← Chapters

တိုက်ပွဲအတွက် ပြင်ဆင်ခြင်း

Vol. 56 Ch. 768

တိုက်ပွဲအတွက် ပြင်ဆင်ခြင်း

Vol. 56 Ch. 768

ယခု  လူသား  ဆေးလုံးအိမ်တော်၌ အင်မော်တယ် ဧကရာဇ် ရှိလာပြီ ဖြစ်ရာ မည်သူကမှ လာရောက် မနှောင့်ယှက်ရဲကြချေ။  စရံငွေနှင့်အတူ အစိမ်းရောင်ကျောက် နှစ်တုံးစီ ပြန်ပေးမည့် လော့စီ၏ ဆုံးဖြတ်ချက်ကိုပါ ထည့်တွက်လိုက်သည့်အခါ မည်သူကမှ မကျေမနပ် မဖြစ်ကြတော့ပေ။

အချိန်တိုလေးအတွင်း လူအုပ်ကြီးက တန်းစီလျက် ဖြစ်သွားပြီး သူတို့က နံပါတ်ပြားများကို ပေးကာ သူတို့၏ အစိမ်းရောင်ကျောက်များကို ပြန်လည် ယူနေကြသည်။

သို့သော်လည်း စရံ ပြန်ယူမည့်အစား  စောင့်ဆိုင်းနေရန် ဆန္ဒရှိကြသည့် အင်မော်တယ်များလည်း ကျန်ရှိနေသေး၏။ သူတို့အတွက် အစိမ်းရောင်ကျောက်များမှာ အဆင့် ၈ ဆေးလုံး ရရှိလာနိုင်မည့် အခွင့်အရေးနှင့် ယှဉ်လာလျှင် ဘာဆိုဘာမှ မဟုတ်တော့ပေ။

“ ကွမ်ကျင်းက အိမ်တော်သခင်ကို ဂါရဝပြုပါတယ်။ ကျုပ်ရဲ့ တာအိုကို သဘောပေါက် နားလည်လာအောင် ကူညီပေးခဲ့ပြီး အင်မော်တယ် ဧကရာဇ်အဆင့် ရောက်အောင် ကူညီပေးခဲ့တဲ့အတွက် အိမ်တော်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ် ” ကွမ်ကျင်းက မိုဝူကျိ အခန်းပေါက်သို့ လျှောက်လာကာ စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

မိုဝူကျိက ပြုံးကာ

“ အင်မော်တယ်ရောင်းရင်းကွမ်ကို ဂုဏ်ပြုပါတယ်။ ကျုပ်က အခု ဆေးဖော်စပ်ဖို့ လိုသေးတယ်ဆိုတော့  ဒီအချိန်လေးအတွင်းမှာ လူသားဆေးလုံးအိမ်တော်ကို စောင့်ရှောက်ပေးထားဖို့ အင်မော်တယ်ရောင်းရင်းကွမ်ကိုပဲ အပ်ပါတယ် … ”

“ အိမ်တော်သခင် စိတ်ချနေပါ။ မီဖေးကုန်သည်အိမ်တော်က အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်နဲ့ နောက်ပိုင်းအဆင့် ကျင့်ကြံသူတွေ မလွတ်သရွေ့ ကျုပ် ကွမ်ကျင်းက ကျုပ်တို့ လူသားဆေးလုံးအိမ်တော်ရဲ့ မြက်ပင်တစ်ပင်တောင် ဘာမှမဖြစ်စေရပါဘူး ” ကွမ်ကျင်းက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ သူ့လေသံ၌ ကိုယ်ပိုင်ယုံကြည်ချက် အပြည့် ဖြစ်နေသည်။ သူက မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် မလွှတ်လောက်ကြောင်း ယုံကြည်နေမိသည်။

“ ကောင်းပြီလေ …. အဲဆိုရင်တော့ အင်မော်တယ်ရောင်းရင်းကွမ်ကိုပဲ  ဒုက္ခပေးရတော့မှာပဲ ” ထိုသို့ပြောပြီးနောက် မိုဝူကျိက ဆက်မပြောတော့ပေ။

မူလက မိုဝူကျိသည် ကွမ်ကျင်းအား ကျင့်ကြံဆင့် တည်ငြိမ်ရန် အဆင့် ၉ ဆေးလုံးတချို့ပေးရန် ကြံရွယ်ထားသော်လည်း ယခု ထိုသို့အစီအစဉ် မရှိတော့ချေ။

ကွမ်ကျင်းက ဖင်းဖန်ဆီ ခေါ်ဆောင်နိုင်သည့် လူစားမျိုး မဟုတ်ပေ။ မိုဝူကျိက ကွမ်ကျင်း၏ ပြောဆိုပုံနှင့် အပြုအမူကို ကြည့်၍ ပြောနိုင်ပေ၏။ ကွမ်ကျင်း ပြန်ရောက်လာသည့်အခါ သူက လော့စီအား မိုဝူကျိ ဘာလုပ်နေမှန်း မမေးမြန်းဘဲ သူ့အခန်းဆီ တိုက်ရိုက်လာရှာဖို့ လုပ်ခဲ့သည်။

အင်မော်တယ်ဘုရင်အဆင့် ဖြစ်သည့် လော့စီပင် တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း မနှောင့်ယှက်သင့်ကြောင်း ကောင်းကောင်း သိပေရာ ကွမ်ကျင်းက မည်သို့ မသိဘဲ နေမည်နည်း။ သူ့အပြုအမူများမှာ တမင်မဟုတ်သော်လည်း အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိသွားပြီ ဖြစ်၍ သူ့ခံစားချက်များမှာ တိမ်ပေါ်ရောက်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။ ကွမ်ကျင်းသည် သူ့အသိစိတ်၌ အင်မော်တယ် ဧကရာဇ်အဆင့်အောက် နိမ့်သော သူများကို ပုရွက်ဆိတ်အဖြစ်သာ မြင်ပေလိမ့်မည်။

ကွမ်ကျင်းသည် ချိုးနှိမ်ထားရသည်မှာ ကြာမြင့်လွန်းသောကြောင့်လေလား သို့မဟုတ် အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိပြီးနောက် ယုံကြည်ချက် လွန်ကဲလာမှုကြောင့်လေလားတော့ မသိတော့ပေ။ ဤလူက တခြားသူ လက်အောက် ဖြစ်လိုသည့် ဆန္ဒမရှိတော့ပေ။ မိုဝူကျိက ဤသို့လူစားမျိုး မလိုအပ်ပေ။

မိုဝူကျိက ထိုအရာမှာ သူ့အမှားဖြစ်ကြောင်း သိပေသည်။ အင်မော်တယ် ဧကရာဇ်တိုင်းမှာ ဓားအကျဉ်းထောင်မှ ထွက်ပြေးလွှတ်မြောက်လာသော သူများကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။ ဓားအကျဉ်းထောင်မှ အင်မော်တယ် ဧကရာဇ်များကြား ဝေကျီတောက်၊ နျဲ့ချုံးအန်း သို့မဟုတ် ကျန့်မင်ချန်းတို့မှာ သေခြင်းနယ်နမိတ်၌ ကူကယ်ရာမဲ့ ဖြစ်ခဲ့ကြသော  လူများ ဖြစ်ပေ၏။

သူတို့၏ အတွေ့အကြုံများကြောင့် သာမာန် အင်မော်တယ် ဧကရာဇ်မှာ ဘာမှမဟုတ်ကြောင်း သိနေကြ၏။

ကွမ်ကျင်းက မိုဝူကျိ၏ လေသံမှာ အေးစက်နေကြောင်း သိလိုက်သည်။ သူက စိတ်ထဲ မထားပေ။ သူ့အတွက် နှစ်တစ်ရာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည့်အရာ ဖြစ်နေသည်။

အကယ်၍ သူသာ အင်မော်တယ် ဧကရာဇ်အဆင့် မတက်လှမ်းရသေးခင် အချိန် ဖြစ်နေလျှင် နှစ်တစ်ရာကို မဆိုထားနှင့် နှစ်တစ်သောင်းဆိုလျှင်ပင် သူက ဧကရာဇ်ဆေးတစ်လုံးနှင့် အပေးအယူ လုပ်ဦးမည် ဖြစ်၏။ သို့သော် ယခုတွင် သူ့တန်ဖိုးမှာ အင်မော်တယ် အုပ်စိုးသူ ကွမ်ကျင်းနှင့် မတူတော့ချေ။ အခု သူက အင်မော်တယ် ဧကရာဇ် ဖြစ်နေလေပြီ။

အင်မော်တယ် ထောင်ဂဏန်းလောက်က သူတို့စရံကို ပြန်လိုချင်ကြသောကြောင့် အစိမ်းရောင်ကျောက်ကို လက်ခံပြီးသည်နှင့် ဆေးလုံးအိမ်တော်မှ ထွက်ခွာသွားကြသည်။

အိမ်တော်သခင်မိုအနေနှင့် ဆေးလုံးများ ပြန်လည် ဖော်စပ်ပေးတော့မည် ဖြစ်ကြောင်း ပြန်လည် သတင်းထွက်ပေါ်လာသည်။ အင်မော်တယ် ဆေးပုလင်းများ ထွက်လာသောကြောင့် အင်မော်တယ်များက ပျော်ရွင်သွားကြသည်။

စရံ ပြန်ထုတ်ထားကြသော အင်မော်တယ်များက ထိုမြင်ကွင်းကို မြင်သောအခါ နောင်တရလာမိကြသည်။ သူတို့က အစိမ်းရောင်ကျောက် ပေးချေ၍ တန်းစီရန် ပြန်လည် ကြိုးစားကြသော်လည်း နောင်တရသွားစေသည့် သတင်းမျိုးကို လက်ခံရရှိလိုက်ကြရသည်။ လူသားဆေးလုံး အိမ်တော်က အမှာစာအသစ် လက်မခံတော့ချေ။

အကယ်၍ ဤနေရာတွင် အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ မရှိနေပါက စရံပြန်ယူထားသော ကျင့်ကြံသူများက ရုတ်ရုတ်သည်းသည် ပြန်ဖန်တီးမိလောက်ကြ၏။

ရက်ပိုင်းလေးအတွင်း မိုဝူကျိက အမှာစာများကို ပြီးစီးသွားလေပြီ။ ထို့နောက် သူက ဆေးလုံး ဖော်စပ်ခြင်းကို ရပ်နားလိုက်တော့သည်။

ယခု သူ့တွင် အဆင့်မြင့် အင်မော်တယ်ဆေးပင်များနှင့် သန်းချီနေသော အစိမ်းရောင်ကျောက်များ ရှိနေပြီ ဖြစ်ရာ ထိုကျင့်ကြံရေး အရင်းအမြစ်များဖြင့် ဆေးလုံး ဆက်ဖော်စပ်ဖို့ရာ မလိုအပ်တော့ဘဲ ကိုယ်ပိုင် စွမ်းရည်ကို မြင့်တင်ရမည်။

“ အစ်ကိုကြီးမို ကျမတို့တွေ စကြဝဠာ ဘုံပိုင်နယ်မြေဆီ သွားတော့မှာလား ” လော့စီက မိုဝူကျိ သူ့အခန်းမှ ထွက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ မေးလိုက်၏။

ကွမ်ကျင်းလည်း မိုဝူကျိအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူက မိုဝူကျိတွင် အစိမ်းရောင်ကျောက်များစွာ ရှိကြောင်း သိထား၏။ အကယ်၍ မိုဝူကျိသာ သူ့အား  အစိမ်းရောင်ကျောက် ၂၀ ရာခိုင်နှုန်း ခွဲပေးလျှင် သူ့အနေနှင့် အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် အခြေတည်ငြိမ်အောင် လုပ်နိုင်လိမ့်မည်။

မိုဝူကျိက စကားပြောတော့မည့်ဆဲဆဲတွင် သူ့လက်ကောက်ဝတ်မှ ဆက်သွယ်ရေး ပုတီးစေ့မှာ စတင် လင်းလက်လာသည်။

“ အစ်ကိုကြီးမို တစ်ခုခု ဖြစ်လို့လား ” လော့စီက အရိပ်အကဲ သိပေသည်။ သူမက မိုဝူကျိ တစ်ယောက် အကြောင်းအရာကို မြင်သည့်အခါ မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်၏။

“ မီဖေးကုန်သည်အိမ်တော်က အင်မော်တယ် ဧကရာဇ် သုံးယောက်လွှတ်လိုက်တယ်။ နောက်ဆုံးအဆင့်တစ်ယောက်၊ အလယ်အလတ်အဆင့် တစ်ယောက်နဲ့ အစောပိုင်းအဆင့် တစ်ယောက် ….” မိုဝူကျိ လေသံမှာ အနည်းငယ် မကြည်မလင် ဖြစ်နေသည်။

ကွမ်ကျင်းလည်း နှလုံးခုန်နှုန်း မြန်လာလေ၏။ သူ့တာအိုကို သဘောပေါက်နားလည်ပြီးနောက် ကိုယ်ပိုင်ယုံကြည်ချက် များစွာ မြင့်တက်ခဲ့သော်လည်း သူက အရူး တစ်ယောက် မဟုတ်ပေ။ သူက အားပိုကောင်းနေလျှင်ပင် ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်ထဲမှ တစ်ယောက်ယောက်အတွက် ပြိုင်ဖက် မဖြစ်နိုင်သေးပေ။

သူက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းခါစ ဖြစ်ကာ နောက်ဆုံးအဆင့်နှင့် အလယ်အလတ်အဆင့်ကို ထည့်မပြောလျှင်ပင် အစောပိုင်းအဆင့်ကိုပင် သူ ယှဉ်နိုင်မည် မဟုတ်ပေ။

မီဖေးကုန်သည်အိမ်တော်က ဤနေရာသို့ ရိုးရှင်းသည့် အင်မော်တယ် ဧကရာဇ် တစ်ယောက် လွတ်လိုက်ပါ့မလား …..

“ အိမ်တော်သခင် ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမလဲ ” ကွမ်ကျင်းက မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်တစ်ယောက် မည်မျှအားကောင်းကြောင်း မသိဘဲဖြင့် သူတို့အား ရင်ဆိုင်ရန် သတ်ဖြတ်ရေး အစီအရင်ကို အားကိုးမည်ကို စိုးရိမ်မိနေသည်။

“ မင်းတို့နှစ်ယောက်ရော ဘယ်လိုထင်လဲ ” မိုဝူကျိက မေးခွန်းကို တန်းမဖြေပေ။ သူက အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း မီဖေးကုန်သည်အိမ်တော်၏ တုံ့ပြန်ချက်မှာ အလွန်မြန်ဆန်နေပုံ ပေါ်၏။

ကွမ်ကျင်းက လေးလေးနက်နက် ပြောလိုက်သည်

“ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက အရမ်းအားကောင်းတယ်။ မဟုတ်ရင် ကောင်းကင်ဘုံအလွန်မြို့ထဲ ခြေကုပ်နေရာ အရယူထားနိုင်မှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် သူတို့က အင်မော်တယ် ဧကရာဇ် သုံးယောက်တောင် လွှတ်လိုက်တာဆိုတော့ ကျုပ်တို့တွေ မြို့ပြင်ကို မြန်မြန် ထွက်သွားသင့်တယ် ”

ကွမ်ကျင်းအမြင်အရ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းအနေနှင့် သာမာန် အင်မော်တယ် ဧကရာဇ် နှစ်ယောက် လွတ်လိုက်သည်ကပင် အံ့ဩဖို့ ကောင်းနေပြီ ဖြစ်၏။  မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက အင်မော်တယ် ဧကရာဇ် သုံးယောက်ကို တစ်ပြိုင်နက် လွတ်လိုက်မည်ဟု မထင်ထားပေ။ သူတို့ထဲတွင် အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တစ်ယောက်ပင် ပါနေသေး၏။ အကြောင်းမှာ သူက မိုဝူကျိသည် မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းမှ လွတ်လိုက်သော အင်မော်တယ် ဧကရာဇ် တစ်ယောက်ကို သတ်ထားပြီးပြီ  ဖြစ်ကြောင်း မသိသေး၍ ဖြစ်သည်။

မိုဝူကျိက စိတ်ထဲမှ လှောင်ရယ်မောလိုက်သည်။ အကယ်၍ သူတို့သာ မြို့ပြင် ထွက်သွားပြီး သူသာ သာမာန် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင် လော့စီနှင့် သူ့အတွက် ကိုယ့်သေတွင်းကို တူးလိုက်သည်နှင့် အတူတူ ဖြစ်ပေသည်။ ကွမ်ကျင်းမှာ အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်သောကြောင့် သူ့ဘာသာ ထွက်ပြေးနိုင်လိမ့်မည်။ မိုဝူကျိက ကွမ်ကျင်းသည် နောက်တွင် နေခဲ့ပြီ သူတို့နှစ်ယောက်အား ကာကွယ်ပေးလိမ့်မည်ဟု မယုံပေ။

ကွမ်ကျင်းသည်  သူ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းမှ ရောက်လာသော အင်မော်တယ် ဧကရာဇ်ကို သတ်လိုက်မှန်း မသိကြောင်း ယုံကြည်ထားသည်။ ကွမ်ကျင်းသည် သူ ထန့်ဖေးယန်နှင့် မိတ်ဆွေဖွဲ့ထားသည်ကိုလည်း သိမည် မဟုတ်သေးပေ။ မဟုတ်လျှင် ကွမ်ကျင်းက သူ့ရှေ့မှောက်၌ ဤမျှ စိတ်ကြီးဝင်နေမည် မဟုတ်ပေ။

လော့စီက ဘာမှဝင်မပြောပေ။ သူမက ထွက်ပြေးသည် ဖြစ်စေ၊ ဆက်နေလျှင် ဖြစ်စေ အမြောက်စာနှင့်တူနေသော တည်ရှိမှုမျိုး ဖြစ်နေသည်။

မိုဝူကျိက သိုလှောင်လက်စွပ်တစ်ကွင်းကို ယူကာ လော့စီအား ပေးလိုက်ရင်း  “ လော့စီ ဒီဟာကို ယူပြီး မြို့စား ထန့်ဖေးယန်ကို သွားရှာလိုက် ”

“ အိမ်တော်သခင် …. မြို့စားဆီကနေ အကူအညီ တောင်းမလို့လား ” ကွမ်ကျင်းက တအံ့တဩ ကြည့်လိုက်သည်။သူက မိုဝူကျိ၏ အကြံသည် သေချာပေါက် ကျရှုံးမည် ဖြစ်ကြောင်း သေချာနေသည်။ ထန့်ဖေးယန်သည် ဤသို့ ရှုပ်ထွေးလွန်းသော ပြဿနာကြား ကြားညှပ်ခံမည့်လူ မဟုတ်ပေ။

လော့စီက လက်စွပ်ကို လက်ခံကာ မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်သည်  “ အစ်ကိုကြီးမို ဒါက မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ဒီဟာတွေကို သူ့ဆီ ပေးရင်တောင် သူက …. ”

လော့စီက ဆက်မပြောတော့ပေ။ မိုဝူကျိနှင့် ကွမ်ကျင်းတို့ နှစ်ယောက်လုံးက နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ကြ၏။ သူမက သူတို့အနေနှင့် လက်စွပ်ထဲမှ ပစ္စည်းများအားလုံးကို မြို့စားဆီ ပေးလျှင်ပင် ထန့်ဖေးယန်အား ပါဝင်လာအောင် လှုံ့ဆော်နိုင်မည် မဟုတ်ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။

“ ယူသွားလိုက်ပါ …” မိုဝူကျိက ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ ထို့နောက် လော့စီအား စိတ်ဖြင့် ဆက်သွယ်ကာ  “ သိုလှောင်လက်စွပ်ထဲမှာ ကျောက်စိမ်းပေလွှာ နှစ်ခုပါတယ်။ တစ်ခုက မင်းအတွက် …. တစ်ခုက ထန့်ဖေးယန်အတွက်။ မြို့တော်ခန်းမဆီ မသွားခင် ကျောက်စိမ်းပေလွှာကို ကြည့်ကြည့် … ”

“ ဟုတ်ကဲ့ ” လော့စီက မိုဝူကျိ၏ စကားကို ကြားသောအခါ ချက်ချင်း တုံ့ပြန်လိုက်ပြီး ဆေးလုံးအိမ်တော်မှ ပြေးထွက်သွားလိုက်သည်။ သူမက မိုဝူကျိသည် သူမအား နာကျင်အောင် လုပ်လိမ့်မည်ဟု မယုံပေ။

လော့စီ ထွက်သွားသည်နှင့် မိုဝူကျိက အစီအရငအလံတချို့ ထုတ်ကာ ပစ်လွှတ်လိုက်သည်။

“ အိမ်တော်သခင် … ကျုပ်တို့တွေ ဒီမှာနေပြီး အဲဒီအင်မော်တယ် ဧကရာဇ်တွေနဲ့ တိုက်မှာလား ” မိုဝူကျိက အစီအရင်အလံများ ခင်းကျင်းနေသည်ကို မြင်ပြီး ကွမ်ကျင်းက မိုဝူကျိ စိတ်ကို မည်သို့ မသိဘဲ နေမည်နည်း။ သူက အထိတ်တလန့် ထုတ်မေးလိုက်သည်။

“ ဟုတ်တယ်  … သူတို့ လာတဲ့အခါကျ ကျုပ်က အစီအရင်ကို ထိန်းချုပ်မယ်။ ခင်ဗျားက ကျုပ် ညွှန်ကြားချက်အတိုင်း လုပ်ရုံပဲ။ စိတ်ချနေပါ။ ကျုပ်တို့တွေ သူတို့ပြိုင်ဖက် မဖြစ်နိုင်ရင်လည်း လွတ်မြောက်နိင်ပါသေးတယ် ” မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်။

ကွမ်ကျင်းက မိုဝူကျိ၏ လေသံကို ကြားလိုက်သည်နှင့် မိုဝူကျိသည် ဆုံးဖြတ်ချက် အခိုင်အမာ ချပြီးသွားကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက သက်ပြင်းသာ ချလိုက်တော့သည်။ သူက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးသွားသည်မှာ ကံကောင်းလှပေသည်။ အကယ်၍ သူတို့က တစ်ဖက်လူကို မယှဉ်နိုင်တော့လျှင် ထွက်ပြေးနိုင်သေး၏။ သူက ကတိစကားကို ဆိုခဲ့စဉ်အခါက အသက်အန္တရာယ်ရှိလာလျှင် ကတိစကားကို မစောင့်ထိန်းနိုင်ကြောင်း ထည့်ပြောခဲ့သည်။ မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးသောကြောင့် အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ တစ်ယောက် မည်မျှ အင်အားကြီးမှန်း မသိလောက်ချေ။

…………......

လော့စီက အမြန်ဆုံးနှုန်းဖြင့် လူသားဆေးလုံး အိမ်တော်မှ ပြေးထွက်သွားပြီး စိတ်စွမ်းအားကို သိုလှောင်လက်စွပ်ဆီ ပို့လွှတ်လိုက်သည်။

လက်စွပ်အတွင်း၌ အစိမ်းရောင်ကျောက်များ အပုံလိုက် ရှိနေပြီး သိန်းဂဏန်းလောက် ပါရှိပေသည်။ ကျောက်စိမ်းပုလင်း နှစ်ပုလင်းလည်း ပါရှိနေပြီး လျို့ဝှက်ပညာရပ်များနှင့် တိုက်ကွက်များဟု ရေးသားထားသည့် ကျောက်စိမ်းပေလွှာတချို့လည်း ပါရှိနေသည်။

လော့စီက ကျင့်ကြံရေးအတွက် မိမိအပေါ်သာ မှီခိုနေရသည်။ သူမက မိုဝူကျိကို ကူညီပေးခဲ့စဉ်မှ စ၍ သူမက မကျင့်ကြံဖြစ်သလို ကျင့်ကြံရေး အရင်းအမြစ်လည်း မရှိပေ။ ယခု သူမရှေ့၌ ကျင့်ကြံရေး အရင်းအမြစ်များစွာကို မြင်လိုက်ရသည့်အခါ သူမ နှလုံးခုန်မြန်လာမိ၏။ သူမက တစ်ဘဝလုံး ခက်ခက်ခဲခဲ ကြိုးစားလျှင်ပင် သူမရှေ့၌ ရှိနေသော တစ်ပုံကိုပင် မှီနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ထိုကျင့်ကြံရေး အရင်းအမြစ်များမှာ သူမအတွက် မဟုတ်မှန်း ကောင်းကောင်း သိပေသည်။ ထိုအရာများမှာ မြို့စား ထန့်ဖေးယန်အတွက် ဖြစ်၏။ ယခင် မိုဝူကျိက သူမအသက်ကို နှစ်ကြိမ် ကယ်တင်ပေးခဲ့လေရာ မြို့စားက သူတို့အား ကယ်တင်သည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ သူမက ဤပစ္စည်းများကို ပို့ဆောင်ပေးရမည်။

ထို့နောက် လော့စီက မိုဝူကျိ  သူမအတွက် ရေးသားထားသော ကျောက်စိမ်းပေလွှာကို ဖွင့်ကြည့်လိုက်သည်။ ထိုပေလွှာပေါ်၌  မိုဝူကျိ၏ စိတ်ဝိညာဉ် အမှတ်အသား ရှိနေပြီး

“ လော့စီ … မင်း ငါ့ကို ကူညီပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။ ဒီလက်စွပ်ထဲက ကျင့်ကြံရေး အရင်းအမြစ်က တခြားသူအတွက် မဟုတ်ဘဲနဲ့ မင်းအတွက်ပါ။ ငါရဲ့ နဂိုအစီအစဉ်အရဆိုရင်  ဆေးလုံးတွေ ဖော်စပ်ပြီးတာနဲ့ မင်းကို ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ခေါ်သွားပေးဖို့  ….

ဒါပေမဲ့ ငါတို့ရဲ့လက်ရှိ ပြိုင်ဖက်က အရမ်းအားကောင်းလွန်းနေတယ်။ ငါလည်း ကိုယ့်ဘာသာ ကာကွယ်ဖို့ ခက်ခဲလောက်မယ်။ အဲဒါကြောင့် ငါတို့တွေ ထွက်ပြေးရရင် မင်းကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်လောက်ဘူး …. အဲဒါကြောင့် မင်းကို မြို့တော်ခန်းမဆီ လွတ်လိုက်တာပါ။ ငါနဲ့ မြို့စားထန့်ဖေးယန်က နည်းနည်း ပတ်သတ်မှုရှိတယ်။ သူလည်း မကြာခင် ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားမှာဆိုတော့ မင်းကို ခေါ်သွားပေးနိုင်လိမ့်မယ်လို့ ထင်တယ်  ”

မိုဝူကျိလည်း ကူကယ်ရာမဲ့ ဖြစ်နေသည်။ အကယ်၍ အင်မော်တယ် ဧကရာဇ် နှစ်ယောက်တည်း ရောက်ရှိလာသည်ဆိုလျှင် သူက လော့စီကို အတူတူ နေခိုင်းမိမည် ဖြစ်သော်လည်း ယခု အင်မော်တယ် ဧကရာဇ် သုံးယောက် ရောက်လာမည် ဖြစ်၏။ သူက အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်မျှ ရှိသေးပြီး ကွမ်ကျင်းကလည်း အရိုးကြေကြေ အရည်ခမ်းခမ်း တိုက်မည့် လူစားမျိုး မဟုတ်ပေ။ အကယ်၍ သူတို့က အင်မော်တယ် ဧကရာဇ် သုံးယောက်အတွက် လက်ရည်တူ မဖြစ်ခဲ့လျှင် ကျတ်တီးမြေဆီ ထွက်ပြေးရမည် ဖြစ်သောကြောင့် လော့စီအား ကာကွယ်ပေးဖို့ရာ ခက်ခဲပေလိမ့်မည်။

ထန့်ဖေးယန်မျာ မြို့စား တစ်ဦး ဖြစ်ပြီး သူတို့က ပတ်သတ်ခဲ့ဖူးသောကြောင့် မိုဝူကျိက ထန့်ဖေးယန်အနေနှင့် ဤသို့မျိုး အကူအညီပေးရန် ဆန္ဒရှိလိမ့်မည်ဟု ယုံကြည်မိသည်။

ထန့်ဖေးယန်အနေနှင့် လော့စီအား ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ခေါ်သွားဖို့ရာ ဒုက္ခမများပေ။ ထိုအပြုအမူလေးက မိုဝူကျိဆီမှ အလေးပေးမှုကို ရရှိနိုင်သေး၏။ ထန့်ဖေးယင်၏ ယခင်ဖိတ်ကြားမှုမှာ အတုအယောင် မဖြစ်နေသရွေ့ ပြဿနာ မဟုတ်ကြောင်း ယုံကြည်ထားသည်။ ထို့အပြင် သူ့ကို အင်မော်တယ် ဧကရာဇ် သုံးယောက် ရောက်လာသည့်အကြောင်း ပြောပြသူမှာလည်း ထန့်ဖေးယန် ဖြစ်၏။

လော့စီက ကျောက်စိမ်းပေလွှာအား သိမ်းလိုက်ပြီးနောက် ကြောင်အမ်းသွားလေ၏။ ယခုလေးမှ သူမက ထိုကျင့်ကြံရေး အရင်းအမြစ်များမှာ သူမအတွက် ဖြစ်ကြောင်း  သတိပြုမိလိုက်သည်။

ယခင် အစ်ကိုကြီးမိုက သူမအတွက် ကျင့်ကြံရေး အရင်းအမြစ် တချို့ ပေးမည် ပြောခဲ့သော်လည်း လော့စီက ဤမျှ ပမာဏများများစားစား ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

***

All Chapters