← Chapters

အခန်း (၇၆၇)

Vol. 55 Ch. 767

အခန်း (၇၆၇)

Vol. 55 Ch. 767

မိုဝူကျိက ဆေးလုံးအိမ်တော်သို့ ပြန်ရောက်လာသည်နှင့် လော့စီက မီဖေးကုန်သည်အိမ်တော် ခေါင်းဆောင် မင်ချန်းနှင့် တာဝန်ခံ ဝမ်လီနှင့် တာဝန်ခံ ရန်ယူရွှေတို့ ရောက်လာသည့်အကြောင်းကို ပြောလိုက်သည်။

မိုဝူကျိက လော့စီအား သူတို့ကို ငြင်းပယ်ခိုင်းဖို့ရာ တုံ့ဆိုင်းမနေပေ။ သူက ဤလူများကို တွေ့ဖို့ ရည်ရွယ်ချက် မရှိပေ။ သူက သူတို့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနေသည့်အတွက် သူတို့က သူ့ဆီမှ သတင်းလာနှိုက်ခြင်းသာ ဖြစ်ရမည်။

“ခေါင်းဆောင်မင်နဲ့ တာဝန်ခံတို့ … ကျမရဲ့ အိမ်တော်သခင်က ကျင့်ကြံရေးအတွက် အရေးကြီးတဲ့ အခြေအနေကို ရောက်နေလို့ နောက်လအထိ ဘယ်ဧည့်သည်ကိုမှ လက်မခံနိုင်ပါဘူး ” လော့စီက မိုဝူကျိ၏ ညွှန်ကြားချက်အတိုင်း  ဆေးလုံးအိမ်တော်အပြင်ဘက်သို့ ထွက်၍ မင်ချန်းတို့အား ငြင်းဆန်လိုက်သည်။

မင်ချန်း မျက်နှာမှာ ဒေါသကြောင့် အစိမ်းရောင် သမ်းနေလေပြီ။ သူက မိုဝူကျိ၏ ဆေးလုံးအိမ်တော်ကို တစစီ လုပ်ပစ်ချင်သော်လည်း ကံဆိုးစွာဖြင့် သူက မလုပ်ရဲပေ။

မိုဝူကျိက အကြီးအကဲတူစုန့် ပျောက်ကွယ်သွားမှုနှင့် သက်ဆိုင်နေလိမ့်မည် ဖြစ်ကြောင်း ပြောနေဖို့ရာ မလိုပေ။ မိုဝူကျိသည် မြို့တော်ခန်းမသို့ ဧည့်သည်အဖြစ် သွားရောက်ခဲ့ရသည်ဆိုသော သတင်းများမှာ ပြန့်နေပြီးသား ဖြစ်ရာ မင်ချန်းအတွက် ဟန့်တားမှုအကြီးကြီး ဖြစ်စေသည်။

“ ဒီလိုဆိုမှတော့ နောက်ထပ် လဝက်ကြာမှ ထပ်လာမယ် ” မင်ချန်းက လော့စီအား အေးတိအေးစက်ပြော၍ လှည့်ထွက်သွားလေ၏။

“ ခေါင်းဆောင် …. ကျုပ်တို့တွေ အထက်ကို တင်ပြသင့်တယ် ” ဝမ်လီက မိုဝူကျိသည် ကောင်းကင်ဘုံအလွန်မြို့စားနှင့် ဆက်နွယ်မှု ရှိကြောင်း သတင်းရပြီးနောက် စတင်၍ စိုးရိမ်လာမိသည်။

မင်ချန်းကလည်း တိတ်ဆိတ်သွားကာ  “ တစ်ရက်လောက် ထပ်စောင့်ကြတာပေါ့။ တကယ်လို့ ငါတို့တွေ အကြီးအကဲတူဆီက သတင်းမရခဲ့ရင် အထက်ကို တင်ပြကြမယ် ”

………….…

ထိုအချိန်၌ မိုဝူကျိက သည်းကြီးမည်းကြီး ဆေးလုံးများ ဖော်စပ်နေလေ၏။ သူက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်လာပြီ ဖြစ်ရာ သူ့ဆေးဖော်စပ်နှုန်းမှာလည်း နောက်တဖန် ထိုးတက်လာပြန်သည်။

အစိမ်းရောင်ကျောက် အများအပြား၊ ထိပ်တန်းအဆင့် ဆေးပင်များနှင့် ပန်းပဲပစ္စည်းတို့မှာ မိုဝူကျိ၏ သိုလှောင်လက်စွပ်အတွင်း ဆက်တိုက် ဝင်ရောက်နေလေ၏။

သူတို့ လက်ခံရရှိနေသော အမှာစာများမှာလည်း အလွန်များပြားလှသည်။ မိုဝူကျိ၏ ဆေးဖော်စပ်နှုန်းမှာ အဆများစွာ တိုးမြင့်လာသော်လည်း အမှာစာ အရေအတွက်မှာ ဆက်တိုက် စုပုံနေဆဲ ဖြစ်သည်။

သူ့ထာဝရ ကမ္ဘာအတွင်းရှိ အစိမ်းရောင်ကျောက် အရေအတွက်ပင် ငါးသန်း ကျော်လွန်နေပြီ ဖြစ်ရာ မိုဝူကျိက ဆက်မထိန်းထားနိုင်တော့ကြောင်း သိလိုက်သည်။ မဟုတ်လျှင် နောက်ထပ် နှစ်လကြာသည့်အခါ ဤနေရာမှ ထွက်မသွားနိုင်ဘဲ နေလိမ့်မည်။

မိုဝူကျိက ဆေးလုံးဖော်စပ်ခြင်းကို ရပ်တန့်လိုက်ပြီး ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို စတင် လေ့လာလိုက်သည်။ ထိုအကြောင်းအရင်းမှာ မိုဝူကျိက စိတ်စွမ်းအားကို အပိုင်းအမျိုးမျိုး ခွဲခြားရနိုင်လား သိချင်မိ၍ ဖြစ်သည်။ အကယ်၍ သူ့စိတ်စွမ်းအားကို  တစ်ခုချင်းစီ ခွဲနိုင်ပါက  တစ်ချိန်တည်းဆိုသလို ဆေးမီးဖိုနှစ်ခုနှင့် အထက်ကို တပြိုင်တည်း ထိန်းချုပ်နိုင်လိမ့်မည်။

မိုဝူကျိ၏ အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ ချီသွေးကြောများမှ တဆင့် ပြောင်းပြန် လှည့်ပတ်နေလေ၏။ သူက လူသားတာအိုလမ်းစဉ်ကို လိုက်ခဲ့သောကြောင့် ကိုယ်ပိုင် တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းပင် ပိုင်ဆိုင်ထားလေသည်။

ယခု သူက ကြယ်တာရာပင်လယ် နည်းစနစ်ကို အသုံးပြု၍ ဆေးလုံး ဖော်စပ်လိုသောကြောင့် သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းမှာ ချက်ချင်း နိုးကြားလာသည်။

သူ့ကြယ်တာရာပင်လယ် နည်းစနစ်မှာ သူ့အသိစိတ်ပင်လယ်ကို လေ့ကျင့်နိုင်သည့်အပြင် နည်းစနစ်များနှင့် လျို့ဝှက်ပညာရပ်များ ထုတ်ဖော်ဖို့ရာပါ အသုံးပြုနိုင်သည်။ သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းကြောင့် မိုဝူကျိက လေ့လာရာ၌ စိတ်လုံးလုံး မျှောပါသွားတော့သည်။ မကြာခင် အချိန်ကိုပါ မေ့လျော့သွားတော့သည်။

လဝက်တာမှာ ခဏလေးအတွင်း ကုန်ဆုံးသွားလေ၏။ လဝက်တာအတွင်း မိုဝူကျိက ဆေးတစ်ပုလင်းမှ မဖော်စပ်ခဲ့ပေ။

လော့စီက မိုဝူကျိဆီမှ ဘာအကြောင်းကြားချက်မှ မရထားသောကြောင့် ဆက်၍သာ အမှစာများကို လက်ခံနေမိသည်။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အင်မော်တယ်များ တောင်ပုံရာပုံ ဖြစ်လာသည့်အခါမှ တစ်ခုခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။ သူမက အမှာစာ ထပ်၍ လက်မခံတော့ပေ။

သူမက မိုဝူကျိအား သတင်းပို့ရန် ကြိုးစားသော်လည်း မိုဝူကျိက တစ်ခုတစ်လေမှ ပြန်မဖြေပေ။

သူမက မိုဝူကျိအခန်းမှ ထွက်ပေါ်နေသော တာအိုစွမ်းအားကို ခံစားမိပေသည်။ ထိုအကြောင်းအရင်းကြောင့် မိုဝူကျိကို သွားမနှောင့်ယှက်ရဲခြင်း ဖြစ်သည်။ နှောင့်ယှက်ခြင်းမှာ အသိဉာဏ်အလင်းပွင့်ခြင်းနှင့် ကျင့်ကြံရေးတို့တွင် ကြီးမားသော အတားအဆီး ဖြစ်နေသည်။

အကယ်၍ လော့စီသာ အမှာစာများကို ဆက်လက် လက်ခံနေပြီး  အိမ်တော်သခင်မှာ တံခါးပိတ် ကျင့်ကြံနေသည်ဟု ထိုအင်မော်တယ်များအား ပြောပြထား၍ သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းနေရလျှင် ကိစ္စများက ဆိုးရွားမည် မဟုတ်ပေ။

သို့သော် လော့စီက လူသားစိတ်ပညာအကြောင်း မသိထားပေ။ သူမက အမှာစာ လက်ခံမှုကို ချက်ချင်း ရပ်တန့်ပစ်လိုက်ပြီး တန်းစီ အမှတ်စဉ် ထုတ်ပေးနေသည့် အစီအရင်ကိုလည်း ပိတ်ပစ်လိုက်လေသည်။ ထို့အပြင် လူသားဆေးလုံး အိမ်တော်မှ လဝက်အတွင်း ဆေးတစ်လုံးမှ ထွက်မလာသောကြောင့် အစိမ်းရောင်ကျောက် ပေးထားကြသော အင်မော်တယ်များမှာ စိတ်ပူပင်လာတော့သည်။

လူသားဆေးလုံး အိမ်တော်မှာ မီဖေးကုန်သည်အိမ်တော်နှင့် ပဋိပက္ခ ဖြစ်ထားလေရာ လူသားဆေးလုံး အိမ်တော်က ဆေးတစ်လုံးမှ ရုတ်တရက်ကြီး မထုတ်တော့သောကြောင့် အိမ်တော်သခင်မိုက မီဖေးကုန်သည်အိမ်တော်၏ လက်ချက်ကြောင့် ရှင်းထုတ်ခံလိုက်ရပြီလား။

လော့စီက နံပါတ်စဉ် ထုတ်ပေးသည့် အစီအရင်ကို ပိတ်လိုက်ပြီးနောက် စောင့်ဆိုင်းနေကြသော အင်မော်တယ်များမှာ ဆက်လက်၍ အောင့်အီးသည်းမခံနိုင်ကြတော့ပေ။

အစိမ်းရောင်ကျောက် ပေးထားသော အင်မော်တယ်များက ဆေးလုံးအိမ်တော် အပြင်ဘက်၌ စတင် စုရုံးလာကြပြီး အိမ်တော်သခင်မိုအနေနှင့် ရှင်းပြချက် ပေးရန် တောင်းဆိုနေကြသည်။

ကာကွယ်ရေး အစီအရင်များကို မတိုက်ခိုက်သော်လည်း လူသောင်းချီ၍ လူများက အဝင်ဝ၌ တိုးနေသောကြောင့် လူသားဆေးလုံး အိမ်တော်၏ အစီအရင်မှာ စတင်၍ တုန်ခါလာသည်။

လော့စီလည်း စိတ်နှင့်ကိုယ်နှင့် မကပ်ပေ။ ဤနေရာတွင် လူအများကြီး ဖြစ်နေကြရာ တစ်ယောက်ချင်းစီက တစ်ချက်စီ တိုက်လျှင်ပင် လူသားဆေးလုံးအိမ်တော်အား အမှုန့် ဖြစ်စေနိုင်လိမ့်မည်။

“ အင်မော်တယ်ရောင်းရင်းတို့ …. စိတ်ရှည်ရှည်ထားကြပါ။ ကျမတို့ အိမ်တော်သခင်က ဆေးလုံးအသစ်ကို လေ့လာနေလို့ပါ ”

လော့စီ စကားမဆုံးခင် အသံတစ်သံက ဖြတ်ပြောလိုက်သည်

“ တာဝန်ခံလော့ … ကျုပ်တို့အားလုံးက ဆေးလုံး တောင်းဆိုဖို့ ရောက်လာကြတာပါ။ အိမ်တော်သခင်မို ဆေးလုံးအသစ်‌ လေ့လာတာကို ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ကျုပ်တို့မှာထားတဲ့ ဆေးလုံးကို ကျုပ်တို့ဆီ ပေးပြီးပြီလား ”

“ ဟုတ်တယ် …. ကျုပ်တို့က အစိမ်းရောင်ကျောက် ပေးထားပြီးသား ”

“ အိမ်တော်သခင်မိုက ရှင်းပြချက်တော့ ပေးသင့်တယ် ”

…………..…

“ ဘုန်း  ” နောက်အခိုက်အတန့်လေး၌ လူအုပ်ကြီးက တောင်တောင်မြောက်မြောက် ပြောကြတော့သည်။ သို့သော်လည်း အဆုံးသတ်၌ တချို့က မှော်ရတနာတချို့ကို ထုတ်၍  လူသားဆေးလုံး အိမ်တော် ကာကွယ်ရေး အစီအရင်အား တိုက်ခိုက်ကြတော့သည်။

“ ခဏနေပါဦး ” လော့စီက စိုးရိမ်တကြီး အော်ပြောလိုက်သည်

“ ကျမတို့ အိမ်တော်သခင်က လက်ရှိ တံခါးပိတ် ကျင့်ကြံနေလို့ ၊ နှောင့်ယှက်လို့ မဖြစ်ပါဘူး။ တကယ်လို့ ရှင်တို့တွေ ပေးထားတဲ့ အစိမ်းရောင်ကျောက်ကို စိတ်ပူနေတယ်ဆိုရင် ပြန်ထုတ်ပေးလို့ ရပါတယ် …. ”

လော့စီက ဤလူများ၏ တိုက်ခိုက်မှုကို တားဆီးရမည် ဖြစ်ကြောင်း သေချာသိနေသည်။

သူမက ပြောနေရင်းပင် မြောက်များစွာသော မှော်ရတနာများက ကာကွယ်ရေး အစီအရင်ဆီ ကျရောက်နေဆဲ ဖြစ်သည်။ ဤအစီအရင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာလေ၏။

လူသားဆေးလုံး အိမ်တော်တွင် ကာကွယ်ရေး အစီအရင် နှစ်ထပ် ရှိပေသည်။ ပထမတစ်လွှာမှာ ကောင်းကင်ဘုံအလွန်မြို့မှ  လူ ခင်းကျင်းထားခြင်း ဖြစ်ပြီး အဆင့်နိမ့် ဖြစ်ကာ တိုက်ခိုက်မှု အနည်းငယ်မျှဖြင့် ပျက်စီးသွားနိုင်သည်။ ဒုတိယအလွှာမှာ မိုဝူကျိ ကိုယ်တိုင် ခင်းကျင်းထားသော အဆင့် ၇ ကာကွယ်ရေး အစီအရင် ဖြစ်ပေသည်။ ထိုအစီအရင်မှာ တိုက်ခိုက်ရေးနှင့် ပိတ်လှောင်ရေး လုပ်ဆောင်ချက်များပင် ပါဝင်သောကြောင့် တိုက်ခိုက်လိုက်သည်နှင့် တိုက်ခိုက်သူအား အစီအရင်ထဲ ဆွဲခေါ်ထားမည် ဖြစ်သည်။

“ ကျုပ်တို့က အကြာကြီး စောင့်နေရတာကို ခင်ဗျားက စရံငွေပဲ ပြန်ပေးချင်တာလား။ စရံငွေ ပြန်ပေးရင်တောင် နှစ်ဆ ပေးရမယ်။ မဟုတ်ရင်တော့ ကျုပ်တို့ ဆေးလုံးပဲ လိုချင်တယ် ”

“ ဟုတ်တယ် ဘယ်သူက ခင်ဗျား ပြန်ပေးမှာကို ဂရုစိုက်လို့လဲ ”

“ ဘုန်း ဘုန်း ” လော့စီ စကားများက လူအုပ်ကြီးကြားမှ ပြင်းထန်မှုကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားသည်။

လူသားဆေးလုံး အိမ်တော်၏ အပြင်အလွှာမှာ အဆင့်နိမ့် အစီအရင် ဖြစ်ကာ  တိုက်ခိုက်မှုများ ဆက်တိုက် ကျရောက်နေသောကြောင့် ပြင်းထန်သော အက်ကွဲသံများ ထွက်လာသည်။ လူသားဆေးလုံး အိမ်တော် အပြင်ဘက်ဆုံး အစီအရင်ကား စတင် ပျက်စီးလာလေပြီ။

လော့စီက မိုဝူကျိကို ခေါ်ထုတ်ဖို့ရာ တွေးမိလိုက်စဉ် အားကောင်းသော အရှိန်အဝါတစ်ခု ကျရောက်လာပေသည်။ တစ်ချိန်တည်းဆိုသလို အေးစက်စက် အသံတစ်သံကိုပါ ကြားလိုက်ရ၏  “ ဘယ်သူက ကျုပ်တို့ လူသားဆေးလုံး အိမ်တော်ကို နှောင့်ယှက်ချင်တာလဲ ”

ကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်အလား အားလုံးက သူတို့အပေါ် ကျရောက်လာသော အားပြင်းပြင်း ဖိအားတစ်ခုကို ခံစားမိလိုက်ကြသည်။ ထိုအချိန်အခါ၌ သူတို့က စိတ်စွမ်းအားကိုလည်း မဖြန့်ကျက်ထားနိုင်တော့ပေ။

အင်မော်တယ် ဧကရာဇ်အဆင့်လား …..

မှန်ပေသည် ….. အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေသည်။ အင်မော်တယ် ဧကရာဇ်အပြင် မည်သူကများ ထိုသို့ ကြောက်ခမန်းလိလိ ဖိအားကို ထုတ်လွှင့်နိုင်မည်နည်း။

“ ကာကွယ်သူကွမ် ….” လော့စီက ထိုကျင့်ကြံသူကို မြင်သောအခါ အလျှင်အမြန် ပြေးသွားလိုက်ပြီး တအံ့တဩ ရေရွတ်လိုက်သည်။ သူမက ချက်ချင်းဆိုသလို ကွမ်ကျင်းသည် တာအိုကို အခိုင်အမာ သဘောပေါက်သွားကာ  အင်မော်တယ် ဧကရာဇ် အစစ်အမှန် ဖြစ်သွားကြောင်း နားလည်လိုက်လေ၏။

“ ဂျုနီယာညီမလော့ …. ကျုပ်က ကာကွယ်သူ ဆိုတဲ့ ခေါင်းစဉ်ကြီးကို မကြိုက်ဘူး။ ဒီအတိုင်း စီနီယာအစ်ကိုလို့ပဲ ခေါ်ပါ။ အခုက ဘာတွေ ဖြစ်နေတာလဲ ” တစ်လကျော်မျှသာ ရှိသေးသော်လည်း ကွမ်ကျင်း စကားပြောသည့် ပုံစံမှာ ယုံကြည်ချက်နှင့်အတူ မာန်လည်း ပါလာသည်။

“ စီနီယာအစ်ကို တာအိုကို သဘောပေါက်ပြီး အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းသွားနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ” လော့စီက မြန်မြန် ဦးညွှတ်လိုက်သည်။ ကွမ်ကျင်းက ရိုးရိုးတမ်းတမ်း ပြုမူနေသော်လည်း သူမက အင်မော်တယ်ဘုရင်အဆင့်မျှသာ ရှိသေးသောကြောင့် အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ တစ်ယောက်ရှေ့၌ မလေးမစား မပြုမူရဲပေ။

ကွမ်ကျင်းက ခေါင်းညိတ်ပြလိုက်သည်။ သူ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းသွားသည်မှာ တစ်လတာမျှ ရှိနေသော်လည်း သူ့စိတ်ထဲမှ ကျေနပ်မှုနှင့် အောင်မြင်မှုကို ချိုးနှိမ်ဖို့ရာ အခက်တွေ့နေဆဲ ဖြစ်သည်။

ကြိုးကြိုးစားစား လုပ်ကိုင်ပြီးနောက် တောင်ထိပ်သို့ ရောက်သွားသည့် ခံစားချက်မျိုး ဖြစ်နေသည်။

လော့စီက မြန်မြန် ရှင်းပြလိုက်သည်

“ အစ်ကိုကြီးမိုက လွန်ခဲ့တဲ့ လဝက်လောက်က တံခါးပိတ် ကျင့်ကြံဖို့ ဝင်သွားခဲ့တာ … ဒီလဝက်အတွင်း ကျမတို့ လူသားဆေးလုံး အိမ်တော်က ဆေးလုံးတစ်လုံးမှ မထုတ်နိုင်ခဲ့ဘူးလေ။ ဒီလူတွေက အစိမ်းရောင်ကျောက် ပေးထားကြပြီးပြီ ”

ကွမ်ကျင်းလည်း အဖြစ်အပျက်ကို နားလည်သဘောပေါက်သွားလေ၏။ သူက ချက်ချင်း လက်နှစ်ဖက် ယှက်ကာ  “ အားလုံး ကျေးဇူးပြုပြီး စောင့်ပေးကြပါဦး။ ကျုပ် အိမ်တော်သခင်ကို သွားဆွေးနွေးကြည့်ပါ့မယ် …”

“ စီနီယာအစ်ကိုကွမ် ခဏလေး …” လော့စီက ကွမ်ကျင်းအား မြန်မြန်တားလိုက်သည်

“ အစ်ကိုကြီးမိုက အခုလက်ရှိ အသိဉာဏ်အလင်း ပွင့်နေတဲ့အချိန် ဖြစ်နေတာ။ တကယ်လို့ ကျမတို့ နှောင့်ယှက်လိုက်ရင် အဲဒါကို အနှောင့်အယှက် ဖြစ်သွားနိုင်တယ် …. ”

ကွမ်ကျင်းက မျက်မှောင်အနည်းငယ် ကျုတ်မိသွားသည်။ သူ အင်မော်တယ် ဧကရာဇ် ဖြစ်လာကတည်းက မာန်မာနနှင့် မြင့်မြတ်မှုတိုကို ခံစားမိလာသည်။ အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားသူအတွက် ပုံမှန်သာ ဖြစ်ပေသည်။ ထိုအကြောင်းအရင်းကြောင့် သူက မိုဝူကျိ အဘယ်ကြောင့် ထွက်မလာရလဲ ဆိုသည့် အကြောင်းအရင်းကို ထည့်မစဉ်းစားမိပေ။

လော့စီစကားများက သူ့အား မိုဝူကျိ၏ လက်အောက်ခံလူ ဖြစ်ကြောင်း အသိပေးနေသည်။ ကွမ်ကျင်းက အသက်ပြင်းပြင်းရှုလိုက်သည်။ အဆင့် ၉ ဆေးလုံးဧကရာဇ် နောက် လိုက်ဖို့ရာ မျက်နှာမလှ မဖြစ်ရသော်လည်း သူသည်လည်း အင်မော်တယ် ဧကရာဇ် ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် နှစ်တစ်ရာတည်း ဖြစ်၍ တော်သေး၏။ သူ ကတိစကားကို ဆိုစဉ်အခါက သူ့အသက်နှင့် တာအိုအပေါ် သက်ရောက်မှု မရှိသည့် အခြေအနေအောက်ဟု ဆိုညွှန်းခဲ့သည်။ အကယ်၍ မိုဝူကျိက ထိုစည်းမျည်းကို ချိုးဖောက်လျှင် သူက ထွက်သွားရုံသာ ဖြစ်၏။

သူက အင်မော်တယ် အုပ်စိုးသူအဖြစ်နှင့် ကတိစကားဆိုခဲ့စဉ် အင်မော်တယ် အုပ်စိုးသူဘေးနားမှ နှစ်တစ်ရာ လိုက်ပေးရမည့် ကိစ္စကား သူ့အား အနည်းငယ် မသက်မသာ ဖြစ်စေသည်။ သို့သော်လည်း သူက ကတိစကား ဆိုထားပြီးပြီ ဖြစ်၍ သူ ကွမ်ကျင်းက လိုက်နာရမည်။ သူ့အတွက် နှစ်တစ်ရာလေးမှာ တံခါးပိတ် ကျင့်ကြံနေသည်နှင့် ညီမျှရုံမျှ ဖြစ်သည်။

“ အင်မော်တယ်ရောင်းရင်းတို့ …. အိမ်တော်သခင်မိုက အခုလက်ရှိ တံခါးပိတ် ကျင့်ကြံနေလို့ပါ။ အားလုံး  စိတ်ချနေပါ။ အိမ်တော်သခင်မိုက ခင်ဗျားတို့ကို လက်ဗလာ ထားမှာ မဟုတ်ဘူးဆိုတာ ယုံပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ကျုပ် ကွမ်ကျင်းကို အပြစ်မတင်ကြပါနဲ့ ….” ကွမ်ကျင်းက ပြောရင်း အင်မော်တယ် ဧကရာဇ် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ အားနည်းသော တချို့ကျင့်ကြံသူများက မတ်မတ်ပင် မရပ်နိုင်ကြဘဲ သွေးအန်ကုန်ကြသည်။

လော့စီက သက်ပြင်းချလိုက်သည်။ ကွမ်ကျင်းကို များများ နားမလည်သော်လည်း ကွမ်ကျင်း နည်းလမ်းများမှာ မလိုလားအပ်ကြောင်း ခံစားမိနေသည်။ ထိုလူများက ဆေးလုံး ဝယ်ယူရန် ရောက်ရှိလာခြင်း ဖြစ်ကော အစိမ်းရောင်ကျောက်များကိုပင် ပေးထား၏။ ကွမ်ကျင်းက သူ့ကျင့်ကြံဆင့်ကို သုံး၍ လူထုအပေါ် ဖိအား မပေးသင့်ပေ။ လူသားဆေးလုံး အိမ်တော် ဤသို့ကြွယ်ဝလာသည့် အကြောင်းအရင်းမှာ လူထု အသိအမှတ်ပြုပြီး ဂုဏ်သတင်းမွှေး၍ ဖြစ်သည်။

“ တကယ်လို့ ကျုပ်က အစိမ်းရောင်ကျောက် ပြန်လိုချင်ရင်ရော ” တစ်ယောက်က အော်မေးလိုက်သည်။

ဤနေရာရှိ လူများကြား သွေးသံရဲရဲ အလောင်းများ မဖြတ်သန်းလာဖူးသည့်သူ မည်သူပါမည်နည်း။ ကွမ်ကျင်းက သူ့အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် ကွမ်ကျင်းမှာ အင်မော်တယ် ဧကရာဇ်မှန်း သိလိုက်ကြသည်။

ယခု လူသားဆေးလုံး အိမ်တော်တွင် အင်မော်တယ် ဧကရာဇ် ရှိနေလေရာ မည်သူကမှ ပြဿနာ မရှာရဲတော့ပေ။

“ မဖြစ်နိုင်ဘူး ”

ကွမ်ကျင်းက ထိုစကားပြောစဉ် လော့စီက  “ ရပါတယ်  …. စရံငွေ ပြန်လိုချင်တဲ့ အင်မော်တယ်ရောင်းရင်းတို့က အစိမ်းရောင်ကျောက် နှစ်တုံးအပိုရပါမယ်။ အားလုံး နံပါတ်အတိုင်း လာပေးကြပါ … ”

လော့စီက နောက်ဆုံးမှ သက်ပြင်းချနိုင်တော့သည်။ သူမက ကွမ်ကျင်း၏ သဘောထားမှာ လွန်လွန်းနေသည်ဟု ခံစားမိစဉ် မိုဝူကျိ၏ စကားကို လက်ခံရရှိလိုက်ခြင်း ဖြစ်၏။

မိုဝူကျိ အမူအယာမှာ တည်ငြိမ်နေလေသည်။ သူက လျို့ဝှက်ပညာရပ် အသစ်တစ်ခု ရရှိခဲ့သည်။ ထိုသည်မှာ စိတ်ဝိညာဉ် ခွဲခြင်း နည်းစနစ် ဖြစ်ပြီး စိတ်စွမ်းအားအား နှစ်ပိုင်း ခွဲခြားနိုင်လေသည်။ စိတ်စွမ်းအား တစ်ခုချင်းစီက ဆေးလုံးတစ်သုတ်စီ ဖော်စပ်နိုင်မည် ဖြစ်၏။ ထိုမျှတင် မကသေးဘဲ ခွဲထုတ်ခံလိုက်ရသော စိတ်စွမ်းအားမှာလည်း မတူညီသော လျို့ဝှက်ပညာရပ် နှစ်မျိုးကို ဆက်တိုက် ထိန်းချုပ်နိုင်ပေသည်။

သို့သော်လည်း ထိုအခိုက်အတန့်လေး၌ သူ မပျော်ရွှင်မိပေ။ သူက ကွမ်ကျင်း၏ သဘောထားကို မြင်လိုက်ရ၏။ ကွမ်ကျင်းသည် အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်သွားသောကြောင့် မိုဝူကျိနောက် လိုက်မည့် အပေးအယူအား မမျှတကြောင်း ခံစားမိလာပေလိမ့်မည်။ ဤနေရာ၌  မိုဝူကျိက ကွမ်ကျင်းပေါ် မူတည်၍ နောက်ထပ် တစ်လလောက် ထပ်နေလိုသော်လည်း  ယခုကား အစီအစဉ်များအား ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ထိုအမှာစာ ကိစ္စကို ဖြေရှင်းပြီးနောက် ဤမြို့မှ ချက်ချင်း ထွက်သွားမည်။

***

All Chapters