တစ်ယောက်၊ သုံးယောက် တိုက်ပွဲ
Vol. 56 Ch. 769
မီဖေးကုန်သည်အိမ်တော်
ခေါင်းဆောင် မင်ချန်း၊ ဝမ်လီနှင့် ရန်ယူရွှေတို့က ဘေးမှ လေးလေးစားစား ရပ်နေကြသည်။
အလယ်နေရာ၌ ထိုင်နေကြသူများမှာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်၏။ အလယ်မှ လူမှာ မျက်လုံးခပ်မှေးမှေးနှင့် ဖြစ်ပြီး သူ့အသက်အရွယ်မှာ ခန့်မှန်း၍ မရပေ။ သူတွင် နီကြောင်ကြောင် ဆံပင်များ ရှိပြီး အရှိန်အဝါများက ထွက်ပေါ်နေလေသည်။ သူ့ဘေးပတ်လည်၌ ဖော်ပြ၍ မရနိုင်သော တာအိုစွမ်းအားများ ဝန်းရံနေသည်။
ဆံနီ အမျိုးသား ဘယ်ဘက်၌ လူလတ်အရွယ် အမျိုးသမီး တစ်ဦး ရှိနေပြီး သာမာန် ရုပ်ရည်မျှသာ ရှိပေသည်။ ညာဘက်၌မူ အနည်းငယ် ခပ်ဝဝ လူအိုကြီး တစ်ယောက် ရှိနေ၏။
ဘေးတွင် ရပ်နေသည့် မင်ချန်းက စိတ်မအေးမိပေ။ ဝမ်လီနှင့် ရန်ယူရွှေတို့က ထိုအင်မော်တယ် ဧကရာဇ်များမှာ မီဖေးကုန်သွယ်ရေး အဖွဲ့မှ လွတ်လိုက်မှန်းသာ သိကြသော်လည်း သူ့အနေနှင့် ပိုသိနေသည်။
အထူးသဖြင့် အလယ်တွင် ထိုင်နေသည့် ဆံနီ အမျိုးသားကို ဖြစ်၏။ သူ့နာမည်မှာ အူးကျောက်ဟယ် ဖြစ်ကာ ဒေါသကြီးသည့်အတွက် နာမည်ကျော်လေ၏။ အကယ်၍ တစ်ယောက်ယောက်က သူ့ဆန္ဒနှင့် မကိုက်ညီဘဲ ပြုမူမိလျှင် သေခြင်းတရားနှင့် တွေ့သွားရလိမ့်မည်။ ထိုသုံးယောက်ကြား၌ သူ့ကျင့်ကြံဆင့်မှာ အားအကောင်းဆုံး ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်လည်း ဖြစ်ပေသည်။
မင်ချန်းက အူးကျောက်ဟယ်သည် မိတ်ဆွေတစ်ယောက်နှင့် ရှေးဟောင်းနယ်မြေတစ်ခုဆီ သွားရောက်စူးစမ်းခဲ့ကြပြီး သူတို့ရတနာခွဲဝေမည့် အချိုးအစား သဘောမတွေ့သည့်အတွက် ထိုမိတ်ဆွေအား တန်းသတ်ပစ်လိုက်ကြောင်း ကောလဟာလ ကြားဖူး၏။ ထိုအဖြစ်အပျက်ကြောင့် အားလုံးက ဤလူမှာ ရက်စက်ကြောင်း သိသွားကြသည်။ ကောင်းကင်ဘုံနယ်နမိတ် အလွန်၌ သူကြောင့် သေဆုံးသွားရသည့် အင်မော်တယ် အရေအတွက်မှာ လက်များဖြင့် ရေတွက်နိုင်သည့်ထက်ပင် ပိုများပြားနေသေးသည်။
လူလတ်အရွယ် အမျိုးသမီးက ဒုတိယမြောက် အားအကောင်းဆုံး ဖြစ်သည့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်၏။ မင်ချန်းက ထိုအမျိုးသမီး၏ နာမည်မှာ လင်းရုန် ဖြစ်ကြောင်း သိပေသည်။ ယခင်က သူမ၏ တာအိုကို သဘောပေါက်ဖို့ရာ သူမက အလွန်ရင်းနှီးသော မိတ်ဆွေအားလုံးကို သတ်ပစ်ခဲ့သည်။ သူမ၏ အပြစ်ကင်းစင်သော သွင်ပြင်ကိုသာ မကြည့်သင့်ပေ။ ထိုအမျိုးသမီးမှာ ကျင့်ကြံရေး လမ်းစဉ်ကို ဆက်လျှောက်လှမ်းဖို့ရာ ဘာမဆို လုပ်မည့် နတ်ဆိုး ဖြစ်ပေသည်။
မင်ချန်းက ထိုခပ်ဝဝ လူအိုကြီးနှင့် မရင်းနှီးပေ။ ထိုလူနာမည်မှာ သဲ့ဖျင်ရှား ဖြစ်ကြောင်းသာ သိ၏။
“ တူစုန့်က မိုဝူကျိနဲ့ အတူတူ မြိုပြင် လိုက်သွားတာ သေချာလား။ ပြီးတော့ မိုဝူကျိက နေ့တစ်ဝက်တည်းနဲ့ သူ့ဘာသာ ပြန်ရောက်လာတယ်ပေါ့ ” ပြောလိုက်သူမှာ အူးကျောက်ဟယ် ဖြစ်၏။
မင်ချန်းက မြန်မြန်ဆန်ဆန် လေးလေးစားစား ပြောလိုက်သည် “ ဟုတ်ပါတယ် အကြီးအကဲ … အဲလိုပါပဲ ”
အူးကျောက်ဟယ်က ခေါင်းညိတ်ကာ “ သွားကြစို့ … ငါ့ မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းက လူကို လုပ်ကြံရဲတယ်ဆိုတော့ အဲဒီ မိုဝူကျိမှာ ခေါင်းဘယ်နှလုံးနဲ့ လက်ဘယ်နှစ်ဖက် ရှိလဲ ကြည့်ကြတာပေါ့ ”
အူးကျောက်ဟယ်က ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်အကြား ခေါင်းဆောင် ဖြစ်သည်မှာ သိသာလှ၏။ အူးကျောက်ဟယ်၏ ဦးဆောင်မှုဖြင့် ကျန်နှစ်ယောက်လည်း လိုက်ပါသွားကြသည်။
“ အကြီးအကဲတို့ … အဲဒီ ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့် ရောက်သွားပါပြီ ” ရန်ယူရွှေ၏ ကျင့်ကြံဆင့်မှာ အနိမ့်ဆုံး ဖြစ်သောကြောင့် သူမတွင် ဝင်ပြောခွင့် မရှိပေ။ သို့သော်လည်း သူမက အကြီးအကဲအူးသည် မိုဝူကျိအား လုံးဝ လျော့တွက်ထားကြောင်းကို တွေ့ပြီး ထုတ်ပြောမိလိုက်ခြင်း ဖြစ်၏။
ယခင်က တူစုန့်သည်လည်း မိုဝူကျိအား အထင်သေးမိခဲ့သည်။ ရလဒ်အနေနှင့် တူစုန့်သည် ရှင်လား၊ သေလား မသေချာသေးပေ။
“ အသက်ရှင်တဲ့ အင်မော်တယ် ဧကရာဇ်မှ အင်မော်တယ် ဧကရာဇ် လုပ်နိုင်မှာလေ ” အူးကျောက်ဟယ် လေသံမှာ ရေခဲတမျှ အေးစက်နေသည်။
အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်အား စကားထဲ ထည့်ပြောနေစရာ မလိုပေ။ သူက အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် သူ အူးကျောက်ဟယ်က ကြောက်စရာ မရှိပေ။
…………..…
“ အိမ်တော်သခင် … ကျုပ်တို့ နှစ်ယောက်တည်း ကြာကြာ ထိန်းမထားနိုင်လောက်မှာကို စိုးရိမ်မိတယ် ” ကွမ်ကျင်း၏ စိတ်ပူပင်နေမှုကို သူ့လေသံ၌ ကြားနိုင်ပေသည်။ အကယ်၍ မိုဝူကျိသာ ဤအတိုင်း လုပ်ပါက သူတို့တွေ ပိတ်မိပြီး လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ သူ ကွမ်ကျင်းက မိုဝူကျိအား နှစ်တစ်ရာ နောက်လိုက် လုပ်ပေးရန် ကတိစကားဆိုခဲ့သော်လည်း သူ့အသက်ကိုတော့ မရောင်းနိုင်ပေ။
မိုဝူကျိက အစီအရင်အလံတစ်ခုအား ကွမ်ကျင်းဆီ ပေးကာ
“ အင်မော်တယ်ရောင်းရင်းကွမ် …. ကျုပ်က ဒီပတ်လည်မှာ အစီအရင်တွေ ခင်းကျင်းထားတယ်။ တကယ်လို့ ကျုပ်တို့တွေ သူတို့နဲ့ လက်ရည်တူ မဖြစ်ရင်တောင် ထွက်ပြေးဖို့ အခွင့်အရေး ရှိပါသေးတယ်။ အဲဒီ အစီအရင်အလံက ကယ်တင်ရေးအပေါက် အလံပဲ။ မတော်လို့ အန္တရာယ်ဖြစ်လာခဲ့ရင် အဲဒီ အစီအရင်အလံကို ပစ်ပြီး အဲဒီ ကယ်တင်ရေးအပေါက် ထွက်ပြေးရုံပဲ ”
အင်မော်တယ် ဧကရာဇ်များနှင့် ရင်ဆိုင်ရမည် ဖြစ်၍ မိုဝူကျိက ကွမ်ကျင်းအား ထွက်ပြေးဖို့ အသိပေးနိုင်မည့် အခွင့်အရေး ရှိမလား သေချာမသိပေ။ အကယ်၍ ဤသို့ ဖြစ်လာခဲ့လျှင် ကွမ်ကျင်း၏ ထွက်ပြေးမှုအား မပိတ်ဆို့လိုပေ။
သူက မဟာဧကရာဇ်များနှင့် ရင်ဆိုင်ဖူးသည်မှာ အမှန် ဖြစ်သော်လည်း ထိုသို့ တိုက်ပွဲမျိုးက သူ့အတွက် အဓိပ္ပါယ်မရှိပေ။ အကြောင်းမှာ သူ့တွင် ခုခံဖို့ရာ အခွင့်အရေး တစ်ခုပင် မရလိုက်၍ ဖြစ်သည်။
“ ဟုတ်ကဲ့ ” ကွမ်ကျင်းက မိုဝူကျိ၏ အစီအရင်အလံကို ကိုင်ကာ သက်ပြင်းချလိုက်သည်။
မိုဝူကျိက အစီအရင်အလံ အမျိုးမျိုး ဆက်လက် ခင်းကျင်းနေသည်ကို ကြည့်ကာ ကွမ်ကျင်းက မေးလိုက်သည် “ အိမ်တော်သခင် … ကျုပ်ကို အစိမ်းရောင်ကျောက် တချို့ ချေးပေးနိုင်မလား။ ကျုပ်က အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ခါစဆိုတော့ ကျင့်ကြံဆင့်က အခုထိ မငြိမ်သေးလို့ပါ ”
“ ရတယ်လေ ”
မိုဝူကျိက ထိုစကားကို ပြောလိုက်စဉ် အပြင်ဆုံး အကာအလွှာမှာ ကျယ်ကျယ်လောင်လောင် တုန်ခါလာလေ၏။
ကွမ်ကျင်းက မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်သည်။ မိုဝူကျိက ထိုလူ တွေးနေသည်ကို မည်သို့ မသိဘဲ နေမည်နည်း။ ထိုလူက သူ့အား ကျင့်ကြံရေး အရင်းအမြစ်များ ပေးရန် စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။
မိုဝူကျိက စိတ်ထဲမှ လှောင်ပြောင်ရယ်မောမိလိုက်သည်။ ဤလူက ဧကရာဇ်ဆေးလုံးကို ယူထားကာ သူ့အတွက် ဘာမှမလုပ်ပေးရသေးသော်ငြား အစိမ်းရောင်ကျောက်ကို လိုချင်နေပြန်သည်။
ထို့အပြင် မိုဝူကျိက ကွမ်ကျင်းအား အစိမ်းရောင်ကျောက်တချို့ ပေးလျှင်ပင် မိုဝူကျိက ထိုကိစ္စကို သတိပြုမိသင့်သူ ဖြစ်ပေသည်။ ကွမ်ကျင်းက အရင်ဦးစွာ တောင်းဆိုရမည့်သူ မဟုတ်ပေ။ ယခင် သူ ကွမ်ကျင်းကို ခေါ်ခဲ့စဉ်က ကွမ်ကျင်းအား ကျင့်ကြံရေး အရင်းအမြစ် ထောက်ပံ့ပေးမည့်အကြောင်း ထည့်မပြောခဲ့ပေ။ သူက ကွမ်ကျင်းအား အင်မော်တယ် ဧကရာဇ်အဆင့် ရောက်အောင် ကူညီပေးမည်ဟုသာ ပြောခဲ့သည်။
ကွမ်ကျင်းက သူ့အား စိတ်နှစ်၍ ကူညီပေးသည်နှင့် သူက ကွမ်ကျင်းအား မမျှမတ ဆက်ဆံမည့်သူလား….
“ အင်မော်တယ်ရောင်းရင်း ကွမ်ကျင်း … ကျုပ်ရဲ့ အနီရောင် အစီအရင်အလံပေါ် တိုက်ခိုက်ဖို့ အာရုံစိုက်ထား ” မိုဝူကျိက ညွန်ကြားလိုက်ပြီးနောက် အစီအရင်အလံများစွာ ပစ်လွှတ်လိုက်သည်။ တစ်ခုမှာ အနီရောင် ဖြစ်၏။
လက်တွေ့တွင် မိုဝူကျိက ထိုစကားလေးလုံးသာ ပြောလိုက်သော်လည်း ဖီဖေးကုန်သွယ်ရေး အဖွဲ့အစည်း၏ အင်မော်တယ် ဧကရာဇ်များမှာ ရောက်ရှိလာကြောင်း သိပြီးသား ဖြစ်၏။ သူက မီဖေးကုန်သွယ်ရေး အဖွဲ့အစည်းမှ အင်မော်တယ် ဧကရာဇ် တစ်ယောက်ကို ရှင်းထုတ်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ထိုအင်မော်တယ် ဧကရာဇ်များမှာ သူနှင့် ညှိနှိုင်းဖို့ရာ စိတ်ထဲ ထားမည် မဟုတ်ဘဲ တန်းတိုက်ခိုက်မည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
အမှန်တရားက သူ့မှန်းဆချက် မှန်ကန်ကြောင်း ပြသနေလေပြီ။ အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့်က သူ့အစီအရင် အပြင်ဆုံးအလွှာအား တိုက်ခိုက်နေလေ၏။
“ ဒီအစီအရင်ရဲ့ အဆင့်က မနိမ့်ဘူးပဲ …” အူးကျောက်ဟယ် တိုက်ခိုက်လိုက်သည်နှင့် လင်းရုန်က တအံ့တဩ ရေရွတ်လိုက်သည်။
သူမကိုယ်တိုင်ကလည်း အစီအရင်အကြောင်း နှံ့စပ်သူ ဖြစ်ကာ အဆင့် ၅ အင်မော်တယ် အစီအရင်ဆရာတစ်ယောက် ဖြစ်၏။
အူးကျောက်ဟယ်က နှာခေါင်းရှုံ့ကာ “ ထောင်ချောက် အစီအရင် ဖြစ်နေတော့လည်း ဘာအရေးလဲ ….. ပါးမွှားလေးကများ ထောင်ချောက် အစီအရင် အသုံးချချင်နေသေးတယ် ”
အူးကျောက်ဟယ် အသံမှာ ရုတ်ချည်း ရပ်တန့်သွား၏။ သူ့တည်နေရာမှာ ရုတ်ချည်း ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။ သူ့ကို မြူများက ဝန်းရံထားပြီး မှိန်ဖျော့ဖျော့ သတ်ဖြတ်ငွေ့များလည်း နောက်မှ လိုက်လာနေသည်။
“ ဒါက အဆင့် ၇ သတ်ဖြတ်ရေး အစီအရင်ပဲ …. အားလုံး ကျုပ်နဲ့ အတူတူ တစ်နေရာတည်းကို တိုက်ရအောင်။ ကျုပ်တို့တွေ အပြင်ဘက်ရောက်မှ ကျုပ်တို့ကိုယ် ကျုပ် မှတ်မိလိမ့်မယ် ” အူးကျောက်ဟယ် မျက်နှာ အမူအယာမှာ ပုံဆိုးပန်းဆိုး ဖြစ်သွားလေ၏။
ယခင် သူက မိုဝူကျိသည် အဆင့်မြင့် အစီအရင်ဆရာ တစ်ယောက် မဟုတ်ကြောင်း သေချာသိခဲ့၏။ မိုဝူကျိက အင်မော်တယ် အုပ်စိုးသူအဆင့်မျှသာ ရှိသေးပြီး အဆင့် ၈ ဆေးလုံးဧကရာဇ်လည်း ဖြစ်နေလေရာ သူ့အသက်မှာလည်း ထိုမျှမကြီးရင့်သေးပေ။ မိုဝူကျိက ပါရမီရှင်များထက် ပိုတော်နေလျှင်ပင် အစီအရင်ဆရာနှင့် ဆေးလုံးဧကရာဇ် တစ်ပြိုင်နက်တည်း မဖြစ်နိုင်ပေ။ အစီအရင်ဆရာတစ်ယောက် ဖြစ်လာဖို့ရာလည််း အချိန်များစွာ လိုအပ်ပေ၏။ လုံလောက်သည့် အတွေ့အကြုံမရှိလျှင် အစီအရင်ဆရာ တစ်ယောက်အနေနှင့် အဆင့်တက်လှမ်းဖို့ရာ ခက်ခဲပေလိမ့်မည်။ ဆေးလုံးဆရာထက်ပင် ပိုခက်ခဲသေး၏။
အထူးသဖြင့် အဆင့် ၇ နှင့်အထက် ဖြစ်ပေသည်။ ထိုအဆင့် အစီအရင်များမှာ ရှုပ်ထွေးလှသော တာအိုစွမ်းအားများနှင့် ထိပ်တန်းအဆင့် ပစ္စည်းများ လိုအပ်ပေသည်။ သူတို့က မိုးမြေ ဥပဒေသများပင် လိုအပ်နေသေး၏။ အင်မော်တယ် ဧကရာဇ် တစ်ယောက်က အဆင့် ၇ အစီအရင်ဆရာ ဖြစ်လိုလျှင်ပင် နှစ်များစွာ အတွေ့အကြုံ လိုအပ်ပေဦးမည်။ တစ်ချိန်တည်းတွင် သာမာန်လူထက် သာလွန်သော အသိအမြင်များ ရှိဖို့လည်း လိုအပ်သေး၏။
ထိုလူသုံးယောက်မှာ အဆင့် ၇ နှင့်အောက် အစီအရင်များကို အလွယ်တကူ ဖျက်စီးပစ်နိုင်သော်လည်း သူတို့ရှေ့တွင် ရှိနေသည်က အဆင့် ၇ သတ်ဖြတ်ရေး အစီအရင် ဖြစ်နေ၏။ ထိုသည်မှာ သူတို့ မျှော်လင့်ထားသလို မဟုတ်ချေ။
“ ဘုန်း ဘုန်း ဘုန်း ” သုံးယောက်လုံးက တစ်နေရာတည်းကို ဆက်တိုက် တိုက်ခိုက်နေကြသည်။ သူတို့ဘေးပတ်လည်မှ တည်နေရာတစ်ခုလုံးမှာ တုန်ခါမှု ပြင်းပြင်း ထွက်ပေါ်နေသည်။ သူတို့သုံးယောက် မတုံ့ပြန်နိုင်ခင် မီးနီရောင် အလင်းဓား တစ်စင်း ပြေးဝင်လာ၏။
“ မဟုတ်သေးဘူး …. ဒါက သတ်ဖြတ်ရေး အစီအရင်တင် မကဘူး။ ထောင်ချောက် အစီအရင်နဲ့ ပုံရိပ်ယောင် အစီအရင်လည်း ပါတယ် ” လင်းရုန်မှာ အဆင့် ၅ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်ပေသည်။ သူမက အဆင့် ၇ အစီအရင်များကို မခင်းကျင်းနိုင်သော်လည်း ထိုအကြောင်းကို သိပေ၏။
လင်းရုန်က မပြောလျှင်ပင် အူးကျောက်ဟယ်လည်း ဤအစီအရင်မှာ မရိုးရှင်းမှန်း သိလိုက်သည်။ သူ့လက်မှ ထူးခြားဆန်းကြယ်လှသော ယန် တံဆိပ်တော်တစ်ခုက တောင်ကြီးတစ်လုံး အဖြစ် ပြောင်းလဲသွားကာ ထိပ်တိုက် တွေ့ဆုံသွားသည်။
“ ဘန်း ” အက်ကွဲသံကို ကြားလိုက်ရ၍ ကွမ်ကျင်း စိတ်ထဲ တင်းကျပ်မိသွားသည်။ သူက ထိုအသံ၏ ဖြစ်တည်မှုအကြောင်းအရင်းကို မသိခင် တောင်နှင့်တူသော တံဆိပ်တော်က သူ့ ပါကွားမီးတောက် ဓားဆီ ရောက်ရှိလာသည်။
“ ဖူး ” ကွမ်ကျင်းက နေရာမှာတင် သွေးအန်လိုက်ရသည်။ မိုဝူကျိက ကုသဆေးလုံးများကို မပေးလိုက်နိုင်ခင် သူ့လက်ထဲမှ အစီအရင်အလံကို အရင်ဦးစွာ ပစ်လွှတ်လိုက်သည်။ အလင်းတောက်တောက် တစ်ခု ပေါ်လာကာ ကွမ်ကျင်းက ထိုအလင်းနှင့်အတူ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။
တစ်ချက်တည်းဖြင့် သူက ဒဏ်ရာရာသွားရသည်။ ထို့အပြင် သူ လက်ခံရရှိလိုက်သော အင်မော်တယ် သဘာဝစွမ်းအားမှ တစ်ဖက်လူမှာ သူ့ထက် အဆများစွာ အားကောင်းကြောင်း ပြောနိုင်ပေသည်။ ကွမ်ကျငး်က ဆက်နေနေလျှင် သူ့အနေနှင့် သေခြင်းတရားကို ထိုင်စောင့်နေသလို ဖြစ်မည်မှန်း သိလိုက်သည်။ ထို့အပြင် သူက အက်ကွဲသံ ကြားလာလေရာ ကွမ်ကျင်းက ဘာကြောင့်များ ဆက်နေနေရမည်နည်း။ ထိုအက်ကွဲသံမှာ အစီအရင် အက်ကွဲလာသည့်အသံမှန်း သိသာလှသည်။
ထိုကိစ္စမှာ သူ့အသက်ကို ခြိမ်းခြောက်နိုင်လေ၏။ သူ ကွမ်ကျင်းက မိုဝူကျိအား နှစ်တစ်ရာတိတိ ကူညီပေးမည် ပြောခဲ့သော်လည်း သူ့အသက်လေးအား မိုဝူကျိထံ မရောင်းချနိုင်ပေ။
ကွမ်ကျင်း ထွက်ပြေးသွားသောအခါ သတ်ဖြတ်ရေး အစီအရင်မှ အလင်းတန်းဆယ်ချက်က အူးကျောက်ဟယ်ဆီ ပြေးဝင်သွားလေ၏။ အူးကျောက်ဟယ် ခန္ဓာကိုယ်တစ်လျှောက် ဒဏ်ရာပြင်းပြင်း ရသွားလေသည်။ ထို့ကြောင့် အူးကျောက်ဟယ်က မြန်မြန် နောက်ဆုတ်လိုက်ရသည်။
ထိုစဉ် မိုဝူကျိ၏ မျက်နှာမှာ ဒေါသကြောင့် အစိမ်းရောင် သမ်းနေလေပြီ။ ကွမ်ကျင်းသည် သေချာပေါက် ထွက်ပြေးမည်မှန်း သိထားသော်လည်း ကွမ်ကျင်းသည် တိုက်ပွဲ သေချာမစတင်ခင် ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ ကွမ်ကျင်းသာ နေနေခဲ့ပါက သူသည် အူးကျောက်ဟယ်အား သေချာပေါက် မသန်မစွမ်း ဖြစ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
အမှန်တရားမှာ ကွမ်ကျင်းက ထွက်ပြေးသွားပြီး သူက သူ့ကိုယ်ပိုင် လခြမ်းကွေး ပုဆိန်လှံရှည်နှင့်သာ ဝင်ရတော့မည်။
ထိုသည်မှာ မိုဝူကျိ၏ ကိုယ်ပိုင် သတ်ဖြတ်ရေး အစီအရင် ဖြစ်သော်လည်း သူ့လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် အကြောင်းမဲ့ မတိုက်ခိုက်ရဲပေ။ အကယ်၍ ကွမ်ကျင်းသာ တိုက်ခိုက်နေသူ ဖြစ်ပါက သူက အစီအရင်အလံများကို ထိန်းချုပ်ထားမည် ဖြစ်၏။ သို့သော် ယခုတွင် သူက တိုက်ခိုက်နေရင်း အစီအရင်အလံများကို မထိန်းချုပ်နိုင်ချေ။ ထို့ကြောင့် ထိရောက်မှု သိသိသာသာ လျော့ကျသွားလေ၏။
“ ဘုန်း ” ပုဆိန်လှံရှည်အလင်းတန်းက အူးကျောက်ဟယ်၏ ထူးခြားလှသော အနက်ရောင် တံဆိပ်တော်ပေါ် အပြင်းအထန် ကျရောက်လာပေသည်။ သို့သော်လည်း အူးကျောက်ဟယ် ခန္ဓာကိုယ်ပေါ်၌ အပေါ်ယံမျှသာ ဒဏ်ရာရသွားစေသည်။
“ မြန်မြန် ထွက်ကြ …. အင်မော်တယ် ဧကရာဇ်က လွတ်သွားပြီ …” ကွမ်ကျင်း ထွက်ပြေးသွားသည်နှင့် လင်းရုန်က ချက်ချင်း သတိထားမိလိုက်သည်။ သူမ၏ သန့်စင်လှသော ယင်ဖဲကြိုးက အကွင်းများအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိအား ရစ်ပတ်ဖို့ ကြိုးစားနေသည်။
သဲ့ဖျင်ရှားကလည်း အခွင့်အရေးကို လက်လွတ်မခံပေ။ သူ၏ စိတ်ဝိညာဉ် အရိပ် လက်သည်းကို ထုတ်ဖော်လိုက်သည်။
မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူက နောက်ထပ် အစီအရင်အလံ တစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်လေ၏။ သူတို့ရှေ့တွင် ရှိနေသော အစီအရင်မှာ ပြောင်းလဲသွားကာ မြောက်များစွာသော လျှပ်စီးချက်များက ထိုအင်မော်တယ် ဧကရာဇ်များထံ ဆင်းသက်လာသည်။
ထိုအရာက သူ့ကိုယ်ပိုင် အစီအရင် မဟုတ်နေပါက မိုဝူကျိအနေနှင့် အခွင့်ကောင်းယူကာ ဝေးနိုင်သမျှ ထွက်ပြေးမိမည် ဖြစ်သည်။
ထိုစဉ် ဘေးပတ်လည်၌ ရုတ်တရက် ကျရောက်လာသော ဖိအားပြင်းပြင်းကို ခံစားမိလိုက်သည်။ ထို့နောက် မိုဝူကျိက အကွင်းသဏ္ဍာန် ပုံရိပ်များက သူ့ဆီ ဝင်လာနေသည်ကို မြင်လိုက်ရသည်။ သူက မရှောင်လိုက်နိုင်ခင် သူ့ရင်ဘတ်၌ စိတ်ဝိညာဉ် အရိပ်လက်သည်းချက်ကြောင့် အပေါက် ဖြစ်သွားပေသည်။
မိုဝူကျိက ကျယ်လောင်စွာ အော်ငြီးလိုက်မိ၏။ သူက သူကိုယ်သူ ကာကွယ်နိုင်လိုက်ရုံမျှ ဖြစ်ကြောင်း သိပေသည်။ ယနေ့ သူက သတ်ဖြတ်ဖို့အကြောင်း ပြောနေစရာ မလိုတော့ပေ။ သူ့အတွက် လွတ်မြောက်ဖို့ပင် ခက်ခဲပေလောက်၏။
***