အခန်း(၄၉၀) - မောင်းမထုတ်နိုင်
Vol. 35 Ch. 490
အခန်း(၄၉၀) - မောင်းမထုတ်နိုင်
သူတို့ထွက်သွားသောအခါ လင်းချင်းဟယ်က အကြီးဆုံးမရီးကို ဖုန်းဆက်ခဲ့သည်။
"သူတို့ ဒီနှစ် ပြန်လာတယ်ပေါ့။ ဟုတ်ပြီ ဟုတ်ပြီ။ ငါ့အိမ်ကို သွားရှင်းထားလိုက်ဦးမယ်။" အကြီးဆုံးမရီးက ပျော်သွားကာ ခပ်သွက်သွက် ပြောလိုက်ပါသည်။
သူတို့ ခဏလောက် ဖုန်းဆက်ပြောခဲ့ချပြီး အကြီးဆုံးမရီး ဖုန်းချလိုက်သည်။
ရွာအုပ်ချုပ်ရေးမှူး၏ မိန်းမကလည်း ရွှင်ပျစွာ မေးလိုက်သည်။ "ဘာတွေဖြစ်လို့လဲ။ ပျော်နေတဲ့ ပုံပဲနော်။"
အခုချိန်ထိ အကြီးဆုံးမရီးက ကျိုးအာ့နီ မြို့တော်တွင် လက်တွဲဖော်တွေ့ထားသည့် ကိစ္စကို ထုတ်မပြောရသေးပါ။ တကယ်သာ ဖြစ်မလာခဲ့လျှင် လှောင်စရာဖြစ်လာမည်ကို စိုးရိမ်နေသောကြောင့် ဘာမှမပြောခဲ့ပေ။
အခုတော့ တဖက်လူက နှစ်သစ်ကူးအတွက် အာ့နီနှင့်အတူတူ ပြန်လာနေပြီတဲ့။ လျှို့ဝှက်ထားလို့ မရနိုင်တော့ပါ။ သူမ အခု မပြောလျှင် လျှိုထားရာ ကျတော့မည်။
ထို့ကြောင့် ရွာအုပ်ချုပ်ရေးမှူးမိန်းမကို အကြီးဆုံးမရီး ပြောပြလိုက်ပါသည်။ ပြုံးကာ ပြောလိုက်၏။ "ဒါပေမယ့် လျှောက်တော့ မဖွပါနဲ့နော်။" သူတို့မိသားစုက ကြွားဝါချင်နေသည်ဟု အထင်မခံချင်ပါ။
ရွာအုပ်ချုပ်ရေးမှူးမိန်းမက အံ့အားသင့်သွားသည်။ အာ့နီက နှစ်သစ်ကူး ပြန်လာမည်ဆိုတာတော့ သိထား၏။ ဘာပဲဖြစ်ဖြစ် ပြန်မလာတာ နှစ်အတော်ကြာပြီဖြစ်ပြီး အာ့နီကလည်း မိန်းမကောင်းလေး ဖြစ်ပါသည်။ တကယ်တော့ အကြီးဆုံးမရီး၏ သမီး ၃ ယောက်စလုံးက မဆိုးကြပါ။
ဒုတိယမရီး နှိုင်းယှဥ်နိုင်သော အရာမျိုးမဟုတ်ပေ။
ထို့ကြောင့် ရွာအုပ်ချုပ်ရေးမှူးမိန်းမက ဒီတစ်ခေါက်ပြန်လာလျှင် သူမ၏ မိသားစုဘက်က တူတစ်ယောက်နှင့် မိတ်ဆက်ပေးဖို့ ကြံရွယ်ထားခြင်းဖြစ်သည်။ သို့သော် အာ့နီက မြို့တော်တွင် ကောင်လေး ရလာလိမ့်မည်ဟု ထင်မထားပါ။
မြို့ကြီးသားနှင့် လက်ထပ်နိုင်ခြင်း ဖြစ်ပါသည်။
ရွာအုပ်ချုပ်ရေးမှူး မိန်းမကလည်း စကားမများတတ်သဖြင့် ပြုံးကာ ပြောလိုက်သည်။ "ဘာမှတော့ မပြောချင်တော့ပါဘူး။ ဒါပေမယ့် အာ့နီလေးက တကယ်ကံကောင်းတာပဲ။"
သူမ မြို့တော်သို့သွားပြီး သက်တောင့်သက်သာ ဘဝမျိုးနှင့် နေရတော့မည်။ တကယ် ကံကောင်းပါသည်။
စစ်နီတော့ နောက်ပိုင်း ဘယ်လို ဖြစ်လာမလဲ မသိပေ။
အကြီးဆုံးမရီးလည်း စကားအများကြီး သိပ်မပြောခဲ့ပါ။ သူ့သမီး ဒီလို အိမ်ထောင်ရေးမျိုး ရလာတာ ကောင်းသော်လည်း တကယ်တော့ အနည်းငယ် စိုးရိမ်မိပါသေးသည်။
သို့သော် ဘာမှသိပ်ပြီး မစဥ်းစားခဲ့ပေ။
သူမအိမ်ပြန်ရောက်လာတော့ အကြီးဆုံးအစ်ကိုက သူ့သားအငယ်ဆုံး ထုတိုနှင့် အိမ်တွင်း အိမ်ပြင်ကို ရှင်းလင်းနေပါသည်။
သားအကြီးဆုံးလည်း ဒီနှစ် ပြန်လာလိမ့်မည်။ အခုတောင် ပြန်လာနေလောက်ပါပြီ။
"အမေ အိမ်က ရှင်းနေပါပြီ။ အမေရှင်းစရာ လိုသေးလို့လား။" ထုတိုက ၁၃နှစ်နီးပါးလောက်ရှိပြီဖြစ်ပြီး လောလောဆယ် အလယ်တန်းကျောင်းသား တစ်ယောက်ဖြစ်ပါသည်။
အကြီးဆုံးမရီးက ပြောလိုက်၏။ "နောက်နှစ်ရက်အတွင်း ကျန်တဲ့ကြက်တွေ အကုန်သတ်လိုက်။ ကြက်ခြံကိုလည်း သေချာရှင်းထား၊ ဒါမှ အနံ့မထွက်မှာ။"
"ငါသွားလုပ်လိုက်မယ်။" အကြီးဆုံးအစ်ကိုက ပြောလိုက်သည်။
ထုတိုက ပြောလိုက်၏။ "ဒုတိယယောက်ဖက သားတို့အိမ်ကို မကြိုက်ဘဲ မနေပါဘူး။ အကြီးဆုံးဒေါ်လေးရဲ့ ဝမ်းကွဲကို ဥပမာ ထားကြည့်လိုက်။ စတုတ္ထဒေါ်လေးနဲ့ ဒုတိယအစ်မတို့က ယောက်ဖကို သေချာပြောထားမှာပါ။ သူက လာချင်သေးတယ်ဆိုတော့ ဒါကို သိပ်ပြီး စိတ်ထဲမထားဘူးလို့ ဆိုလိုတာပဲလေ။”
ဘာပဲဖြစ်ဖြစ် အိမ်က အလွန်သန့်ရှင်းနေပါပြီ။ ထင်းများကို သေသေသပ်သပ် စီရီထား၏။ ခြံထဲတွင်လည်း ဖုန်တစ်စက် မရှိပေ။
ဒီနှစ်မြို့တော်က ယောက်ဖကို သူ့မိဘများ ကြိုဆိုရမည်ကို သိသဖြင့် ခြံကို မညစ်ပတ်အောင် အင်္ဂတေပင် ခင်းထားပါသည်။
"နင့်ဒုတိယယောက်ဖက စိတ်ထဲမထားလည်း အမေတို့ကတော့ အိမ်ကို ရှင်းထားသင့်တယ်လေ။" ဟု အကြီးဆုံးမရီးက ပြန်ပြောလိုက်သည်။
နောက်တစ်နေ့ ကျိုးယန် ပြန်ရောက်လာသည်။ ကောလိပ်သို့ သွားပြီးနောက် ကျိုးယန်၏ စရိုက်က ပိုပိုပြီး နူးညံ့လာသည်။ သူ့တစ်ကိုယ်လုံးလည်း ပညာတတ်အရှိန်အဝါများဖြင့် လွှမ်းခြုံနေ၏။
သူက အမြဲတမ်း နှိမ့်ချတတ်သူဖြစ်ပါသည်။ ရွာသို့ ပြန်လာပြီးနောက် သူ့အိမ်သို့ ရွာအုပ်ချုပ်ရေးမှူး တက္ကသိုလ်အကြောင်း လာမေးတာတောင် ဒီလိုပဲ နေခဲ့ပါသည်။
ဧည့်သည်များကို ပြန်လိုက်ပို့ပြီးနောက် ကျိုးယန် အနည်းငယ် ပင်ပန်းသွားသည်။ မြို့တော်မှ ပြန်လာဖို့က မနီးပါ။
"အမေ သားတို့အိမ် ဘာလို့ ဒီလိုပုံစံ ဖြစ်သွားတာလဲ။" ဟု ကျိုးယန်က ပြုံးကာ မေးလိုက်သည်။
အိမ်ထဲ ပထမဆုံး ဝင်ဝင်လာချင်းတုန်းက မှတ်ပင် မမှတ်မိပါ။ တကယ်သန့်ရှင်းနေပြီး စားပွဲ ကုလားထိုင်စသည့် ပရိဘောဂများစွာကို အသစ်များဖြင့် လဲထားပြီးပြီဖြစ်သည်။
"နင် မသိသေးဘူးနော်။ နင့်ဒုတိယအစ်မက ဒီရက်ပိုင်းထဲ သူ့ကောင်လေးနဲ့ အတူပြန်လာလိမ့်မယ်။" ဟု အကြီးဆုံးမရီးက ရွှင်ပျစွာ ပြန်ပြောလိုက်သည်။
ကျိုးယန် အနည်းငယ်အံ့အားသင့်သွား၏။ "သူတို့ ဘယ်တော့ ပြန်လာမှာလဲ။ ကျွန်တော်သွားကြိုမယ်လေ။"
"မနေ့က ထွက်လာတာ" အကြီးဆုံးမရီးက အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့ညီကို ခေါ်လိုက်၏။ တတိယဦးလေး၏ စက်ဘီးဖြင့် ရွာပြန်လာခြင်းဖြစ်သည်။ သူ့ညီကို ကျိုးမိသားစု စက်ဘီးဖြင့် ကောင်တီမြို့၏ ဘူတာရုံဆီ သွားစောင့်ခိုင်းလိုက်သည်။
ပထမနေ့မှာတော့ မျှော်မှန်းထားသည့် အချိန်မှားသွားပြီး သူတို့ရောက်မလာပါ။
နောက်တစ်နေ့တွင် သူတို့ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ ရောက်လာသည်ကို တွေ့လိုက်ရလေသည်။ ညီအစ်ကိုနှစ်ယောက်က နေ့တစ်ဝက်လောက် စောင့်နေခဲ့ရပါသည်။
"နင်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ." ကျိုးအာ့နီက သူတို့ကို အံ့အားသင့်စွာ မြင်လိုက်ရသည်။
"အမေက ငါတို့ကို လာစောင့်ခိုင်းထားတာ။ ဒုတိယအစ်မ" ကျိုးယန်က ပြောလိုက်သည်။ ထို့နောက် ဝမ်ယွမ်ကို ကြည့်လိုက်ပြီး ခေါ်လိုက်၏။ "အစ်ကို"
ထုတိုကလည်း သံယောင်လိုက်ပြီး 'အစ်ကို'ဟု နှုတ်ဆက်လိုက်သည်။ သူတို့၏ ဒုတိယအစ်မက လက်မထပ်ရသေးသဖြင့် ကျေးရွာတွင် ယောက်ဖအစား အစ်ကိုဟုသာ ခေါ်ကြပါသည်။
"ဒါက ကျွန်မရဲ့ မောင်အကြီးဆုံး ကျိုးယန်၊ သူက မောင်အငယ်ဆုံး ထုတို" ဟု ကျိုးအာ့နီက မိတ်ဆက်ပေးလိုက်သည်။
"ဘယ်က ထုတိုလဲ။ ကျွန်တော့နာမည် ကျိုးဝမ်ဗျ။" ထုတိုက ရှက်သွားသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ ကျိုးဝမ်ဆိုလည်း ကျိုးဝမ်ပေါ့။" ဝမ်ယွမ်က ရွှင်ပျစွာာ ပြန်ပြောလိုက်သည်။
သူ့ဇနီးလောင်းမိသားစု၏ မောင်နှစ်ယောက်က တော်ကြပါသည်။ သူတို့ကို သဘောကျသည်။
"အစ်ကို အိမ်ကိုမသွားခင် တတိယ ဦးလေးနဲ့ ဒေါ်လေးတို့ ဆိုင်ကို ဝင်ကြရအောင်။" ဟု ကျိုးယန်က ပြောလိုက်သည်။
"ဝင်သင့်တာပေါ့။" ဟု ဝမ်ယွမ်က ခေါင်းငြိမ့်လိုက်သည်။
အိမ်ပြန်လမ်းတွင် ထိုတတိယဦးလေးနှင့် ဒေါ်လေးတို့မှ ကျေးရွာမှ ထွက်လာကြပြီး ကောင်တီမြို့တွင် ဆိုင်ဖွင့်ထားသည်ဟု သူ့ဇနီးလောင်းက ပြောခဲ့၏။
တတိယအစ်ကိုနှင့် တတိယမရီးတို့က အိမ်မပြန်ကြသေးပါ။ ဒီကာလတွင် ရောင်းချစရာ များများစားစား မရှိသော်လည်း တတိယအစ်ကိုက ဆောင်းမရောက်ခင် ကြက်ဥများစွာနှင့် ရေခဲရိုက်ငါးများစွာကို စုဆောင်းထားခဲ့သည်။ ဒီကာလတွင် ရောင်းချဖို့ စီစဥ်ထား၏။
နှစ်ကုန်ဖြစ်သဖြင့် စီးပွားရေးက အလွန်ကောင်းပါလိမ့်မည်။ ထို့ကြောင့် ရွာမပြန်ခင် ၂၈ - ၂၉ ရက်လောက်အထိ နေရဦးမည်ဖြစ်သည်။
ဒီနှစ်ထဲ တတိယအစ်ကိုနှင့် တတိယမရီးတို့သည်လည်း ရွာထဲတွင် အုတ်နီအိမ်တစ်လုံး ဆောက်ခဲ့ကြသည်။ နှင်းမကျခင်က ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်၏။ အတော်လေး ကျယ်ဝန်းပါသည်။
ကျိုးမိသားစု၏ ပထမမိသားစု၊ တတိယမိသားစုနျင့် စတုတ္ထမိသားစုတို့မှာ အောင်မြင်ကြသည်ဟု ရွာထဲကလူများ မကြာခဏ ခံစားမိကြပါသည်။
ကျိုးအာ့နီကို မြင်သောအခါ တတိယအစ်ကိုနှင့် တတိယမရီးတို့ ကြက်သေသေသွားရသည်။ ကျိုးအာ့နီ မြို့တော်သို့ သွားပြီးကတည်းက သူမ ပြန်မလာခဲ့ဖူးပါ။
မတွေ့ရတာ ကြာပြီဖြစ်သဖြင့် ပြောင်းလဲမှုကလည်း ကြီးမားလွန်းလှပါသည်။ လမ်းတွင် အမှတ်တမဲ့တွေ့ကြပါက တတိယမရီးသည် သူ့တူမဟုပင် ပြောရဲမည်မဟုတ်ပါ။ ဒါက အရင်တုန်းက သူတို့တူမ အာ့နီသာဖြစ်ပါသည်။
"မနေ့က ရောက်ကြမယ်လို့ အကြီးဆုံးမရီးက ထင်ထားတာ။ ဒါပေမယ့် ဒီနေ့မှ ရောက်ကြတာကိုး။ ယန်ယန်နဲ့ ထုတိုတို့ မနေ့ကတည်းက ဒီမှာ တစ်နေကုန် လာစောင့်ကြတာလေ။" ဟု တတိယမရီးက ပြုံးကာ ပြောလိုက်သည်။
ကျိုးအာ့နီ ရှက်သွားသည်။ မနေ့က သူတို့ ပြန်ရောက်နိုင်ပါသည်။ နောက်ကျသော်လည်း အရေးမကြီးပါ။
သို့သော်လည်း ဝမ်ယွမ်က နေလို့မကောင်းဘူးဟု ဆိုကာ ဧည့်ရိပ်သာ တစ်ခု ရှာခဲ့ကြ၏။ သူတို့နှစ်ခန်း တောင်းသော်လည်း ဝမ်ယွမ်က ဆိုးသွမ်းကာ မနေ့ညက သူမအခန်းမှာပဲ အိပ်ဖို့ အတင်းပြောသည်။ သူ့ကို မောင်းမထုတ်နိုင်ခဲ့ပေ။
ဘာမှတော့ မဖြစ်ခဲ့ပါ။ သန့်သန့်ရှင်းရှင်း အိပ်စက်ခြင်းသာဖြစ်သည်။ ထို့အပြင် ကျိုးအာ့နီကလည်း သူမကိုယ်သူမ စောင်ဖြင့် တင်းတင်းကြပ်ကြပ် ပတ်ကာ အိပ်စက်ခဲ့ပါသည်။
ဝမ်ယွမ်က မျက်နှာပြောင်ကာ ရွှင်မြူးစွာဖြင့် ပြောလိုက်သည်။ "ဒီလောက် ခရီးအဝေးကြီး လာဖူးတာ ပထမဆုံးပါပဲဗျာ။ မနေ့ညက တော်တော်လေး နောက်ကျနေလို့ ကျွန်တော်တို့ မြို့ထဲက ဧည့်ရိပ်သာမှာပဲ ယာယီ နားခဲ့ကြတာ။ ယောက်ဖနှစ်ယောက်ကို တစ်ရက်လုံး စောင့်နေခိုင်းဖို့ မရည်ရွယ်ပါဘူး။"
သူ့မိန်းမနှင့် တစ်ညလောက် အတူတူ အိပ်ခဲ့ရပါသည်။ သူ့မိန်းမက အလွန် ထိန်းထိန်းသိမ်းသိမ်းရှိပြီး သူ့ကို အခွင့်ကောင်းယူခွင့်မပေးခဲ့သော်လည်း အလွန်အိပ်လို့ကောင်းသော ညလေးတစ်ညတော့ ဖြစ်ခဲ့ပါသည်။