အားအကောင်းဆုံး အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ
Vol. 55 Ch. 765
တူစုန့်က မိုဝူကျိ တစ်ယောက် လက်သီးချက် ထုတ်ဖော်လိုက်သည့်အခါ မျက်နှာအမူအယာမှာ မှုန်မှိုင်းသွားသည်ကို မြင်လိုက်ရ၍ စိတ်အေးသွားလေသည်။ အကယ်၍ သူ့စိတ်ဝိညာဉ် ဖြိုခွဲခြင်း လျို့ဝှက်ပညာရပ်က မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်အား ဘာမှမလုပ်နိုင်လျှင်ပင် သူက နောက်ဆုတ်နိုင်သေး၏။ သူက ယခင် သူ့လျို့ဝှက်ပညာရပ်ဖြင့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ကိုပင် သတ်နိုင်ခဲ့လေရာ မိုဝူကျိလိုမျိုး အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်အနေနှင့် ခုခံနိုင်စွမ်း မရှိကြောင်း ယုံကြည်ထားသည်။ မိုဝူကျိသည်လည်း အမှန်ပင် သူ့တိုက်ကွက်အား ကူကယ်ရာမဲ့ ဖြစ်သွားလေသည်။
“ ပါးမွှား သေစမ်း … ” ခြေတစ်လှမ်းဖြင့် တူစုန့်က မိုဝူကျိရှေ့ ပေါ်လာလေ၏။ သူက လက်ကို ဆန့်ထုတ်၍ မိုဝူကျိ နဖူးဆီ လက်ရွယ်လိုက်သည်။
ဤမျှ ငယ်ငယ်ရွယ်ရွယ်လေးဖြင့် မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေပြီး အလွန်အားကောင်းသည့် အင်မော်တယ်အုပ်စိုးသူအဆင့် ကျင့်ကြံသူလည်း ဖြစ်နေသည်။ ထို့အပြင် နတ်ဘုရား ရုပ်ခန္ဓာပိုင်ရှင်လည်း ဖြစ်နေသေး၏။ တူစုန့်က မိုဝူကျိတွင် သေချာပေါက် လျို့ဝှက်ချက် ရှိလိမ့်မည်မှန်း သေချာသိနေသည်။ သူက ဒဏ်ရာများ ခံစားရလျှင်ပင် တန်ပေသည်။
တူစုန့်၏ လက်က မိုဝူကျိ၏ နဖူးနှင့် စင်တီမီတာအချို့သာ ကွာဝေးတော့သည့်အချိန် သူ့ဘေးပတ်လည် နေရာမှာ ရပ်တန့်သွားကြောင်း ခံစားမိလိုက်၏။ ထိုစဉ် သူ့ခန္ဓာကိုယ်မှာလည်း မလှုပ်ရှားနိုင်တော့ပေ။
“ မကောင်းတော့ဘူး သူ့ထောင်ချောက်ထဲ ရောက်သွားပြီ …” တူစုန့်က နားလည်သွားလေသည်။ သူ့စိတ်ဝိညာဉ် ဖြိုခွဲခြင်း လျို့ဝှက်ပညာရပ်က တစ်ဖက်လူအပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ တစ်ဖက်လူ၏ လက်သီးချက် ရပ်တန့်သွားသည်မှာ ထိုလက်သီးချက်တွင် အာကာပြင် ချုပ်နှောင်မှု ပညာရပ် ပါဝင်နေလေရာ သူ့အပေါ် ကျရောက်လာဖို့ မလိုအပ်ပေ။
တူစုန့်က မှန်ပေ၏။ မိုဝူကျိ၏ လက်သီးချက်မှာ အာကာပြင် ချုပ်နှောင်မှု ဖြစ်သည်။ သူက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းသွားသော်လည်း တူစုန့်ကို အသက်ရှိုက်စာဝက်မျှသာ ထိန်းထားနိုင်ကြောင်း သိသည်။ ထိုသို့ဆိုလျှင်ပင် ထိုအသက်ရှိုက်စာဝက် အချိန်လေးက လုံလောက်ပေသည်။ အကြောင်းမှာ ထိုအခိုက်အတန့်၌ သူ့လေဟုန်ဆန်မြစ်က တူစုန့်အပေါ် ကျရောက်လာမည် ဖြစ်သည်။
တူစုန့်စိတ်ထဲ အပြီးသတ်ခါနီးသည့် စိတ်ခံစားချက်ကြီး ကြီးစိုးလာသည်။ တူစုန့်မျက်လုံးများမှာ နီရဲလာပြီး အော်ဟစ်လိုက်သည် “ ပေါက်ကွဲစမ်း ”
“ ဖူး ” လေဟုန်ဆန်မြစ် ကျဆင်းလာသည်နှင့် တူစုန့် တစ်ကိုယ်လုံးမှာ အသားစိုင်ရည်အဖြစ် ချေမွခံလိုက်ရသည်။
“ ဘုန်း ” တစ်ချိန်တည်းဆိုသလို တူစုန့်၏ စိတ်ဝိညာဉ် ဖြိုခွဲခြင်း ကြာပွတ်ရှည်မှာလည်း ရုတ်ချည်း ပေါက်ကွဲထွက်သွားသည်။
ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာကာ မိုဝူကျီဆီ ပြေးဝင်လာသည်။ မိုဝူကျိက သူ့တစ်ကိုယ်လုံးမှာ ဧရာမ သံမဏိ တူကြီးနှင့် ရိုက်နှက်ခံလိုက်ရသလို ခံစားမိလိုက်ရသည်။
ကျတ်တီးနယ်မြေ၏ မြေကြီးမှာလည်း ပေါက်ကွဲထွက်သွားသောကြောင့် မိုဝူကျိပင် မြေကြီးထဲ ကျရောက်သွားသည်။ သူ့အရိုးကျိုးသံများကိုလည်း ပြန်လည် ကြားနေရသည်။
သို့သော်လည်း မိုဝူကျိက သက်ပြင်းသာ ချလိုက်သည်။ အကယ်၍ သူ့တွင် နတ်ဘုရား ရုပ်ခန္ဓာ မရှိပါက တူစုန့်၏ ကိုယ့်ဘာသာ ဖောက်ခွဲမှုသည် သူ့အား နှိမ်နှင်းနိုင်လိမ့်မည်။ သူ့အား မသတ်နိုင်လျှင်ပင် သူ့ခန္ဓာကိုယ်အား ဖျက်စီးနိုင်ပေလိမ့်မည်။
သူက နတ်ဘုရား ရုပ်ခန္ဓာ နောက်ပိုင်းအဆင့် ဖြစ်သော်လည်း ဒဏ်ရာအပြင်းအထန် ရမိဆဲ ဖြစ်သည်။ တကယ်တော့ အဓိကပြဿနာရပ်မှာ သူ့ကျင့်ကြံဆင့်ကြောင့်သာ ဖြစ်ပြီး သူ့ကျင့်ကြံဆင့်မှာ တူစုန့်ထက် များစွာ အလှမ်းကွာနေပေ၏။
မိုဝူကျိက ကုသဆေးလုံးတချို့ ထုတ်ကာ သောက်သုံးလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက စိတ်စွမ်းအားကို ဖြန့်ကျက်ထားလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို အရမ်းအားနည်းနေသော ကမ္ဘာဦး စိတ်ဝိညာဉ်ကို ခံစားမိလိုက်ရာ လက်တစ်ချက်အဝှေ့ဖြင့် ထိုကမ္ဘာဦး စိတ်ဝိညာဉ်လေးမှာ သူ့လက်ထဲ ပါလာသည်။
“ ကျုပ်ကို ထွက်သွားဖို့ အခွင့်အရေးလေးပေးပါ။ မင်း ပြောတဲ့အတိုင်း လုပ်ပေးပါ့မယ် ” တူစုန့်၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အလွန်တရား အားနည်းနေပေ၏။ သူက ပေါက်ကွဲမှုအတွင်း ထွက်ပြေးလိုသော်လည်း မိုဝူကျိ၏ လေဟုန်ဆန်မြစ်မှာ အရမ်းအားကောင်းလွန်းနေသည်။ သူ့ခန္ဓာကိုယ်ကို ဖျက်စီးပစ်ရုံသာမက ကမ္ဘာဦး စိတ်ဝိညာဉ်အထိ ထိခိုက်စေ၏။
သူက ထွက်မပြေးနိုင်လိုက်ခင် မိုဝူကျိ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ သူ့စိတ်ထဲ၌ နောင်တတို့နှင့်သာ ပြည့်နှက်နေလေ၏။ သူ ဤနေရာကို ရောက်မလာသင့်ပေ။ ကောင်းကင်ဘုံအလွန်မြို့၌ ဆေးလုံးအိမ်တော် ဖွင့်ရဲသည့်သူမှာ မည်သို့ ရိုးရှင်းသည့် သူ ဖြစ်နေမည်နည်း။ တစ်ချိန်တည်းဆိုသလို ယနေ့ သူ သေဆုံးရမည် ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျိက အေးစက်စွာ ပြောလိုက်သည်
“ ကျုပ်ကို သတ်ချင်တဲ့သူကို ဘာမှငဲ့ကွက်နေစရာ မလိုဘူး။ ပြီးတော့ ခင်ဗျားရဲ့လက်စွပ်နဲ့ မှော်ရတနာကလည်း ပေါက်ကွဲတဲ့အထဲ ပါသွားပြီဆိုတော့ ခင်ဗျားကို ချမ်းသာပေးဖို့ အကြောင်းအရင်းတစ်ခုတောင် ရှာမတွေ့တော့ဘူး ”
တူစုန့် စိတ်ထဲ လေးလံမိသွားသည်
“ မိုဝူကျိ … တကယ်လို့ ငါသာ မင်းကို သတ်ဖို့ သည်းကြီးမဲကြီး ကြိုးစားပြီး မင်းရဲ့ ထောင်ချောက်ထဲသာ မရောက်ခင်ရင် မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ငါ့စွမ်းရည်နဲ့ဆိုရင် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ကိုတောင် သတ်ပစ်နိုင်တယ်။
ငါက အဲဒီ ကွမ်ကျင်းထက် ပိုအားကောင်းတယ်။ အခု မင်းသာ ငါ့ကို ချမ်းသာပေးမယ်ဆိုရင် ငါ့ဝိညာဉ်နဲ့ ရင်းပြီး ကျိန်ဆို ….. ”
မိုဝူကျိက တူစုန့်စကားကို ဖြတ်ပြောကာ “ တကယ်လို့ ကျုပ်သာ တန်ပြန်သက်ရောက်မှုကို မစိုးရိမ်ရင် ခင်ဗျားကို ရှင်းထုတ်ဖို့ သေခြင်း ရှင်ခြင်း ကံကြမ္မာစက်ဝန်းကို ထုတ်သုံးပြီးပြီ။ ခင်ဗျား ကြာပွတ် ပေါက်ကွဲအောင် ဘာလို့ စောင့်နေရမှာလဲ ”
မိုဝူကျိက ပြောနေရင်း လက်ကို အတင်းဖျစ်လိုက်သည်။ တူစုန့်၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ပျောက်ကွယ်သွားပြီး ဗလာနတ္တိ ဖြစ်သွားတော့သည်။
မိုဝူကျိက တူစုန့်အား နောက်ဆုံးစကားပြောစဉ်က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက တူစုန့်သည် အရမ်းအားကောင်းလွန်းနေပြီး သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်း၏ တန်ပြန်သက်ရောက်မှုကို စိုးရိမ်မိ၍ ဖြစ်သည်။
အင်မော်တယ် ဧကရာဇ်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် မိုဝူကျိက သူ လုပ်ဖို့ လိုအပ်နေသည့်အရာမှာ သူ့ကျင့်ကြံဆင့်ကို ဆက်လက် မြင့်တက်ဖို့ မဟုတ်ဘဲ တိုက်ပွဲအတွင်း စိတ်စွမ်းအား အသုံးပြုနိုင်ဖို့ရာ သင်ယူရမည်။
အကယ်၍ သူ့စိတ်စွမ်းအားသာ တိုက်ခိုက်မှုအတွက် အသုံးပြုနိုင်လျှင် တူစုန့်အား အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်။ သူ့သေခြင်း ရှင်ခြင်း ကံကြမ္မာစက်ဝန်းလည်း ရှိနေသေးသည်။ အကယ်၍ သေခြင်း ရှင်ခြင်းအထိ လုပ်ဆောင်ဖို့ရာ မလိုအပ်လျှင် ထိုအရာမှာ သူ့အဓိက သတ်ဖြတ်ကွက် ဖြစ်လာလိမ့်မည်။ တစ်ခါတစ်ရံ၌ အားကောင်းသည်က အရည်အျင်း မဟုတ်ဘဲ တစ်ဖက်လူကို တစ်ခါတည်းဖြင့် တန်းရှင်းထုတ်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူ့သေခြင်း ရှင်ခြင်း ကံကြမ္မာစက်ဝန်းက တစ်ဖက်လူကို အပြင်းအထန် ဒဏ်ရာရစေနိုင်ခဲ့လျှင် ထိပ်တန်း လျို့ဝှက်ပညာရပ် ဖြစ်လာလိမ့်မည်။
………………
ကောင်းကင်ဘုံအလွန်မြို့၊ လူသားဆေးလုံးအိမ်တော် အပြင်ဘက်
ထိုစဉ် ထောင်ချီနေသော ဆိုင်ပိုင်ရှင်များက စုရုံးနေကြသည်။ သူတို့က လူသားဆေးလုံး အိမ်တော်သခင် ထွက်လာပြီး သူတို့အား လျော်ကြေးပေးရန် ပြောဆိုနေကြသည်။ မဟုတ်လျှင် သူတို့က လူသားဆေးလုံး အိမ်တော်ကို သောင်းကြမ်းပစ်မည် ဖြစ်၏။
“ မြို့စား ကျုပ်တို့လည်း သွားတော့မလား ” ပုန်းလျိုးကွယ်လျိုး ထောင့်တစ်နေရာ၌ လန်ပိက ထန့်ဖေးယန်အား တီးတိုးပြောလိုက်သည်။
ထန့်ဖေးယန်က ရယ်မောကာ “ မဟုတ်သေးဘူး။ ငါတို့တွေ ဒီနေရာမှာ ရှုပ်ယှက်ခတ်တဲ့အထိ စောင့်ကြမယ်။ အဲဒီအခါကျမှ သွားကြမယ် ”
လော့စီလည်း စိတ်နှင့်ကိုယ်နှင့် မကပ် ဖြစ်နေမိသည်။ လူသားဆေးလုံး အိမ်တော်၌ သူမ တစ်ယောက်တည်းသာ ရှိပေသည်။ ဤသို့များပြားလှသော ဆိုင်ပိုင်ရှင်များက လူသားဆေးလုံး အိမ်တော်က ခြိမ်းခြောက်နေလေရာ သူမအနေနှင့် သတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်းလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
“ အားလုံး နားထောင်ကြပါ ” လော့စီက စိတ်လှုပ်ရှားနေသော်လည်း ရှေ့ထွက်ရမည် ဖြစ်သည်။
ထိုသွေးပူနေကြသည့် ဆိုင်ပိုင်ရှင်များက လူသားဆေးလုံး အိမ်တော်ထဲ ဝင်မလာသော်လည်း လော့စီက ကြာကြာ ထိန်းထားနိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။ ထိုစဉ် သေးငယ်သော လှုံ့ဆော်မှုလေးကပင် လူများအား ရုတ်ရင်းဆန်ခတ် ဖြစ်သွားစေနိုင်သည်။
လော့စီ စကားမှာ လူအုပ်ကြီးအား အနည်းငယ် ကြောင်အမ်းသွားစေသည်။ သူမက မြန်မြန်ဆန်ဆန် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်
“ ကျမတို့ လူသားဆေးလုံး အိမ်တော်က အင်မော်တယ်ရောင်းရင်းတို့အတွက် ဆေးလုံးတွေကို ဖော်စပ်ပေးခဲ့တယ်။ တခြားဆိုင်ပိုင်ရှင်တွေက ကျမတို့ ပိုင်ဆိုင်မှုတွေကို အားကျပြီးတော့ သူတို့တွေ ဝင်ငွေမရှိတာကို အကြောင်းပြပြီး ကျမတို့ လူသားဆေးလုံး အိမ်တော်ကို တိုက်ခိုက်ချင်နေပါတယ်။
တကယ်လို့ ကျမတို့ ဆိုင်သာ တိုက်ခိုက်ခံရရင် အားလုံးက ဆေးလုံးတွေကို ဈေးချိုချိုနဲ့ ဝယ်ယူဖို့ မပြောနဲ့ စရံငွေ ပေးထားတဲ့ လူတွေလည်း သူတို့ရဲ့ အစိမ်းရောင်ကျောက်တွေကို ပြန်ရနိုင်မှာ မဟုတ်တော့ပါဘူး ”
ထိုသို့ပြောပြီးနောက် လော့စီက ရပ်တန့်လိုက်သည်။ ထိုစကားများမှာ သူမအား မိုဝူကျိ ပြောပြခဲ့သည့်အရာ ဖြစ်၏။ အကယ်၍ ထိုစကားများမှာ မလုံလောက်သေးလျှင် သူမအနေနှင့် သတ်ဖြတ်ရေး အစီအရင်ကို အသက်ကွင်းလိုက်ရုံ ဖြစ်သည်။
မိုဝူကျိက လော့စီသည် စကားပြောကောင်းသူ မဟုတ်မှန်း သိပေသည်။ ထို့ကြောင့် စကားများများစားစား မသင်ပေးလိုက်ပေ။ အကယ်၍ သူသာ ဖြစ်နေလျှင် ဆိုင်ပိုင်ရှင်များကို ဟန့်တားရန် တခြားစကား သုံးဦးမည် ဖြစ်သည်။
လော့စီ စကားများ ထွက်ပေါ်လာသည်နှင့် လူသားဆေးလုံး အိမ်တော်အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော အင်မော်တယ်များက ရုတ်ရုတ်သည်းသည်း ဖြစ်လာကြသည်။ သူတို့က အစိမ်းရောင်ကျောက်များ ပေးထားပြီးသား ဖြစ်၏။ အကယ်၍ လူသားဆေးလုံး အိမ်တော်သာ ပျက်စီးသွားလျှင် သူတို့ အစိမ်းရောင်ကျောက်တွေက မည်သို့ ဖြစ်သွားမည်နည်း။
ထိုအင်မော်တယ်များက ရှေ့ထွက်လာကြပြီး တခြားသော အင်မော်တယ်များလည်း သူတို့နှင့် ပူးပေါင်းလာကြသည်။ ထိုအင်မော်တယ်များမှာ နောင်အနာဂတ်၌ လူသားဆေးလုံး အိမ်တော်မှ ဆေးလုံး ဝယ်ယူရန် ကြံရွယ်ထားကြသူများ ဖြစ်၏။
သူတို့က မြင်ကွင်းကို မြင်လိုက်သောအခါ ဆိုင်ပိုင်ရှင်များက ကြောင်အမ်းသွားကြသည်။ သူတို့က လူသားဆေးလုံး အိမ်တော်တွင် ထိုသို့ အားကောင်းသော အင်အား ရှိနေလိမ့်မည်ဟု မထင်ထားပေ။
ထိုသူများအထဲ မည်သူကမှ မရိုးရှင်းကြပေ။ သူတို့များမှာ စကြဝဠာနံရံကြီးအောက်မှ အသက်ရှင်လာကြသော သူရဲကောင်းများ ဖြစ်ကြသည်။
ထိုစဉ် ဆိုင်ပိုင်ရှင်တချို့က တိတ်တိတ်လေး နောက်ဆုတ်ကုန်ကြသည်။ ဆိုင်ပိုင်ရှင် အရေအတွက်မှာ နဂိုကတည်းက တန်းစီနေသည့်လူတန်းထက် ပိုနည်းနေလေရာ ယခု လူတချို့ ထွက်သွားသောကြောင့် ချက်ချင်းဆိုသလို ကွာဟချက်က သိသာလာသည်။ အချိန်တိုလေးအတွင်း စုစည်းနေကြသော ဆိုင်ပိုင်ရှင်များမှာ ထွက်သွားကြတော့သည်။
စကားနည်းနည်းလေး ပြောလိုက်ရုံဖြင့် လုယက်မှုကား မဖြစ်လာတော့ပေ။
အဝေးမှ လေ့လာနေကြသည့် ထန့်ဖေးယန် မျက်နှာပင် အမူအယာ ပြောင်းလဲသွားလေ၏။ သူ့ဘေးမှ လန်ပိမှ တအံ့တဩ ချီကျူးလိုက်သည်
“ အဲဒီ လူသားဆေးလုံး အိမ်တော် သခင်က မရိုးရှင်းဘူးပဲ … အဲဒါကြောင့် တန်းစီနေတဲ့ လူတွေစီကနေ အစိမ်းရောင်ကျောက် ကောက်ခံထားတာ ဖြစ်ရမယ် ”
လန်ပိက အတော်လေး အံ့အားသင့်မိသွားသည်။ သူက လော့စီ ရှေ့ထွက်လာသည်ကို မြင်သောအခါ ဆိုင်ပိုင်ရှင်များကို ဖြေရှင်းချက် ပေးလိမ့်မည်ဟု စဉ်းစားမိခဲ့သည်။ သို့သော်လည်း လူသားဆေးလုံး အိမ်တော်က ဆိုင်ပိုင်ရှင်များအား ဘာမှမပေးရုံသာမက လော့စီက ဆိုင်ပိုင်ရှင်များပင် ဆူပူလိုက်သေးသည်။
“ လန်ပိ …. အဲဒီ မိုဝူကျိ ပြန်ရောက်လာရင် သူ့ကို မြို့တော်ခန်းမဆီ ဖိတ်လိုက်ပါဦး။ ငါ သူ့ကို တွေ့ချင်တယ် ” ထန့်ဖေးယန်က လန်ပိ စကားလုံးကို ပြန်မဖြေဘဲ တခြားဟာ ရေရွတ်လိုက်သည်။
“ ကျုပ် တူစုန့်ကို ကောင်းကောင်း သိတယ်။ သူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ဆိုပေမဲ့ အလယ်အလတ်အဆင့်နီးနေပြီ။ ပြီးတော့ သူက သူ့ရဲ့ စိတ်ဝိညာဉ် ဖြိုခွဲခြင်း ကြာပွတ်ရှည်နဲ့ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ကိုတောင် သတ်ခဲ့သေးတာတဲ့။ မိုဝူကျိက အားကောင်းနေရင်တောင် … ” လန်ပိက ဆက်မပြောတော့ပေ။ ထန့်ဖေးယန်က သူ့ဆိုလိုရင်းကို နားလည်ပေ၏။
ထန့်ဖေးယန်က အေးစက်စွာ ရယ်မောလိုက်ပြီး
“ မိုဝူကျိက အဲဒီ ဆိုင်ပိုင်ရှင်တွေ ရုတ်ရင်းဆန်ခတ် လုပ်မယ်ဆိုတာ သိပြီးသား …. သူက ဘယ်လိုလုပ် တူစုန့်ရဲ့ အင်အားအကြောင်း ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ သူက တူစုန့်အင်အားကို သိထားရက်နဲ့ တူစုန့်ကို မြို့ပြင်ဆီ ခေါ်ထုတ်သွားသေးတယ်လေ။ အဲဒါက ဘာလဲ …. တူစုန့်က အားနည်းနေတာ မဟုတ်ဘူး။ ငါနဲ့ အတူတူ လောက်ပဲ။ ငါတို့နှစ်ယောက်လုံးက မိုဝူကျိကို မျက်လုံးထဲတောင် ထည့်တာ မဟုတ်ဘူး။
တကယ်လို့ ငါ ဖြစ်နေရင်လည်း အဲဒီ မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးမှန်း သိရင် မိုဝူကျိနောက်ကို လိုက်သွားမှာပဲ ”
အင်မော်တယ် ဧကရာဇ်တစ်ယောက်အနေနှင့် ထန့်ဖေးယန်က အင်မော်တယ် ဧကရာဇ်နှင့် အင်မော်တယ် အုပ်စိုးသူအဆင့်ကြားရှိ ကွာခြားချက်ကြီးကို မည်သို့ မသိဘဲ နေမည်နည်း။ အကယ်၍ မိုဝူကျိသာ တူစုန့်အား အင်မော်တယ် အုပ်စိုးသူအဆင့်အနေနှင့် ရှင်းထုတ်ပစ်နိုင်လျှင် စကြဝဠာတစ်ခုလုံး၌ အားအကောင်းဆုံး အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူသာ ဖြစ်လိမ့်မည်။
***