အခန်း(၄၈၆) - တောင်ပေါ်ဘုရားကျောင်းက ဗေဒင်
Vol. 35 Ch. 486
အခန်း(၄၈၆) - တောင်ပေါ်ဘုရားကျောင်းက ဗေဒင်
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ဒီကို လာရဖို့က ရှားပါး အခွင့်အရေးဖြစ်ပါသည်။ သူတို့ ကြိုက်သလောက် လည်ပတ်ကြရမည်။ တကယ်တော့ ကိုယ်ပိုင်ကားလည်း ရှိနေပြီဖြစ်သဖြင့် သေချာပေါက် ပိုမို အဆင်ပြေ ချောမွေ့စေပါသည်။
ရေပူစမ်းတွင် စိမ်ပြီး ရှုခင်းများကို ကြည့်ရှုခံစားခြင်းက ဘဝတွင် အလွန်ပျော်စရာကောင်းပါသည်။
"အဲ့ဒီ တောင်ပေါ်မှာ တောင်ပေါ်ဘုရားကျောင်း တစ်ဆောင်ရှိတယ်လို့ ကြားတယ်။ အရမ်းတန်ခိုးကြီးတယ်လို့လည်း ပြောကြတယ်။ ကျွန်မတို့ သွားဆုတောင်းကြမလား။" ဟု လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်ပါသည်။
လွန်ခဲ့သော နှစ်နှစ်တာအတွင်း ပျောက်ကွယ်သွားပြီဟု ထင်ရသော ထိုအရာများ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ တောင်ပေါ်ဘုရားကျောင်းတွင် ဆုတောင်းခြင်းကဲ့သို့ ဖြစ်သည်။
"အင်း" ကျိုးချင်းပိုင်လည်း စိတ်ပါ ပါသည်။
ထိုတောင်ပေါ် ဘုရားကျောင်း၏ အမွှေးတိုင်နှင့် ဖယောင်းတိုင်များက ဒီထိတောင် မွှေးပျံ့နေသည်။ အလွန်မြင့်သည့် တောင်ကုန်းတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်၏။
တောင်ခြေမှ တက်ဖို့ နာရီဝက်ကျော်ကြာသည်။ လုံးဝ မနီးပါ။
သို့သော်လည်း လမ်းတစ်လျှောက် လူအတော်များများကို တွေ့ရသည်။ အများစုက လူငယ်လူရွယ်များ ဖြစ်ကြသည်။
ကောင်မလေးတစ်ယောက် ပြောသည်ကို လင်းချင်းဟယ် ကြားလိုက်၏။ "ဗေဒင်ဆရာက ကျွန်မတို့ ရေစက်မပါဘဲ အနာဂတ်မှာ သေချာပေါက် ကွဲလိမ့်မယ်လို့ ဟောတယ်။ ကျွန်မနေလို့မကောင်းဘူးရှင်။"
သူ့ဘေးက ကောင်လေးက သဘောမကျစွာ ပြောလိုက်သည်။ "သဲကို အဲ့ဒါတွေမယုံဖို့ ပြောထားတယ်လေ။ အဲ့တာတွေ အကုန်လုံးက ရှေးရိုးစွဲ အယူအဆတွေ။ အခု ဘယ်ခေတ်တောင် ရောက်နေပြီလဲ။ သဲက ဗေဒင်ဖတ်ဖို့ ၂ပြားတောင် ပေးခဲ့ရတာ။ ကောင်းတဲ့ ကံကြမ္မာ တစ်ခွန်းတောင် မကြားခဲ့ရဘူး။"
"သူ တကယ်မှန်တာ မြင်ခဲ့တယ်။ အဲ့ဒီအန်တီကြီးကို သူဟောတာ တော်တော်မှန်တယ်။" ဟု ကောင်မလေးက ပြောလိုက်သည်။
"ဘာကို ဟောတာ မှန်ရမှာလဲ။ အဲ့ဒါ သူငှားထားတဲ့ လူပဲနေမှာပေါ့။" ဟု ကောင်လေးက သဘောမတွေ့စွာ ရေရွတ်လိုက်ပါသည်။
တောင်အောက်သို့ ဆင်းရင်း သူတို့နှစ်ယောက် စကားများခဲ့ကြသည်။ လင်းချင်းဟယ် မျက်ခုံးပင့်သွား၏။ ဒီခေတ်က ဗေဒင်ဆရာတွေက တကယ့်အစစ်တွေလား။ နောက်ပိုင်းမျိုးဆက်များ၏ လမ်းဘေးက ဗေဒင်ဆရာများကတော့ စကေးနှင့် လှည့်ကွက်များ သုံးထားသည့် လူများသာ ဖြစ်သည်။ စကားကောင်းကောင်းလေး ကြားရဖို့အတွက်နှင့် တချို့က ပိုက်ဆံပေးကြသည်။
လင်းချင်းဟယ်က သိပ်ပြီး အာရုံမထားခဲ့ပါ။ ကျိုးချင်းပိုင်သည်လည်း အတူတူပဲဖြစ်သည်။ နှစ်ယောက်စလုံးက တောင်တက်ရင်း ချွေးများ ထွက်နေကြလေပြီ။
"ကျွန်မတို့ နေရာနဲ့သာ နီးရင် အပတ်တိုင်း တောင်တက်တယ်။" ဟု လင်းချင်းဟယ်က မနေနိုင်ဘဲ ပြောလိုက်ပါသည်။
တောင်ပေါ်တွင် သစ်ပင်များ အလွန်များပြားသည်။ ထို့အပြင် ကျောက်သား လှေကားထစ်များလည်း ရှိသည်။ တက်ဖို့က မခက်ခဲလှပါ။ သို့သော်လည်း ပင်ပန်းပါသည်။ ထိပ်ဆုံးသို့ ရောက်သွားသည်နှင့် လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရပါသည်။
တောင်ထိပ်ကမြင်ကွင်းမှာ ရင်သက်ရှုမောစရာ ကောင်းလှသည်။ ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး အမူအကျင့်ကောင်းများ မွေးဖွားရာနေရာဖြစ်သည်။ တောတောင်မြစ်ချောင်းများထက် ပိုမို လှပပြီး စိတ်အေးချမ်းစရာ ကောင်းလှပါသည်။
လင်မယားနှစ်ယောက် အတူတူ ဆုတောင်းဖို့ သွားခဲ့ကြသည်။ အရှေ့ဘက်တွင် ဆုတောင်းသည့် နေရာတစ်ခုရှိ၏။ သို့သော် အမျိုးသမီးသီးသန့် ဖြစ်သဖြင့် ကျိုးချင်ပိုင်က အထဲမဝင်ဘဲ အပြင်ဘက်တွင် စောင့်ခဲ့ပါသည်။
ဟိုနားဒီနားလျှောက်ကြည့်ပြီး ဝေးဝေးမသွားခဲ့ပါ။ သူ့မိန်းမထွက်လာသောအခါ ကျိုးချင်းပိုင်ကို တွေ့ရပါသ်ည။
"ဟင်" ကျိုးချင်းပိုင်အနားရောက်လာသောအခါ အဘိုးကြီးတစ်ယောက် သတိထားမိသွားသည်။ စိတ်ဝင်စားစွာဖြင့် ကျိုးချင်းပိုင်ကို သေချာကြည့်နေသည်။
ကျိုးချင်းပိုင်ကလည်း အဘိုးကြီးကို ပြန်ကြည့်ကာ မေးလိုက်သည်။ "ဦးလေးကြီး တစ်ခုခု ဖြစ်လို့လားဗျ။"
"မဟုတ်သေးဘူး။" အဘိုးကြီးက သူ့မျက်နှာကို စိုက်ကြည့်ကာ ရေရွတ်လိုက်၏။ "မင်းရဲ့ မျက်နှာအနေအထားအရ အသက်ရှည်ရှည်နေရမယ့် ပုံစံ မဟုတ်ပါဘူး။ ဒီအသက်အရွယ်မှာ မင်းရဲ့ ခန္ဓာကိုယ်က အဖျားရောဂါတွေနဲ့ လည်ပတ်နေရမှာ။ ဘာလို့ ဒီလို အကောင်းတိုင်း ဖြစ်နေရတာလဲ။"
ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်ကာ အဘိုးကြီးကို ကြည့်လိုက်သည်။ "ဦးလေးကြီး မှားနေပြီ ထင်တယ်နော်။" ဘယ်က အဖျားရောဂါလဲ။ သူကျန်းမာရေးက အရမ်းကောင်းသည်။ တစ်နှစ်ကို နှစ်ကြိမ် ဆေးစစ်သည်။ သူ့မိန်းမက သူ့ကိုလိုက်ပို့ပေးခြင်းဖြစ်သည်။
သူ့အသက် မငယ်တော့သော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက လူငယ်များအောက် မနိမ့်ကျပါ။
"မမှားပါဘူး။ မင်းမျက်နှာကို ကြည့်ခြင်းအားဖြင့် မင်းမှာ အနာဂတ်ကံ မရှိဘူး။ မင်းရဲ့ သားတွေကလည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။" အဘိုးကြီးက သူ့ကိုကြည့်ကာ ပြောလိုက်သည်။ မျက်မှောင်ကြုတ်ကာ ထပ်ပြော၏။ "မင်းရဲ့ မွေးနေ့ပြောစမ်း။ ဘယ်နေရာမှာ မှားသွားတာလဲ။ ငါတွက်ချက်ပေးမယ်။"
ကျိုးချင်းပိုင်၏ မျက်နှာက တော်တော် ပျက်နေပြီ။ "အဓိပ္ပာယ်မရှိတာတွေ။ ကျွန်တော့်သားတွေ အကုန်လုံး ကျန်းမာရေးကောင်းတယ်။ အကုန်လုံးက ကောလိပ်ကျောင်းသားတွေချည်းပဲ။"
"မင်းမွေးနေ့သာ ငါ့ကို ပြောစမ်းပါ။ ငါမင်းကို ပိုက်ဆံမတောင်းပါဘူး။" ဟု အဘိုးကြီးက ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူ့ကို စကားမပြောချင်ပါ။ သို့သော်လည်း အဘိုးကြီး၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် လူလိမ်ဖြစ်ပေါ်လည်း မပေါ်ပါ။ လူလိမ်သာဆို ဘာလို့ဒီလိုပြောမှာလဲ။
ထို့ကြောင့် ကျိုးချင်းပိုင်က မွေးနေ့ကို ပြောပြလိုက်သည်။
"မင်းရဲ့မိန်းမက သူများနဲ့ လိုက်ပြေးသွားတယ်။ မင်းရဲ့ သားတွေကလည်း ဘာမှအသုံးမကျဘူး။ မင်းမှာ သားသုံးယောက်ရှိတယ်ဆိုတာ မမှားဘူးမလား။ မင်းဘဝမှာ ရည်မှန်းချက်တွေ မရှိဘူး။ ငါ တွက်ချက်တာ မမှားပါဘူး။" ဟု အဘိုးကြီးက သူ့မွေးနေ့ကို တွက်ချက်ကာ စိတ်ရှုပ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
ဒီလိုကံကြမ္မာမျိုးနှင့် လူတစ်ယောက်က ဘာကြောင့် ဒီလို အကောင်းဆုံးအခြေအနေမျိုးနှင့် ရှိနေတာလဲဆိုတာ သူ တကယ်နားမလည်နိုင်ပေ။
ကျိုးချင်းပိုင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ သူ မယုံကြည်တတ်သော်လည်း သူ့မိန်းမက သူ့စိတ်ကို ပြောင်းလဲကာ တချို့အရာများ တကယ်ရှိနေသေးသည်ဟု ယုံကြည်စေခဲ့သည်။
ဥပမာအားဖြင့် အဘိုးကြီးက သူ့ကို လုံးဝမသိသော်လည်း သားသုံးယောက်ရှိနေတာကိုတော့ သိနေခဲ့သည်။
"ကျွန်တော့်မိန်းမက ဘယ်သူ့နောက်မှ လိုက်မပြေးဘူး။ ကျွန်တော်သားတွေ အကုန်လုံးကလည်း ကောလိပ်ကျောင်းသားတွေပါ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
"ငါလည်း အဲ့တာကြောင့်ပဲ အံ့သြနေတာပေါ့။ မင်းရဲ့ ကံကြမ္မာက မကောင်းဘူး။ လုံးဝကို မကောင်းတာပါ။ မင်းက မိန်းမဆိုးနဲ့ အိမ်ထောင်ကျဖို့ ကံပါလာတာ။ ဒါပေမယ့် အခု ငါတွက်ချက်ကြည့်လိုက်တော့ ဒါက ကောင်းချီးမင်္ဂလာနဲ့ ပြည့်နှက်နေတဲ့ ကံကြမ္မာတစ်ခုပါလား။ အနာဂတ်ကျရင်လည်း သမီးလေးတစ်ယောက် ထပ်ရလာဦးမယ်။ ဘယ်လို ဖြစ်တာလဲ။" ဟု အဘိုးကြီးက ဇဝေဇဝါဖြစ်စွာ ပြောလိုက်သည်။
ကျိုးချင်းပိုင် ခေတ္တ ကြက်သေသေသွားပြီးနောက် အပျော်လွန်သွားသည်။ "ကျွန်တော် အနာဂတ်မှာ သမီးလေးရမယ်လို့ ပြောလိုက်တာလား။"
"ဟုတ်တယ်။ မင်းနောက်မိန်းမ ယူလိုက်တာလား။" အဘိုးကြီးက မျက်မှောင်ကြုတ်သွား၏။
"မယူပါဘူး။ ကျွန်တော့်မှာ မိန်းမတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် ကျွန်တော့်မိန်းမက မငယ်တော့ဘူး။ သူက ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရနိုင်မှာလဲ။ သူ ကိုယ်ဝန်မရတာ နှစ်တော်တော် ကြာနေပြီ။" ကျိုးချင်းပိုင်က ချက်ချင်း စိတ်ဓာတ်ပြန်ကျသွား၏။ သူ့စိတ်ကို သမီးတစ်ယောက်ရလာမည်ဟူသည့် ကံကြမ္မာက ဆွဲဆောင်သွားခဲ့ခြင်းဖြစ်သည်။
သေချာပေါက် မျှော်လင့်ချက်မထားသော်လည်း သမီးတစ်ယောက် မလိုချင်ဘူးဟု မဆိုလိုပါ။ သမီးရတနာလေးတစ်ယောက် ဘယ်သူက မလိုချင်ဘဲ နေမမလဲ။
"အဲ့တာ ကံမဆိုင်သေးလို့ပါ။ သေချာပေါက် ခုံးကောင်အိုကြီးက ပုလဲမွေးတဲ့ ကံကြမ္မာလိုပေါ့။" အဘိုးကြီးက ဒီကိစ္စကို စိတ်မဝင်စားပေ။ ဒီလူ၏ ကံကြမ္မာကိုသာ စိတ်ဝင်စားသည်။
ဒီလိုကံကြမ္မာမျိုးကို တွေ့ဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပါသည်။
"မင်းမိန်းမကော မင်းနဲ့ပါလာလား။" အဘိုးကြီးက မေးလိုက်၏။
ကျိုးချင်းပိုင်က သူ့ကိုနိုးကြားစွာ ကြည့်လိုက်၏။ "ဘာဖြစ်လို့လဲ။"
"မင်းရဲ့ ကံကြမ္မာက အများကြီး ပြောင်းလဲသွားတယ်။ ပြဿနာက မင်းရဲ့ မိန်းမနဲ့ သက်ဆိုင်နေမယ် ထင်တယ်။ ငါသူ့ကို တွေ့ချင်တယ်။" ဟု အဘိုးကြီးက ပြန်ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူ့မိန်းမကို အဘိုးကြီးနှင့် မတွေ့စေချင်ပါ။ အဘိုးကြီးက တော်လွန်းသည်။ လူလိမ် မဟုတ်ပါ။ တကယ့် ပညာရှင်စစ်စစ်ဖြစ်ပါသည်။
"ချင်းပိုင်" သို့သော်လည်း လင်းချင်းဟယ်က ထွက်လာလေပြီ။ အဘိုးကြီးတစ်ယောက်ကို သူ စကားပြောနေသည်ကို မြင်သောအခါ သူမ ရောက်လာ၏။
"ဇနီးလေး" ကျိုးချင်းပိုင်လည်း သွားလိုက်သည်။ သို့သော် အဘိုးကြီးကိုတော့ သတိထားနေဆဲပင်။
အဘိုးကြီး လင်းချင်းဟယ်ကို မြင်သောအခါ ကြက်သေသေသွားရပါသည်။ ထို့နောက် လင်းချင်းဟယ် ဘေးပတ်လည်တွင် လျှောက်ကာ ပြောလိုက်၏။ "ထူးဆန်းတယ်၊ သိပ်ထူးဆန်းတယ်။ မင်း ဘယ်ကနေ လာခဲ့တာလဲ။"
ကျိုးချင်းပိုင်၏ မျက်နှာထား ပြောင်းလဲသွားသည်။ လင်းချင်းဟယ်ကတော့ တည်ငြိမ်စွာ အဘိုးကြီးကို ကြည့်လိုက်သည်။ "ဦးလေးကကော ဘယ်ကလာတာလဲ။"
"ငါက ဗေဒင်ဆရာပါ။ ငါ့ရဲ့ ဟောပြောမှုက ရာနှုန်းပြည့် မှန်ကန်မှု ရှိတယ်။ ငါ့ကို သက်ရှိ နတ်ဘုရားတစ်ပါးလို့တောင် ခေါ်လို့ရတယ်။" ဟု အဘိုးကြီးက မိတ်ဆက်သည်။
"ဦးလေးအတွက် အမွှေးတိုင်နှစ်တိုင် ထွန်းပေးရမလား။ ကျွန်မ သက်ရှိ နတ်ဘုရားကြီးနဲ့ တွေ့ဖူးတာ ပထမဆုံးအကြိမ်မို့လို့ပါ။" ဟု လင်းချင်းဟယ်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
အဘိုးကြီးက ရယ်မောကာ ပြောလိုက်၏။ "မင်းရဲ့ ကံကြမ္မာကို ဘယ်လိုပြောင်းလဲလိုက်တာလဲ။ အစက မိသားစုကို ဖျက်ဆီးပြီး ခင်ပွန်းနဲ့ သားတွေကို ကျိန်စာသင့်စေတဲ့ ကံကြမ္မာပါ။ အခုတော့ ယောက်ျားနဲ့ သားတွေကို ကောင်းချီးပေးတဲ့ ကံကြမ္မာမျိုးဖြစ်လာပြီ။ ငါပြောချင်တာက ကံက ဘာလို့ ဒီလောက်ထိ ရုတ်တရက်ကြီး ကောင်းသွားရတာလဲ။ မင်းကြောင့်လို့ ထင်တယ်နော်။"
ဒီတစ်ခေါက်တော့ လင်းချင်းဟယ်က သူ့ကို ရုပ်တည်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမယောက်ျား ချင်းပိုင်ကို ကြည့်၏။
"ဒီဦးလေးကြီးက ကိုယ်တို့မှာ သားသုံးယောက် ရှိတယ်လို့ တွက်ပြသွားတယ်။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။
"တကယ်စွမ်းတာပေါ့။" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
"ငါ့မှာ အဲ့လောက် အစွမ်းအစ မရှိပါဘူး။ ဒါပေမယ့် မင်းက ဘယ်လိုဖြစ်တာလဲ၊ ပြောပြလို့ ရမလား။" ဟု အဘိုးကြီးက စပ်စုစွာ မေးလိုက်ပါသည်။