အခန်း(၄၈၂) - စိတ်ထားဖြူစင်ခြင်း
Vol. 35 Ch. 482
အခန်း(၄၈၂) - စိတ်ထားဖြူစင်ခြင်း
"ဘုရားဘုရား ငါ့အစ်ကိုက ကြိုးကြာသား စားချင်တဲ့ ဖားလိုပါပဲလား။" ကျိုးကွေ့လိုက်၏ သက်သေစကားလုံများကို ကြားပြီးသွားသောအခါ ကန်းကျစ် ကြက်သေသေသွားရသည်။
"မင်းစကားက ဘာလဲကွ။ ဟူကျစ်က အဲ့လောက် မဆိုးပါဘူး။ ဘယ်လိုလုပ် ဖားဖြစ်မှာလဲ။ ပြီးတော့ အဲ့တာ မင်းအစ်ကိုအရင်းနော်။" ဟု ကျိုးကွေ့လိုင်က သဘောမတွေ့စွာ ပြောလိုက်ပါသည်။
ချန်းရှန်ရှန်က မဆိုးရွားပါ။ အားလုံးက အချင်းချင်း ရင်းနှီးကြပါသည်။ သို့သော်လည်း ဟူကျစ်ကလည်း အောက်မကျပေ။
လက်တွေ့ဆန်ပြီး အလုပ်လုပ်ချင်သည် ဘာမှမဖြစ်ပါ။ သူက တဲ့တိုးသမားဖြစ်ပြီး ပွင့်လင်းသည်။
"ငါ့အစ်ကိုမှာ ကျေးရွာ အိမ်ထောင်စုစာရင်းနဲ့ကွ။ အစ်မ ရှန်ရှန်မှာတော့ မြို့တော်အိမ်ထောင်စု စာရင်းရှိတာ။ ဘယ်လိုလုပ်ပြီး သူက ငါ့အစ်ကိုနဲ့ တွဲနိုင်မှာလဲကွာ။ ဒါ...ဒါနားလည်မှု လွဲတာများလား။" ကန်းကျစ် သံသယဖြစ်မိပါသည်။
"နားလည်မှု လွဲတယ်လို့တော့မထင်ဘူး။ အကဲခတ်ကောင်းတဲ့လူဆိုရင် ကြည့်လိုက်ရုံနဲ့ သူတို့တွဲနေမှန်း ပြောနိုင်တယ်။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး။ အဆင်ပြေမှာလည်း မဟုတ်ဘူး။ လူကြီးတွေသာ သဘောမတူရင် နှစ်ယောက်စလုံး အသည်းကွဲလိမ့်မယ်။" ကန်းကျစ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ငါ့အမေနဲ့ အဖေတို့ကတော့ သဘောမတူလောက်ဘူး။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"ငါ့အစ်ကိုသာ မြို့သူတစ်ယောက်နဲ့ လက်ထပ်နိုင်ရင် ငါ့ဦးလေးနဲ့ဒေါ်လေးက လက်မခံဘဲ မနေလောက်ပါဘူးကွ။ ငါက ချန်းမိသားစုဘက်ကိုပဲ ပိုစိုးရိမ်တာ။ ငါ့မိသားစု အခြေအနေကို မင်းလည်းသိပါတယ်။ ငါ့မိသားစုကို အထင်သေးမှာ စိုးရိမ်မိတယ်။ သူတို့ သဘောမတူရင် ဘယ်လို လုပ်ကြမလဲ။" ဟု ကန်းကျစ်က ပြောလိုက်သည်။
အစက အတင်းသဘောသာဖြစ်သည့် ညီအစ်ကိုနှစ်ယောက်၏ စိတ်ဓာတ်များမှာ ရုတ်တရက် ချက်ချင်း ဟူကျစ်နှင့် ချန်းရှန်ရှန်တို့၏ အနာဂတ်အတွက် စိတ်ပူလာကြသည်။
"တကယ်တော့ ကိုင်တွယ်ဖို့ လွယ်ပါတယ်။ ငါ့မိဘတွေကို သွားပြောပြီး သူတို့ကို ကူညီခိုင်းလိုက်ကြရအောင်။" ကျိုးကွေ့လိုင် အကြံပေးလိုက်သည်။
အစကတော့ သူမိဘတွေ ပေါက်ကွဲမည်ကို စိုးရိမ်မိခဲ့သည်။ သေချာစဥ်းစားကြည့်မှ သူ့မိဘတွေ သေချာပေါက် ထောက်ခံလိမ့်မည်ဟု ခံစားလာရ၏။
ဟူကျစ်က အစ်မရှန်ရှန်အား ဗိုက်ကြီးအောင် မလုပ်ပါက အားလုံးကို အေးအေးဆေးဆေး ဆွေးနွေးနိုင်ပါသည်။ သူ့မိဘတွေ၊ အထူးသဖြင့် သူ့အမေက လက်မထပ်ခင် အတူနေခြင်းကို ဆန့်ကျင်သူဖြစ်သည်။
ထို့နောက် သူတို့ဆက်ဆံရေးအား အရင်ဝန်ခံကြရမည်ဖြစ်သည်။ လူကြီးများ၏ ထောက်ပံ့မှုဖြင့်သာ အနာဂတ်က ကောင်းမွန်နိုင်မည် မဟုတ်ပါလား။ ခုနက ဟူကျစ်ရဲ့ အပြုအမူကိုပဲ ကြည့်လိုက်ပါဦး။ သူခိုးတစ်ယောက်နှင့်ပင်တူနေပြီး အလွန်သနားဖို့ ကောင်းနေပါသည်။
ကန်းကျစ်က ပြောလိုက်သည်။ "ငါအတန်းထဲ ပြန်ဝင်တော့မယ်။ မင်းက ဦးလေးနဲ့ ဒေါ်လေးကို သွားပြောလိုက်ချေ။"
ကျိုးကွေ့လိုင်က ငေါက်လိုက်သည်။ "မင်းက ငါ့ကို တစ်ယောက်တည်း သွားခိုင်းမလို့လား။"
"မင်းအရင်သိတာပဲ မဟုတ်ဘူးလား။ မင်းဖာသာမင်း ပြောလို့ရပါတယ်ကွာ။” ဟု ကန်းကျစ်က ပြန်ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင်က စက်ဘီးဖြင့် တစ်ယောက်တည်း ပြန်လာနိုင်တော့သည်။ လင်းချင်းဟယ်က အတန်းအတွက် ပြင်ဆင်ပြီး သခွားသီးချပ်များဖြင့် မျက်နှာကို အုပ်ထားသည်။ ကျိုးချင်းပိုင်က တီဗီကြည့်နေ၏။ Legend of the Condor Heroes ဒီဗားရှင်းက အလွန်ကြည့်လို့ ကောင်းလှပါသည်။
"ဘာလို့ အခုမှ ပြန်လာတာလဲ။ တစ်ပိုင်းတောင် ပြီးသွားပြီ။" သူ့သားငယ်ပြန်လာတာကို မြင်တော့ လင်းချင်းဟယ် ပြောလိုက်သည်။
"အမေ စကင်ကဲ လုပ်နေတာလား။ ကျွန်တော့်အမေထက် အလှအပ ထိန်းသိမ်းတတ်တဲ့လူမျိုး မတွေ့ဖူးဘူးဗျာ။ အခုထိ ငယ်ငယ်ရွယ်ရွယ်ပဲ။ အမေနဲ့ အပြင်သွားရင် ကျွန်တော် မျက်နှာရတယ်ဗျ။ သူစိမ်းတွေကို အမေ့ကို ကျွန်တော့်အစ်မလို့တောင် ထင်နေကြတာ။ အဖေနဲ့ အတူအပြင်သွားရင် အမေ့ကို သူ့သမီးလို ထင်နေကြတာ။" ဟု ကျိုးကွေ့လိုင်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ လင်းချင်းဟယ်ကတော့ ရွှင်ပျစွာ ဆူလိုက်သည်။ "ဖားနေတာ ရပ်တော့။ နင် ဘာအမှား လုပ်ခဲ့ပြန်ပြီလဲ။ ရေခဲမုန့်သွားဝယ်တာ မဟုတ်ဘူးလား။ ဘာလို့ လက်ဗလာနဲ့ ပြန်လာတာလဲ။"
"အစ်ကိုလတ် သွားဝယ်လိုက်ကွာ။ ငါ အမေနဲ့ အဖေတို့နဲ့ ဆွေးနွေးစရာ ရှိတယ်။" ဟု ကျိုးကွေ့လိုင်က သူ့အစ်ကိုလတ်ကို ပြောလိုက်သည်။
ကျိုးရွှမ်က စက်ဘီးကို ယူလိုက်ပြီး ပြောလိုက်၏။ "ခုနက မင်းဘယ်သွားတာတုန်း။"
"ဘယ်မှမဟုတ်ဘူး။ မြန်မြန်သွားစမ်းပါ။" ကျိုးကွေ့လိုင်က လက်ခါလိုက်ပါသည်။
သူထွက်သွားသောအခါ ကျိုးကွေ့လိုင်က အလွန်ရုပ်တည်လာပြီး သူ့မိဘများကို ကြည့်လိုက်၏။ "အဖေနဲ့ အမေ့ကို သား အရေးတကြီး ပြောစရာ တစ်ခုရှိတယ်။"
"ဘာလဲ။ နင့်မိဘအရင်းတွေကို ရှာတွေ့သွားပြီလား။" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ စနောက်လိုက်သည်။ ကျိုးချင်းပိုင်ကတော့ မမှုဘဲ တီဗီဆက်ကြည့်နေသည်။
"နောက်နေတာ မဟုတ်ဘူးဗျ အမေနဲ့အဖေရ။ ကျွန်တော် လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရတယ်။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်၏။
"နင်က ငါတို့သားအရင်းမဟုတ်ဘူးဆိုတဲ့ လျှို့ဝှက်ချက်လား။" ဟု လင်းချင်းဟယ်က ဆက်နောက်၏။
ကျိုးချင်းပိုင်ကလည်း ဝင်ပြော၏။ "သူ့ကို သားအဖြစ်က စွန့်လွှတ်လိုက်တော့။"
ကျိုးကွေ့လိုင်သည် သူ့မိဘတွေက တကယ် အသည်းမာသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့ကို ခြောက်လှန့်ဖို့ ဆုံးဖြတ်လိုက်၏။ "အဖေနဲ့အမေ ဟူကျစ်တစ်ယောက်ယောက်နဲ့ တွဲနေတာ တွေ့ခဲ့တယ်။"
ထိုကဲ့သို့ သတင်းကြီးတစ်ခု ကြားလိုက်ရတာတောင် သူ့မိဘများက တီဗီဆက်ကြည့်နေဆဲဖြစ်သည်။ တီဗီကြည့်ရင်း ဇာတ်လမ်းဇာတ်ကွက်နှင့် သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်များအကြောင်းပင် ပြောနေကြသေးသည်။
"အမေတို့ သားပြောတာ ကြားကြလား။ အစ်ကိုဟူကျစ်က တွဲနေ- ဟာဗျာ။ သူ့ကောင်မလေးနဲ့ ရုပ်ရှင်ရုံကိုတောင် အတူသွားခဲ့သေးတယ်။ ကျွန်တော်မြင်ခဲ့တာ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"နင့်အစ်ကို ဟူကျစ်က မငယ်တော့ဘူး။ ရည်းစားထားတာ မဆန်းပါဘူး။ ဘာတွေ ပုံကြီးချဲ့နေတာလဲ။" လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။
"အမေ ကျွန်တော်အတည်ပြောနေတာ။ ဟူကျစ်နဲ့ အစ်မ ရှန်ရှန်တို့ ရုပ်ရှင်ရုံကို အတူတူ သွားကြတာ။ ခိုးကြောင်ခိုးဝှက်နဲ့ဗျာ။" ဟု ကျိုးကွေ့လိုင်က အကုန်ပြောချလိုက်တော့သည်။
ဒါတောင် သူ့မိဘများက ထူးဆန်းသည်ဟု မထင်သေးပါ။ လုံးဝ စိတ်မဝင်စားကြသလိုပင်။
ကျိုးကွေ့လိုင် ကြက်သေသေသွား၏။ ထို့နောက် တစ်ခုခုကိုနားလည်သွားပြီး သူ့မိဘများကို ကြည့်ကာ ပြောလိုက်သည်။ "အဖေနဲ့အမေတို့ သိပြီးသားမလား။"
"ဟူကျစ်တဲ့ ရှန်ရှန်တို့ကိစ္စလား။" လင်းချင်းဟယ်က သူ့ကို စိတ်မပါစွာ ပြန်ပြောသည်။
"ဟုတ်တယ်။" ကျိုးကွေ့လိုင်က ရီဝေစွာဖြင့် အတည်ပြုလိုက်သည်။
"နင့်ဘွားလေးမာက သူတို့ကို အောင်သွယ်ပေးထားတာလေ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက တွဲနေကြတာလေ။ ဘာထူးဆန်းလို့လဲ။ နင်က ဂရုမှမစိုက်တာ။ ရှန်ရှန်က ခုတလော အိမ်မှာ ထမင်း လာလာစားနေတာ မဟုတ်ဘူးလား။ အခုမှ သိတာလား။ နင့်ရဲ့ အကဲခတ်နိုင်စွမ်းကလည်း ညံ့လိုက်တာ။" ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
"အစ်ကိုလတ်နဲ့ တခြားသူတွေက ကျွန်တော့်ကို ပြောမှ မပြောတာဗျ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။ ချန်းရှန်ရှန်က ကျိုးအာ့နီနှင့် အတူတူစားသောက်ဖို့ လာသည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူ ဒီအတွေးကို စိတ်ကူးထဲပင် မထည့်ခဲ့ပါ။
"နင့်အစ်ကိုလတ်လည်း မသိလောက်ဘူး။ ဒါပေမယ့် နင့်အစ်မအာ့နီတော့ သိလောက်တယ်။" လင်းချင်းဟယ်က လက်ရမ်းပြလိုက်သည်။
"ဒါဆို အမေတို့က ဘာမှမပြောတာပေါ့။" ကျိုးကွေ့လိုင်က မကျေနပ်စွာ ပြောလိုက်သည်။
"သွားစမ်းပါဟယ်။ နင့်အဖေနဲ့ငါ တီဗီကြည့်နေတာကို လာမနှောင့်ယှက်နဲ့။ နင့်အကဲခတ်နိုင်စွမ်းက ညံ့တာကို သူများအပြစ်လာတင်နေသေးတယ်။" ဟု လင်ချင်းဟယ်က သူ့ကို နှင်ထုတ်လိုက်၏။
"မဟုတ်ပါဘူး အမေ။ ဒီကိစ္စက ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ အစ်ကိုဟူကျစ်မှာက ကျေးရွာ အိမ်ထောင်စုစာရင်းနဲ့။ ချန်းမိသားစုက သဘောတူပါ့မလား။" ဟု ကျိုးကွေ့လိုင်က မေးလိုက်၏။
"သဘောတူတယ်။ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက် ရပြီးပြီ။ သူတို့နှစ်ယောက်စလုံးလည်း တွဲနေကြပြီ။ မဟုတ်ရင် ဘာလို့ နင့်အစ်ကိုဟူကျစ်မှ ရှန်ရှန်ကို ရုပ်ရှင် အတူတူ ကြည့်ဖို့ ခေါ်ရလောက်တဲ့အထိ သတ္တိရှိမယ်လို့ ထင်နေတာလဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။ ရှန်ရှန်ကို ရုပ်ရှင်ရုံခေါ်သွားဖို့ ဟူကျစ်ကို ပြောခဲ့တာလည်း သူမပဲဖြစ်သည်။
"လူကြီးတွေသိပြီးတာတောင် ဟူကျစ်က ဘာလို့ သူခိုးလိုလုပ်နေတာတုန်း။ ခိုးကြောင်ခိုးဝှက်နဲ့ဗျာ။ အမေတို့မသိဘူး ထင်နေတာ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။ နောက်ဆုံးတော့လည်း ဘာမှမသိတာ သူပဲဖြစ်ပါသည်။
"ရှက်နေတာဖြစ်မှာပေါ့။ ဟူကျစ်က စိတ်ထား ဖြူစင်တယ်လေ။" လင်းချင်းဟယ်က ဖြေလိုက်၏။
ကျိုးရွှမ်က ရေခဲမုန့်ဝယ်ကာ ပြန်ရောက်လာသည်။ သူ့အစ်ကို ပြောတာကို ကြားသောအခါ အနည်းငယ် အံ့အားသင့်ခဲ့ရ၏။ သို့သော်လည်း ထင်မထားတာမျိုးတော့ မဟုတ်ပါ။ "သူတို့နှစ်ယောက်သာ ပေါင်းသင်းနိုင်မယ်ဆိုရင် တော်တော်ကောင်းမှာပဲ။"
"သူတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ။" ကျိုးကွေ့လိုင်က မေးလိုက်သည်။
"ခုမှ ဒီအဆင့်ပဲရှိပါသေးတယ်။ နှစ်ယောက်စလုံးက ငယ်လွန်းသေးတယ်။ နှစ်နှစ်လောက် ဆက်တွဲလို့ရပါတယ်။ လောစရာမလိုဘူး။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"အစ်မအာ့နီကလည်း ငယ်သေးတာပဲလေ။ နောက်နှစ်ထဲ သူ လက်ထပ်တော့မှာ မဟုတ်ဘူးလား။" ဟု ကျိုးကွေ့လိုင်က ထောက်ပြလိုက်သည်။
"ဘယ်လိုလုပ် တူမှာလဲ။ သူနဲ့ ဝမ်ယွမ်တို့က အသက်ဘယ်လောက်ကွာလဲ ကြည့်လေ။" လင်းချင်းဟယ် ပြောလိုက်သည်။ တကယ်တော့ ဝမ်ယွမ်သာ စိတ်မလောပါက အာ့နီကို ဝမ်ယွမ်နှင့် ခဏလောက် ဆက်တွဲခိုင်းဖို့လည်း သူမ မမှုပါ။ သို့သော်လည်း ဝမ်ယွမ်ကတော့ တကယ်မငယ်တော့ပါ။
ထို့အပြင် အာ့နီကို သူက လိုက်လံပိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ထပ်ချင်နေသည်။ ထို့ကြောင့် ဘာမှ ပြောစရာမလိုတော့ပါ။