အခန်း (၂၅၅) - မန္တန်
Vol. 17 Ch. 255
အခန်း (၂၅၅) - မန္တန်
ယဲ့ရှောင်ချန်း အနီးအနားတွင် ပုန်းခိုနေပြီး ပြင်းထန်သည့် တိုက်ပွဲကြီးကို မြင်နေရပါသည်။
အထူးသဖြင့် လုတုန်ချမ်း ရုတ်တရက်ပေါ်လာပြီး အလစ်ဝင် တိုက်ခိုက်လိုက်ခြင်းကိုလည်း သူ မြင်ခဲ့ပါသည်။
"ဒီကောင်က သွက်သားပဲ။"
ယဲ့ရှောင်ချန်း ရယ်မောလိုက်ပါသည်။
အဓိက စစ်မြေပြင်ကို သူ လှမ်းကြည့်လိုက်၏။ လူသားသဏ္ဌာန် မီးခိုးကြီးနှင့် ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူတို့၏ တိုက်ပွဲကို ဖြစ်သည်။
ယခု ပဲစေ့စစ်သည်တော်အား မီးခိုးများမှ လုံးဝ ချုပ်နှောင်ထားလေပြီ။
သို့သော်လည်း ထောင်ဟုန်ဝူက ပြင်းပြင်းထန်ထန် ရုန်းကန်သဖြင့် မီးခိုးများ ကျိုးပဲ့သွားသည်။ သို့သော် နောက်ထပ် မီးခိုးများ ထွက်လာ၏။
ယဲ့ရှောင်ချန်း လူသားသဏ္ဌာန် မီးခိုးကြီး၏ အနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ လှိုဏ်ဂူဝနှင့် ဆက်နွယ်နေသည့် မီးခိုးပါးပါးလေး ရှိနေပြီး လူများစွာက အမွှေးတိုင်များကို ကိုင်လျက် ခြေပုလ္လင်ခွေ ထိုင်နေကြပါသည်။
အမွှေးတိုင်များကို မီးထွန်းညှိထားပြီး အငွေ့များ ထွက်နေကာ လူသားသဏ္ဌာန် မီးခိုးကြီးနှင့် ဆက်သွယ်နေ၏။
ထိုလူသားသဏ္ဌာန် မီးခိုးကြီးအား အမွှေးတိုင် မီးခိုးများဖြင့် ဖန်တီး ထိန်းသိမ်းထားသည်မှာ သိသာပါသည်။
အမွှေးတိုင်များသာ မီးငြိမ်းသွားလျှင် လူသားသဏ္ဌာန် မီးခိုးကြီး ကြာရှည်မခံနိုင်ပါ။
ထောင်ဟုန်ဝူက ဆက်လက် တောင့်ခံထားနိုင်သေးသည်ကို မြင်ကာ ယဲ့ရှောင်ချန်း ဂရုမစိုက်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူက အင်မော်တယ် ပဲစေ့ဖြင့် ပြုလုပ်ထားသည့် စစ်သည်တော်တစ်ပါး ဖြစ်သည်။ မရှုံးနိမ့်နိုင်ပါ။ သို့သော် ဘိုးဘေးဝိညာဥ်ကြီးကလည်း ခေသူ မဟုတ်ပါ။ ၎င်းခန္ဓာကိုယ်၏ ခွန်အားက သေချာပေါက် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိနေလောက်ပြီ။ ၎င်းထုတ်လွှတ်နေသည့် ဝိညာဥ်စွမ်းအင်ကို ခံစားကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
သို့သော်လည်း ရုပ်ခန္ဓာကိုယ်တစ်ခုနှင့် မှော်စွမ်းအင်၏ အထောက်အပံ့ မရှိပါက ချီသန့်စင်ခြင်းအဆင့်၏ ခွန်အားအစစ်ကို ထုတ်မသုံးနိုင်ပေ။။
အခုလို တိုက်ပွဲခွန်အားမျိုး ထုတ်သုံးနိုင်ခြင်းက အမွှေးတိုင်များ၏ စွမ်းအားကြောင့်သာ ဖြစ်ပါသည်။
ဒါက သာမန်အမွှေးတိုင်များ မဖြစ်နိုင်ပါ။ မှင်သက်ဖို့ ကောင်းသည့် မိစ္ဆာစွမ်းအင်များ ပါဝင်နေ၏။ ဘယ်လိုလုပ်ထားလဲတော့ မသိပေ။
ရုတ်တရက် ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားသွားပြီး ဝတ်မှုန်ကူးပျားကို အမြန်ထုတ်လိုက်ကာ အမွှေးတိုင် ကိုင်ဆောင်သူများအား တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါသည်။
မကြာမီ ဝတ်မှုန်ကူးပျား ပျံထွက်သွား၏။
အင်မော်တယ် ပုံရိပ်ဂိုဏ်း၏ အမွှေးတိုင် ကိုင်ဆောင်သူများထံသို့ ဝတ်မှုန်ကူးပျား ချဥ်းကပ်လာသောအခါ လေထဲတွင် မီးခိုးပါးပါးလေး ပေါ်လာပြီး ဖဲကြိုးများအဖြစ် ပြောင်းလဲကာ ဝတ်မှုန်ကူးပျားကို ရစ်ပတ်ဖို့ ကြိုးစား၏။
အမွှေးတိုင် ကိုင်ဆောင်သူများ၏ ဘေးပတ်လည်တွင် ပိတ်စလို အကာအရံ အလွှာတစ်ခု ပေါ်လာ၏။
ဝတ်မှုန်ကူးပျားက မီးခိုးဖဲကြိုးများကို ရှောင်နိုင်ခဲ့သော်လည်း အမွှေးတိုင် ကိုင်ဆောင်သူများအနား ရောက်အောင်တော့ မသွားနိုင်ခဲ့ပါ။ ဝတ်မှုန်ကူးပျားက မီးခိုးကို မုန်းတီးသောကြောင့် ဖြစ်သည်။
ဒါကိုမြင်သောအခါ ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိပြီး ဝတ်မှုန်ကူးပျားကို ပြန်ခေါ်လိုက်ပါသည်။
ထိုအချိန်တွင် အော်သံတစ်ခု ထွက်လာ၏။ ပုန်းကွယ်နေသည့် လုတုန်ချမ်း ခုန်ထွက်လာပြီး လက်နက်ကိုင်တစ်ယောက်ကို သတ်ပြီးသောအခါ ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။ တခြား လက်နက်ကိုင်များက ဒေါသတကြီး အော်ဟစ်နေကြပါသည်။
အခုတော့ လုတုန်ချမ်း၏ လက်ထဲတွင် လက်နက်ကိုင် ၄ ယောက်လောက် သေသွားပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်း မျက်မှောင်ကြုတ်လိုက်၏။ ကြည့်ရတာ သူကိုယ်တိုင် လုပ်ရတော့မည် ထင်သည်။
ရုတ်တရက်ဆိုသလို သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် လှိုဏ်ဂူ၏ ဘယ်ညာတွင် အပင်တချို့ ပေါက်နေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ မများသော်လည်း သူ့အတွက်တော့ အကူအညီကောင်း ဖြစ်နိုင်ပါသည်။
ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
ထိုသို့ စဥ်းစားပြီးနောက် ကာကွယ်ရေးအဆောင်ကို ရုတ်တရက် ဖွင့်လိုက်သည်။ ရုတ်ချည်းဆိုသလို ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းတစ်ခုက သူ့ခန္ဓာကိုယ်အား ဝန်းရံလာသည်။
သူ့ခန္ဓာကိုယ်ထဲတွင် မှော်စွမ်းအင် လုံလုံလောက်လောက် ရှိသေးသည်ဟု ယဲ့ရှောင်ချန်း ခံစားမိသည်။ ထို့ကြောင့် သူ လှုပ်ရှားလိုက်၏။ ကောင်းကင်ပေါ်သို့ မိုးကြိုးသွား တစ်လက်လို ခုန်တက်သွားသည်။ လှိုဏ်ဂူ အပြင်ဘက်သို့ ခြေလှမ်း အနည်းငယ်လောက်ဖြင့် ရောက်လာခဲ့ပါသည်။
တိုက်ပွဲပြင်းထန်နေသည့် ပဲစေ့စစ်သည်တော်နှင့် လူသားသဏ္ဌာန် မီးခိုးကြီးအား သူ လုံးဝ လျစ်လျူရှုခဲ့ပါသည်။
နေရာတိုင်းသို့ ထိမှန်နေသည့် ထိုအန္တရာယ် အရှိန်အဝါက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။
လက်နက်ကိုင် ၁၀ ယောက်ကျော်က အတူတူ စုစည်းလိုက်ကြပြီး ဘေးဘက်သို့ ပြေးလာခဲ့ကြသည်။ ယဲ့ရှောင်ချန်းကို မြင်တာနှင့် စိတ်ကြိုက် ပစ်ခတ်ခဲ့ကြ၏။
ယဲ့ရှောင်ချန်း၏ အမြန်နှုန်းက အလွန်မြင့်ပြီး ဘယ်ညာ ရှောင်တိမ်းလိုက်ပါသည်။ သူ့ကို ထိမှန်သည့် ကျည်ဆံတချို့ရှိသော်လည်း ရွှေရောင် အကာအရံက ကာကွယ်ပေးခဲ့၏။
အကာအရံက အလွန်မာကျောသည်။ ကျည်ဆံဖြင့် ထိတာတောင် အနည်းငယ်သာ တုန်ယင်မှု ရှိသည်။
ကျန်းလဲ့နှင့် အခြားသူများ ဆွံ့အသွားကြ၏။ နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင် ဘယ်လို ပေါ်လာတာလဲ။။
ဒါ ဘယ်လို ကမ္ဘာမျိုးလဲ။
လူတွေကို အသက်ကော ရှိစေချင်သေးရဲ့လား။
ရုတ်တရက် တဖက်မှ လူရိပ်တစ်ခု ခုန်ထွက်လာသည်။ လုတုန်ချမ်း ဖြစ်၏။ လက်နက်ကိုင်များ ယဲ့ရှောင်ချန်းဘက်သို့ အာရုံလွဲနေသည်ကို မြင်ကာ တိုက်ခိုက်ဖို့ ထပ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းလဲ့နှင့် တခြားသူများသည် လုတုန်ချမ်းကို သတိထားနေဆဲ ဖြစ်သော်လည်း အချိန်မှီ မတုံ့ပြန်လိုက်နိုင်ပါ။
လုတုန်ချမ်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တွင်သာ ရှိသေးသည်။ သူက မော်တယ်တစ်ယောက် ဖြစ်နေသေးသော်လည်း မော်တယ်များ အကြားက သဘာဝလွန် လူသားတစ်ယောက် ဖြစ်နေပါသည်။
သွေးနှစ်ချက် ဖြာထွက်သွားပြီးနောက် နောက်ထပ် လက်နက်ကိုင်နှစ်ယောက် မြေပေါ်သို့ လဲကျသွားပါသည်။ သူတို့ သေလား ရှင်လား မသိရသေးပါ။
လုတုန်ချမ်းသည် အလွန် ဉာဏ်နီဉာဏ်နက်များပြီး နောက်တစ်ခေါက် တပ်ဆုတ်သွားပြန်သည်။
ကျန်းလဲ့၏ မျက်နှာက ခက်ထန်နေ၏။
သူ့ဘေးပတ်လည်တွင် မတ်တပ်ရပ်နေနိုင်သေးသည့် လူ ၆ ယောက်သာ ရှိတော့သည်။
ထို့အပြင် အားလုံးက ကြောက်ရွံ့ကာ စိတ်ဖိစီးနေကြ၏။ အရင်ကလို စိတ်မတည်ငြိမ်ကြတော့ပါ။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် သူတို့ ရင်ဆိုင်နေရတာက လူသားမဟုတ်သည့် ဖြစ်တည်မှု တစ်ခု မဟုတ်ပါလား။
ထိုအချိန်တွင် ယဲ့ရှောင်ချန်းက လက်နက်ကိုင်များ၏ တိုက်ခိုက်ရေးတာထဲမှ ထွက်လာခဲ့ပြီ ဖြစ်သည်။
သူ့ကိုယ်ပေါ်က ရွှေရောင် အကာအရံလည်း အနည်းငယ် အရောင်မှေးမှိန်သွားပါပြီ။
သို့သော်လည်း ကံကောင်းစွာဖြင့် သူ ခဏလောက် ထိန်းထားနိုင်ပါသေးသည်။
ယဲ့ရှောင်ချန်းသည် လှိုဏ်ဂူအဝနှင့် နီးကပ်လာလေပြီ။
ယဲ့ရှောင်ချန်း ရပ်တန့်လိုက်၏။ ရုတ်တရက် သူ့လက်ချောင်းများဖြင့် လက်ကွက်တစ်ခုကို ဖန်တီးလိုက်သည်။ သူ့လက်ချောင်းထဲက မှော်စွမ်းအင်များ တုန်ခါသွားပြီး မြေကြီးကို လက်ဖြင့် အုပ်ရိုက်လိုက်သည်။ မြေကြီး အနည်းငယ် တုန်ခါသွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ရှေ့ရှိ မြေပေါ်က မြက်ပင်များ ကြမ်းတမ်းစွာ ဖွံ့ဖြိုးလာကြသည်။
အပင်စစ်သည်တော် ဖန်တီးခြင်း
အပင်ဖွံ့ဖြိုးခြင်း အနုပညာ
ထိုအစွမ်းနှစ်မျိုးက အတူတူ အလုပ်ဖြစ်ကြသည်။
ရုတ်ချည်းဆိုသလို သူ့ဒန်တန်ထဲက မှော်စွမ်းအင် ရူးချင်စရာကောင်းလောက်အောင် နှုတ်ယူခံနေရသည်ဟု ခံစားလိုက်ရပါသည်။
ကံကောင်းစွာဖြင့် သူ့လက်ထဲတွင် ဝိညာဥ် ပုံဆောင်ခဲတစ်ခု ရှိနေသေး၏။ ဝိညာဥ်စွမ်းအင်ကို နှုတ်ယူကာ သူ့မှော်စွမ်းအင်ကို ပြန်လည် ဖြည့်စွက်နိုင်၏။
သို့သော်လည်း ပြန်ဖြည့်စွက်သည့် နှုန်းက မမြန်ဆန်ပါ။
မျက်စိတစ်မှိတ်အချိန်အတွင်း မြက်ပင်များက နှိုင်းယှဥ်၍ မရလောက်အောင် ကြီးထွားလာကြသည်။ ၂ မီတာ ၃ မီတာလောက် ရှည်လျားကြ၏။ သစ်ရွက်များက စူးရှထက်မြက်သည့် ဓားများလို ဖြစ်နေပြီး လေကို ရူးသွပ်စွာ ခုတ်ပိုင်းနေကြ၏။
အထူးဆန်းဆုံးက မြက်ပင်များ မြေကြီးထဲမှ ထွက်လာစဥ် ၎င်းတို့၏ အမြစ်များက ဝိညာဥ်များ ဖြစ်လာကြသလိုမျိုး မြေကြီးထဲမှ ထိုးထွက်လာကြသည်။ ထိုအပင်များက ခြေပုလ္လင်ခွေထိုင်ကာ အမွှေးတိုင်များ ကိုင်ထားကြသည့် အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများအား ဝန်းရံလိုက်ကြ၏။
ခပ်လှမ်းလှမ်းတွင် သေနတ်များ ကိုင်ဆောင်ထားပြီး ကြောက်လန့်နေကြသည့် လက်နက်ကိုင်များက ဒီမြင်ကွင်းကို မြင်သောအခါ ကြောင်သွားကြပါသည်။
ဒါက လူသားသဏ္ဌာန် မီးခိုးကြီးထက်ပင် ပိုပြီး မယုံနိုင်စရာ ကောင်းသေးသည်။
ပုန်းနေသည့် လုတုန်ချမ်းလည်း ဒီမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားရ၏။
မှော်ပညာ။
တကယ့် မှော်ပညာ အစစ်ပဲ။
ထို့အပြင် ဒီမှော်ပညာ၏ စွမ်းအားက မသေးပါ။
အင်မော်တယ် ကျင့်ကြံလောကတွင် ချီသန့်စင် စစ်သည်တော်များကသာ မှော်စွမ်းအင် အစစ်များကို သုံးနိုင်ပါသည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကတော့ မှော်ကိရိယာများသာ အသုံးပြုနိုင်သည်။
အခု ယဲ့ရှောင်ချန်းက မှော်ပညာကို သုံးဖို့ သူ့ကိုယ်ပိုင် ကျင့်ကြံခြင်း စွမ်းအားကို သုံးနေတာ သိသာသည်။
ထို့ကြောင့် သူ့ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့် ရောက်နေပြီမှာ သံသယ ဖြစ်စရာ မရှိတော့ပါ။
လုတုန်ချမ်းသည် သက်ပြင်း အရှည်ကြီး ချလိုက်ပြီး တည်တံ့သော မျက်နှာမျိုး ဖြစ်လာသည်။ ချက်ချင်းဆိုသလို သွေးအေးသည့် အရိပ်အယောင်မျိုး သူ့မျက်လုံးထဲ ပေါ်လာသည်။ ထို့နောက် ကျန်ရစ်နေသေးသည့် လက်နက်ကိုင်များထံသို့ ဦးတည်လိုက်ပါသည်။
ဒီလူတွေက သူ့သားကောင် ဖြစ်လေသည်။
ဝှစ် ဝှစ်...
ဝိညာဥ်များဖြစ်လာကြပုံပေါ်သည့် ဧရာမ သစ်ပင်၊ မြက်ပင်များက အမွှေးတိုင် ကိုင်ဆောင်ထားသည့် လူအုပ်စုပတ်လည်တွင် ရူးသွပ်စွာ ကခုန်နေကြ၏။ မီးခိုးများက စုစည်းသွားကြသော်လည်း စူးရှထက်မြက်သည့် သစ်ရွက်များက တစ်စစီ ခုတ်ပိုင်းပြစ်၏။
မိးခိုးများကို တစ်စစီ ခုတ်ပိုင်းပစ်လိုက်လျှင် ပျောက်ကွယ်သွားပြီး ထပ်ပြီး မစုစည်းနိုင်တော့ပါ။
ထိုမြက်ပင်စိမ်းများက အားကောင်းသည့် မှော်စွမ်းအင်ဖြင့် ပေါင်းစပ်ထားကာ အလွန်ကြီးမားသည့် အဖျက်စွမ်းအင်ကို ဖန်တီးနေသည်။
နောက်ဆုံးတော့ မြက်ပင်နှင့် သစ်ပင်များကြောင့် မီးခိုး အပြင်ဘက်အလွှာ လုံးဝ ပျက်စီးသွားပါပြီ။
ယဲ့ရှောင်ချန်း၏ နဖူးပေါ်တွင်လည်း ချွေးစေးများ ကျဆင်းလာ၏။
ဒီမှော်ပညာက သူ့မှော်စွမ်းအင် ပုံဆောင်ခဲကို အလွန် ခမ်းခြောက်စေသည်။
ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူကိုလည်း သူ ဆက်ပြီး ထုတ်ထားရသေး၏။
သို့သော်လည်း မီးခိုး အကာအရံများ ကျိုးပဲ့သွားသည်ကို မြင်သောအခါ အနည်းငယ် စိတ်အေးသွားခဲ့ပါည်။
ထိုအချိန်တွင် သူ လွှတ်ထားသည့် ဝတ်မှုန်ကူးပျားမှာ အခွင့်ကောင်းယူကာ အမွှေးတိုင် ကိုင်ဆောင်သူများထံသို့ ချဥ်းကပ်လာခဲ့ပါသည်။
မြက်ပင်နှင့် သစ်ပင်များ၏ အကူအညီဖြင့် ဝတ်မှုန်ကူးပျားမှာ အမွှေးတိုင် ကိုင်ဆောင်သူများအနက်မှ တစ်ယောက်ကို ရုတ်တရက် တုပ်လိုက်ပါသည်။
ချက်ချင်းဆိုသလို အမွှေးတိုင် ကိုင်ဆောင်သူသည် ညည်းတွားလိုက်ပြီး မြေပေါ်သို့ လဲကျသွားပါသည်။ သူ့လက်ထဲက အမွှေးတိုင်လည်း မြေပေါ်ပြုတ်ကျကာ ချက်ချင်း မီးငြိမ်းသွားပါသည်။
ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်။
အမွှေးတိုင်ကြောင့် ဖြစ်ပေါ်နေသည့် မီးခိုးကလည်း ပိုပိုပြီး ပါးလျလာခဲ့ပါသည်။
"ဂါးး"
ဟိန်းသံတစ်ချက်ဖြင့် ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူမှာ နောက်ဆုံးတော့ လူသားသဏ္ဌာန် မီးခိုးကြီး၏ အချုပ်အနှောင်မှ လွတ်မြောက်သွားသည်။ တစ်ချက်လောက် ထိုးနှက်လိုက်သည်နှင့် လူသားသဏ္ဌာန် မီးခိုးကြီးမှာ ပျံ့နှံ့သွားပြီး ၎င်း၏ ပုံသဏ္ဌာန်ကို ဆက်ပြီး မထိန်းသိမ်းနိုင်တော့ပါ။
ဝရုန်းသုန်းကား အခြေအနေဖြင့် လှည့်ပတ်နေနိုင်သေးသော်လည်း အသွင်တစ်ခုအဖြစ်တော့ စုစည်းလို့ မရတော့ပါ။
တချိန်တည်းမှာပင် ကြမ်းတမ်းသည့် မိစ္ဆာစိတ်တစ်ခုက ဖြာထွက်သွားပြီး ဘေးပတ်လည်ကို အကြီးအကျယ် ပျက်စီးသွားစေ၏။
"လခွမ်းပဲ လခွမ်းပဲကွာ။"
ဘိုးဘေးဝိညာဥ်ကြီးက လုံးဝ အမျက်ထွက်နေပါပြီ။
အမွှေးတိုင်မှ မီးခိုးအကူအညီမရှိလျှင် သူ့၏ ကိုယ်ထည်ကို ဆက်ပြီး ထိန်းသိမ်းနိုင်မှာ မဟုတ်တော့ပေ။
မီးခိုးအကာအရံကို ဖျက်ဆီးပြီး အမွှေးတိုင် ကိုင်ဆောင်သူများအား တိုက်ခိုက်နိုင်သည့် ထိတ်လန့်စရာ မှော်ပညာအား ယဲ့ရှောင်ချန်း သုံးနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
နောက်ဆုံး အမွှေးတိုင် ကိုင်ဆောင်သူ လဲကျသွားသောအခါ အမွှေးတိုင်အားလုံး မီးငြိမ်းသွားပြီ ဖြစ်သည်။
လိမ့်ပတ်နေသည့် မီးခိုးကြီးလည်း မကျေနပ်သည့် ဟိန်းသံကြီးတစ်ခု ထုတ်လွှတ်ကာ နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ပါတော့သည်။