ကျွန်တော့်ကားက နှစ်ယောက်ပဲ ထိုင်လို့ရတာ
Vol. 1 Ch. 14
"ဘာပဲဖြစ်ဖြစ် အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သမီး လာမယ်လို့ ပြောထားပြီးသားပဲ... အဖေပြောထားတဲ့အဲ့ဒီ လူငယ်လေးကလည်း မဆိုးပါဘူး...သူက အစိုးရရုံးမှာ အလုပ်လုပ်ပြီး ပိုက်ဆံလည်း နည်းနည်းရှိတယ်... ဘာပဲပြောပြော သမီးတို့နှစ်ယောက်က လုံး၀ကို လိုက်ဖက်ညီတယ်..."ရှဟုန်ယွမ် ပြောလိုက်၏။
"သမီးမှာ ကောင်လေး ရှိပြီးသား..အဖေတို့ မိတ်ဆက်ပေးဖို့ မလိုဘူး..."ရှရှင်းယွီ ခပ်တည်တည်နှင့် ပြန်ပြောလိုက်သည်။
"သမီး..နင့်မှာ ကောင်လေး ရှိတယ်ပေါ့...."ရှဟုန်ယွမ် အံ့ဩတကြီးနှင့် မေးလိုက်၏။
"သမီး ဘယ်နေရာကနေ ကောင်လေး ရှာခဲ့တာတုန်း...."
"ဘယ်နေရာကနေ ရှာရဦးမှာ...သမီးဘာသာ တစ်ယောက် ရတာပေါ့လို့...."ရှရှင်းယွီ ပြောလိုက်ပြီး "အဖေက သမီး သူ့ကို မြေကြီးထဲကနေ တူးလာတယ်များ ထင်နေလို့လား... "
သူတို့၏ သမီးလေးမှာ ရည်းစားရှိ နေကြောင်း သိသွားသောအခါ အဘိုးကြီး စုံတွဲမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
"အဲ့တာဆိုလည်း ဘာတွေ စောင့်နေတာတုန်း..မိသားစုကို အကဲဖြတ်ခိုင်းဖို့ သူ့ကို အဖေတို့ဆီ ခေါ်လာခဲ့လိုက်တော့လေ...."
"အာ...သူ့ကို သမီးတို့ မိသားစုဆီ ခေါ်လာခဲ့ရမှာလား..."
ရှရှင်းယွီ ပြောစရာ စကား ကင်းမဲ့သွားသည်။ သူမ ဒီတိုင်း လျှောက်ပြောလိုက်သော်လည်း သူ၏ မိဘများက အဘယ်ကြောင့် အတည်ယူနေကြသနည်း။
"အမှန်ပဲလေ...သမီးမှာ ကောင်လေးရှိနေပြီဆိုမှတော့ အမေတို့လည်း သူ့ကို တွေ့ချင်တာပေါ့...တို့သမီးလေးကို သူ့ဆီ သည်အတိုင်း ဘယ်လိုလုပ် ထည့်ပေးနိုင်လိုက်မှာ..."
"သူ့ကို တွေ့ဖို့ဆိုတာကတော့ မေ့လိုက်တော့ သူက အရမ်းကို အလုပ်များတာ..သမီးတို့ နောက်နေ့မှ သည်အကြောင်း ဆက်ပြောကြတာပေါ့"
ရှရှင်းယွီ မတ်တပ်ရပ်လိုက်ပြီး " သမီးမှာ ကိစ္စလေး တွေ ရှိသေးလို့ အရင် သွားနှင့်တော့မယ်နော်..."
"ရပ်စမ်း..."
ရှဟုန်ယွမ် ပြောလိုက်ပြီး "အဖေတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား...."
"မဟုတ်ရပါဘူး...သမီးမှာ တကယ်ကြီး ကောင်လေးရှိပါတယ်ဆိုနေမှ...ဘယ်သူနဲ့မှ မိတ်ဆက်ပေးဖို့ မလိုဘူး..."
"ငါနင့်ကို နှစ် ၂၀ လောက် ကျွေးမွေးခဲ့တာနော်..နင်ဘာအချိုးချိုးနေလဲဆိုတာ ငါမသိဘူးများ မှတ်နေလား...."ရှဟုန်ယွင် လေသံမာမာနှင့် ပြောလိုက်သည်။
"တကယ်လို့ နင်ဒီနေ့ နင့်ကောင်လေးကို မခေါ်လာနိုင်ဘူးဆိုရင် အဖေတို့နဲ့အတူ မိတ်ဆုံစားပွဲကို နာနာခံခံနဲ့ လိုက်ခဲ့ရမယ်..ဘယ်ဟာ ရွေးမလဲဆိုတာကတော့ ကိုယ့်ဘာသာကို ဆုံးဖြတ်တော့...."
"ကောင်းပြီလေ..ဒါဆို သမီး သူ့ကို ဖုန်းဆက်ပြီး မေးကြည့်လိုက်ဦးမယ် "
အိမ်နောက်ဖေးတွင်တော့ ရှရှင်းယွီ ခေါင်းမပါသော ကြက်ကလေးတစ်ကောင်ကဲ့သို့ ပြေးလွှားနေသည်။
သူမ ယောက်ျားလေး သူငယ်ချင်း မရှိခဲ့သည်ပင် နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်၏။ သူမ ကောင်လေး အဖြစ် ဟန်ဆောင်ဖို့ မည်သူ့ကို သွားရှာရမည်နည်း။
ဟမ်
ရုတ်တရက် ရှရှင်းယွီ၏ မျက်လုံးများတောက်ပသွားပြီး ကို့ယ့်ဘာကိုယ် ရေရွတ်လိုက်သည်။ "ငါ့ကောင်လေးအဖြစ် ဟန်ဆောင်ခိုင်းဖို့ ဒီလီ ပို့ပေးတဲ့ ကောင်လေးဆိုရင်ကော...."
သို့သော်လည်း လျင်မြန်စွာဖြင့် ထိုအတွေးမှာ ပျောက်ကွယ်သွားသည်။
ဒီလီပို့တဲ့ ကောင်လေးကိုတော့ သူမသေချာပေါက် ထည့်စဉ်းစာ၍ မဖြစ်။ သူသာ သေချာကောင်းမွန်စွာ မ၀တ်စားထားပါက သူမ၏ မိဘများမှာ သူမကို မယုံကြည်တော့ဘဲ အလျင်အမြန် အလိမ်ဖော်ခံရလိမ့်မည်။
"DiDi ဒရိုင်ဘာဆိုရင် သိပ်မဆိုးလောက်ဘူး ထင်တာပဲ"ရှရှင်းယွီ တွေးလိုက်သည်။
အနည်းဆုံးတော့ မောင်းစရာကားနဲ့ ပိုင်ဆိုင်မှု တချို့တော့ ရှိလောက်မှာပဲ...ဒီတော့ငယ်ငယ်ချောချော ဒရိုင်ဘာတစ်ယောက်လောက် ရှာတွေ့ရင် အိုကေပြီ....
အဘယ်ကြောင့်ဆိုသော် သူမအမြဲ တက္ကစီ စီးနေကျ ဖြစ်သောကြောင့် ရှင်းယွီ၏ ဖုန်းပေါ်တွင် တက္ကစီခေါ်သော အက်ပ်နှစ်ခုရှိ၏။ တစ်ခုကတော့ DiDi ဖြစ်ပြီး နောက်တစ်ခုကတော့ Kuaidi (ခွိုက်တိ)ပင်။
ပုံမှန်ဆိုပါက သူမ ဒစ်စကောင့်များများပေးသော ၀န်ဆောင်မှုကိုသာ အသုံးပြုလေ့ရှိသည်။
သို့သော်လည်း ယနေ့တွင်တော့ အခြေအနေအရ DiDi ၏ အရွယ်အစားကြောင့် ထိုအက်ပ်ကိုသာ အသုံးပြုလိုက်သည်။
သူမ ကျပန်း ဦးတည်ရာများထည့်လိုက်ပြီး အော်ဒါကောက်တင်လိုက်သည်။
ငါးစက္ကန့်ခန့်ကြာသောအခါ တစ်စုံတစ်ယောက်မှ အော်ဒါလက်ခံလိုက်ပြီး သူမလည်း အလျင်အမြန် ထိုယာဉ်မောင်းကို ဖုန်းခေါ်ဆိုလိုက်၏။
....
ကလင် ကလင်....
လင်းရီ ကားထဲမှ မထွက်မီ ဖုန်းမြည်လာသည်။
"ဟဲလို..ရှင်က DiDi ဒရိုင်ဘာလား ..."
ထိုမသံကြားသည်နှင့် လင်းရီကတော့ သူမက သူ၏ ဖောက်သည်ဖြစ်ကြောင်း သိပြီး ဖြစ်၏။
"ဟုတ်ပါတယ်...ဘာများ အလိုရှိလို့လဲ မသိဘူး..."
လင်းရီ မေးလိုက်သည်။
"ကျွန်မသိချင်တာက...ရှင့် အသက်ဘယ်လောက်လဲ..."
ဟမ်...
ဘယ်လို မေးခွန်းမျိုးပါလိမ့်..
သူအသက် ဘယ်လောက်ရှိပြီလဲတဲ့..သည်ရဲ့ ခရီးသည်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုများ မှားနေသလား...
တစ်ဖက်မှ ဘာဖြစ်ချင်နေမှန်း လင်းရီ မသိသော်လည်း သူ့အသက်ကိုတော့ ပြောပြလိုက်သည်။
"၂၄"
"အိုး..ကောင်းလိုက်တာ..."
ရှရှင်းယွီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
နောက်ဆုံးတော့ သူမနဲ့ အသက်တူတဲ့သူကို ရှာတွေ့ခဲ့ပြီလေ.....
မကြာမီ ရှရှင်းယွီ စိတ်ကို ငြိမ်ငြိမ်ထားလိုက်ပြီး အသံနိမ့်၍ မေးလိုက်သည်။
"ငါနင့်ကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ အဲ့ဒါ နင်ကူညီပေးလို့ရမလား...."
"မရဘူး...ကျွန်တော်က DiDiပဲမောင်းတာ တခြား၀န်ဆောင်မှုတွေ မပေးဘူး...."
လင်းရီ ထိုကဲ့သို့သော သတင်းမျိုးကို ကြားဖူးနား၀ ရှိသည်။
DiDi ဒရိုင်ဘာများ သို့မဟုတ် ကောင်လေးများကို ခက်ခဲအောင် ပြုလုပ်နေသော နှာထသော ခရီးသည်တစ်ချို့ လည်း ရှိ၏။
တစ်ချို့သူများမှာ ဆေးလိပ်များ ၀ယ်ခိုင်းတတ်ကြပြီး တစ်ချို့ကတော့ လမ်းကြုံပစ်ရန် အမှိုက်များ ပေးတတ်ကြသည်။ ကံထူးပါက တစ်ခါတစ်ရံ လစဉ်သုံး ပစ္စည်းများ ၀ယ်ခိုင်းသူတို့နှင့်ပင် ဆုံလိမ့်မည်။
လင်းရီကတော့ ထိုကိစ္စမျိုးကို လုံး၀ စိတ်မ၀င်စားပေ။
"အထင်မလွဲပါနဲ့..ငါ့နာမည်က ရှရှင်းယွင် ..ငါကနင့်ကို ငါ့မိဘတွေကို မိတ်ဆက်ပေးဖို့ ကောင်လေးအဖြစ် ဟန်ဆောင်ပေးဖို့ အကူညီတောင်းချင်လို့...ပြီးရင် နင့်ကို ကြယ်ငါးပွင့် ရီဗျူး ပေးမယ်လေ ဘယ်လိုလဲ..."
"အာ...."
လင်းရီ တခဏမျှ ရပ်တန့်ရင်း စဉ်းစားလိုက်သည်။
အကြံကတော့မဆိုးပေ။
"ကြယ်ငါးပွင့် ရီဗျူးနော်...သဘောတူတယ်..."
"ကောင်းပြီလေ..ဒါနဲ့ နင့်နာမည်က ဘယ်လိုခေါ်လဲ...."
"လင်းရီ...."
"အိုကေ..ငါ့အိမ်က ထျန်းရီ အိမ်ယာ၊အဆောက်အဦး နံပါတ် ၄၊ အမှတ် ၁၊ အခန်း ၁၃၀၂ ...နင်အဲ့ဒီကိုပဲ တန်းလာခဲ့လိုက်...."
"အိုကေလေ..."
ထျန်းရီ အိမ်ယာမှာ နီးနီးနားနား လေးတွင်ရှိသောကြောင့် လင်းရီ ဆယ်မိနစ်ခန့် မောင်းနှင်ပြီးနောက် ရှရှင်းယွီ၏ အိမ်သို့ ရောက်လာခဲ့သည်။
ဒေါက် ဒေါက် ဒေါက်
ရှရှင်းယွီ တံခါးခေါက်သံကိုကြားပြီး သွားဖွင့်လိုက်၏။
သူမ၏ စိတ်ထဲတွင်တော့ ထိုDiDi မောင်းသည့် မောင်လေးမှာ တအားကြီး ရုပ်မဆိုးဖို့ ကြိတ်၍ ဆုတောင်းနေခဲ့၏။ သို့မဟုတ်ပါက သူမမိဘများ၏ သံသယများကို ကြီးထွားစေလိမ့်မည်။
ချလပ်(တံခါးဖွင့်သံ)
ရှရှင်းယွီ တံခါးကို ဆွဲဖွင့်လိုက်ပြီး လင်းရီ ကို မြင်သောအခါ နေရာမှာတင် အေးခဲသွာတော့၏။
ဘယ်လိုတောင် နတ်သားလေးလို ချောမောတဲ့ လူငယ်လေးလဲ...
သူမ အရင်ဘ၀က ကမ္ဘာကြီးကိုများ ကယ်တင်ခဲ့လေသလော....
"ရို့...နင်က ရှောင်ယွီရဲ့ ကောင်လေး ဖြစ်ရမယ်...ဟုတ်တယ်မလား..."
လင်းရီ တံခါးရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ ရှရှင်းယွီ၏ မိခင်မှ သူ့ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
ဒီသူငယ်လေးက အရမ်းချောတာပဲ...သူ့သမီးနဲ့ လိုက်ဖက်ဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်....
ရှရှင်းယွီ ဘာမျှ မပြောနိုင်ခင် လင်းရီ ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။
"ကလေး..နင့်နာမည်က လင်းရီနော်...ငါတို့ရဲ့ ရှောင်ယွီလေးနဲ့ တွဲနေတာ ဘယ်လောက်ရှိပြီလဲ...."
"အာ...နှစ်၀က်လောက်တော့ ရှိပြီ..."ရှရှင်းယွီ အရင်ဖြေလိုက်သည်။
"ငါနင့်ကို မေးနေလို့လား...ဘာတွေ လာပြောနေတာလဲ.."ရှရှင်းယွီကို ငေါက်ပြီးနောက် မေမေရှမှ တစ်ဖန် ပြန်မေးလိုက်၏။
"ကလေး...နင်ဘာအလုပ်လုပ်လဲ..."
"ကျွန်တော်က ဒရိုင်ဘာပါ..."လင်းရီ ပြန်ဖြေလိုက်သည်။
"ဒရိုင်ဘာ...."
လူအိုကြီးတို့ စုံတွဲ မျက်နှာ အမူအရာ ပြောင်းသွားသည်။ ဤအလုပ်က သေချာပေါက် တည်ငြိမ်သော အလုပ်တစ်ခု မဟုတ်ပေ။
"နင်က လေယာဉ်မှူးလား...အဲ့လိုဆိုရင်တော့ ကပ္ပတိန်လို့ ခေါ်သင့်တာပေါ့..."
လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေ၏။ ထိုစုံတွဲ၏ စိတ်ကူးယဉ်မှုမှာလည်း အတော်လေး သူ့ကို အထင်ကြီးလွန်းနေသည်။
"ကျွန်တော် လေယာဉ်မမောင်းရပါဘူးဗျာ..အဲ့လိုစကေးမျိုးလည်း မရှိပါဘူး...."လင်းရီ ပြောလိုက်သည်။
လူအိုကြီးတို့ စုံတွဲ၏ အမူအရာကတော့ စစချင်းကလောက် မနွေးထွေးတော့ပေ။
"ဒါဆိုမင်းက မင်းရဲ့ ဘော့စ်အတွက် ကားမောင်းပေးတာလား"ရှဟုန်ယွမ် မေးလိုက်သည်။
အကယ်၍ သူသာ သူဌေးအတွက် ကားမောင်းပေးသည် ဆိုပါက သူတို့နှစ်ဦး လက်ခံကောင်း လက်ခံပေးနိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေ ထိုအလုပ်မှာ လည်း ၀င်ငွေကောင်း၏။
သို့သော်လည်း ထိုအလုပ်က သူတို့၏ နောက်ဆုံးစည်းပင်။
"ဦးလေးတို့ အထင်လွဲနေပြီ....ကျွန်တော်က Didi မှာ ကားမောင်းတာ...DiDi ဒရိုင်ဘာပါဗျ...."လင်းရီ ပြောလိုက်သည်။
"DiDi ဒရိုင်ဘာ....."
ရှဟုန်ယွမ်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားပြီး ရုပ်က အနည်းငယ်ပင် ကြည့်ရ ဆိုးနေသည်။
DiDi ဒရိုင်ဘာတစ်ယောက်က ဘယ်လောက်များ ငွေ၀င်နိုင်မှာမို့လဲ...တကယ်လို့ သူတို့နှစ်ယောက် အနာဂတ်မှာ အတူနေမယ်ဆိုရင် သူတို့ကလေးတွေကို ဘယ်လို ထောက်ပံ့ကြမှာလဲ....
သူတို့ ဘာမှ မပူမပင်နဲ့ နေနိုင်မှာမို့လို့လား....
"အမှန်ပဲ...သူက Didi ဒရိုင်ဘာလေ...."ရှင်းယွီမှ ထောက်ခံလိုက်သည်။
"အဖေ..အမေ..သူက ခုဆို ငွေတွေ အများကြီး ၀င်နေပြီ ....ပြီးတော့ သမီးကို အလှပစ္စည်းတွေ..လက်၀တ်လက်စားတွေကောပဲ ၀ယ်ပေးသေးတယ်..."ရှင်းယွီ ရှင်းပြလိုက်၏။
"ပြီးတော့ သူ့မှာ အရင်းအနှီး နည်းနည်းလည်း ရှိတယ်ဆိုတော့ အနာဂတ်မှာ သမီးတို့ ကိုယ်ပိုင်လုပ်ငန်း လုပ်ငန်း စီစဉ်ထားတယ်....ဒီတော့ သမီးတို့ တစ်သက်လုံး Didi ပဲ မောင်းမစားပါဘူးနော်....."
ထိုစကားကိုလည်း ကြားတော့ လူအိုကြီးတို့စုံတွဲနှစ်ဦး၏ မျက်နှာအမူအရာများ ပြန်လည် ပျော့ပြောင်းသွားသည်။ သို့သော်လည်း သူတို့ ပျော်ရွှင်နေသည်လို့တော့ မဆိုလိုပေ။
"ဒီအကြောင်း နောက်မှ ပြောကြတာပေါ့..."အဘယ်ကြောင့်ဆိုသော် လင်းရီက ဤနေရာတွင် ရှိနေ၏။ သူ့တွင် ပြောစရာ ဆိုစရာ အများကြီးရှိနေသော်လည်း အပြင်လူ ရှိနေ၍ ပြောလို့ သိပ်အဆင်မပြေပေ။ ထို့ကြောင့် မည်သူမျှ မရှိချိန် ညချမ်းအခါမှသာ ပြောရန် ဆုံးဖြတ်လိုက်၏။
"အိုး..ဟုတ်သားပဲ ..အဖေတို့ပဲ မိတ်ဆုံစားပွဲ သွားကြမယ်ဆို..ခုသွားရင်တောင် နောက်ကျတော့မယ်..."
ရှဟုန်ယွမ် နာရီကို ကြည့်လိုက်ပြီး "ကောင်းပြီလေ..သူ့ကို အဲ့ဒီဆီ လိုက်ပို့ခိုင်းလိုက် ..ပြန်ခိုင်းမနေနဲ့တော့..သူ့ကိုပါ ငါတို့နဲ့အတူ လိုက်ခဲ့ခိုင်းလိုက်.. "
နှစ်ယောက်စလုံး လင်းရီ၏ ဆုံးဖြတ်ချက်ကိုပင် မစောင့်ဘဲ တစ်ခါတည်း ပြောချလိုက်သည်။
သူ၏ အလုပ်မှာ အနည်းငယ် နိမ့်ကျသော်လည်း ရုပ်ရည်လေးကတော့ မဆိုးချေ။ သူတို့ ဘယ်ဘက်ကို အားသာရမလဲဆိုတာကိုတော့ နောက်မှ တဖြည်းဖြ
ည်း စဉ်းစားဆုံးဖြတ်သွားရမည်။
"ကျွန်တော်ကတော့ အားလုံး အတူသွားဖို့ မဖြစ်နိုင်ဘူး ထင်တယ်..."လင်းရီ ပြောလိုက်သည်။
"ဟမ်...ဘာလို့ မရတာလဲ..."
"ကျွန်တော့်ကားက နှစ်ယောက်ထိုင်ခုံလေ...လူလေးယောက် ထိုင်လို့မရဘူး...."