← Chapters

အခန်း(၄၉၄) - လူကြီး လူငယ် အတွဲ

Vol. 36 Ch. 494

အခန်း(၄၉၄) - လူကြီး လူငယ် အတွဲ

Vol. 36 Ch. 494

အခန်း (၄၉၄) - လူကြီး လူငယ် အတွဲ

ဝိန်မိသားစု နှစ်သစ်ကူးတွင် သူတို့နှင့် ညစာလာစားမည်ဆိုပါက လင်းချင်းဟယ်က ဖက်ထုပ်ဆိုင်တွင် အတူတူစားကြဖို့ ကြံရွယ်ထားသည်။ သို့သော် သူတို့က မလာဘူးဆိုသဖြင့် လင်းချင်းဟယ် အားလုံးကိုခေါ်ကာ အဖေကျိုးနှင့် အမေကျိုးတို့ဘက်တွင်သာ စည်စည်ကားကား သွားစားသောက်ခဲ့ကြပါသည်။

ကျိုးမိသားစု၏ မျိုးဆက်အားလုံးလိုလို စုမိကြသည်။

ချန်းရှန်ရှန်ကိုပင် သူတို့နှင့် နှစ်သစ်ကူး ညစာ အတူတူစားဖို့ ခေါ်ခဲ့သည်။ ချန်းမိသားစုကလည်း မကန့်ကွက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က တွဲနေကြပြီဖြစ်ပြီး မကြာခင်လည်း လက်ထပ်တော့မည် မဟုတ်ပါလား။

ထို့ကြောင့် ဒီနှစ် ဟူကျစ်နှင့် အတူတူ နှစ်သစ်ကူး ညစာအတူတူလာစားနိုင်ပါသည်။

ဒီလို လူအုပ်စုကြီးအတွက် ကျိုးချင်းပိုင်က ကြိုတင်ပြင်ဆင်ထားခဲ့ရသည်။ စားပွဲဝိုင်းကြီး နှစ်ခုကို ငှားထားသော်လည်း ထိုင်ဖို့ လုံလောက်သည်ဆိုရုံသာ ရှိပါသည်။

အဘိုးဝမ်က ပြောလိုက်၏။ "ဒီနှစ် နှစ်သစ်ကူးကတော့ မနှစ်ကထက် ပိုစည်ကားတယ်ဟေ့။"

"ဟုတ်တယ်နော်။ နှစ်တိုင်း ဒီလိုသာဆိုရင် အရမ်းကောင်းမှာပဲ။" ဟု အမေကျိုးက ပျော်ရွှင်စွာ ပြောလိုက်သည်။

အဖေကျိုးကလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ပြောလိုက်သည်။ "စည်းစည်းလုံးလုံး နေတဲ့ မိသားစုတစ်စုဆိုတာ ကြီးပွား ချမ်းသာတတ်တယ်။ အားလုံးပဲ ခွက်ချင်းတိုက်ကြစို့။"

ထို့နောက် အရက်သောက်နိုင်သည့်သူ အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ မသောက်နိုင်သည့်သူတွေကတော့ ယမကာအပျော့ကို သောက်ကြသည်။ စားပွဲနှစ်လုံးစလုံး မြိန်ရေရှက်ရေ စားသောက်ခဲ့ကြပါသည်။

အားလုံး နှစ်သစ်ကူးညစာကို ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ခဲ့ကြသည်။ တီဗီတွင်လည်း Spring Festival Gala ရှိုး လာနေသဖြင့် အတော်စည်ကားနေပါသည်။

စားသောက်ပြီးကြသောအခါ ကလေးငယ်များက လမ်းလျှောက်ထွက်သွားကြသည်။ ကျိုးညီအစ်ကိုများနှင့် တခြားသူများလည်း အပြင်ထွက်ကစားကြ၏။ ဒီနေ့ည အပြင်ဘက်တွင် တည်ငြိမ်မှု မရှိနိုင်တော့ပါ။

"ဒီနှစ်က တော်တော်လှတဲ့ နှစ်လေးပဲ။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"ဟုတ်တာပေါ့။ လှတာပေါ့။ ငါတို့ အိမ်ဟောင်းမှာ အကြီးဆုံးမရီးနဲ့ တခြားသူတွေလည်း အဆင်ပြေနေကြတာပဲ။" ဟု လင်းချင်းဟယ်က ရွှင်မြူးစွာ ပြန်ပြောလိုက်ပါသည်။

"စတုတ္ထချွေးမ ဝမ်ယွမ်က သူတို့အိမ်မှာ နေသားကော ကျရဲ့လား။ ဖုန်းဆက်ပြီး မေးဖြစ်သေးလား။" အမေကျိုးက မေးလိုက်သည်။

"ဒီနေ့ပဲ ဖုန်းဆက်တယ်လေ။ အကြီးဆုံးမရီးက ဖုန်းကိုင်တယ်။" ဟု လင်းချင်းဟယ်က ဖြေလိုက်သည်။

အာ့နီနှင့်အတူ ဝမ်ယွမ်မွေးရပ်မြေသို့ ပြန်သွားသဖြင့် အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ သူတို့၏ ဒုတိယသားမက်ကို ကိုယ်တိုင်မြင်ခဲ့ကြရပါသည်။ အရင်ကည်းက ဓာတ်ပုံကြည့်ရုံနှင့် သဘောကျပြီးသား ဖြစ်သဖြင့် ယခုတော့ ပြောစရာမလိုတော့ပါ။ လင်မယားနှစ်ယောက်က ဒီလို သားမက်မျိုး ရလာဖို့ တစ်ခါမှလည်း စိတ်ကူး မယဥ်ခဲ့ဖူးပါ။

အထူးသဖြင့် ဝမ်ယွမ်က တကယ်အေးချမ်းသည်။ အမှန်ပင်။ ဒါကလည်း သူ့ရဲ့ အေးချမ်းချင်စိတ်ကြောင့် ဖြစ်၏။ ထိုစိတ်မရှိပါက အလွန်မောက်မာပြီး ရိုင်းစိုင်းနိုင်သည်။ အာဏာရှိပြီးသား မိသားစု၏ ဒုတိယမျိုးဆက်ဖြစ်ရုံသာမကဘဲ ကိုယ်ပိုင်အစွမ်းအစအရဆိုလျှင်လည်း ချမ်းသာသော မျိုးဆက်ဖြစ်ပါသည်။ သူက မောက်မာချင်လျှင် မောက်မာနိုင်ပါသည်။

သို့သော် သူ့ယောက္ခထီးနှင့် ယောက္ခမတို့ အပေါ်တွင် အလွန်ယဥ်ကျေးသည်။ ဒီလို သဘောထားမျိုးကြောင့် သူ့ကို သဘောကျကြပါသည်။

အကြီးဆုံးမရီးနှင့် ဖုန်းပြောသောအခါ အကြီးဆုံးမရီးက ပျော်မြူးနေခဲ့ပါသည်။

"ဝမ်ယွမ် ဒီကောင်လေးက လက်တွေ့ကျတယ်။ အာ့နီကို သူ့လက်ထဲ စိတ်အေးလက်အေး အပ်နိုင်ပါပြီ။" အမေကျိုးက ထိုအကြောင်း ကြားသောအခါ အလွန်ဝမ်းသာမိပါသည်။ ထို့နောက်လင်းချင်းဟယ်ကို နူးညံ့သော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ "စတုတ္ထချွေးမ အာ့နီကို လေ့ကျင့်ပေးပြီး ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးတွေပေါ့။ မဟုတ်ရင် တဖက်လူက သူ့ကို ဘယ်မျက်စိကျပါ့မလဲ။"

လင်းချင်းဟယ်က သူ့ယောက္ခမ၏ အကြည့်ကို ခံနိုင်ရည်မရှိဘဲ ပြောလိုက်သည်။ "ကျွန်မ ကျေးဇူးလို့ ပြောလို့မရပါဘူးရှင်။ အာ့နီက စာကြိုးစားပြီး သင်ယူချင်စိတ်ရှိတယ်။ အဲ့ဒီအပြင် သူက စကားနားထောင်တယ်။ အဲ့လိုဖြစ်မှသာ ကျွန်မကလည်း သင်ကြားပေးတာ။ အမေ၊ နားမထောင်တဲ့လူတွေကိုတော့ ကျွန်မကို သင်ခိုင်းရင်တောင် သင်မပေးဘူး။"

အမေကျိုးက အနည်းငယ် ရှက်ရွံ့သွားသည်။ ထို့နောက် မျက်နှာကို တည်တံ့လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။ "အစကတော့ ချမ်းကျစ်ကို သင်ပေးစေချင်တာ။"

"အဲ့တာတွေက အကုန်လုံး ရာဇဝင်ဟောင်းတွေ ဖြစ်ကုန်ပါပြီ။ အခုမှ ပြန်ပြောမနေပါနဲ့တော့။" ကျိုးရှောင်မိန်က အမေကျိုးစကားကို ပိတ်လိုက်သည်။

လင်းချင်းဟယ်က ယခုအသက်ကြီးလာပြီး စိတ်ဓာတ်လည်း ပြောင်းလဲလာပါပြီ။ ထို့အပြင် သူမ၏ ယောက္ခမကလည်း မငယ်တော့သဖြင့် လင်းချင်းဟယ်က ကောက်ရိုးပုံကို အပ်ဖြင့် မထိုးချင်ပါ။ အထူးသဖြင့် နှစ်သစ်ကူးလိုနေ့မျိုးတွင်ဖြစ်သည်။

"နောက်နှစ်ကျရင် သူတို့ လက်ထပ်ကြပြီး နောက်ပိုင်း အာ့နီက တခြားမှာ သွားနေတော့မှာ။" လင်းချင်းဟယ်က အနည်းငယ် တုန့်ဆိုင်းနေခဲ့ပါသည်။ သူမတွင် သမီးမိန်းကလေးမရှိပါ။ အာ့နီကို ရင်ထဲကအတိုင်း သင်ကြားပေးခဲ့ပြီး သူမ၏ သမီးအရင်းလို ဆက်ဆံခဲ့သည်။

"ဝမ်ယွမ် ဝယ်ထားတဲ့ အိမ်က ဒီနားမှာပဲလေ။ သိပ်မဝေးဘူး။ ၁၀ မိနစ်လောက် အကွာအဝေးပါပဲ။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။

"အနာဂတ်မှာ အဲ့မှာနေရင် ကောင်းတာပေါ့။ ကိုယ့်ဖာသာကို ချက်ပြုတ်စရာမလိုဘူး။ နှစ်ယောက်တည်းဆိုရင် ဒုက္ခများတာပေါ့။ ငါတို့နဲ့အတူတူ လာစားလို့ရတာပဲ။" ဟု အမေကျိုးက ပြောလိုက်၏။

ကျိုးရှောင်မိန်ကလည်း သဘောတူသည်။ "ဒါဖြင့်လည်း အချိန်ကျရင် သူတို့ကိုပြောပြီး လာစားချင်ကြလား မေးကြည့်ပေါ့။ ဆန်နည်းနည်း ပိုချက်ရုံပဲလေ။"

လင်းချင်းဟယ်က Spring Festival Gala ကိုကြည့်နေသော ကျိုးစန်းနီအား ကြည့်လိုက်၏။ ထို့နောက် လိမ္မော်သိးနှစ်လုံးပေးလိုက်ပြီး မေးလိုက်သည်။ "စန်းနီ ခံတွင်း အခြေအနေ ဘယ်လိုနေလဲ။"

"ခံတွင်းအခြေအနေ ကောင်းပါတယ်။" ကျိုးစန်းနီက ပြုံးလိုက်သည်။

လီအိုက်ကော်က ကျိုးချင်းပိုင်၊ စုတာ့လင်းနှင့် တခြားသူများနှင့် အတူတူရှိနေသည််။ သူတို့က သောက်နေကြဆဲဖြစ်ပြီး မုန့်များလည်း စားနေသည်။ မိန်းမများက သူတို့ကို လွှတ်ထားပေးလိုက်၏။ တစ်နှစ်မှာ တစ်ခါပဲမဟုတ်လား။

"ခံတွင်းကောင်းတော့ တော်သေးတာပေါ့။ ပန်းသီးနဲ့ လိမ္မော်သီးများများစား။ နင့်အကြီးဆုံးဒေါ်လေးနဲ့ တတိယဒေါ်လေးတို့ ကိုယ်ဝန်ရှိတုန်းက ငါသူတို့ကို ပန်းသီးများများ စားခိုင်းတာလေ။ ထုတိုနဲ့ တုန်းကျစ်တို့ကို ကြည့်ပါဦး။ နှစ်ယောက်စလုံးက မချောကြဘူးလား။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"အဲ့တာတွေကို စားရင် အကျိုးရှိလို့လား။" ဟု အမေကျိုးက ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

"အကျိုးရှိတာပေါ့" ကျိုးရှောင်မိန်က ဝင်ပြောသည်။ သူမ ကိုယ်ဝန်ရှိစဥ်က သူမ စားဖို့အတွက် စတုတ္ထယောင်းမက သစ်သီးများ ဝယ်လာပေးခဲ့သည်။ အများကြီး စားဖို့မလိုသော်လည်း မစားလို့တော့မရပါ။

ထိုအချိန်တုန်းက သူမနှင့် စုတာ့လင်းတို့ အလုပ်များက ဝင်ငွေနှစ်ဖက် အိမ်ထောင်စု တစ်ခုဖြစ်သဖြင့် သူတို့အခြေအနေများ ကောင်းမွန်ကြသည်။ ငွေလုံလောက်သဖြင့် သူတို့ဝယ်စားခဲ့ကြပါသည်။

ကလေးမွေးလာသောအခါ အသားအရည်က အလွန်ကောင်းမွန်သည်။ မိတ်ဖုများလည်း မပေါက်လွယ်ပါ။

ကျိုးရှောင်မိန်က သူမ၏ မိသားစုမှ တူ၊ တူမများ မိတ်ဖုများ ပေါက်သည်ကို မြင်ဖူးသည်။ မိတ်ဖုတင်မကသေးဘဲ အရည်ကြည်ဖုများပါ ပေါက်ပြီး ဆေးနီရည်ဖြင့် ကုသဖို့ လိုအပ်ခဲ့သည်။

ကျေးရွာဘက်က ကလေးငယ်များ မကြာခဏ ကတုံးတုံးရပြီး ခေါင်းပေါ်တွင် ဆေးများ သုတ်လိမ်းရသည်။

သူမတို့မိသားစုတွင်တော့ ဒါမျိုး မဖြစ်ကြပါ။ အားလုံးက အသားအရည်များ ကောင်းမွန်ကြပါသည်။

"ဒါဆို များများ စားရမှာပေါ့။ အရင်တုန်းကလို ပုံစံမျိုးနဲ့ နေစရာ မလိုတော့ဘူးလေ။" ဟု အမေကျိုးက ကျိုးစန်းနီကို ပြောလိုက်သည်။

စတုတ္ထယောင်းမ စန်းနီတို့ကိုပေးသည့် လစာ မနည်းမှန်း သူမသိသည်။ ပန်းသီးများကလည်း စျေးသိပ်မကြီးသဖြင့် ဝယ်စားနိုင်ပါသည်။

"သမီးတို့မှာ ရှိပါတယ်။ အိုင်ကွေ့က ပန်းသီးတွေ၊ လိမ္မော်သီးတွေ၊ ငှက်ပျောသီးတွေ သမီးစားဖို့ ဝယ်ပေးထားတယ်။" ကျိုးစန်းနီက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပါသည်။

လင်းချင်းဟယ်က ထိုစကား ကြားသောအခါ ကျေနပ်သွားပါသည်။

"အိုင်ကွေ့က နင့်ကိုဘယ်လို ချစ်ရမလဲသိတာ ကောင်းတာပေါ့။" ဟု အမေကျိုးက ပြောလိုက်သည်။

ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ အရင်ပြန်သွားကြ၏။ ကျန်းမာရေးကောင်းသည်ဟု ဆိုကာ လမ်းလျှောက်ပြန်သွားကြသည်။

ကျိုးရှောင်မိန်က ပြောလိုက်၏။ "စန်းနီရဲ့ အိမ်ထောင်ရေးက ဘယ်ဆိုးလို့လဲ။ အိုင်ကွေ့က သူ့ထက် နည်းနည်းကြီးပေမယ့် စန်းနီကို တကယ်ချစ်ပါတယ်။"

တကယ်တော့ လီအိုက်ကော် စန်းနီထက် အသက် ၁၀ နှစ်ကြီးနေရခြင်းကို သူတို့ သိပ်သဘောမတွေ့ခဲ့ကြပါ။ သို့သော်လည်း လီအိုက်ကော်က စန်းနီကို တကယ်တန်ဖိုးထားပါသည်။ စန်းနီကလည်း ပျော်ရွှင်တက်ကြွလာ၏။ အရင်ကလို မှုန်ကုပ်ကုပ် ပုံစံမျိုး မရှိတော့ပေ။

ထို့ကြောင့် ဒီလိုတွေးကြည့်ပါက မဆိုးလှပါ။။

လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "ငါတို့ ကျိုးမိသားစုမှာ ဘာလို့ လူကြီးနဲ့လူငယ်အတွဲတွေ များနေတယ်လို့ ခံစားနေရပါလိမ့်။"

သူမယောက်ျား ချင်းပိုင်က သူမထက် အသက် အများကြီး ပိုကြီးသည်။ စုတာ့လင်းက ကျိုးရှောင်မိန်ထက် အသက် အများကြီး ပိုကြီး၏။ ဝမ်ယွမ်က အာ့နီထက် အသက် ၆ နှစ် ပိုကြီးသည်။ ထို့အပြင် လီအိုက်ကော်နှင့် ကျိုးစန်းနီကလည်း...

ကျိုးရှောင်မိန် ရယ်မောလိုက်သည်။ အမေကျိုးလည်း ရယ်သွား၏။ "အသက် ၁၀ နှစ် ထက်မကျော်ရင် အဆင်ပြေပါတယ်။"

ထိုအိမ်တွင် ၁၀ နာရီထိုးသည်အထိ ထိုင်စကားပြောပြီးမှ လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့်အတူ အိမ်ပြန်သွားသည်။ အဘိုးဝမ်ကို ကျိုးကွေ့လိုင်က လိုက်ပို့၏။ လိုက်ပို့ရင်း ခေါင်းကိုင်အဘိုးနှင့် အတူအိပ်ခဲ့ပြီး နှစ်သစ်ကူးကို အတူတူ ဖြတ်သန်းခဲ့ကြပါသည်။

အဘိုးဝမ်က သူ့ခေါင်းကိုင်မြေးသုံးယောက်ကို အတော်ချစ်ပါသည်။ သူတို့ကလည်း ဒါကို ကောင်းကောင်းသိသည်။ ထို့ကြောင့် သူတို့အချိန်ရပါက သူတို့ခေါင်းကိုင်အဘိုးနှင့် အမြဲတမ်း သွားနေချင်ကြပါသည်။

ကျိုးခိုင်က နွေရာသီ အားလပ်ရက်ပြန်လာတိုင်း သူ့ခေါင်းကိုင်အဘိုးထံသို့ သွားကာ တစ်ညလောက်တော့ သွားအိပ်တတ်ပါသည်။

All Chapters