← Chapters

လူသားဆေးလုံးအိမ်တော်အတွက် အန္တရာယ်

Vol. 55 Ch. 763

လူသားဆေးလုံးအိမ်တော်အတွက် အန္တရာယ်

Vol. 55 Ch. 763

“ အစ်ကိုကြီးမို နားပါဦး ” လော့စီက အခန်းထဲမှ ထွက်လာသည်ကို မြင်၍ မြန်မြန် ပြောလိုက်သည်။

ကွမ်ကျင်းက သူ့တာအိုကို သဘောပေါက် နားလည်ကာ အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့ရန် ထွက်သွားစဉ်မှ စ၍ မိုဝူကျိအနေနှင့် ဤလဝက်အတွင်း ပထမဆုံးအကြိမ် အခန်းထဲမှ ထွက်လာခြင်း ဖြစ်၏။

“ ကောင်းပြီလေ တစ်ရက်တော့ နားလိုက်ဦးမယ်။ လော့စီ မင်းလဲ နားဦးလေ ” မိုဝူကျိ လေသံမှာ ပျော်ရွင်မှုများ ရောနှောနေသည်။

ဤအချိန်တစ်လျှောက်လုံး သူတို့က ထိပ်တန်းအဆင့် ဆေးပင်နှင့် ပစ္စည်းများကို စုဆောင်းနိုင်ခဲ့ရုံသာမက သူတို့က အစိမ်းရောင်ကျောက်များလည်း နှစ်သန်းမှ သုံးသန်းကြား စုဆောင်းမိလိုက်သည်။ သူက ကောင်းကင်ဘုံ နယ်နမိတ်အလွန်အတွင်း အလျှံပယ်ဖြစ်နေမှုကို စိတ်လိုလက်ရ သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ ဆေးလုံး ဖော်စပ်၍ တစ်နှစ်လုံးလုံး ရောင်းချခဲ့လျှင် ကျင့်ကြံရေး အရင်းအမြစ်များအတွက် နောက်တစ်ကြိမ် ပူပန်ရတော့မည် မဟုတ်ပေ။

“ ကျမ မပင်ပန်းပါဘူး။ ကျမ အလုပ်က ရိုးရိုးရှင်းရှင်းလေးပဲလေ …” လော့စီက မြန်မြန် ပြောလိုက်သည်။ အမှန်ပင် သူမ အလုပ်က အမှန်ပင် ရိုးရှင်းပေသည်။ သူမက ဝယ်ယူသူများထံမှ အစိမ်းရောင်ကျောက်နှင့် ဆေးပင်များကို ကောက်ခံကာ ဆေးလုံးများ ပြန်ပေးပေးရုံ ဖြစ်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ  “ အဲဆို အစိမ်းရောင်ကျောက်နဲ့ အင်မော်တယ်ဆေးပင်တွေကို ထပ်ပြီး စုဆောင်းလိုက်ဦး ။ ကျုပ် တစ်ရက်၊ နှစ်ရက်လောက် အပြင် သွားလိုက်ဦးမယ် ”

“ အစ်ကိုကြီးမိုက အပြင်သွားမလို့လား ” လော့စီက တအံ့တဩ မေးလိုက်သည်။

မိုဝူကျိက အစီအရင်အလံကို ထုတ်ကာ လော့စီအား ပေးလိုက်ပြီး

“ဒါက ပင်မ အစီအရင်အလံပဲ။ တကယ်လို့ ကျုပ်တို့ကို ပြဿနာ လာရှာရဲရင် ဒီသတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်းလိုက်ရုံပဲ။ မင်း အသက်သွင်းလိုက်တာနဲ့ ကျုပ် တန်းသိလိမ့်မယ် ”

“ ဟုတ်ကဲ့ ” လော့စီက မိုဝူကျိ ထွက်သွားသည့် အကြောင်းအရင်းကို မသိသော်လည်း မမေးသည်က ပိုကောင်းမှန်း သိပေသည်။

မိုဝူကျိက အခြေအနေကို လော့စီအား ရှင်းမပြလိုက်ပေ။ အကြောင်းအရင်းမှာ မီဖေးကုန်သည်အိမ်တော်မှ မြို့ထဲ၌ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးအား ကြိုဆိုနေသည်ကို စိတ်စွမ်းအားမှ ခံစားမိလိုက်၍ ဖြစ်ပေသည်။ ထိုလူမှာ ယခု သူ့တည်နေရာသို့ လာနေလေ၏။

ဤအင်မော်တယ်က မီဖေးကုန်သည်အိမ်တော်၏ နောက်ခံ တစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။ သူက သူ့လူသားဆေးလုံး အိမ်တော်ကို ဖျက်စီးရန် ရောက်လာခြင်းသာ ဖြစ်ရမည်။

မူလက မိုဝူကျိသည် မီဖေးကုန်သည်အိမ်တော်က အင်မော်တယ် ဧကရာဇ် နှစ်ယောက်မှ သုံးယောက် လွှတ်ပေးလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သူတို့က အင်မော်တယ် ဧကရာဇ် တစ်ယောက်တည်း လွတ်မည်ဆိုလျှင် အနည်းဆုံးတော့ အစောပိုင်းအဆင့် မဖြစ်နေသင့်ပေ။ မဟာဧကရာဇ် ဒါမှမဟုတ် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် လောက် ဖြစ်နေသင့်သည်။

သို့သော် မိုဝူကျိအနေနှင့်  တဖက်လူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ပို့လွှတ်လိုက်သည်ကို မြင်သောအခါ ပြောစရာမဲ့သွားလေ၏။ ထိုလူများက သူ့လူသား ဆေးလုံးအိမ်တော်အား အထင်သေးနေကြခြင်း ဖြစ်ပြီး သူ့သတ်ဖြတ်ရေး အစီအရင်မှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်လေးကို ရင်ဆိုင်ဖို့ရာ မဟုတ်ပေ။

……….…

“ မိုဝူကျိလား ” ရန်ယူရွှေက မိုဝူကျိ ပေါ်လာသည်နှင့် တန်းမှတ်မိလိုက်သည်။ သူမက မိုဝူကျိကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ဖူးသော်လည်း သူ့အကြောင်း စုံစမ်းခဲ့ဖူး၏။ သူမ စုံစမ်းမှုများမှာ ကန့်သတ်ချက်ရှိ၍ ကောင်းကင်ဘုံ နယ်နမိတ်အလွန် ပေါ်လာသည့်နောက်ပိုင်း သူ လုပ်ခဲ့သည့် ကိစ္စများသာ သိရှိခဲ့သည်။

“ မင်းက အဲဒီ အဆင့် ၈ ဆေးလုံးဧကရာဇ် မိုဝူကျိလား …. လူသားဆေးလုံးအိမ်တော်သခင်ပေါ့ ” တူစုန့်က အေးစက်စွာ ပြောလိုက်သည်။ သူက ရပ်လိုက်ကာ မိုဝူကျိအား ခြုံငုံကြည့်လိုက်သည်။

ထို့နောက် သူက လှည့်ကာ မင်ချန်းအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူက မိုဝူကျိ၏ ကျင့်ကြံဆင့် အတိအကျကို မပြောနိုင်သော်လည်း မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးကြောင်း သေချာသိနေသည်။ တခြားအချက်များကို ဂရုစိုက်နေစရာ မလိုပေ။ သူက မိုဝူကျိ၏ အသက်ကို ကြည့်လိုက်ရုံဖြင့် အင်မော်တယ် ဧကရာဇ် မဖြစ်နိုင်ကြောင်း သေချာသွားခြင်း ဖြစ်သည်။

အများဆုံး အင်မော်တယ် အုပ်စိုးသူအဆင့်မျှသာ ဖြစ်နိုင်သော လူငယ်ကျင့်ကြံသူ တစ်ဦးက မင်ချန်းအား မီဖေးကုန်သွယ်ရေးအဖွဲ့မှ အကူအညီကို လှမ်းတောင်းခံရလောက်သည့်အထိ ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။

မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည် “ ဟုတ်တယ် …. ကျုပ်က မိုဝူကျိပဲ …. ဖယ်စမ်း။ ခွေးကောင်းတွေက လမ်းပိတ်မရပ်ရဘူး ”

မိုဝူကျိက ပြောလိုက်ရင်း သူ့ကိုယ်သူ အဖွဲ့ကြား အတင်းဝင်လိုက်သည်။

ဝမ်လီ မျက်လုံးတို့မှာ အေးစက်သွားပြီး ချက်ချင်း တိုက်ခိုက်ချင်သွားသည်။ သို့သော်လည်း တူစုန့်က သူ့အား တားလိုက်လေ၏

“ ဒီလို မောက်မာတဲ့ ကလေးကိုး… ကောင်းပြီလေ။ ဘာမှတော့ မမှားပါဘူး။ ဆေးလုံးဧကရာဇ်ဆိုတာကလည်း ဘယ်နေရာသွားသွား ဂုဏ်သတင်းကြီးတဲ့ လူစားမျိုးကိုး။ မင်ချန်း …. မင်းက ဒီမြို့ရဲ့ သခင်လေ။ မင်း အရမ်းသတိထားလွန်းနေတာ မဟုတ်ဘူးလား။

ဒီလိုလူမျိုးကို တကယ်ကြီး ကြောက်နေတာလား။ မင်းကို ဒီတစ်ကြိမ်တော့ လွတ်ပေးလိုက်မယ်။ မင်းအတွက် ဒီကောင်စုတ်လေးကို ဖယ်ရှားပေးမယ် …. ”

မင်ချန်းက လေးလေးစားစားဖြင့်

“ ဟုတ်ကဲ့ ကျုပ်ရဲ့ အမှားပါ။ အကြီးအကဲတူရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ အကြီးအကဲတူမှာ လုပ်စရာတွေ အများကြီးရှိနေလို့ ကျုပ်တို့နဲ့အတူတူ လက်ဖက်ရည် မသောက်နိုင်ဘူးဆိုတာလည်း သိပါတယ်။ ဒါလေးက ကျုပ်တို့က ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ ဘာမှမပြောပလောက်ပါဘူး ….. အကြီးအကဲတူ မငြင်းဖို့ မျှော်လင့်ပါတယ် ”

မင်ချန်းက ပြောလိုက်ရင်း တူစုန့်အား သိုလှောင်လက်စွပ် တစ်ကွင်း ပေးလိုက်သည်။ သူစိတ်ထဲ၌ မိုဝူကျိကိုသာ ကျိန်ဆဲနေမိတော့သည်။

ဤအချိန်များမှ မိုဝူကျိက ဘာလို့များ ထွက်လာရတာလဲ ….

သူက ဤအစိမ်းရောင်ကျောက်များအား ခက်ခက်ခဲခဲ စုဆောင်းခဲ့ရသော်လည်း တစ်ခါတည်းဖြင့် အကုန်ပါသွားလေပြီ။

တူစုန့်က လက်စွပ်ကို လက်ခံပြီးနောက် မျက်နှာအမူအယာမှာ အတော်လေး လျော့သွားပြီး  “ အဲဆိုလည်း  ဒီလိုပဲပေါ့။ အချိန်ရမှ ပြန်လာခဲ့မယ် ”

“ ဟုတ်ကဲ့ပါ အကြီးအကဲတူ … ကျေးဇူးအများကြီးတင်ပါတယ် ” မင်ချန်းက နောက်တစ်ကြိမ် ဦးညွှတ်ကာ ပြောလိုက်ပြန်သည်။

အကြီးအကဲတူက မိုဝူကျိကို သတ်ပြီးသွားလျှင်သေချာပေါက် ပြန်လာမည် မဟုတ်ပေ။ သို့သော် လက်စွပ်ထဲရှိ ပစ္စည်းများကြောင့် သူက ကွမ်ကျင်းကိုပါ ရှင်းပေးဖို့ ပြန်လာမည် ဖြစ်ကြောင်း ပြောသွားခြင်း ဖြစ်၏။

“ ခေါင်းဆောင် ကျမတော့ တစ်ခုခု ထူးဆန်းနေသလိုပဲ။ မိုဝူကျိက ဆေးလုံးအိမ်တော်ကနေ ဒီလို တိုက်တိုက်ဆိုင်ဆိုင် ထွက်လာတယ်လား …. တစ်ခုခုတော့ လွဲမှားနေသလိုပဲ ” ရန်ယူရွှေက အကြီးအကဲတူ ထွက်သွားပြီးနောက် သံသယဖြင့် နားမလည်စွာ ရေရွတ်လိုက်သည်။

မင်ချန်းကလည်း သက်ပြင်းချကာ

“ သူက အဆင့် ၈ ဆေးလုံးဧကရာဇ်ဆိုတော့ ကိုယ့်ဘာသာ ကမ္ဘာကြီးရဲ့ ဘုရင် ထင်နေတာ နေမှာပေါ့။ ငါက အရင်က သတိထားလွန်းသွားတာ။ တကယ်လို့ သူက မောက်မာနေတယ်ဆိုတာ သိခဲ့ရင် သူ့လူသားဆေးလုံးအိမ်တော်ကို ငါတို့တွေပဲ သွားရှင်းပစ်လိုက်ပါတယ်။ အခုတော့ ဒီလိုဒုက္ခတွေ ခံနေရပြီ။ အခုတော့ သွားကြစို့ … အကြီးအကဲတူ ပြန်လာမှ ငါတို့တွေ ဟိုဆိုင်ကို သွားဖျက်စီးကြတာပေါ့ ”

ရန်ယူရွှေနှင့် ဝမ်လီတို့က မင်ချန်း စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို သိပေသည်။ သူတို့က မိုဝူကျိ၏ ဆေးလုံးအိမ်တော်နှင့် ဖြေရှင်းဖို့ရာ မလုံလောက်၍ မဟုတ်ဘဲ အကြီးအကဲတူ ပြန်ရောက်လာသည့်အခါ အပြစ်တင်မည်ကို စိုးရိမ်၍ ဖြစ်သည်။

အဆင့် ၈ ဆေးလုံးဧကရာဇ်ဖြင့် စီးပွားရေး ဖြစ်နေလေရာ လူသားဆေးလုံးအိမ်တော်၌ ပစ္စည်းကောင်း ပြတ်လပ်နေမည် မဟုတ်ပေ။ ထို့ကြောင့် သူက အကြီးအကဲတူ ပြန်ရောက်လာသည့်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ဤနည်းဖြင့် သူတို့အား ရတနာ ခိုးယူသည်ဟု စွပ်စွဲမခံရတော့ပေ။

ရန်ယူရွှေက တိတ်တဆိတ် ကျန်ရှိနေလေ၏။ သူမက မိုဝူကျိအကြောင်း တွေးနေမိသည်။ အကယ်၍ မိုဝူကျိသာ သူတို့ ပြောသလို ဂုဏ်မောက်မာနေသည့် အရူးတစ်ယောက် ဟုတ်နေလျင် ကွမ်ကျင်းအား စကားခဏလေး ပြောပြီး မည်သို့ ဆွဲခေါ်သွားနိုင်မည်နည်း။ ကွမ်ကျင်းက ဆိုင်မှာ ရှိမနေဘဲ မိုဝူကျိနှင့်အတူတူ အကြီးအကဲတူအား လုပ်ကြံရန် ပြင်ဆင်နေခြင်းသာ ဖြစ်ရမည်ဟု သံသယဝင်လာမိသည်။

သို့သော်လည်း သူမ ကျင့်ကြံဆင့်မှာ အနိမ့်ဆုံး ဖြစ်သောကြောင့် ဝင်ပြောခွင့် မရှိပေ။ သူမ ဉာဏ်ရည်သာ အတော်လေး ကောင်းနေခြင်း မဟုတ်လျှင် ဤနေရာ၌ပင် ရှိနေမည် မဟုတ်ပေ။

……………………..

ကောင်းကင်ဘုံအလွန်မြို့အလယ်ရှိ ဝိုင်းဝန်းသော အဆောက်အဦးအတွင်း ခပ်ဝဝ အမျိုးသားက အရပ်ရှည်ရှည် ဖြူဖတ်ဖြူရော် အသားရည်ရှိ ကျင့်ကြံသူရှေ့ ရပ်နေလေသည်။

အကယ်၍ ကောင်းကင်ဘုံအလွန်မြို့၌ အားအကောင်းဆုံးကို မေးလျှင် အားလုံးက ထိုဖြူဖတ်ဖြူရော် အမျိုးသား နာမည်ကိုသာ ပြောကြလိမ့်မည်။ ထိုသူမှာ ထန့်ဖေးယန် ဖြစ်ပြီး ကောင်းကင်ဘုံအလွန်မြို့၏ မြို့စား ဖြစ်သည်။ ဤအဆောက်အဦးမှာ မြို့စားအိမ်တော် ဖြစ်ပြီး မြို့စားအနေနှင့် မြို့အတွင်းမှ အရာအားလုံးကို တာဝန်ယူရသည်။

ကောင်းကင်ဘုံအလွန်မြို့၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ အလွန်ရှုပ်ထွေးလှသည်။ ထိုအရှုပ်အထွေးများကြောင့် မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက မြို့အတွင်း မထိန်းနိုင်မသိမ်းနိုင်လောက်အောင် သောင်းကြမ်းနေခြင်း ဖြစ်ပေသည်။

မြို့တော်ခန်းမမှာ ကောင်းကင်ဘုံအလွန်မြို့၏ အားအကောင်းဆုံး အဖွဲ့အစည်း ဖြစ်ကာ အလုပ်တာဝန်မှာ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးမျှသာ မကပေ။ မြို့တော်ခန်းမနောက်ကွယ်၌ တခြားအင်အားစုအမျိုးမျိုး ရှိနေသေးသည်။

ထန့်ဖေးယန်က အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းနိုင်သွားသည်မှာ သိပ်မကြာမြင့်သေးပေ။ ထို့ကြောင့် မြို့စားအနေနှင့် တာဝန်ပြီးဆုံးသွားလေပြီ။ မြို့စား ရာထူးအား အမြဲတမ်း အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူကပဲ တာဝန်ယူလေ့ ရှိသည်။ မြင့်မား‌သော လစာကြောင့် အင်မော်တယ် အုပ်စိုးသူအဆင့်အများစုက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းနိုင်ကြသည်။ သူတို့တွေ အင်မော်တယ် ဧကရာဇ် ရောက်သွားသည်နှင့် သူတို့က မြို့စားနေရာမှ ဖယ်ပေးရပြီး မြို့စားအသစ် ရောက်ရှိလာသည်။

“ တာဝန်ခံ လန်ပိ ပြောတာ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အကြီးအကဲတူစုန့် ရောက်လာတာနဲ့ မိုဝူကျိက မြို့ပြင်ကို ထွက်သွားတာလား ” ထန့်ဖေးယန်က အချိန်အတော်ကြာ စဉ်းစားနေပြီးမှ ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်၏။

ခပ်ဝဝ အမျိုးသားမှာ လန်ပိ ဖြစ်ပြီး ကောင်းကင်ဘုံအလွန်မြို့၏ မြို့တော်ခန်းမ နံပါတ်တစ် တာဝန်ခံ ဖြစ်ပေသည်။ သူက မြို့တော်ခန်းမ၌ ထန့်ဖေးယန် ပြီးလျှင် ဒုတိယလိုက်ပေသည်။ ထန့်ဖေးယန်သာ မြို့တော်ခန်းမသာ ထွက်သွားသည်နှင့် နောက်ခေါင်းဆောင်မှာ သူ ဖြစ်လာမည် ဖြစ်သော်လည်း ထန့်ဖေးယန်နှင့် လန်ပိတို့က ထိုနေရာမှာ လန်ပိဆီ ရောက်လာမည် မဟုတ်ကြောင်း သိထားကြသည်။

မြို့တော်ခန်းမအတွင်းရှိ လစားအများဆုံး အဆင့်အတန်းကို မျက်စိကျနေသူများစွာ ရှိပေ၏။

လန်ပိက လေးလေးစားစား ပြောလိုက်သည်

“ ဟုတ်ပါတယ်။ ကြည့်ရတာ မိုဝူကျိက တမင် လုပ်နေသလိုပဲ။ ကွမ်ကျင်းက မြိုပြင်ကို တိတ်တဆိတ် ထွက်သွားပြီး‌တော့ အကြီးအကဲတူစုန့်ကို ပေါင်းပြီး လုပ်ကြံမလို့လား မသိဘူး။ တူစုန့်လည်း အဲလို ဖြစ်နိုင်ချေကို တွေးမိမှာပါ။ ဒါပေမဲ့ တူစုန့်က မိုဝူကျိနောက် လိုက်သွားလိမ့်မယ်လို့ ကျုပ်တော့ မတွေးထားမိဘူး ”

ထန့်ဖေးယန်က နှာခေါင်းရှုံ့ကာ  “ တူစုန့်ကို အရူးလို့ ထင်နေလား။ သူက မိုဝူကျိနဲ့ ကွမ်ကျင်းတို့ ပေါင်းလုပ်ကြံမှာကို ဘယ်လိုလုပ် မတွေးမိဘဲ နေမှာလဲ ”

“ တူစုန့်က သူတို့နှစ်ယောက်ကို မျက်စိထဲ မထည့်လို့ပဲ နေမယ် ” လန်ပိကလည်း ဝင်ပြောလိုက်သည်။ ထိုအရာမှာ ပုံမှန်သဘောတရားကျသည့် ရှင်းပြချက် ဖြစ်ပေသည်။ မဟုတ်လျှင် အင်မော်တယ် ဧကရာဇ်တစ်ယောက်က မိုဝူကျိသည် သူ့ကို တမင်ခေါ်ထုတ်သွားမှန်း မည်သို့ မသိဘဲ နေမည်နည်း။

“ မင်း မှားနေပြီ။ တူစုန့်က မိုဝူကျိကု မျက်စိထဲ မထည့်တာ မှန်တယ်။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာက မိုဝူကျိဆီက ချမ်းသာမှုတွေက ငါတို့နှစ်ယောက်တောင် ယှဉ်လို့ ရမှာ မဟုတ်ဘူး။ ကံဆိုးတာက  အဲလူက သေချင်နေတာပဲ။ တူစုန့်က အဲပစ္စည်းတွေကို လိုက်ယူတာ  ” ထန့်ဖေးယန်က သက်ပြင်းချကာ ပြောလိုက်သည်။

အကယ်၍ မိုဝူကျိက ထွက်သွားဖို့ရာ မရွေးချယ်ခဲ့လျှင် မိုဝူကျိ၏ သိုလှောင်လက်စွပ်မှာ မင်ချန်း စီမံခန့်ခွဲပေးရမည့်အရာ ဖြစ်လာလိမ့်မည်။ ဤသို့ဖြစ်လာပါက တူစုန့်က ရတနာအများစုကို ရနိုင်မည့်သူ မဟုတ်တော့ပေ။ ကံဆိုးသည်က မိုဝူကျိက ကိုယ့်သေတွင်းကို တူးနေလေ၏။

မိုဝူကျိဆီ ရှိနေသည့် ချမ်းသာမှုများမှာ မြို့စားဖြစ်သည့် ထန့်ဖေးယန်က မည်သို့ မသိဘဲ နေမည်နည်း။ နေ့တိုင်း အင်မော်တယ်မြောက်များစွာက လူသားဆေးလုံးအိမ်တော်ဆီ သွားလာနေကြလေရာ သူတို့က အလဲအလှယ် မလုပ်မိလျှင်ပင် တန်းစီကြေးကပင် အစိမ်းရောင်ကျောက် ဆယ်တုံး ပေးရမည် ဖြစ်သည်။ ထိုတစ်ခုတည်းဖြင့် လူသားဆေးလုံးအိမ်တော်က အစိမ်းရောင်ကျောက် သောင်းဂဏန်းလောက် ဝင်နေပေလိမ့်မည်။

အကယ်၍ အင်မော်တယ်တိုင်းက လူသားဆေးလုံးအိမ်တော်နှင့် အစိမ်းရောင်ကျောက် တစ်ရာစီနှင့် အလဲအလှယ် ဖြစ်ခဲ့လျှင် မိုဝူကျိတွင် အနည်းဆုံး အစိမ်းရောင်ကျောက် နှစ်သန်းလောက် ရှိနေပေမည်။ ထို့အပြင် ထန့်ဖေးယန်က လူတစ်ယောက်စီမှာ အစိမ်းရောင်ကျောက် တစ်ရာမျှ ရိုးရိုးရှင်းရှင်း သုံးဖြုန်းမည် မဟုတ်ကြောင်း သေချာသိနေသည်။ လူသားဆေးလုံးအိမ်တော်မှာ တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် အတော်လေး ဈေးချိုနေသည် မဟုတ်ပါလော။

ထိုအရာများတွင် အမျိုးမျိုးသော အင်မော်တယ်ဆေးပင်များ၊ ပန်းပဲပစ္စည်းများလည်း ပါဝင်ပေလိမ့်မည်။

ထန့်ဖေးယန်က တူစုန့်ကိုပင် အားကျမိသွားသည်။ လန်ပိ၏ ဆက်သွယ်ရေး ပုတီးစေ့က တောက်ပလာကာ သတင်းတစ်ခု ဝင်လာသည်။

လန်ပိက စိတ်စွမ်းအားဖြင့် မြန်မြန် ဖတ်ကာ ပြန်တင်ပြလိုက်သည်

“ မြို့စား … လူသားဆေးလုံးအိမ်တော် အခုပဲ ဝိုင်းခံထားရတယ်တဲ့။ ကောင်းကင်ဘုံအလွန်မြို့ရဲ့ ဆိုင်ပိုင်ရှင်တွေက လူသားဆေးလုံးအိမ်တော်က သူတို့ ဖောက်သည်တွေကို လုပြီး သူတို့ စီးပွားရေး ပျက်အောင် လုပ်တယ်ဆိုပြီး ယုံကြည်နေကြတယ်။ ”

ထန့်ဖေးယန်က နှာခေါင်းရှုံ့လိုက်သည်။

စီးပွားရေးပျက်အောင် လုပ်နေတာတဲ့လား ….

လူသားဆေးလုံးအိမ်တော် ရှိမလာလျှင်ပင် အင်မော်တယ်များက သူတို့ပစ္စည်းများကို ထုတ်၍ သူတို့နှင့် အရောင်းအဝယ် လုပ်မည် မဟုတ်ပေ။

“ လာ သွားကြည့်ကြစို့ ” ထန့်ဖေးယန်က ရုတ်ချည်း ထရပ်ကာ ပြောလိုက်သည်။

သူက လူသားဆေးလုံးအိမ်တော်၌ အကူ ရှိနေသေးမှန်း သိပေသည်။ ထိုအကူတွင်လည်း အစိမ်းရောင်ကျောက်တချို့ ရှိပေလိမ့်မည်။ သူက မြို့မှ မကြာခင် ထွက်သွားရမည် ဖြစ်ကာ လူသားဆေးလုံးအိမ်တော်မှ အကျိုးမြတ် အချို့ ရသင့်သည် မဟုတ်ပါလော။ သူက တူစုန့်၏ ပျက်ကွက်မှုကို အခွင့်အကောင်းယူရမည်။ ယခုအချိန်အထက် ပိုကောင်းသည့်အချိန် မရှိပေ။

***

All Chapters