အခန်း (၂၅၃) - ဘိုးဘွားပိုင်မြေသို့ ရောက်ရှိခြင်း
Vol. 17 Ch. 253
အခန်း (၂၅၃) - ဘိုးဘွားပိုင်မြေသို့ ရောက်ရှိခြင်း
ကောင်းကင်ပေါ်မှ ဧရာမငှက်ကြီး ပြုတ်ကျလာသည်ကို လုတုန်ချမ်းမြင်ကာ အနည်းငယ် တွေဝေသွား၏။ ထို့နောက် ဗူးထဲမှ ပျံထွက်သွားသည့် အနက်ရောင် အလင်းနှင့် သက်ဆိုင်နေကြောင်း ချက်ချင်း နားလည်သွားပါသည်။
သူ တိုးတိတ်စွာ အံ့သြသွား၏။ အဝေးကြီးက ငှက်တစ်ကောင်ကို သတ်နိုင်သည့် ထိုအရာက ဘယ်လိုအရာမျိုးလဲ။
ဒီလိုနည်းလမ်းမျိုးက တကယ်ပဲ ဆန်းကြယ်လှပါသည်။
သို့သော်လည်း လောလောဆယ် ယဲ့ရှောင်ချန်း အလွန်စိတ်ပူပင်နေသည်ကိုတော့ သူ မသိခဲ့ပါ။။
အဘယ့်ကြောင့်ဆိုသော် ဝတ်မှုန်ကူပျား ပြန်လာမည့် အချိန်ကို စောင့်နေသောကြောင့် ဖြစ်ပါသည်။
ဝတ်မှုန်ကူးပျားက အလွန်ထက်မြက်ပြီး ပျောက်သွားမှာ မဟုတ်တာကိုတော့ သူ ယုံကြည်ပါသည်။
သို့သော်လည်း မအောင်မြင်ရင် နေပါစေ၊ ဘေးကင်းဖို့တော့ လိုအပ်ပါသည်။
ရုတ်တရက် ယဲ့ရှောင်ချန်း၏ မျက်နှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ ဝတ်မှုန်ကူးပျားအား အာရုံခံလိုက်မိသောကြောင့် ဖြစ်ပါသည်။
ဝှီးး…
သူ စိတ်အေးစွာ သက်ပြင်းချလိုက်မိတော့သည်။ နောက်ဆုံးတော့ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားပြီဖြစ်၏။
ထို့နောက် သိပ်မကြာဘဲ အနက်ရောင် အလင်းတစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
ယဲ့ရှောင်ချန်းက လက်ဖဝါးကို ဖွင့်လိုက်၏။ ချက်ချင်းဆိုသလို ပိန်းပိတ်အောင် မည်းမှောင်နေသည့် ဝတ်မှုန်ကူးပျားမှာ သူ့လက်ဖဝါးတွင် လာနားလေသည်။
ဝတ်မှုန်ကူးပျားကို လုတုန်ချမ်း ချက်ချင်း စိုက်ကြည့်လိုက်ကာ အလွန်အမင်း ထိတ်လန့်သွား၏။
ဒီလိုအရာသေးသေးလေးက အမြင့်ကြီး ပျံသန်းနိုင်လိမ့်မည်ဟု မထင်ထားပေ။
ယဲ့ရှောင်ချန်း ဆေးတောင့်လေး တစ်တောင့်ကို ထုတ်ကာ အဝကို ဖြဲလိုက်၏။ ချက်ချင်းဆိုသလို ဝတ်မှုန်ကူးပျားက အဝအား စုပ်ယူ စားသောက်လေသည်။
မကြာမီ ဆေးတောင့်ထဲက အရည်အား ဝတ်မှုန်ကူးပျားက ကုန်စင်အောင် စားပြစ်လိုက်ပါပြီ။ အားရကျေနပ်စွာဖြင့် အင်မော်တယ် ပျားအုံထဲသို့ ပြန်ဝင်သွားတော့၏။
ယဲ့ရှောင်ချန်းက အင်မော်တယ် ပျားအုံကို သိမ်းဆည်းလိုက်ပါသည်။
လမ်းပြမည့် ဆရာကြီးနင် မရှိတော့သဖြင့်် သူတို့ခြေလှမ်းများက အများကြီး ပို၍ ဒုက္ခများလာပါသည်။
သို့သော်လည်း ကံကောင်းစွာဖြင့် သူ့တွင် တခြား ပြင်ဆင်ထားမှုများ ရှိပါသေးသည်။
အင်မော်တယ် ပဲစေ့တစ်ခုကို ထုတ်လိုက်၏။
အတွေးတစ်ချက်တည်းနှင့် အင်မော်တယ် ပဲစေ့မှာ ရုတ်တရက် ထောင်ဟုန်ဝူအဖြစ် ပြောင်းလဲသွားလေသည်။
သာမန် ထောင်ဟုန်ဝူက ယဲ့ရှောင်ချန်းကို လေးစားစွာဖြင့် ကြည့်လိုက်၏။
"ထောင်ဟုန်ဝူ ဘိုးဘေးဝိညာဥ်ရဲ့ တည်ရှိမှုကို မင်း အာရုံခံနိုင်မလား။"
ယဲ့ရှောင်ချန်း မေးလိုက်၏။
ဘာပဲဖြစ်ဖြစ် သူ မျှော်လင့်ချက်တော့ သိပ်မထားပါ။ အကွာအဝေးက ဝေးလွန်းနေလျှင် အာရုံခံဖို့ ခက်ခဲလွန်းပါလိမ့်မည်။
"မသဲမကွဲ ခံစားမိပါတယ်။"
ထောင်ဟုန်ဝူက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
"ဘယ်ဘက်မှာလဲ။"
ယဲ့ရှောင်ချန်း အပျော်လွန်သွားပြီး အမြန်မေးလိုက််၏။
"ဟိုဘက်မှာပါ။"
ထောင်ဟုန်ဝူက အရပ်မျက်နှာ တစ်ဘက်သို့ ညွှန်ပြလိုက်ပါသည်။
မတ်စောက်သော တောင်ရိုးများနှင့် တောင်တန်းမြင့်ကြီးများ ရှိရာဆီသို့ ဖြစ်လေသည်။
"သွားကြစို့။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်ပါသည်။
ထောင်ဟုန်ဝူက မြင်နိုင်သဖြင့် မျှော်လင့်ချက် ရှိလာပါပြီ။
ကြည့်ရတာ သူတို့ အင်မော်တယ် ပုံရိပ်ဂိုဏ်း၏ ဘိုးဘေးပိုင်နယ်မြေနှင့် သိပ်မဝေးသည့်ပုံပင်။
သူတို့နှစ်ယောက် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လာခဲ့ကြသည်။
သူတို့နှစ်ယောက်စလုံးက အရိပ်တွေလို သွက်လက်သည့် အင်မော်တယ် ကျင့်ကြံသူများ ဖြစ်သည်။ တောတောင်နှင့် မြစ်ချောင်းများကို ဖြတ်သန်းဖို့ သူတို့အတွက် မခက်ခဲလှပါ။
နေ့တစ်ဝက် ကြာမြင့်ပြီးနောက်။
ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့သည် လူသူကင်းမဲ့သော တောတစ်ခုထဲ ရောက်လာခဲ့သည်။
ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူကိုတော့ သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။ မကြာခဏသာ ထုတ်ပြီး လမ်းပြခိုင်းပါသည်။
ထောင်ဟုန်ဝူကို အသုံးပြုပါက မှော်စွမ်းအင် ကုန်ဆုံးလွန်းသဖြင့် ဖြစ်သည်။
ရုတ်တရက် လူသားလှုပ်ရှားမှု အရိပ်အယောင်များ သူတို့ရှေ့တွင် ပေါ်လာခဲ့၏။
သူတို့နှစ်ယောက် ဖြည်းဖြည်းချင်း ချဥ်းကပ်ကာ ချက်ချင်းဆိုသလို လယ်ကွင်းထဲတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသည့် လူတစ်ချို့ကို မြင်လိုက်ရသည်။
ယဲ့ရှောင်ချန်းက ထောင်ဟုန်ဝူကို အမြန်ထုတ်လိုက်ပါသည်။
"သခင်လေး ရှေ့နားလေးတင်ပါပဲ။ ကျုပ် ကောင်းကောင်း အာရုံခံမိတယ်။"
ထောင်ဟုန်ဝူ အမြန်ပြောလိုက်ပါသည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီ ဖြစ်သည်။ မလွယ်ကူခဲ့ပါ။
ထောင်ဟုန်ဝူကို သူ ထပ်မံ သိမ်းဆည်းထားလိုက်၏။
ထောင်ဟုန်ဝူက ဘိုးဘေးဝိညာဥ်၏ တည်ရှိမှုကို အာရုံခံနိုင်သဖြင့် ဘိုးဘေးဝိညာဥ်ကလည်း ထောင်ဟုန်ဝူကို အာရုံခံနိုင်လောက်ပါသည်။
ထောင်ဟုန်ဝူကို သိမ်းထားပါက တဖက်လူမှာ သူတို့၏ တည်နေရာကို ခြေရာမခံနိုင်လောက်ပေ။
ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက် အလွန်ရှေးကျသည့် ထိုရွာထဲသို့ ခိုးဝင်လာခဲ့ပါသည်။
...
မျိုးနွယ်စုထဲတွင် တည်ငြိမ်နေသည်ဟု ထင်ရသည့် ပတ်ဝန်းကျင်အခြေအနေက ဖိအားတစ်ခုကို ဖုံးကွယ်ထားသည်။
လှိုဏ်ဂူ၏ အပြင်ဘက်တွင် အင်မော်တယ် ပုံရိပ်ဂိုဏ်း၏ လူများက အတူတူ စုရုံးနေကြ၏။ ထို့အပြင် ရုပ်ဖျက်ထားသည့် လက်နက်ကိုင် လူတချို့လည်း ရှိပါသည်။
ထိုလူများက အသားမည်းမည်း၊ စူးရှသည့် မျက်လုံးများနှင့် လက်ထဲတွင်လည်း သေနတ်များကို ကိုင်ဆောင်ထားသည်။
"သခင်ကြီး ဘိုးဘေးဝိညာဥ်က ကိုယ်ထည် တစ်ခုရဲ့ တည်ရှိမှုကို အာရုံခံမိထားတယ်။။ အဲ့ဒီနှစ်ယောက် မကြာခင် ရောက်လာတော့မယ်။"
ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ဘုန်းတော်ကြီး တစ်ပါးနှင့် ပုံစံတူသည့် အဘိုးကြီး တစ်ယောက်က ပြောလိုက်သည်။
သူက ဒီလူတွေထဲမှာ သြဇာအကြီးမားဆုံးလူလည်း ဖြစ်၏။
ဆရာကြီးနင် သတင်းပေးပြီးကတည်းက အင်မော်တယ် ပုံရိပ်ဂိုဏ်းက ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ကို စောင့်ကြည့်နေခဲ့ကြသည်။
သူတို့ ဂရုတစ်စိုက် လေ့ကျင့်ပေးထားသည့် လင်းယုန် အသတ်ခံလိုက်ရပြီးမှ သူတို့ နှစ်ယောက်အား ခြေရာပျောက်သွားခြင်း ဖြစ်ပါသည်။
ထို့နောက် သခင်ကြီး ဘိုးဘေးဝိညာဥ်က ကိုယ်ထည်တစ်ခု၏ တည်ရှိမှုကို အာရုံခံမိပြီးမှ တဖက်အဖွဲ့မှာ သူတို့ရွာနားသို့ ရောက်လာပြီ ဖြစ်မှန်း ပြန်သိလိုက်ရသည်။
ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ကို ကြောက်ရွံ့သဖြင့် အင်မော်တယ် ပုံရိပ်ဂိုဏ်းမှ ညတွင်းချင်း လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ကို ခေါ်ယူခဲ့ပါသည်။
ဒီလိုဆိုမှ စိတ်ချနိုင်မည် ဖြစ်သည်။
ရုတ်တရက်ကြီး မမြင်နိုင်သည့် အော်သံတစ်ခုက လှိုဏ်ဂူထဲမှ ထွက်လာသည်။
အဘိုးကြီး၏ မျက်နှာပြောင်းလဲသွားပြီး အော်လိုက်၏။ "ဟိုနှစ်ယောက် ဒီရောက်နေကြပြီ။ မြန်မြန် အသင့်ပြင်ထားကြ။"
"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"
ရုပ်ဖျက်ထားသည့် လူထွားကြီး တစ်ယောက်က သူ့လက်နက်ကိုင် အဖွဲ့ကို အမြန် ဦးဆောင်လိုက်သည်။
အားလုံးက အလွန်ကောင်းမွန်သော လက်နက်များ ကိုင်ဆောင်ထားကြသည်။ စက်သေနတ်များ၊ ရိုင်ဖယ်များ၊ လက်ပစ်ဗုံးများနှင့် စနိုက်ပါ ရိုင်ဖယ်များပင် ရှိသေးသည်။
ထိုလူများက စစ်လေ့ကျင့်ရေး ဆင်းထားသည့် လက်ရွေးစင်များ ဖြစ်ကြမှန်း သိသာပါသည်။
ထို့အပြင် သူတို့ထဲက တချို့က ပြည်တွင်း ဘာသာစကားနှင့် မပြောဘဲ မြန်မာစကား ပြောနေကြပုံပေါ်သည်။
ထိုအချိန်တွင် ရွာထဲ ခိုးဝင်လာသည့် ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ ရပ်တန့်သွားကြသည်။
သူတို့သည် ကျင့်ကြံသူများဖြစ်သဖြင့် သူတို့က အလွန် နိုးကြားမှု ရှိလေသည်။
ရွာထဲတွင် ချောက်ချားစရာ အန္တရာယ်တစ်ခု ရှိနေသည်ကို အာရုံခံမိပြီး ဒီတိုင်း တဇွတ်ထိုး ဝင်သွားမည် မဟုတ်ပါ။
ယဲ့ရှောင်ချန်းသည် အင်မော်တယ် ပျားအုံကို ထပ်မံ ထုတ်ယူကာ ဝတ်မှုန်ကူးပျားကို လွှတ်လိုက်၏။
လက်ရှိ ဝတ်မှုန်ကူးပျားကို သူ ထိန်းချုပ်နိုင်သည့် အကွာအဝေးမှာ ၁ - ၂ ကီလိုမီတာခန့် ဖြစ်၏။
ရွာက ကြီးမားသော်လည်း ဝတ်မှုန်ကူးပျားကို အသုံးချဖို့ လုံလောက်ပါသည်။
ဝတ်မှုန်ကူးပျား၏ ရှာဖွေမှုအောက်တွင် ရွာထဲက အခြေအနေအား ယဲ့ရှောင်ချန်း နားလည်သွား၏။
"တုန်လေး သတိထားပါ။ ရွာထဲမှာ သေနတ်ကိုင်ထားတဲ့လူတွေရှိတယ်။ စုစုပေါင်း ၂၈ ယောက်ပဲ။"
ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို လေသံတိုးတိုးဖြင့် အမြန်ပြောလိုက်ပါသည်။
သေနတ်များ၏ စွမ်းအားကို လုတုန်ချမ်းလည်း သိသဖြင့် အလောတကြီး မလှုပ်ရှားရဲပါ။
"မင်း မလှုပ်ရှားခင် ငါ့အမိန့်ကို စောင့်နော်။"
ယဲ့ရှောင်ချန်း ပြောလိုက်၏။
လုတုန်ချမ်းက ခေါင်းငြိမ့်လိုက်ပါသည်
ယဲ့ရှောင်ချန်း ဝတ်မှုန်ကူးပျားကို စတင် ထိန်းချုပ်လိုက်၏။
အကြီးမားဆုံး အန္တရာယ်က စနိုက်ပါ သမားများဖြစ်မှန်း သံသယဖြစ်စရာ မလိုပါ။
ရွာထဲက အမြင့်နေရာနှစ်ခုတွင် သေသေချာချာ ပုန်းခိုပြီး နေရာယူထားသည့် စနိုက်ပါသမား နှစ်ယောက် ရှိသည်။
သို့သော်လည်း ဝတ်မှုန်ကူးပျား၏ အာရုံထံမှတော့ မပုန်းကွယ်နိုင်ကြပါ။
ရွှံ့အုတ်အိမ်တစ်လုံး၏ ဘေးရှိ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် သစ်ရွက်များက ထူထပ်နေပြီး တစ်ဝက်လောက်က ခေါင်မိုးကို ဖုံးလွှမ်းနေ၏။
ထိုသစ်ပင်ပေါ်တွင် ရုပ်ဖျက်ထားသည့် လူတစ်ယောက် ရှိနေ၏။
ရုတ်တရက် အလွန် တိုးညှင်းသည့် တဂျီဂျီ မြည်သံအား ကြားလာရသည်။
ခြင်တစ်ကောင်ဟု ထင်ပြီး ထိုလူ ဂရုမစိုက်ပါ။
ဒီရာသီတွင် တောအုပ်ထဲ ခြင်များစွာ ရှိတတ်၏။
ရုတ်တရက် သူ့လည်ပင်းတွင် စူးရှသည့် နာကျင်မှုတစ်ခုအား ခံစားလိုက်ရ၏။
သူအော်ချင်သော်လည်း သူ့ခန္ဓာကိုယ်ထဲက ကြွက်သားအားလုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။
နောက်တော့ သူ သတိလစ်သွားပြီး သစ်ပင်ပေါ်မှ ပြုတ်ကျသွားလေသည်။
၁၀ စက္ကန့်ကျော် ကြာသောအခါ တောင်စွန်းတွင် ပုန်းအောင်းနေသည့် လူလည်း တိတ်ဆိတ်စွာ သတိလစ်သွားပါသည်။
စနိုက်ပါသမား နှစ်ယောက်ကို ရှင်းလင်းပြီးနောက် ယဲ့ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် ဝတ်မှုန်ကူးပျားက တခြား သေနတ်သမားများကို စတင်တိုက်ခိုက်သည်။
သေနတ်သမား တစ်ယောက်ကို ရှင်းလိုက်လျှင် အန္တရာယ်က တစ်ဆင့်လောက် လျော့သွား၏။
အားလုံး သတိမထားမိစေဘဲ သေနတ်သမား အားလုံးကို သတိလစ်အောင် လုပ်ဖို့က မဖြစ်နိုင်မှန်း သူသိသည်။
ထို့အပြင် ဒီရွာထဲက အန္တရာယ်အများဆုံး အရာမှာ သေနတ်သမားများ မဟုတ်ဘဲ ဆန်းကြယ်သည့် ဘိုးဘေးဝိညာဥ်ကြီး ဖြစ်ပါသည်။
ဒါက ဘိုးဘေးဝိညာဥ်ကြီး၏ အသိုက်ဖြစ်ပြီး တဖက်အဖွဲ့တွင် ဝှက်ဖဲ မရှိလောက်ဘူးဟု ယဲ့ရှောင်ချန်း မထင်မိပါ။