အခန်း(၄၈၇) - အဖေတစ်ယောက်၏ နှလုံးသား
Vol. 35 Ch. 487
အခန်း(၄၈၇) - အဖေတစ်ယောက်၏ နှလုံးသား
"ဦးလေးကြီး ဘာဖြစ်ရမှာလဲ။ ကျွန်မရဲ့ စိတ်က မိန်းမတစ်ယောက် ယောက်ျားနဲ့ ကလေးတွေကို တစ်သက်လုံး ကောင်းမွန်အောင် ပျိုးထောင်ပေးရမယ်လို့ စိတ်ဆုံးဖြတ်ချက် ချလိုက်ရုံပဲ။ အဲ့လောက်ပဲလေ။" လင်းချင်းဟယ်က အဘိုးကြီး၏ တွက်ချက်မှုများကို အတော်လေး အံ့အားသင့်သွားသော်လည်း မတုန်လှုပ်ခဲ့ပါ။
သူမက မားမားမတ်မတ် ရပ်တည်ပြီး လိပ်ပြာမလုံသည့် ခံစားချက်လည်း မရှိပေ။
အဘိုးကြီး မျက်မှောင်ကြုတ်သွား၏။ ဘာကြောင့် ကံကြမ္မာက ဒီလောက် အလွယ်လေး ပြောင်းလဲသွားရတာလဲ။
"ဦးလေးကြီး။ ကျွန်မတို့ အခုဘဝကောင်းကောင်း ရထားရင် လုံလောက်ပါပြီ။ ကျန်တာကို စိတ်မပူပါနဲ့။ ဦးလေးကြီး အရမ်းလည်း စိတ်မဝင်စားပါနဲ့။ ကျွန်မတို့က သာမန်လူတွေပဲလေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
အဘိုးကြီးက ဘာမှ မဝေဖန်တော့ဘဲ ပြောလိုက်ပါသည်။ "ကောင်းပါပြီ။ မင်းမပြောချင်လည်း မမေးတော့ပါဘူး။ ဒါက မင်းတို့အတွက်ပါ။" အဆောင်တစ်ခုကို ထုတ်ကာ လင်းချင်းဟယ်ကို ပေးလိုက်သည်။
"ဒါဝိညာဥ်အဆောင်လား။" လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်၏။
"ငါဒီလိုထုတ်ပေးတာမျိုးရှားတယ်နော်။ မလိုချင်ရင် ပြန်ယူမယ်။" အဘိုးကြီးက ပြောလိုက်၏။
ကျိုးချင်းပိုင်က ယူလိုက်ကာ မေးလိုက်သည်။ "ဘယ်လောက်လဲ။"
"ပိုက်ဆံပေးစရာမလိုဘူး။ ဒါမှ ငါ့ကို ငွေလိမ်စားတယ်လို့ မထင်မှာ။" အဘိုးကြီးက လက်ခါပြကာ သူ့အထုတ်အပိုးများဖြင့် ထွက်သွားလေတော့သည်။
လင်းချင်းဟယ်က အဘိုးကြီး၏ နောက်ကျောကို ကြည့်ကာ ကျိုးချင်းပိုင်၏ လက်ထဲက အဆောင်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။ "ဒါဆို ဒါကိုသိမ်းထားမှာလား။"
"သိမ်းထားပေါ့။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
ဒီအဘိုးကြီးက အတော်လေး စွမ်းသည်။ သူတို့ကို ဒီလိုမျိုး အဆောင်လက်ဖွဲ့ ပေးသဖြင့် သူသိမ်းထားပါမည်။
လင်းချင်းဟယ်က ယူလိုက်ပြီး ကြည့်လိုက်သည်။ "ပုံလေးက တော်တော် ကောင်းတာပဲ။" သူမ ထင်ယောင်ထင်မှား ဖြစ်တာလားတော့ မသိပေမယ့် ဒီအဆောင် တကယ်တန်ခိုးရှိသည်ဟု ခံစားနေရ၏။
ထို့ကြောင့် လင်းချင်းဟယ်က သိမ်းထားလိုက်သည်။
မြို့တော်က ဒီလို အဖိုးတန် ဖန်းရွှေ့မြေတွင် အစွမ်းထက်ပြီး ထူးကဲသည့်လူတွေ ဘယ်လောက်တောင် ပုန်းကွယ်နေမလဲမသိပါ။ လူတစ်ယောက်၏ မျက်နှာကို ကြည့်လိုက်ရုံနှင့် ကံကြမ္မာကို ဟောပြောနိုင်ခြင်းက ထူးခြားလှပါသည်။
ဒီအဘိုးကြီးလို ပညာကျွမ်းကျင်သည့် လူမျိုး သိပ်မရှိတော့သည်ကိုတော့ လင်းချင်းဟယ် မသိခဲ့ရှာပါ။ သူ့အဆင့်လိုလူမျိုးက ပိုတောင် နည်းပါသေးသည်။
ကျိုးချင်းပိုင်က ကျန်တာဘာမှ စိတ်မဝင်စားတော့ပေ။ အိမ်ပြန်လမ်းတွင် သူပြောလိုက်၏။ "အဲ့ဒီဦးလေးကြီးက ကိုယ်တို့ အနာတ်မှာ သမီးလေးရမယ်လို့ ပြောသွားတယ်။"
လင်းချင်းဟယ် ထိတ်လန့်သွား၏။ "ဘယ်တုန်းက ကြားလိုက်တာလဲ။ ကျွန်မ မကြားမိပါဘူး။"
"မင်းမရှိတုန်းက ပြောသွားတာ။" ဟု ကျိုးချင်းပိုင်က ပြန်ဖြေလိုက်သည်။
သူမယောက်ျားချင်းပိုင် ဘယ်လောက်ပျော်နေသလဲ လင်းချင်းဟယ်မြင်ကာ အဘိုးကြီးကို ပြဿနာပြန်သွားရှာချင်သွားသည်။ သူမ အသက်အရွယ် ဘယ်လောက်တောင် ရှိနေပြီလဲ။ ၃၀ကျော်တောင် ရှိနေပြီ။ တကယ် အရွယ်လွန် ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါသည်။ သူမ သမီးတစ်ယောက် ယူနိုင်ပါဦးမလား။
ထို့အပြင် လင်းချင်းဟယ်က ကလေးမွေးချင်စိတ် ပြင်းပြင်းပြပြ သိပ်မရှိပါ။ သူ့သားများ လက်ထပ်နိုင်သည်။ စောစောစီးစီး လက်ထပ်သွားပါက သူမ အဘွားအရွယ်ပင်ဖြစ်သွားမည်။ ကလေးယူနိုင်ပါဦးမလား။
စဥ်းစားကြည့်လျှင် ကြောက်မိသည်။
ထို့အပြင် သူမက သားကြောဖြတ်ထားသည်။ ဒီလောက်နှစ်တွေ အများကြီး ကြာတာတောင် ဘာမှမထူးခဲ့ပေ။ အနာဂတ်မှာ ကိုယ်ဝန်ရနိုင်ပါ့မလား။ လင်းချင်းဟယ် မဖြစ်နိုင်ပါဘူးဟု ခံစားမိသည်။
"ဒီတိုင်း စကားတစ်ခွန်းလို့ပဲ သဘောထားပြီး ဘာမှမတွေးနဲ့" လင်းချင်းဟယ်က ပြောလိုက်သည်။ သူဘယ်လောက် ပျော်နေသလဲ မြင်ရသဖြင့် သူမ အပျော်မဖျက်ဆီးချင်ပါ။
ကျိုးချင်းပိုင်က သူ့မိန်းမ၏ ခန္ဓာကိုယ်ကို စိတ်ပူနေခဲ့သည်။ သို့သော် အဘိုးကြီးက သူမိန်းမမှာ သမီးတစ်ယောက် မွေးဖို့ ကံပါလာသည်ဟု ဆိုသဖြင့် မမှားနိုင်ပါ။
"ဇနီးလေး သမီးမိန်းကလေး လိုချင်လား။" ဟု ကျိုးချင်းပိုင်က မေးလိုက်သည်။
သူ သမီးတစ်ယောက်လိုချင်ပါသည်။ သံသယဖြစ်စရာမရှိပါ။ သို့သော်လည်း သမီးလေးက ဘယ်လောက် အရေးပါပါ သူ့မိန်းမလောက်တော့ အရေးမကြီးပေ။
လင်းချင်းဟယ်က သူမတွင် ဒီလိုအစီအစဥ်မရှိဟု စိတ်ထဲမှပြန်ပြောလိုက်သည်။ အခုလက်ရှိ ဘဝကလည်း အဆင်ပြေနေသဖြင့် ဘာကြောင့် ဆက်မွှေဦးမှာလဲ။
သူ့ယောက်ျားအကြောင်း သူသိသည်။ သူက တကယ်သမီးတစ်ယောက် လိုချင်သဖြင့် ကံကြမ္မာအတိုင်းပဲ ရှိပါစေတော့။
သားကြောဖြတ်ပြီးသား ဖြစ်သဖြင့် ရှောင်စရာလည်း မလိုပါ။ ထို့ကြောင့် သူမ ဖြေလိုက်သည်။ "ကျွန်မတို့ ရလာရင် မွေးမယ်လေ။ မရရင်တော့ စိတ်မညစ်နဲ့နော်။"
"အင်း" ကျိုးချင်းပိုင်က သဘောတူသည်။
လင်မယားနှစ်ယောက်သား သုံးရက်လောက် လျှောက်လည်ခဲ့ကြသည်။ သူတို့သမီးလေး တစ်ယောက်ရလာတော့မည်ဟု သိလိုက်ရခြင်းကြောင့်လားမသိပေ။ အိမ်ပြန်ရောက်သောအခါ ကျိုးချင်းပိုင်က အလွန်ဇွဲကောင်းစွာ အလုပ်များလုပ်လေသည်။
၇ ဆိုင်မြောက်ကို အလှဆင်ပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်ရန် မာချန်းမင်ကိုပင် ခေါ်ခဲ့၏။
ထို ၇ဆိုင်မြောက်ကို ဟိုအရင် ကုန်ခြောက်ဆိုင်နှင့် တွဲဝယ်ခဲ့ခြင်းဖြစ်သည်။ အခုချိန်မတိုင်ခင်အထိ ဆိုင်လွတ်ကြီး ဖြစ်နေခဲ့သည်။
ကျိုးချင်းပိုင်က နောက်ထပ် အထည်ဆိုင်တစ်ဆိုင် ဖွင့်ချင်သည်။ ဘာပဲဖြစ်ဖြစ် အထည်ဆိုင်က အကျိုးအမြတ်များ၏။ လောလောဆယ် သူတို့မိသားစုဝင်ငွေက မြင့်မားပြီး အများစုက အထည်ဆိုင်များကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ဆိုင်တစ်ဆိုင်ပဲ ထပ်ဖွင့်ကြရအောင်လား။
သူ့သမီးလေးအတွက် ပိုက်ဆံတွေအများကြီး စုထားချင်၏။ ထို့ကြောင့် လုပ်နိုင်ကိုင်နိုင်တုန်း ပိုက်ဆံရှာထားတာ ပိုကောင်းပါမည်။
ဘာပဲဖြစ်ဖြစ် သူကမငယ်တော့ပါ။ သူ့သမီးအတွက် ဘေးကင်းလုံခြုံစေဖို့ အစီအစဥ်များချထားရမည်။
ကျိုးကွေ့လိုင်နှင့် အခြားသူများကလည်း သူ့အဖေ၏ ခြားနားသော စိတ်အခြေအနေနှင့် အားတက်မှုများကို အာရုံရနေပါသည်။
"အမေ။ အဖေဘာလို့ ဒီလောက် အားတက်နေတာလဲ။ သူ့ဖက်ထုပ်ဆိုင်ကို ပိတ်ပြီး တခြားလုပ်ငန်း လုပ်တော့မယ်လို့ ကျွန်တော် ခံစားနေရတယ်နော်။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
လင်းချင်းဟယ် မဖြေနိုင်ပါ။ သူမတောင် သူမယောက်ျားချင်းပိုင်၏ စိတ်အခြေအနေကို နားမလည်နိုင်ပါ။ သို့သော်လည်း သူ့ယောက်ျားက ဗေဒင်ဆရာအဘိုးကြီး၏ စကားများကို ယုံကြည်ပြီး သမီးမိန်းကလေး တကယ် ရလာမည်ဟု ယုံကြည်နေတာကိုတော့ လင်းချင်းဟယ် ကောင်းကောင်း သိပါသည်။ ထို့ကြောင့် သူ့သမီးကို ပေးဖို့ အမွေတွေကို စတင်ပြင်ဆင်နေတာ ဖြစ်လောက်သည်။
တကယ်တော့ ကျိုးချင်းပိုင်က မျက်နှာနှစ်ဖက်၊ ဓားသုံးချောင်းနှင့် လူကို လူလို၊ တစ္ဆေကို တစ္ဆေလို စကားပြောတတ်သည့်လူမျိုး မဟုတ်သဖြင့် စီးပွားရေးလုပ်ဖို့ မသင့်တော်ပါ။ စီးပွားရေးသမားများ၏ စကားချောမွေ့မှုနှင့် လှည့်ဖျားမှုတို့ကို သူ မကျွမ်းကျင်နိုင်ပါ။
သို့သော် ဒီလက်တွေ့ကျသည့် ယောက်ျားတွင် အဖေတစ်ယောက်၏ အချစ်များနှင့် ပြည့်နှက်နေသည့် နှလုံးသားတစ်ခုတော့ ရှိပါသည်။
မြို့တော်၏ မြောက်ဘက်အထိပင် သွားပြီး အဆောက်အဦးဟောင်းများစွာကို ဝယ်ယူခဲ့သည်။ စျေးအများကြီး မပေးရပါ။ ထိုအဆောက်အဦးများကို ဝယ်ယူလိုက်သဖြင့် မြေကလည်း သူ့အပိုင် ဖြစ်သွားသည်။
သူ့မိန်းမ၏ စကားများကို နားထောင်ခဲ့သည်။ အနာဂတ်တွင် မြို့တော်က မြေတစ်လက်မတိုင်းက ငွေအများကြီးတန်သည်။ ထို့ကြောင့် အိမ်အနည်းငယ်နှင့် မြေများ ထပ်ဝယ်ခဲ့သည်။ အနာဂတ်တွင် မဆိုးရွားနိုင်ပါ။
ဒီရက်ပိုင်း သူ အတော်လေး အလုပ်ရှုပ်နေမှန်း သိသော်လည်း ဘာတွေလုပ်နေသလဲဆိုတာကိုတော့ မသိခဲ့ပါ။ သူမ သိမ်းထားဖို့ မြေကွက်များစွာ ထုတ်ပြသည့်အခါတွင်တော့ လင်းချင်းဟယ် နှုတ်ခမ်းတွန့်သွားရသည်။
"ဒီအိမ်တွေက နည်းနည်း ယိုယွင်းနေပေမယ့် မြေတွေက နေရာကောင်းတယ်။ အနာဂတ်ကျရင် သေချာပေါက် တန်ဖိုးကြီးလာမှာ။ သိမ်းထားဖို့ မြေနည်းနည်းလောက် ထပ်ဝယ်မယ်။ ဒါမှ ကိုယ်တို့ အနာဂတ်မှာ စုဆောင်းထားတဲ့ ပိုက်ဆံမနည်းမှာ။" ဟု ကျိုးချင်းပိုင်က ပြောလိုက်၏။
"..."
"နေရာကောင်းတော့ ကိုယ်မတွေ့သေးဘူး။ တော်တော်လေး ရှားတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို ကြိုပြောထားလို့ နေရာကောင်းရှိလာတာနဲ့ ဖက်ထုပ်ဆိုင်မှာ ကိုယ့်ကို လာပြောလိမ့်မယ်။" ကျိုးချင်းပိုင်က လက်ဘက်ရည်တစ်ငုံသောက်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ။” လင်းချင်းဟယ် ပြောစရာ စကားလုံးထောင်ချီ ရှိနေသော်လည်း နောက်ဆုံးတွင်တော့ ဒီလိုသာ ပြန်ပြောခဲ့သည်။ သူပျော်နေသ၍ အဆင်ပြေပါသည်။
"ပင်ပန်းအောင် မနေနဲ့ဦး။ သေသေချာချာ အနားယူ။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ကျွန်မ မပင်ပန်းပါဘူး။ စာသင်ရတာ သက်တောင့်သက်သာရှိတယ်။" သူမယောက်ျား ချင်းပိုင်၏ လက်ရှိအပြုအမူများက အမြင်ကတ်စရာ ကောင်းလာသည်ဟု လင်းချင်းဟယ်ခံစားမိသည်။
သို့သော် လွှတ်ထားလိုက်ပါသည်။ ရာသီဥတု တည်ငြိမ်သွားသောအခါ အမဲသားခြောက်များ စတင်လုပ်သည်။
ဒါက သူ့သားကြီးကို ပို့ပေးဖို့ ဖြစ်၏။ သူမ အမဲသားများစွာ ဝယ်ခဲ့သည်။
"အမေ ဒီအမဲသားခြောက်က အရသာရှိပြီး ဝါးလို့ ကောင်းတယ်။ ကျွန်တော်တို့အတွက် နည်းနည်း ချန်ထားပါဦး။"ကျိုးကွေ့လိုင်က လောဘကြီးစွာ ပြောလိုက်သည်။
"နင်တို့အတွက် သုံးကျင်းချန်ထားမယ်။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ ကျန်အမဲသားခြောက် ၁၀ ကျင်းကို ပြင်ဆင်ပြီးသူ့သားကြီးထံသို့ ပို့ပေးဖို့ စီစဥ်ထားသည်။
အမဲသားခြောက်များက နိုဝင်ဘာလတွင် အသင့်ဖြစ်နေပါပြီ။ လင်းချင်းဟယ်က အချိန်သိပ်မဆွဲဘဲ ဒလီဘာရီဖြင့် ပို့ပေးလိုက်သည်။
သူ့သားကြီး မငတ်တာကို သိသော်လည်း လင်းချင်းဟယ်က အစားအသောက်များ ပို့ပေးချင်နေပါသေးသည်။ အိမ်က စာတစ်စောင်လည်း ထည့်ပေးလိုက်သည်။