်သေ သေသွားရသည်။
သူ့မျက်လုံးထဲတွင် နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြီးမြတ်သည့် ဘိုးဘေးဝိညာဥ်ကြီးက ဒီကောင်လေးရှေ့တွင် ကျိုးနွံနေခဲ့ပါသည်။
သူ ဆက်ပြီး မခုခံခဲ့တာကပင် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ မဟုတ်ပါက မြှုပ်နှံဖို့ နေရာတောင် မရှာလိုက်ရဘဲ သူ သေသွားနိုင်ပါသည်။
လုတုန်ချမ်း ထပ်ပြီး ခံစားလိုက်ရပြန်သည်။ ဒီလောက် စွမ်းအားကြီး မိစ္ဆာစိတ်မျိုးကို နှိမ်နင်း၍ ရလိမ့်မည်ဟု မထင်ခဲ့ပါ။
ယင်စစ်သည်တော်ထဲက မိစ္ဆာအရှိန်အဝါကိုတောင် ပယ်ဖျက်နိုင်ခဲ့ပြီး သန့်စင်သည့် ယင်စစ်သည်တော်တစ်ယောက် ဖြစ်လာပါသည်။
ယဲ့ရှောင်ချန်း၏ ဆန်းကြယ်ပြီး ကြီးမားသည့် စွမ်းအားကို သူ အလွန်စိတ်ဝင်စားလာ၏။
ဒီလို သာမန်လောကထဲတွင် ဒီလောက် ထူးဆန်းသည့် လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ။