အခန်း(၄၉၁) - ပျို့အန်ခြင်း
Vol. 35 Ch. 491
အခန်း(၄၉၁) - ပျို့အန်ခြင်း
သူတို့အဖွဲ့ ပြန်သွားကြသောအခါ တတိယမရီးက ပြောလိုက်သည်။ "အာ့နီ ဒီလောက်ကောင်းတဲ့သူနဲ့ ဘယ်လိုလုပ်ပြီး ဆုံသွားတာလဲလို့ သိချင်နေတာ။ ချင်းဟယ်က ပုံစံသွင်းပေးထားတာကိုး။ သူ့ကို မှတ်တောင် မမှတ်မိတော့ဘူး။"
တတိယအစ်ကိုကလည်း ပျော်ရွှင်နေပါသည်။ "အာ့နီက လူကောင်းလေးကို ခေါ်လာတာပဲ။"
သာမန်လောက် ကောင်းတာ မဟုတ်ကြောင်း တတိယမရီးသည် စိတ်ထဲက ပြောလိုက်သည်။ သူက စက်ရုံကြီးတစ်ခု၏ ဘော့စ်တစ်ယောက် ဖြစ်ရုံသာမကဘဲ ရုပ်ရည်နှင့် ပါရမီလည်း ကောင်းမွန်သည်။ ဒီလိုလူမျိုး ဘယ်မှာ ရှာနိုင်မည်နည်း။
ပိုအရေးကြီးသည်က သူတို့ လူကြီးသူမများကို သူဆက်ဆံသည့်ပုံစံပင်။ ယဥ်ကျေးပြီး ပညာတတ် ပီသသည်။
ထို့ကြောင့်လည်း သူ့ယောက္ခမများက အတော်လေး ကျေနပ်ကြသည်ဟု ချင်းဟယ် ပြောခဲ့ခြင်းဖြစ်သည်။ သူ အာ့နီကို တန်ဖိုးထားသည်ဟူသော သက်သေဖြစ်ပါသည်။
ဝမ်ယွမ်က ကျိုးအာ့နီကို တင်ကာ စက်ဘီးတစ်စီး နင်းလာခဲ့သည်။ ကျိုးယန်က သူ့ညီကို တင်ပြီး နောက်တစ်စီး နင်းလာ၏။ သူတို့အဖွဲ့က သိပ်မဝေးသိပ်မနီးသည့် ရွာသို့ ပြန်ရောက်လာကြသည်။
အိမ်ပြန်ခရီးလမ်းက မလွယ်ကူခဲ့သော်လည်း ဝမ်ယွမ် စိတ်ထဲမထားပါ။
ကျိုးအာ့နီက ရွာကို မြင်လိုက်သည်နှင့် ပြောလိုက်သည်။ "အရှေ့က ကျွန်မတို့ရဲ့ ကျိုးကျားရွာလေ။"
ကျိုးကျားရွာထဲက လူအများစု၏ မျိုးရိုးနာမည်က ကျိုးဖြစ်သည်။ ကျိုးမျိုးရိုးအမည်ရှိသည့် လူတိုင်းက သူတို့၏ ဘိုးဘေးဘီဘင်များမှ ဆင်းသက်လာကြပြီး ဆွေမျိုးတော်စပ်သည်ဟု ဆိုနိုင်၏။ သို့သော်လည်း မျိုးရိုးသွေးကတော့ အတော်ခြားနေပါပြီ။ တချို့က အချင်းချင်း ဆက်ဆံရေး မကောင်းကြပေ။
မောင်နှမသုံးယောက်သား ကြည့်ကောင်းသည့် ကောင်လေးတစ်ယောက်နှင့် ပြန်လာခဲ့ကြသည်။ ကြည့်ကောင်းသည့် ထိုကောင်းလေးမှာ ကျိုးအာ့နီကို စက်ဘီးဖြင့် တင်နင်းလာ၏။ ချက်ချင်းဆိုသလို ထိုသတင်းက ရွာတစ်လျှောက် ပျံ့နှံ့သွားလေသည်။
ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး မိန်းမ၏ စကားမှတဆင့် ပို၍ပင် ပျံ့နှံ့သွားရသည်။
ကျိုးလျို့နီ ထိုသတင်းများကို ကြားသောအခါ ကြောင်အသွားသည်။ ချက်ချင်းဆိုသလို အိမ်ကို အပြေးသွားပြီး သူ့အမေအား သွားတွေ့၏။
ဒုတိယမရီးက ပဲပေါက်စီများ လုပ်နေသည်။ သူမပြန်လာသည်ကို မြင်သောအခါ ဆူငေါက်လိုက်၏။ "ဟဲ့ ငပျင်းမ ငါတို့ဒီလောက်အလုပ်များနေတာကို ဘယ်သွားနေတာလဲ။ စားဖို့အချိန်ရောက်ရင်တော့ စားလိုက်တာမှ ပြောမနေနဲ့။ အလုပ်လုပ်ဖို့ အချိန်ရောက်ရင် သူများထက်မြန်အောင် ပုန်းတတ်တယ်။"
"အမေ အဲ့တာတွေမပြောနဲ့ဦး။ အမေသိပြီးပြီလား။ အာ့နီက ရည်းစားတစ်ယောက်နဲ့ ပြန်လာပြီတဲ့။ မြို့တော်က ရည်းစားတဲ့။ သူ့ပုံက တော်တော် အထင်ကြီးဖို့ ကောင်းတယ်လို့ ကြားတယ်။ ကြည့်လိုက်ရုံနဲ့ ချမ်းသာမှန်း ပြောနိုင်တယ်တဲ့လေ။" ဟု ကျိုးလျို့နီက စိတ်ဖိစီးစွာ ပြောလိုက်သည်။
ဒုတိယမရီး ကြက်သေသေသွား၏။ "အာ့နီပြန်လာပြီ ဟုတ်လား။ ပြီးတော့ မြို့တော်က ရည်းစားတစ်ယောက်ပါ ပါလာတယ်ဟုတ်လား။"
"သူက အောင်မြင်တဲ့ လူတစ်ယောက်တဲ့။" ကျိုးလျို့နီက သေချာပြောလိုက်သည်။
"နင့်အဖေကို သွားခေါ်စမ်း။" ဒုတိယမရီး အမြန် အမိန့်ပေးလိုက်သည်။
ဒုတိယအစ်ကိုက အနားယူအိပ်စက်နေ၏။ ဆောင်းရာသီတွင် ဘာမှလုပ်စရာမရှိပါ။ မအိပ်ဘဲ ဘာလုပ်ရမည်နည်း။ အဓိကအချက်ကတော့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေသဖြင့် ဖြစ်ပါသည်။
သူ့အကြီးဆုံးအစ်ကိုနှင့် တတိယညီတို့ အကုန်လုံး အုတ်နီအိမ်တစ်လုံးစီ ဆောက်ပြီးကြပြီ။ သူကတော့ သူ့မိဘများပိုင်သည့် အိမ်တွင်သာ ဆက်နေရသေး၏။ ဒုတိယ အစ်ကို စိတ်တိုမိပါသည်။
သို့သော် သူ့တူမအာ့နီ ရည်းစားနှင့် ပြန်ရောက်လာကြောင်း ကြားလိုက်ရသောအခါတွင်တော့ သူ အိပ်နေရာမှ ထကာ သွားကြည့်လိုက်ရသည်။
ကျိုးလျို့နီက သူ့နောက်လိုက်ချင်သည်။ သို့သော် ဒုတိယ အစ်ကိုက ဒေါသထွက်စွာ ပြောလိုက်၏။ "နင်အိမ်မှာ နေစမ်း။"
"အဖေ သမီးလည်းသွားကြည့်ချင်တယ်။ အစ်မအာ့နီနဲ့ မတွေ့ရတာကြာပြီ။" ဟု ကျိုးလျို့နီက စကားနားမထောင်ဘဲ လိုက်ဖို့ အတင်းပူဆာသည်။
ဒုတိယအစ်ကိုလည်း ရွေးချယ်စရာမရှိတော့ဘဲ ခေါ်လာရတော့၏။
ကျေးရွာဆန်သည့် လက္ခဏာ တစ်ခုတစ်လေတောင်မရှိဘဲ ကျိုးအာ့နီတစ်ယောက် မြို့သူကြီးတစ်ယောက်လိုပုံစံ ပေါက်နေမှန်း ကျိုးလျို့နီ မြင်လိုက်ရသောအခါ စိတ်ထဲ အချဥ်ပေါက်သွားသည်။ သံပုရာရည်နှင့်ပင် နှိုင်းယှဥ်နိုင်လောက်အောင် စိတ်ချဥ်ပေါက်သွားပါသည်။
သူမ၏ စတုတ္ထဒေါ်လေးက ဘက်လိုက်လွန်းသည်။ ကျိုးအာ့နီကို ဒီလောက်ထိ ခေတ်ဆန်ဆန် လှလှပပ ဆင်မြန်းထားပေးသည်။ သူမက ကျိုးအာ့နီထက် ပိုကြည့်ကောင်းပြီး ကျိုးအာ့နီက ရုပ်မဆိုးရုံတမယ်သာ ရှိသည်။
ထို့နောက် ဝမ်ယွမ်ကို ကျိုးလျို့နီ မြင်သွား၏။ ပို၍ပင် စိတ်ချဥ်ပေါက်သွားပြီး မနာလိုဖြစ်သွားသည်။ ပထမဆုံး ဒီလူက ချမ်းသာသည်။ သေချာပေါက် ချမ်းသာပါသည်။ တစ်ချက်လောက် ကြည့်လိုက်သည်နှင့် သာမန်မဟုတ်မှန်းသိသည်။ ထို့အပြင် မြို့တော်အိမ်ထောင်စု စာရင်းနှင့်လူဖြစ်ပြီး ကျိုးအာ့နီကို ဘာကြောင့် ကြိုက်ရတာလဲ။
ကျိုးလျို့နီ ထိုနေရာတွင် ဆက်မနေခဲ့ပါ။ ကြာကြာ ဆက်နေလျှင် စိတ်အချဥ်ပေါက်လွန်းသဖြင့် သေသွားနိုင်ပါသည်။
ဒုတိယမရီးကလည်း သတင်းကို စောင့်နေ၏။ ပထမမိသားစု ဖြစ်ဖြစ် ဒုတိယမိသားစုဖြစ်ဖြစ် အိမ်ဆောက်လုပ်နေစဥ် ကာလအတွင်း သူမတစ်ခါမှ သွားမကူညီဖူးပါ။ အခုတော့ ဆက်ဆံရေးက တော်တော် ဆိုးရွားနေပြီ ဖြစ်သဖြင့် ဒုတိယမရီးက မသွားတော့ပေ။
သူ့သမီး ပြန်လာသည်ကို မြင်သောအခါ သူမ မေးလိုက်၏။ "တကယ်လား။ မြို့တော်က ရည်းစားကို တကယ်ခေါ်လာတာလား။"
"တကယ်မဟုတ်ဘဲ နေမလား။" ကျိုးလျို့နီ သေအောင် စိတ်ကုန်သွားသည်။ ဟိုတစ်ချိန်က သူမ မြို့တော်သို့သွားပြီး အောင်မြင်စွာ နေနိုင်ခဲ့ပါက သူမ အခုလို ပုံစံမျိုး ဖြစ်နေပါ့မလား။
သူမ၏ နည်းလမ်းများနှင့် ပုံစံဖြင့်သာဆို သေချာပေါက် မြို့တော်တွင် ကောင်လေးတစ်ယောက် ရှာနိုင်လောက်သည်။ သူ့ဒေါ်လေးက ဒီလောက်ရက်စက်ပြီး သူမကို တန်းတန်းမတ်မတ် ပြန်လွှတ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။
အခု ကျိုးအာ့နီ ဘယ်လောက်တောင် အဆင်ပြေနေသလဲ ကြည့်ပါဦး။ အဝတ်အစားတွေက ဘယ်လောက်လှလိုက်သလဲ ကြည့်ပါဦး။ မြို့တော်ကလူတွေလောက်ကို လှပသည်။ ထိုအချိန်က သူမသာ မြို့တော်တွင် နေနိုင်ခဲ့ပါက သူမလည်း ထိုနည်းလည်းကောင်းဖြစ်လာနိုင်သည်။
"အဲ့ဒီရည်းစားက တကယ် အဲ့လောက်ကောင်းတာလား။" ဟု ဒုတိယမရီးက ထပ်မေး၏။
"ငယ်ရွယ်ပြီး အလားအလာရှိတဲ့ပုံစံပဲ။" ဟု ကျိုးလျို့နီက မကျေနပ်စွာ ပြောလိုက်သည်။ "အမေ ပြောပါဦး။ ဘာလို့ စတုတ္ထဒေါ်လေးက အဲ့လောက် မတရားရတာလဲ။ အကြီးဆုံးဦးလေးနဲ့ တတိယဦးလေးတို့ မိသားစုတွေ အပေါ်ကျ အရမ်းကောင်းပြီးတော့ သမီးတို့ မိသားစုကျမှ ဂရုတောင်မစိုက်ဘူး။ အလုပ်တွေကိုတောင် သမီးအစား သူစိမ်းတွေကို နေရာပေးပြစ်တယ်။"
ဒုတိယမရီးက ဘာမှမပြောပါ။ သူမအတွေးတွေကလည်း ထိုနည်းလည်းကောင်းပဲ မဟုတ်လား။
ပထမမိသားစု၏ သမီးများကို လင်းချင်းဟယ် မြို့တော်သို့ ခေါ်ခဲ့၏။ ကျိုးယန်ကိုလည်း သူမက မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
တတိယမိသားစု မြို့တော်တွင် ဆိုင်ဖွင့်ဖို ငွေအရင်းအနှီးထုတ်ပေးပြီး ဆိုင်ကယ်တစ်စီးပင် ဝယ်ပေးသည်။ ကောင်မလေး ဝူနီသည်လည်း ကောလိပ်ဝင်ခွင့် စာမေးပွဲအောင်သွားပြီ။
သူမ၏ ဒုတိယမိသားစုသာ ဘာဆိုဘာမှ မရခဲ့ခြင်းဖြစ်သည်။
လင်းချင်းဟယ် သူမကို အထင်မသေးသည့် အချိန်ဆိုတာ မရှိခဲ့ပါ။
ဒုတိယအစ်ကိုလည်း ခဏနေတော့ ပြန်လာ၏။ ညနေခင်းတွင် ဟိုဘက်မှာ ထမင်းသွားစားမည်ဖြစ်သည်။ အာ့နီနှင့်ဝမ်ယွမ်တို့ ခုလေးတင်ရောက်ကြသဖြင့် ပင်ပန်းနေလိမ့်မည်။ ထို့ကြောင့် သူ မနှောင့်ယှက်ချင်ပါ။
"အဖေ အစ်မအာ့နီက မြို့တော်ကို ရောက်ပြီးမှ ဒီလောက်ထိ ကောင်းလာတာ။ အစ်မစစ်နီလည်း မြို့တော်ကို ရောက်သွားပြီး အနာဂတ်မှာ သေချာပေါက် ဒီလိုပဲဖြစ်လာဦးမှာပဲ။ မြို့တော်က လူတွေအတိုင်း ဖြစ်လာကြမှာ။ အဖေက စတုတ္ထဦးလေးနဲ့ ဒေါ်လေးကို ဖြောင်းဖြလို့ရတယ်ဆိုတော့ သမီးစကားနည်းနည်းလောက် ပြောလို့ရအောင် ကူညီပေးပါလား။ မြို့တော်ကနေ သေချာပေါက် သားမက်ကောင်းကောင်းတစ်ယောက် ခေါ်လာပေးပြီး သမီးတို့မိသားစုကို မျက်နှာရစေရမယ်လို ကတိပေးပါတယ်။" ဟု သူမ အဖေ ပြန်ရောက်လာသည်ကို တွေ့သောအခါ ကျိုးလျို့နီက အလျှော့မပေးဘဲ ပြောလိုက်သည်။
"နင်ကလား" ဒုတိယအစ်ကိုက သူမကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ "အဲ့လိုဟာတွေ နင်ဘာလို့ ပြောနေသေးတာလဲ။"
"အဖေ သမီးက အဖေ့သမီးပါ။" ကျိုးလျို့နီ မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။
ဒုတိယအစ်ကိုက ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "ငါ့သမီးမို့လို့ နင့်စရိုက်ကို ငါသိတယ်။ မြို့တော်ကို သွားဖို့ စိတ်တောင်မကူးနဲ့။ နင့်ပုံစံနဲ့ အဲ့ဒီကိုရောက်လည်း ဘာမှအကူအညီ ဖြစ်မှာမဟုတ်ဘူး။ နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က နင့်အဘိုးအဘွားတွေကို စောင့်ရှောက်ပေးထားတာ။ နင့်ကိုပါ စောင့်ရှောက်ဖို့ အချိန်မရှိဘူး။"
ထိုစကားများက ရှင်းလွန်းသည်။ ဒုတိယမရီး မျက်နှာ အကျည်းတန်လာ၏။ "အိမ်ထောင်ဦးစီးကြီး ရှင်ဘာလို့ ဒီလို ပြောတာလဲ။"
"ငါပြောတာမရှင်းဘူးလား။ နင့်သမီးရဲ့ စရိုက်က ဘယ်လိုမျိုးမို့လို့လဲ။ နင် မသိဘူးလား။" ဒုတိယအစ်ကိုက သူမကို ကြည့်လိုက်သည်။
သူ့သမီးကို ချီးမွမ်းချင်ပြီး သူ့သမီးလည်း မြို့တော်က သားမက်တစ်ယောက်ခေါ်လာက မျက်နှာရအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်မိပါသည်။ သို့သော် အဓိကအချက်က ဒီသမီးက အဲ့လိုလုပ်ဖို့ သင့်တော်နေလို့လား။ စဥ်းစားစမ်းပါဦး။
"နှစ်သစ်ကူးပြီးရင် သူ ၁၈နှစ် ပြည့်ပြီ။ အိမ်ထောင်ပြုဖို့ အချိန်လည်းရောက်ပြီ။ လျို့နီနဲ့ ပေးစားဖို့ နင်ရှာပေးနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက အရမ်းပျင်းတယ်။ သူ့အိမ်မှာ အိမ်မှုကိစ္စနိုင်နင်းဖို့ မျှော်လင့်မနေနဲ့။" ဟု ဒုတိယအစ်ကိုက ဆက်ပြောသည်။
ဒုတိယမရီးက ဘာမှမတုန့်ပြန်တော့ဘဲ ပြောလိုက်သည်။ "ကျွန်မ မျက်လုံးရှင်ရှင် ထားနေပါတယ်။"
ကျိုးလျို့နီ ပေါက်ကွဲသွားသည်။ ကျိုးအာ့နီကျတော့ မြို့တော်က ကောင်လေးနဲ့ ယူနိုင်ပြီး သူမကျတော့ ဘာလို့မရတာလဲ။
သို့သော်လည်း သူမ အဖေက တုတ်တုတ်မှ မလှုပ်။ ကျိုးလျို့နီက အခန်းထဲ လှည့်ဝင်သွားသည်။ မျက်နှာက ဆူပုတ်နေပြီး မကြာမီ ပျို့အန်ချင်လာသည်ဟု ခံစားလိုက်ရသည်။