← Chapters

အင်မော်တယ် ဧကရာဇ် ရောက်ရှိလာခြင်း

Vol. 55 Ch. 762

အင်မော်တယ် ဧကရာဇ် ရောက်ရှိလာခြင်း

Vol. 55 Ch. 762

တစ်နာရီအတွင်း ဆေးမီးဖိုမှ  မှိန်ဖျော့ဖျော့ ရနံ့လေး ထွက်ပေါ်လာလေ၏။ လက်တစ်ချက် အဝှေ့ဖြင့် ဘေးတွင် ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းထဲ ဆေးလုံး ခြောက်လုံး ရောက်ရှိသွားသည်။

မိုဝူကျိက စိတ်လှုပ်ရှားမိနေပြီး မီးကို မငြိမ်းနိုင်သေးဘဲ ဆိတ်ငြိမ်မှုန့် ဆေးလုံးကိုသာ ဦးဆုံး ကြည့်လိုက်သည်။ ဆေးလုံး ပတ်ချာလည်၌ တာအိုစွမ်းအား ရစ်ပတ်နေပြီး ဆေးလုံးကို မသောက်ကြည့်ဘဲဖြင့် မိုဝူကျိက ထိုအရာမှာ ထိပ်တန်းအဆင့် ၉ ဆေးလုံး ဖြစ်ကြောင်း သိလိုက်၏။

နောက်ဆုံးတွင် သူက အဆင့် ၉ ဆေးလုံးဧကရာဇ် အမှန်အကန် ဖြစ်သွားလေပြီ။ မိုဝူကျိက သူသည် အခြားသော အဆင့် ၉ ဆေးလုံးဧကရာဇ်များနှင့် ကွာခြားကြောင်း ပိုသိသွားသည်။

သာမာန်အခြေအနေများအောက်၌ ဆေးလုံးတစ်သုတ်စာတွင် အဆင့်အမျိုးမျိုး  ပုံသေရှိကာ  အဆင့် ၁ မှ အဆင့် ၃ အထိ ၁၈ လုံး၊ အဆင့် ၄ မှ ၆ ကြား ၈ လုံး၊ အဆင့် ၇ မှ ၈ အထိ ၆ လုံးနှင့် အဆင့် ၉ မှာ ၃ လုံး ဖြစ်လေသည်။ သို့သော် ယခုတွင် သူက ဆိတ်ငြိမ်မှုန့် ဆေးလုံးအား ခြောက်လုံးထွက်အောင် ဖော်စပ်နိုင်ခဲ့သည်။ သူက သာမာန် အဆင့် ၉ ဆေးလုံးဧကရာဇ်ထက် ကျော်လွန်နေလေ၏။

မိုဝူကျိက ထိုအရာမှာ သူက တခြားသူထက် အရည်အချင်း ပိုကောင်း၍ မဟုတ်ဘဲ သူ့လူသားတာအိုမှာ ရိုးရှင်းသည်နှင့် အလှမ်းကွာဝေးလွန်းနေ၍ ဖြစ်မှန်း သိပေသည်။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက အဆင့် ၉ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ရာ အခက်အခဲကို ကောင်းကောင်း သိသွားသည်။ သူ့လူသားတာအိုနှင့် ဆေးလုံးတာအို အမွေအနှစ်တို့နှင့် သူက အဆင့်တက်ဖို့ရာ အာကာပြင် စည်းမျည်း အသိအမြင်များကိုပါ သုံးခဲ့ရသည်။ ထို့ကြောင့် မိုဝူကျိက ယခင်ရည်ရွယ်ချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

ယခင်အတွေးများအရ သူက အင်မော်တယ်ဆေးလုံးများကို ဆက်လက် ဖော်စပ်လိုလေ၏။ သူက ဈေးမြင့်မြင့် ရောင်းနိုင်မည့် အဆင့် ၉ အင်မော်တယ် ဆေးလုံးများကို ဖော်စပ်လိုနေမိသည်။

သို့သော်လည်း ယခုတွင် သူက အဆင့် ၉ ဆေးလုံး ဖော်စပ်နိုင်ကြောင်း ထုတ်ဖော်ပြ၍ မဖြစ်သေးပေ။ အကယ်၍ ဤသတင်းအချက်အလက်သာ ထွက်ပေါ်သွားပါက သူ့လွတ်လပ်မှု ကြာရှည်ခံတော့မည် မဟုတ်ပေ။

အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်လာဖို့ရာ အလွန်ခက်ခဲလှသည်။ ယခု သူက ဖြစ်လာပြီ ဖြစ်ရာ မည်သူကမှ သူ့ကို ပြန်ပြေးဆွဲဖို့ မကြိုးစားမှသာ ထူးဆန်းနေပေလိမ့်မည်။

နောက်ထပ် ဆယ်ရက်တာ ကုန်ဆုံးသွားလေသည်။ မိုဝူကျိက အဆင့် ၉ ဆေးလုံး အမျိုးမျိုးကို ဖော်စပ်ကြည့်နေလေ၏။ သူက ဆေးလုံးများဆီ တာအိုအသိအမြင်နှင့် မိုးမြေ ဥပဒေ စည်းမျည်းများကို ပေါင်းစပ်ခြင်း သဘောတရားအား နားလည်နေပြီ ဖြစ်သော်လည်း မိုဝူကျိက သူ့ဆေးဖော်စပ်ခြင်း၌ ကျရှုံးမှုတချို့နှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

မိုဝူကျိက စိတ်ထဲ မထားပေ။ ထိုအရာမှာ ဆက်တိုက် လေ့ကျင့်ခြင်းဖြင့် ကျော်ဖြတ်နိုင်လေသည်။

ရက်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ယခု မိုဝူကျိ၏ အောင်မြင်နိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်းအနား နီးကပ်နေပြီ ဖြစ်၏။ ဧကရာဇ်ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်ပြီးသည်နှင့် သူက အခန်းထဲမှ ထွက်လာလိုက်သည်။

“ အိမ်တော်သခင် ” မိုဝူကျိ ထွက်လာသည်ကို မြင်ပြီး ကွမ်ကျင်းက မြန်မြန် နှုတ်ဆက်လိုက်သည်။

ဆေးလုံးဧကရာဇ်မှာ သူ့လိုမျိုး အင်မော်တယ် အုပ်စိုးသူအဆင့်နှင့် အဆင့်အကြီးကြီး ကွာဝေးသော အနေအထား ဖြစ်ပေသည်။

လဝက်တာ နေပြီးနောက် ကွမ်ကျင်းက မိုဝူကျိသည် အဘယ်ကြောင့် ထွက်မသွားလိုမှန်း သဘောပေါက်သွားသည်။ ဤဆိုင်မှာ မကြုံစဖူး အမြန်နှုန်းနှင့် အစိမ်းရောင်ကျောက်များ ဝင်လာနေသည်။

ထိုမျှတင် မကသေးပေ။ သူက အလွန်ရှားပါးလှသော အင်မော်တယ် ဆေးပင်များနှင့် ပန်းပဲပစ္စည်းများကိုပင် မြင်လိုက်မိသေး၏။

ထို့အပြင် သူတို့တွင်  ဝယ်ယူသူများ ပိုပို၍ များပြားလာနေသည်။ သူ့ကို နေသားမကျ ဖြစ်စေသည်က အဆင့် ၉ ဆေးလုံးများ တောင်းဆိုလာသည့်အခါ မိုဝူကျိက အဆင့် ၈ ဆေးလုံးကိုသာ အစား ဖော်စပ်ပေးနေခြင်း ဖြစ်သည်။

ကောင်းကင်ဘုံနယ်နမိတ် အလွန်၌ ထိပ်တန်းအဆင့် အင်မော်တယ်ဆေးလုံး  နည်းပါးနေသည်မှာ ကံကောင်းလှပေသည်။ ထို့ကြောင့် ထိုအင်မော်တယ်များက ဘာမှမပြောကြဘဲ အဆင့် ၈ ဆေးလုံးကိုသာ အသာတကြည် လက်ခံသွားကြသည်။ သူတို့ အလဲအလှယ် မဖြစ်လျှင်  လူသားဆေးလုံးအိမ်တော်က  အစိမ်းရောင်ကျောက်နှင့် သူတို့ပစ္စည်းများကို ပြန်ပေးလိုက်ရုံ ဖြစ်သည်။ သို့သော်လည်း မည်သူကမှ ထိုသို့ မဖြစ်ချင်ကြပေ။

အဆင့် ၉ ဆေးလုံးကို မဖော်စပ်ပေးသောကြောင့် ကွမ်ကျင်းသည် မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဟုတ်ပါ့မလားဟု သံသယ စတင်ဝင်လာမိသည်။ ပြောရမည်ဆိုလျှင် အဆင့် ၉ ဆေးလုံးဧကရာဇ်မှာ အလွန်တရာ ရှားပါးလှပေသည်။

ထိုစဉ် မိုဝူကျိက ကျောက်စိမ်းပုလင်းကို ထုတ်ကာ ကွမ်ကျင်းအား ပေးလိုက်ပြီး

“ အင်မော်တယ်ရောင်းရင်းကွမ် …. အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းကြည့်ဖို့ ကြိုးစားကြည့်ပါ။ တကယ်လို့ ကျရှုံးသွားရင်လည်း နောက်ထပ် တစ်လနေရင် အခွင့်အရေး တစ်ခေါက် ထပ်ပေးမယ် ”

“ ဧကရာဇ်ဆေးလုံးတွေပဲ … ခင်ဗျားက တကယ်ကြီး အဆင့် ၉ ဆေးလုံးဧကရာဇ်ပေါ့ ” ကွမ်ကျင်းက မိုဝူကျိ၏ ကျောက်စိမ်းပုလင်းကို လက်ခံပြီးနောက် လက်များပင် တုန်ယင်လာလေ၏။ သူက နှစ်များစွာ ကျင့်ကြံခဲ့သော်လည်း စိတ်ခံစားချက်ကို မချုပ်ထိန်းနိုင်သေးပေ။

ဧကရာဇ်အဆင့် …..

ထိုအရာမှာ သူ အမြဲ အိပ်မက် မက်ခဲ့ရသည့် အဆင့် ဖြစ်သော်လည်း တက်လှမ်းဖို့ရာ အခွင့်အရေး မရခဲ့ပေ။ သို့သော် ယခု မိုဝူကျိက  သူ ဤတစ်ကြိမ် ကျရှုံးသွားလျှင်လည်း နောက်ထပ် အခွင့်အရေးပေးမည် ပြောနေလေ၏။

မီဖေးကုန်သည်အိမ်တော်က သူ အချိန် ဘယ်လောက် ကုန်ဆုံးခဲ့ရသနည်း …..

သူက ဧကရာဇ်ဆေးလုံး တစ်လုံးအတွက် လုပ်ပေးခဲ့သော်လည်း တစ်လုံးတစ်လေမှ မရရှိခဲ့ပေ။ သူက ထိုနေရာတွင် ဆက်နေနေသည့် အကြောင်းအရင်းမှာ  ဧကရာဇ်ဆေးလုံး ရရှိဖို့ရန် မည်မျှ ခက်ခဲကြောင်း  သိနေ၍ ဖြစ်သည်။ ထို့အပြင် အဆင့် ၉ ဆေးလုံးဧကရာဇ်မှာလည်း ရှာတွေ့ဖို့ရာ အလွန်ခက်ခဲလှသည်။

သို့သော် ယခုတွင် သူက လူသားဆေးလုံးအိမ်တော်၌ ရက် နှစ်ဆယ်ကျော်မျှသာ နေရသေးသော်လည်း ဧကရာဇ်ဆေးလုံး ရနေလေပြီ။ ထိုအခိုက်အတန့်၌ ဖြစ်ပေါ်လာသော စိတ်ခံစားချက်နှင့် စိတ်လှုပ်ရှားမှုများကို သူ တစ်ယောက်သာ ကောင်းကောင်း သိပေလိမ့်မည်။

“ ဟုတ်ကဲ့ အိမ်တော်သခင်မိုကို ကျေးဇူးတင်ပါတယ် …. ကျုပ် ကွမ်ကျင်း ရက် ၂၀ လောက်ပဲ အချိန်ယူပါ့မယ် ” ကွမ်ကျင်းက သူ့စိတ်ခံစားချက်များကို ချိုးနှိမ်ကာ မိုဝူကျိအား သေချာကျေးဇူးတင်လိုက်သည်။

ဤအချိန်လေးမှာ သေချာပေါက် မလုံလောက်ပေ။ ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးနောက် သူ့ကျင့်ကြံဆင့် အခြေတည်အောင် လုပ်ဖို့ရာ မျှော်လင့်နေခြင်း ဖြစ်သည်။

“ စိတ်ပူဖို့ မလိုပါဘူး။ မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ နေရာသာ ရှာထားလိုက်တော့ ။ အင်မော်တယ် ဧကရာဇ်တွေ ရောက်လာရင်တောင် ကျုပ်ရဲ့ လူသားဆေးလုံးအိမ်တော်က တစ်လကနေ နှစ်လလောက် ခံနိုင်ရည် ရှိပါတယ် ” မိုဝူကျိက အသာရယ်မောလိုက်သည်။

မိုဝူကျိက အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက အင်မော်တယ် ဧကရာဇ်ပင် ကောင်းကင်ဘုံအလွန်မြို့၌ မထိန်းနိုင်မသိမ်းနိုင် သောင်းကြမ်းရဲလိမ့်မည်ဟု မထင်ပေ။ ကွမ်ကျင်း သွားနေသည့် အချိန်အတွင်း သူက သတ်ဖြတ်ရေး အစီအရင်နှင့် ကာကွယ်ရေး အစီအရင်တို့ကို ဆက်လက် အားဖြည့်ထားရမည်။

သူ့လက်ရှိစွမ်းရည်ဖြင့် အဆင့် ၇ အစီအရင်နှင့်အတူ ကောင်းကင်ဘုံအလွန်မြို့၌ ရှိနေသည့်အချက်ကိုပါ ထည့်တွက်လျှင် မိုဝူကျိက နောက်ထပ် နှစ်ဝက်လောက် ဘေးကင်းကင်း နေနိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။

သူက ကွမ်ကျင်းအား အကူအညီနှင့် အကြံအဉာဏ်တို့အား မပေးတော့ပေ။ အင်မော်တယ် ဧကရာဇ်အဆင့် အသိအဉာဏ်အလင်းပွင့်ဖို့ရာ ကွမ်ကျင်းက အလွန်ခေါင်သော နေရာတစ်ခု လိုလိမ့်မည်။ ကောင်းကင်ဘုံ နယ်နမိတ် အလွန်၌ ကွမ်ကျင်း ရှိနေသည့် အချိန်များအရ ကွမ်ကျင်းအနေနှင့် ထိုသို့နေရာကို ရှာနိုင်ပေလိမ့်မည်။

ထို့အပြင် သူက ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသေး၏။ ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးနောက် ပြန်မလာခဲ့လျှင်ပင် မိုဝူကျိအတွက်  ဆုံးရှုံးမှု ကြီးကြီးမားမား မရှိပေ။ ထိုအရာမှာ ဧကရာဇ်ဆေး တစ်လုံးမျှသာ ဖြစ်၏။ တခြားသူများအတွက် ထိုဧကရာဇ်ဆေးလုံးမှာ သူတို့ တစ်ဘဝလုံး မရရှိနိုင်သည့်  ပြိုင်ဖက်ကင်း ရတနာ ဖြစ်နိုင်သော်လည်း မိုဝူကျိအတွက်မူ ဘာမှမဟုတ်ပေ။ ဤအချိန်၌ သူက ဧကရာဇ်ဖွေရှာ နှလုံးသားပန်း ဆယ်ပွင့်ကျော်အား အလွယ်တကူ ရရှိနိုင်သေး၏။

“ ပြီးတော့ မင်းကို တစ်ခုတော့ သတိပေးရဦးမယ်။ မင်းရဲ့ ကတိစကားကို ချိုးဖောက်တာကို ငါ ဘယ်လိုမှ သဘောမထားဘူး။ ဒါပေမဲ့ ငါက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်နေတဲ့ အကြောင်းတော့ ထုတ်ဖော်လို့ မရဘူး။ တကယ်လို့ ပေါက်ကြားသွားခဲ့ရင် ငါ မိုဝူကျိ ပထမဆုံး ဖျက်စီးပစ်မဲ့သူက မင်း ဖြစ်သွားလိမ့်မယ် ” မိုဝူကျိက ထပ်ပြောလိုက်သည်။

ကွမ်ကျင်းက လေးလေးစားစား ပြန်ဖြေလိုက်သည် “ ကွမ်ကျင်း မှတ်ထားပါ့မယ်။ အဲဒီအကြောင်းကို လုံးဝ မပေါက်ကြားစေရပါဘူး ”

မိုဝူကျိနှင့် ယှဉ်လျှင် ကွမ်ကျင်းမှာ အဆင့် ၉ ဆေးလုံးဧကရာဇ်များ၏ ရှားပါးမှုနှင့် ကြောက်စရာကောင်းမှုတို့ကို ပို၍ သိပေသည်။ အကယ်၍ လူသားဆေးလုံးအိမ်တော်တွင် အဆင့် ၉ ဆေးလုံးဧကရာဇ် ရှိနေကြောင်း သတင်းထွက်သွားပါက  သူနှင့် လူသားဆေးလုံးအိမ်တော်အတွက် ကပ်ဘေးကျရောက်လာပေလိမ့်မည်။

အဆုံးအစွန်တွေးကြည့်လိုက်ပြီး သူက ကတိစကားကို ချိုးဖောက်ရဲလျှင်ပင် မိုဝူကျိက အဆင့် ၉  ဆေးလုံးဧကရာဇ် ဖြစ်နေကြောင်းတော့ ထုတ်မပြောရဲပေ။ သူက အဆင့် ၉ ဆေးလုံးဧကရာဇ်များ မည်မျှ အားကောင်းသည်ကို မည်သို့ မသိဘဲ နေမည်နည်း။ အကယ်၍ သူသာ အဆင့် ၉ ဆေးလုံးဧကရာဇ်ကို ရန်စမိလျှင် သူ့တစ်ဘဝလုံး ပုန်းကွယ်နေရလိိမ့်မည်။ ထိုသို့မျိုး လုပ်လိုက်ပါက သူ့ကိုယ်သူ သေတွင်းတူးနေခြင်းသာ ဖြစ်လိမ့်မည်။

လော့စီက ကွမ်ကျင်း စိတ်လှုပ်ရှားစွာ ထွက်သွားသည်ကို မြင်လိုက်သောအခါ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်  “ အစ်ကိုကြီးမို သူ့ကို တကယ်ကြီး ဧကရာဇ်ဆေးလုံး ပေးလိုက်တာလား ”

မိုဝူကျိက ရယ်မောကာ

“ ဟုတ်တယ်လေ … အဲဒါက ဘာမှမဟုတ်ပါဘူး။ ဒါတွေပြီးသွားရင် မင်းကိုလည်း ခွဲတမ်းပေးမယ်။ အဲဒီအထဲမှာ အဆုံးအစွန် အုပ်စိုးသူ ဆေးလုံးနဲ့ ဧကရာဇ် ဆေးလုံးလည်း ပါလိမ့်မယ် ”

လော့စီက သူ့အား မြောက်များစွာ ကူညီပေးခဲ့သည်။ လော့စီ မရှိပါက အဆင့် ၉ ဆေးလုံးဧကရာဇ်အဆင့်ကို အချိန်တိုလေးအတွင်း တက်လှမ်းနိုင်ဖို့ရာ ထည့်မပြောလျှင်ပင် ဆေးဖော်စပ်ခြင်း ကိစ္စရပ်၌ စိတ်နှစ်ထားနိုင်မည် မဟုတ်ပေ။

“ ကျမလည်း ရမှာလား ” ဆုလာဘ်က လက်ထဲ မရောက်သေးသော်လည်း လော့စီက စတင်၍ ပျော်ရွှင်မိလာသည်။ ထိုဆေးနှစ်လုံးမှာ သူမ အိပ်မက်မက်ခဲ့ရသည့် ဆေးလုံးတို့ မဟုတ်ပါလော။ သူမက ဆေးလုံးဧကရာဇ်နှင့် ရင်းနှီး၍သာ ထိုအခွင့်အရေး ရရှိလာခြင်း ဖြစ်ပေသည်။

သူမက မိုဝူကျိသည် သူမကို လိမ်ညာပြောလိမ့်မည်ဟု တစ်ခါမှ သံသယမဝင်ဖူးပေ။ မိုဝူကျိနှင့် အချိန်အတော်ကြာ အလုပ်တွဲလုပ်ခဲ့သောကြောင့် သူမက မိုဝူကျိ၏ အကျင့်စရိုက်အကြောင်း ကောင်းကောင်း သိနေလေပြီ။

“ ဒါနဲ့ အခု လုပ်ရမဲ့ဟာက ဆိုင်အပြင်ဘက်က အစီအရင်တွေကို အားဖြည့်မလို့လေ ” မိုဝူကျိက ရယ်မောရင်း ပြောလိုက်သည်။

………..…

သာမာန်ခန္ဓာကိုယ်အနေအထားနှင့် အမျိုးသား တစ်ယောက်က ကောင်းကင်ဘုံအလွန်မြို့လေးထဲ ဝင်လာသည်။ သူ့မျက်နှာကား  သုန်မှုန်နေလေ၏။

ထိုသူ ရောက်ရှိလာသည်နှင့်  မီဖေးကုန်သည်အိမ်တော်၏ ခေါင်းဆောင် မင်ချန်း၊ ဝမ်လီနှင့် ရန်ယူရွှေတို့က လာရောက်နှုတ်ဆက်ကြရသည်  “ မင်ချန်းက အကြီးအကဲတူကို ဂါရဝပြုပါတယ် …”

မင်ချန်း လေသံမှာ လေးစားမှုအပြည့်နှင့် ဖြစ်သည်။ သူက စကားပြောနေရင်း ခါးမှာ မြေကြီးထိလုမတတ် ကိုင်းထားလေသည်။

ထိုလူက အေးစက်စွာ ဆိုလိုက်၏  “ အသုံးမကျတဲ့ဟာတွေ ….ဆေးလုံးဆရာတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ပဲနဲ့များ မီဖေးကုန်သည်အိမ်တော်ကို ထိန်းချုပ်နေချင်ကြသေးတယ် ”

ထိုလူမှာ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်း၏ အင်မော်တယ် ဧကရာဇ် တူစုန့် ဖြစ်၏။ သူက မသာမယာ ဖြစ်နေသည့် အကြောင်းအရင်းမှာ သူ့ကျင့်ကြံဆင့်က အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ချိုးဖျက်ခါ ဖြစ်နေ၍ ဖြစ်သည်။ ဤသို့အချိန်မျိုးမှာ တစ်စက္ကန့်တိုင်းက ရွှေတမျှ အရေးပါပေသည်။ သို့သော်လည်း သူက အရေးမပါသည့် ကိစ္စကို ဖြေရှင်းဖို့ရာအတွက် ကောင်းကင်ဘုံအလွန်မြို့ဆီ လာနေရသည်။

သူက ဒေါသမထွက်ဘဲ မည်သို့ နေမည်နည်း။

ထို့အပြင် သူက လာရုံမှအပ ရွှေးချယ်စရာ မရှိပေ။

 မီဖေးကုန်သွယ်ရေး အဖွဲ့အစည်း၌ သူ့အား အဆင့်အနိမ့်ဆုံး အင်မော်တယ် ဧကရာဇ် မည်သူက ဖြစ်ခိုင်းလို့လဲ ….

“ ဟုတ်ပါတယ် ဟုတ်ပါတယ် …” မင်ချန်းက ပြန်လည်မချေပရဲဘဲ ခေါင်းသာ အဆက်မပြတ် ညိတ်ပြနေသည်။

“ အဲဒီ ခွေးသား လူသားဆေးလုံးအိမ်တော်ဆီ မြန်မြန် ခေါ်သွားပေးစမ်း …. ဒီဧကရာဇ်က အဲဒီနေရာကို အမှုန့်ဖြစ်အောင် မလုပ်ရရင် ဒီဧကရာဇ်ရဲ့ စိတ်ထဲ မသာမယာ ဖြစ်နေလိမ့်မယ် ” တူစုန့်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူက လူသားဆေးလုံးအိမ်တော် မိုဝူကျိအပေါ် မလိုမုန်းတီးမှုနှင့် ပြည့်နေသည်။

 ပါးမွှားလေးကများ သူ့အချိန်ကို ဖြုန်းတီးရဲတယ်ပေါ့လေ …..

***

All Chapters