မြို့စားနှင့် ရင်းနှီးလာခြင်း
Vol. 55 Ch. 766
ထန့်ဖေးယန် စကားအဆုံးတွင် လန်ပိက သတင်းစကားတစ်ခု လက်ခံရလိုက်သည်။ သူ့စိတ်စွမ်းအားကို ပို့လွှတ်လိုက်ပြီးနောက် သူ့မျက်နှာမှာ မည်းမှောင်သွားလေ၏ “ မြို့စား … မိုဝူကျိ ပြန်ရောက်လာပြီ ”
“ ဘာကြီး ” ထန့်ဖေးယန်က ရုတ်ချည်း ထရပ်မိကာ အံ့အားသင့်သွားလေ၏။
သူက မိုဝူကျိသည် တူစုန့်အား အကြောက်တရားကင်းမဲ့စွာ မျှားခေါ်သွားကာ ရှင်းပစ်နိုင်လောက်သည်ဟု တွေးမိသော်လည်း မိုဝူကျိက အမှန်တကယ် ပြန်ရောက်လာသည့်အခါ သူက ကြောင်အမ်းမိသွားဆဲ ဖြစ်သည်။
အကယ်၍ မိုဝူကျိသာ ရက်အတော်ကြာမှ ပြန်လာခဲ့လျှင် တူစုန့်မှာ လုပ်ကြံမခံရခင် လှည့်ကွက်နှင့် တိုးသွားကြောင်း ပြောနိင်ဦးမည် ဖြစ်သော်လည်း ဤမျှအချိန်တိုလေးအတွင်း တစ်ရက်တာ မပြည့်သေးသည့် အချိန်လေး၌ ပြန်ရောက်လာသည့်အတွက် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။ မိုဝူကျိက တူစုန့်အား တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး တူစုန့်မှာ အသတ်ခံလိုက်ရခြင်းသာ ဖြစ်၏။
“ သူ့ကို ဖိတ်ကြားလိုက် .. ပြီးတော့ ငါက သူနဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက် ” ထန့်ဖေးယန်က မြန်မြန် တည်ငြိမ်အောင် ထိန်းလိုက်ရင်း ပြောလိုက်သည်။
“ နာခံလျက်ပါ …. သူ့ကို အခုလာဖို့ ပြောလိုက်ပါ့မယ်။ သူက လာပါ့မလားတော့ မသိဘူး ” လန်ပိက လေးလေးနက်နက် ပြောလိုက်သည်။ သူက စိတ်ထဲမှ မိုဝူကျိအား ကြောက်ရွံ့နေမိသည်။
သူ့အမြင်အရ မိုဝူကျိက မည်မျှ အံ့ဩဖို့ ကောင်းနေစေကာမူ သူက မြို့တော်ခန်းမကို တစ်ယောက်တည်း ရောက်လာရဲမည် မဟုတ်ပေ။ ထိုနေရာ၌ လုပ်ကြံလိုက်လျှင် အသက်ရှင်လျက် ထွက်သွားနိုင်ခြေ ရှိမည် မဟုတ်ပေ။ ထို့အပြင် ထိုကိစ္စရပ်နှင့် ပတ်သတ်ပြီး မည်သူကမှ တာဝန်ယူမည် မဟုတ်ချေ။ သူ သေဆုံးသွားလျှင်ပင် ထိုက်တန်၍ ဖြစ်၏။
ထန့်ဖေးယန်က ဝင်ပြောလိုက်သည် “ တကယ်လို့ သူ မလာရင်တော့ အဲဒီလူက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းကောင်း မိတ်ဆွေဖွဲ့ဖို့ မထိုက်တန်ဘူး ”
လန်ပိ ထွက်သွားသည်ကို မြင်၍ ထန့်ဖေးယင်က သူ့ဗျူဟာမှာ အကောင်းဆုံး မဟုတ်မှန်း ခံစားမိလိုက်သည်။ အကယ်၍ တခြားသော ဆေးလုံးဧကရာဇ်များက အစိမ်းရောင်ကျောက် များများစားစား ဝင်နေလျှင် ထိုလူလည်း မြို့တော်ခန်းမဆီ ရောက်လာရဲမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအရာပေါ် မူတည်၍ မိုဝူကျိအား သိဖို့ ထိုက်တန်ခြင်း၊ မတန်ခြင်း ဆုံးဖြတ်ဖို့ရာ မသင့်လျော်ပေ။ ပြောရမည်ဆိုလျှင် ကိုယ်တိုင် သွားလိုက်သည်က ပိုမကောင်းနေဘူးလား။
မဖြစ်သေးဘူး …
ထန့်ဖေးယန်က ခဏတာမျှ စဉ်းစားကြည့်ပြီး ခေါင်းခါလိုက်သည်။ ကောင်းကင်ဘုံနယ်နမိတ် အလွန်၌ စွမ်းဆောင်ရည်ကောင်းသည့်သူ များစွာ ရှိပေရာ သူ ထန့်ဖေးယန်သည်လည်း အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေသည်။ ထို့ကြောင် သူကိုယ်တိုင် ဆိုင်ပိုင်ရှင်ဆီ သွားရောက်တွေ့ဆုံခြင်းက မသင့်တော်ပေ။
………………
“ အစ်ကိုကြီးမို ပြန်လာပြီပဲ ….” လော့စီက မိုဝူကျီ ဝင်လာလာချင်း စိတ်အားတက်ကြွစွာ ပြောလိုက်သည်။ ထို့နောက် သူမက လူသားဆေးလုံး အိမ်တော်သို့ လူများစွာ တိုက်ခိုက်ရန် ရောက်လာကြကြောင်းကို ပြန်ပြောပြလိုက်သည်။
ထိုအင်မော်တယ်များက ရှေ့ထွက်ကာ ဆူဆူပူပူ ဖြစ်သွားစေသော်လည်း မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ်များ ရောက်ရှိလာပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည့်အခါ ထိုလူများမှာ သဲများကဲ့သို့ တဖွဲဖွဲ ကွယ်ပျောက်သွားကြလိမ့်မည်။ ထိုစဉ် သူတို့က ကောင်းကင်ဘုံအလွန်မြို့မှ ထွက်သွားနိုင်သေး၏။
မီဖေးကုန်သည်အိမ်တော်၏ အင်မော်တယ် ဧကရာဇ်က အရမ်းဂုဏ်မောက်လွန်းကာ လူသားဆေးလုံး အိမ်တော်ကို ဖိနှိပ်ဖို့ရာ ကြိုးစားပြီးနောက် မိုဝူကျိ၏ လက်ထဲ မရှုမလှ သေပွဲဝင်သွားရသည်။
“ အိမ်တော်သခင်မို …. ကျုပ်တို့ မြို့စားက ခင်ဗျားကို မြို့တော်ခန်းမဆီ ဖိတ်ကြားလိုက်ပါတယ်။ ခင်ဗျား သွားဖို့ အချိန်များရှိလား ” ဆေးလုံးအိမ်တော် အပြင်ဘက် အဝင်ဝမှ အမျိုးသား တစ်ယောက် အသံ ပေါ်လာသည်။
“ လော့စီက တာဝန်ခံလန်ကို ဂါရဝပြုပါတယ် ” လော့စီက မြန်မြန် နှုတ်ဆက်လိုက်သည်။
သူမက မိုဝူကျိအား မြန်မြန် ရှင်းပြလိုက်သည် “ အစ်ကိုကြီးမို … ဒါက ကောင်းကင်ဘုံအလွန်မြို့ရဲ့ တာဝန်ခံ လန်ပိလေ။ ဒီစီမံခန့်ခွဲတဲ့ ကိစ္စအားလုံးကို သူပဲ စီမံပေးနေတာ ”
မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့၏ မြို့တော်ခန်းမအကြောင်း ကြားဖူးပေသည်။ ထို့အပြင် မြို့စား ထန့်ဖေးယန်အကြောင်းလည်း ကြားဖူး၏။ ထန့်ဖေးယန်သည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်သည်မှာ မကြာမြင့်သေးမှန်း သိပေသည်။ ဆိုလိုသည်မှာ ထိုလူက ကောင်းကင်ဘုံအလွန်မြို့မှ မကြာခင် ထွက်သွားရတော့မည် ဖြစ်သည်။
ထန့်ဖေးယန်နှင့် ရင်ဆိုင်ဖို့ရာ မလိုအပ်ပေ။ သူ့ဆိုင်မှာ စည်းမျည်းစည်းကမ်းများအရ အပိုင်ရထားခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူသာ ကောင်းကင်ဘုံအလွန်မြို့၌ ဆက်လက် ဆိုင်ဖွင့်လိုပါက မြို့စားကို သွား၍ ရန်မစသင့်ကြောင်း သိပေသည်။
“ လော့စီ အင်မော်တယ်ဆေးပင်တွေနဲ့ အစိမ်းရောင်ကျောက်တွေကို ဆက်ပြီးတော့ ကောက်ထားပေး …. မြို့စားက ဖိတ်ကြားမှုကို နှောင့်နှေးနေလို့ မဖြစ်ဘူး။ ငါ မကြာခင် ပြန်လာခဲ့မယ် ” မိုဝူကျိက ဆုံးဖြတ်လိုက်သည်။
“ ဟုတ်ကဲ့ပါ အစ်ကိုကြီးမို ” လော့စီက ပြန်ဖြေလိုက်သည်။
“ တာဝန်ခံလန် ရှေ့က လမ်းပြပါဦး ” မိုဝူကျိက ရယ်ရယ်မောမော လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည်။
“ အာ … ဟုတ်ပါပြီ။ အိမ်တော်သခင်မို ကျုပ်နောက် လိုက်ခဲ့ပါ ” လန်ပိက မိုဝူကျိ၏ ငြင်းပယ်မှုကို ကြားရန် ပြင်ဆင်ထားသော်လည်း မိုဝူကျိက အရင်ဦးစွာ သဘောတူလိမ့်မည်ဟု လုံးဝ တွေးမထားပေ။
အိမ်တော်သခင်မိုတွင် ရတနာ တောင်ပုံရာပုံ ရှိနေသည်ကို မည်သူက မသိဘဲ နေမည်နည်း။ သူက မိုဝူကျိ၏ ယုံကြည်ချက်က မည်သည့်နေရာမှ ရောက်ရှိလာမှန်း မသိသော်လည်း မိုဝူကျိအနေနှင့် မြို့စားက သူ့ကို မတိုက်ခိုက်လောက်ဘူးဟု အဘယ်ကြောင့် ထင်နေရသနည်း။
မိုဝူကျိက အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်မျှ ဖြစ်သော်လည်း ထန့်ဖေးယန်အား လုံးဝ မကြောက်ပေ။ ထန့်ဖေးယန်မှာ မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ်များထက် သေချာပေါက် အားနည်းပေလိမ့်မည်။ သူက ဘာများကြောက်ရွံ့နေရမည်နည်း။
ထောင်ချောက် အစီအရင်များလား ….
သူ့လို အဆင့် ၇ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက်က ထောင်ချောက် အစီအရင်ကို ကြောက်ရွံ့နေရဦးမည်လား။
………………..…
မီဖေးကုန်သည်အိမ်တော်၌ ခေါင်းဆောင် မင်ချန်း၏ မျက်နှာမှာ ဖြူဖျော့လာလေ၏။ သူက လူသားဆေးလုံး အိမ်တော်၏ မိုဝူကျိ တစ်ယောက် အဝတ်အစား လဲလှယ်၍ အထိအခိုက် ဒဏ်ရာမရှိ ပြန်ရောက်လာကြောင်း ကြားလိုက်ရသည်။
ထိုအရာမှာ အဓိက ပြဿနာ မဟုတ်သေးပေ။ အဓိက ပြဿနာမှာ မီဖေးကုန်သည်အိမ်တော်၏ အကြီးအကဲ တူစုန့် ပြန်မရောက်လာခြင်း ဖြစ်၏။
“ အကြီးအကဲတူ ပြန်မလာတဲ့ အကြောင်းအရင်းကို တွေးမိကြလား ” မင်ချန်းက ဝမ်လီနှင့် ရန်ယူရွှေအား မေးခွန်းထုတ်လိုက်သော်လည်း သူ့အကြည့်များက ရန်ယူရွှေပေါ်သာ ရှိနေသည်။
ရန်ယူရွှေက သက်ပြင်းချလိုက်ပြီး အကြီးအကဲတူမှာ ပြဿနာကြား ကျရောက်နေကြောင်း ခန့်မှန်းမိသော်လည်း သူမက အကြောင်းအရင်းကို မဖော်ပြတတ်ပေ။ အကယ်၍ သူမက တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ကြောင်း တင်ပြစဉ် အကြီးအကဲတူက ဘာမှမဖြစ်လျှင် သူမအနေနှင့် အခြေအနေ အကျပ်အတည်းထဲ ကျရောက်သွားစေနိုင်သည်။
“ ကြည့်ရတာတော့ တာဝန်ခံရန်ရဲ့ ပူပင်မှုတွေက တကယ်ဖြစ်လာပြီ ထင်တယ်။ အကြီးအကဲတူက မိုဝူကျိရဲ့ လုပ်ကြံမှုကို ခံခဲ့ရတာ ဖြစ်ဖို့များတယ် ” ဝမ်လီက ထိုအရာကို တွေးမိပြီး ထုတ်ပြောလိုက်သည်။
ရန်ယူရွှေက မင်ချန်းသည် သူမကို ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ရသည်
“ မိုဝူကျိက တစ်ရက်အတွင်း ပြန်ရောက်လာတာဆိုတော့ သဘောတရားအရဆိုရင် သူက အကြီးအကဲတူကို လုပ်ကြံသတ်ဖြတ်မယ်ဆိုရင်တောင် ဒီလောက် မြန်မှာ မဟုတ်ဘူး။ သူက အကြီးအကဲတူနဲ့ ထိပ်တိုက် ရင်မဆိုင်ခဲ့သရွေ့ပေါ့ …
.ဒါပေမဲ့ အကြီးအကဲတူက အင်မော်တယ် ဧကရာဇ်တစ်ယောက်ဆိုတော့ မိုဝူကျိက ဆေးလုံးတာအိုမှာ ဘယ်လောက် အားကောင်းကောင်း၊ ကွမ်ကျင်းနဲ့ ပူးပေါင်းရင်တောင် သူတို့က အကြီးအကဲတူကို အသာစီးရမှာ မဟုတ်ဘူး ”
ရန်ယူရွှေက စကားပြီးအောင် မပြောလိုက်ပေ။ သူမက မည်သို့ ဆက်ပြောရမှန်း မသိတော့ချေ။
“ အဲဆို အကြီးအကဲတူက ဘာလို့ ပြန်မရောက်လာတာလဲ … ငါတို့တွေ အခု ဘာလုပ်ကြမလဲ ” မင်ချန်းက ပို၍ မေးလိုက်သည်။
သူက သူတို့သည် ဆက်၍ စောင့်ဆိုင်းရမည်လား သို့မဟုတ် မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းဆီ လှမ်း၍ အကြောင်းကြားရမည်လား မသိတော့ပေ။
ရန်ယူရွှေနှင့် ဝမ်လီတို့က ဆက်မပြောတော့ပေ။ သူတို့က ဤအဖြစ်အပျက်ကို ကောင်းစွာ မကိုင်တွယ်ပါက ကျရှုံးမည်မှန်း သိနေကြသည်။ အကယ်၍ သူတို့ တင်ပြလိုက်ပြီး တူစုန့်က အဆင်ပြေနေခဲ့လျှင် သူတို့က အကြီးအကဲတူစုန့်ကို ရန်စမိသလို ဖြစ်မည်။ အကယ်၍ တူစုန့်က မတော်တဆ တစ်ခုခုနှင့် တွေ့ပြီး မတင်ပြပြန်လျှင်လည်း သူတိုအတွက် ကောင်းမည် မဟုတ်ပေ။
“ ငါ မိုဝူကျိဆီ သွားကြည့်ဦးမယ်။ မင်းတို့နှစ်ယောက်လုံးလည်း လိုက်ခဲ့ကြ ….” မင်ချန်းက အခြေအနေ၏ လေးနက်မှုကို သဘောပေါက်ကာ ထရပ်လိုက်သည်။ သူတို့က မိုဝူကျိဆီမှ အကြီးအကဲတူစုန့်အကြောင်း ဖော်ထုတ်ရမည်။
……………..…
“ ဟားဟား အိမ်တော်သခင်မိုအကြောင်း ကြားဖူးနေတာ ကြာပြီဗျ ” ထန့်ဖေးယန်က လန်ပိနှင့်အတူ ရောက်ရှိလာသော မိုဝူကျိကို ကြည့်ကာ တူစုန့်သည် မိုဝူကျိ လက်ချက်ကြောင့် သေသွားမှန်း သိလိုက်ရသည်။ ထို့အပြင် မိုဝူကျိက သူ့ကိုလည်း ကြောက်လန့်မနေချေ။ မဟုတ်လျှင် မိုဝူကျိက ဤအထိ ရောက်လာမည် မဟုတ်ပေ။
မိုဝူကျိက မြို့တော်ခန်းမထဲ ဝင်လိုက်သည်နှင့် ထန့်ဖေးယန်က မိုဝူကျိဘက်မှ နေဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။ မိုဝူကျိသည် အင်မော်တယ် ဧကရာဇ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုမျှအောင်မြင်ဖို့ရာ မလွယ်ကူလှပေ။ ထို့အပြင် သူက မြို့မှ မကြာခင် ထွက်သွားတော့မည် ဖြစ်ရာ သူ့အတွက် အဆင့်မြင့် ပညာရှင်တချို့နှင့် သိကျွမ်းထားခြင်းက ပို၍ အကျိုးများပေလိမ့်မည်။ မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် မဟုတ်ပါလော။
“ မိုဝူကျိက မြိုု့စားထန့်ကို ဂါရဝပြုပါတယ် ” မိုဝူကျိက လေးလေးစားစား နှုတ်ဆက်လိုက်သည်။
“ လောကဝတ်တွေကို နောက်ထားလိုက်ပါ၊ လာလာ ထိုင်ပါဦး …” ထန့်ဖေးယန်က မိုဝူကျိကို ထိုင်ဖို့ရာ ပြောပြီးနောက် အဆင့်မြင့် အင်မော်တယ် သေရည်ကို ထုတ်ကာ တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
ထန့်ဖေးယန်က မတ်တတ်ရပ်ကာ နောက်ထပ် သေရည်တစ်ခွက်ကို လောင်းထည့်လိုက်ရင်း “ ကျုပ်က ကောင်းကင်ဘုံနယ်နမိတ်အလွန်ရဲ့ တမန်တော်ဆီ သွားရမှာမလို့သာ မဟုတ်ရင် လူသားဆေးလုံးအိမ်တော်ဆီ ကိုယ်တိုင် လာတွေ့ပါတယ်။ အခု ကိုယ့်ဘာသာ ဒီသေရည်တစ်ခွက်နဲ့ အပြစ်ပေးလိုက်ပါရစေ … ”
“ ကိစ္စမရှိပါဘူးဗျာ …” မိုဝူကျိက စကားအဆုံးတွင် တုံ့ဆိုင်းမနေဘဲ သေရည်ကို သောက်လိုက်သည်။
ထန့်ဖေးယန်ပင် အံ့အားသင့်သွား၏။ မိုဝူကျိသည် သေရည်ကို စိတ်စွမ်းအားဖြင့် အဆိပ်ခတ်ထားလားဟု မစစ်ဆေးလိုက်ကြောင်း သေချာသိနေသည်။
မိုဝူကျိက ဘာကိုမှ မစစ်ဆေးဘဲ ဤအတိုင်း သောက်ရဲမည်နည်း။
ထိုအရာမှာ သူ့အပေါ် အရမ်းယုံနေသည့် အပြုအမူတစ်ခုလေလား ဒါမှမဟုတ် မိမိကိုယ့်ကို ယုံကြည်ချက် လွန်ကဲနေခြင်းလား …..
မိုဝူကျိသည် တူစုန့်အား မြိုပြင်သို့ မျှားခေါ်သွားသည့် အကြောင်းကို ပြန်တွေးကြည့်လျှင် မိုဝူကျိက ယုံကြည်ချက် လွန်ကဲနေခြင်း မဟုတ်ကြောင်း အလျှင်အမြန် ဆုံးဖြတ်နိုင်လိုက်သည်။ သူက အဆိပ်ခတ်ခံရမည်ကို မကြောက်ရွံ့ခြင်းသာ ဖြစ်၏။
ထန့်ဖေးယန်၏ မိုဝူကျိနှင့် မိတ်ဆွေဖွဲ့မည့် ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာသွားသေး၏။ သူက လူသားဆေးလုံးအိမ်တော်ဆီ ကိုယ်တိုင် မသွားလိုက်ဘဲ မိုဝူကျိအား ဖိတ်ခေါ်ခိုင်းသည့် အကြောင်းကို နောင်တရလာမိသည်။
“ တကယ်လို့ ညီလေးမို စိတ်မရှိရင် ကျုပ်ကို ဖေးဝမ်လို့ပဲ ခေါ်ပါ။ ဖေးဝမ်က ကျုပ် ဧကရာဇ်ဘွဲ့ပါ ” ထန့်ဖေးယန်က ပျော်ပျော်ရွှင်ရွင် ပြောလိုက်ပြီး သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးကို မြင့်တက်လိုက်သည်။
မိုဝူကျိက လေးစားစွာ ဦးညွှတ်လိုက်ကာ “ ဟုတ်ကဲ့ပါ … အစ်ကိုဖေးဝမ်ရဲ့ ဖိတ်ကြားချက်ကို ရလို့ တကယ်ပဲ ဂုဏ်ယူမိပါတယ် ”
“ ဟားဟား …” ထန့်ဖေးယန်က ရယ်မောလိုက်ကာ မိုဝူကျိ၏ တုံ့ပြန်ချက်ကို ကျေနပ်နေပြီး “ ညီလေးမိုက ကောင်းကင်ဘုံအလွန် စကြဝဠာဆီ မကြာခင် သွားတော့မှာလား ”
မိုဝူကျိသည် လူတော်တော်များများမှာ သူ လုံလုံလောက်လောက် ပိုက်ဆံစုမိပြီးသည်နှင့် ဤနေရာမှ ထွက်သွားမည် ဖြစ်ကြောင်း ခန့်မှန်းထားကြမှန်း သိပေရာ ထန့်ဖေးယန် သိနေခြင်းက မထူးဆန်းပေ။ ထို့ကြောင့် ချက်ချင်း ပြန်ဖြေလိုက်သည်
“ ဟုတ်ပါတယ် … ကျုပ်လည်း စကြဝဠာ ဘုံပိုင်နယ်မြေဆီ သွားဖို့ ပြင်နေတာပါ။ အဲနေရာမှာ စီးပွားရေးက ပိုကောင်းတယ်လို့ ကြားထားတယ် ”
ထန့်ဖေးယန်က သဘောတူစွာဖြင့် ခေါင်းညိတ်ပြကာ “ ညီလေးမို ပြောတာ မှန်တယ်။ စကြဝဠာဘုံပိုင်နယ်မြေက ကျင့်ကြံပြီးတော့ ကြာရှည်နေလို့ ပိုသင့်တော်တယ်။ ထိပ်တန်းအဆင့် ရတနာတွေလည်း ပေါ်လာတတ်တယ်လေ။ ဒါပေမဲ့လည်း အဲဒီနေရာမှာ ဆိုင်ရဖို့တော့ မလွယ်ဘူး ”
ထန့်ဖေးယန်လို လူမျိုးမှာ မိုဝူကျိ မိတ်ဆွေဖွဲ့လိုသော လူစားမျိုးထဲတွင် မပါပေ။ သူတို့ဆက်ဆံရေးမှာ မည်မျှအားကောင်းနေလဲ ဆိုသည့်အပေါ် မူတည်ကာ တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် ခက်ခဲသည့် အချိန်များ၌ မှီခိုလို့ရမည့် မိတ်ဆွေမျိုး မဟုတ်ပေ။
ထန့်ဖေးယန်၏ စကားကို ကြားပြီးနောက် မိုဝူကျိ စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။ တစ်ခါတစ်ရံ၌ ကိုယ့်အတွက် အသက်စွန့်မည့် မဟုတ်သော လူစားမျိုးနှင့်လည်း မိတ်ဆွေဖွဲ့ရတတ်သည်။ သို့သော် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် လူစားမျိုးကို ရှာသင့်သည်။ ထန့်ဖေးယန်၏ နောက်ဆုံးစကားအရ မိုဝူကျိသည် သူက သူတို့ကြားမှ ဆက်ဆံရေးကို တည်ဆောက်လိုနေမှန်း ကောင်းကောင်း သိလိုက်သည်။
ထိုစဉ် မိုဝူကျိက မြန်မြန်ဆန်ဆန် ထရပ်ကာ လေးလေးစားစား ဦးညွှတ်လိုက်ရင်း “ အစ်ကိုဖေးဝမ် … ကျေးဇူးပြုပြီး ကျုပ်ကို သင်ပြပေးပါဦး ”
ထန့်ဖေးယန်က ရယ်မောလိုက်ပြီး
“ မင်းကို မသင်ပြရဲပါဘူး။ ဒါပေမဲ့ ငါတို့က မိတ်ဆွေကောင်းတွေ ဖြစ်လာပြီဆိုတော့ မင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ကူညီပေးမှာပါ။ ကောင်းကင်ဘုံအလွန် စကြဝဠာထဲမှာ ငါနေမဲ့နေရာက ကောင်းကင်ဘုံအလွန် အင်မော်တယ် မဟာမိတ်လို့ ခေါ်တယ်။ ညီလေးမို အဲနေရာကို ရောက်လာရင် ငါ့ကို လာရှာလို့ ရတယ် … ”
***