အခန်း(၄၉၆) - လက်ထပ်စာချုပ် မရှိခြင်းသာ
Vol. 36 Ch. 496
အခန်း(၄၉၆) - လက်ထပ်စာချုပ် မရှိခြင်းသာ
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်ကတော့ သူမကို အရေးမစိုက်ကြပေ။
သို့သော်လည်း ကျန်းမေ့ဟယ်တစ်ယောက် ကောင်းကောင်းမွန်မွန် ဘဝမျိုးကို စွန့်လွှတ်ပြီး ဘာကြောင့် ဒီလိုလမ်းမျိုးလျှောက်နေရသလဲ ဆိုတာကတော့ ဇဝေဇဝါဖြစ်စရာ ဖြစ်နေဆဲပင်။
သူမ၏ အတိတ်က အကြောင်းအရာများကို ဘယ်သူမှ မမေ့သေးပါ။ ကလေးရှိသည့် မုဆိုးဖို တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ သို့သော်လည်း အဆင့်တက်ဖို့ ကြိုးစားခဲ့သေး၏။ ရလဒ်ကတော့ ကွာရှင်းခံရမှုပင်။ ထိုအချိန်မှစပြီး ကွဲနေပြီးသား ပုလင်းကို ထပ်ခွဲနေတော့သည်။
ဆန်တစ်မျိုးတည်းက မတူညီသော လူရာချီကို ပျိုးထောင်နိုင်သည်ဟုသာ ဆိုနိုင်သည်။
နှစ်သစ်ကူး ၂ ရက်နေ့မှ မနက်စောစော ကျန်းမေ့ဟယ် ပြန်လာခြင်းဖြစ်သည်။
သူမ၏ မိသားစုကို စောင့်နေခဲ့သည်။ နေ့လည်အထိ စောင့်နေရပြီးမှ သူမ၏ ညီမ ကျန်းမေ့လျန် ရောက်လာသည်ကို မြင်လိုက်ရပါသည်။
ကျန်းမေ့လျန်၏ ပုံစံက အတော်လေး ကောင်းမွန်နေသည်။ အံ့သြစရာ မရှိပါ။ ဆိုင်လုပ်ငန်းက အခုတော်တော်လေး အဆင်ပြေနေပြီဖြစ်ပါသည်။ လတိုင်း အစုပေါ်အမြတ်ငွေ ယွမ် ၂၀၀ ကျော် ရသည်။ သူမ အလုပ်လုပ်စဥ်ကာလကထက် အများကြီး များပါသည်။
"ဘာလို့ အခုမှ ပြန်လာတာလဲ။ နင့်ကို ငါစောင့်နေရတာ ဘယ်လောက်ကြာပြီလဲ သိလား။" ဟု ကျန်းမေ့ဟယ်က သူမကို တွေ့သောအခါ ဒေါသထွက်စွာ ပြောလိုက်သည်။
"ငါ့ကိုစောင့်နေတယ် ဟုတ်လား။" ကျန်းမေ့လျန်က ပြောလိုက်သည်။
"နှစ်သစ်မှာ အိမ်မှာတောင်မရှိဘူး။ အပြင်မှာ ဘာတွေလုပ်နေတာလဲ။" ဟု ကျန်းမေ့ဟယ်က မေးလိုက်သည်။
ကျန်းမေ့လျန်က မျက်ခုံးပင့်ကာ စကားတစ်ခွန်းမှ မပြောခဲ့ပါ။ သူမ၏ တုန့်ပြန်မှုကို မြင်မှ ကျန်းမေ့ဟယ် နားလည်သွားပါသည်။ အပြင်ဘက်တွင် ယောက်ျားတစ်ယောက် ရှိနေ၏။
"ငါပြောပါဦးမယ်။ နင့်ပုံစံက ဘာလို့ ဒီလိုဖြစ်နေတာလဲ။" ကျန်းမေ့ဟယ် မျက်စောင်းထိုးလိုက်သည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ယောက်ျားနှင့် မကင်းသည့် ခန္ဓာကိုယ်မှန်း သူမ ပြောနိုင်ပါသည်။
"ဘာဖြစ်လို့လဲ။" ကျန်းမေ့လျန်က မေးလိုက်သည်။
ကျန်းမေ့ဟယ် အလုပ်လုပ်ပြီး အိမ်ပြန်လာခါမှ ဒီကောင်မလေး ကိုယ်ပိုင် အထည်ဆိုင်တစ်ခု ဖွင့်ထားကြောင်း သိခဲ့ရခြင်းဖြစ်သည်။ သူမလည်း ထိုအထည်ဆိုင်ထဲ ပါချင်ပါသည်။
သူမ လုပ်ငန်းလုပ်နေတာ ကြာပြီဖြစ်ပြီး ငွေတချို့လည်း စုထားသည်။ ဒီအတိုင်း ဆက်နေလို့ မဖြစ်တာလည်း သိသဖြင့် သူမ အလုပ် အတူတူ လုပ်ချင်နေပါသည်။
ကျန်းမေ့လျန်က သဘောမတူခဲ့ပါ။ သူမ အစ်မ၏ ဂုဏ်သတင်းက ဆိုးရွားလွန်းလှသည်။ သူမကို ဘယ်လိုလုပ် ဝင်ခိုင်းလို့ ရမှာလဲ။
လူတွေ သူမကို မြင်သွားပါက လုပ်ငန်း ဆက်လုပ်နိုင်ပါဦးမလား။
သူမက အထည်ဆိုင်စတိုးပေါ်တွင် အားကိုးနေရခြင်း ဖြစ်သဖြင့် တဲ့တိုး ငြင်းလိုက်ပါသည်။ "မတွဲနိုင်ဘူး။ တခြားတစ်ယောက်နဲ့ ငါတွဲထားပြီးသား။ အခု လုပ်ငန်းကလည်း တော်တော်လေး အဆင်ပြေနေတယ်။ ဟိုဘက်ကလူက ဘယ်လိုလုပ်ပြီး ရှယ်ယာ ခွဲပေးချင်မှာလဲ။"
"နင်က သဘောမတူဘူးပေါ့။" ကျန်းမေ့ဟယ်က ပြောလိုက်သည်။
"သဘောတူလားမတူလား မေးဖို့လောက်ပဲ ရိုးရှင်းတာ မဟုတ်ဘူး။ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရတာ။ ပြီးတော့ နင့်နာမည်ကလည်း ပျက်နေတယ်လေ။ တဖက်လူက နင်နဲ့ အတူတူ တွဲလုပ်ချင်မှာမဟုတ်ဘူး။" ဟု ကျန်းမေ့လျန်က ပြန်ပြောလိုက်ပါသည်။
"နင်က ဒီဘက်မှာမှ မဟုတ်တာ။ ဟိုဘက်က လူက ဘယ်လိုလုပ်ပြီး သိမှာလဲ။" ကျန်းမေ့ဟယ်က ပြန်တုန့်ပြန်သည်။
"ငါနဲ့ အလုပ်လုပ်နေတဲ့ လူက နင့်အကြောင်း ကောင်းကောင်းသိတယ်။" ဟု ကျန်းမေ့လျန်က ပြောလိုက်ပါသည်။
မေးကြည့်လိုက်ပြီး ကျိုးမိသားစု၏ မြေးမ ရှုရှန့်မိန် ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျန်းမေ့ဟယ် စိတ်တိုသွားပြီး မထိန်းနိုင်ဘဲ ပြောလိုက်သည်။ "ဒါဆိုလည်း သူက ဘာလို့ နင်နဲ့ တွဲလုပ်ရတာလဲ။"
"ငါက ငါလေ၊ နင်က နင်လေ၊ ငါတို့ကတူမှမတူတာ။" ဟု ကျန်းမေ့လျန်က ပြောလိုက်သည်။
ကျန်းမေ့လျန်က အိမ်မှာလည်း မနေချင်တော့ပါ။ စားသောက်ပြီးနောက် အိတ်ကိုယူပြီး ရှုရှန့်ချမ်းအိမ်သို့ သွားခဲ့သည်။
အမှန်ပင်။ သူမ ထိုအိမ်တွင် နေခြင်းဖြစ်သည်။ ဒီလိုဖြစ်နေတာ ကြာပါပြီ။
"မေ့လျန် ဒီနေ့ အိမ်မှာပဲ နေတော့မယ်ထင်နေတာ။" ဟု ရှုရှန့်ချမ်းက ကျန်းမေ့လျန်ကို ဖက်ထားပြီး ပြောလိုက်သည်။
"နှစ်သစ်ကူးကို ကိုနဲ့အတူတူ ဖြတ်သန်းချင်လို့လေ။" ကျန်းမေ့လျန်က နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်သည်။
ရှုရှန့်ချမ်းက ပျော်ရွှင်သွားပါသည်။ ဒီလို လှပသည့် မြို့သူတစ်ယောက်က သူနဲ့အတူတူ နေချင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။
"ကို့အစ်မကော လာဦးမှာလား။" ကျန်းမေ့လျန်က ဆက်ပြော၏။
"ကို့အစ်မ လာလည်း လာပါစေပေါ့။ ကိုယ်တို့ ဆက်ဆံရေးအကြောင်း သူသိသွားလည်း ရပါတယ်။" ဟု ရှုရှန့်ချမ်းက ဂရုမစိုက်စွာ ပြောလိုက်သည်။
"ကို မသိပါဘူး။ အရင်တုန်းက တခြားလူတွေ လှည့်စားတာ ကျွန်မ ခံခဲ့ရဖူးတယ်။ ကို့ဦးလေးတို့ နယ်မြေထဲမှာ အဲ့တာကြောင့် ကျွန်မက နာမည်ပျက်နေတာ။ ကို့အစ်မလည်း သိတယ်။ ပြီးတော့ ကျွန်မက ကို့ထက် အသက်နည်းနည်းပိုကြီးတယ်။ ကို့အစ်မက အခု အိမ်ထောင်ကောင်းကောင်း ကျထားတာ။ ကျွန်မကို သူ့ယောက်မအဖြစ် မျက်စိမကျနိုင်လောက်ပါဘူး။" ဟု ကျန်းမေ့လျန်က ပြန်ပြောလိုက်သည်။
"သူ့ကျတော့ မြို့သားနဲ့ လက်ထပ်ပြီး ကို့ကိုကျတော့ မြို့သူနဲ့ လက်မထပ်ခိုင်းချင်ဘူးလား။ ပြီးတော့ အရင်တုန်းက မေ့လျန်က လှည့်စားခံခဲ့ရတာမလား။ မေ့လျန်က ဒါကို ဖြစ်ချင်ခဲ့တာမှ မဟုတ်တာ။ အဲ့ကိစ္စတွေကို ကိုစိတ်မဝင်စားပါဘူး။" ဟု ရှုရှန့်ချမ်းက ပြောလိုက်သည်။
ကျန်းမေ့လျန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "ချမ်းကျစ် ရှင့်ကို ယုံပါတယ်။ ကျွန်မကလည်း ရှင်နဲ့အတူတူ နေချင်တယ်။ ကျေးရွာအိမ်ထောင်စုစာရင်းနဲ့ဆိုလည်း ဂရုမစိုက်ဘူး။ ဒါပေမယ့် ကိုကြိုးစားရမယ်နော် နားလည်လား။ အလုပ်ကြိုးစားပြိး ကျွန်မကို တင့်တောင်းတင့်တယ် ထားနိုင်ရမယ်။"
"နှစ်သစ်ကူးပြီးရင် ကို လမ်းဘေးဆိုင်တစ်ဆိုင်သွားဖွင့်မှာ။ မေ့လျန်ကို သေချာပေါက် တင့်တောင်းတင့်တယ်ထားမှာပါ။" ရှုရှန့်ချမ်းက ခေါင်းငြိမ့်လိုက်သည်။
"လမ်းဘေးဆိုင်ဖွင့်တာက ရှေရှည်အတွက် အဖြေကောင်း မဟုတ်ဘူးနော်။" ကျန်းမေ့လျန်က မကျေနပ်ပေ။
လမ်းဘေးဆိုင်ဖွင့်ခြင်းကို အောင်မြင်သည်ဟု ဘယ်လိုလုပ် ပြောလို့ရမည်နည်း။ လူတိုင်းက အထင်သေးကြသည်။
ရှုရှန့်ချမ်းက ပြန်ပြော၏။ "လမ်းဘေးဆိုင် ဖွင့်တာလည်း အရမ်းအမြတ်ရပါတယ်။ ကို တစ်လကို ယွမ် ၁၀၀ကျော်တောင် ရတယ်လေ။" သူအထည်များ ချရောင်းခဲ့ပြီး တစ်လကို ယွမ် ၁၀၀ ကျော်ရခဲ့ပါသည်။ ကျောက်မိသားစု စက်ရုံတွင် အလုပ်လုပ်ခြင်းထက် အများကြီး ပိုသာသည်။
အထူးသဖြင့် လမ်းဘေးစျေးရောင်းစဥ် တခြားသူများ၏ သဘောထားကို ထည့်တွက်နေစရာမလိုပါ။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ရှုရှန့်ချမ်းက လက်ရှိ သူ့ဘဝကို ကျေနပ်ပါသည်။ အထူးသဖြင့် ကျန်းမေ့လျန်အား သူလိုက်ခဲ့သည့် အချိန်ကစသည်။ သူတို့နှစ်ယောက်က ဒီအိမ်ထဲတွင် တကယ့်လင်မယားများလို ဖြစ်နေကြသည်။ လက်ထပ်စာချုပ် မရှိရုံသာရှိသည်။
မြို့တော်က မြို့သူတစ်ယောက်ကို လက်ထပ်ပြီး မွေးရပ်မြေကို ခေါ်သွားရင် ဘယ်လောက်တောင် မျက်နှာရလိုက်မလဲ။ အဲ့လိုသာ ဖြစ်လာရင် ရွာထဲက ဘယ်သူက သူ့ကို မနာလို မဖြစ်နိုင်ဘဲ နေမလဲ။
ကျန်းမေ့လျန် ဘာမှ မပြောတော့ပါ။ ယွမ် ၁၀၀ ကျော်ကလည်း မနည်းပါ။
"ရှင်ရှာတဲ့ ပိုက်ဆံက ကျွန်မလက်ထဲ အပ်တာ မဟုတ်ဘူးနော်။" ကျန်းမေ့လျန်က သူ့ကို ကြည့်လိုက်သည်။
"ကို့ ပိုက်ဆံကို ကိုကိုင်ထားမယ်လေ။" ရှုရှန့်ချမ်းက ပြောလိုက်သည်။ သူမ မကျေနပ်သည်ကို မြင်သောအခါ အချိုးကို ပြောင်းလိုက်ပြီး ပြောလိုက်သည်။ "ကို့ကို လက်ထပ်ပြီးတဲ့ အချိန်ကျရင် မင်းလက်ထဲအပ်မှာပါ။"
ဒီလိုဆို ပုံသေကြီး မဟုတ်လောက်ပါ။
ရှုရှန့်မိန်တစ်ယောက်တော့ သူမ၏ လုပ်ငန်းဖော် သူ့မောင်နှင့် တွဲနေမှန်း မသိခဲ့ရှာပေ။ ထို့အပြင် ဒီနှစ်ထဲ ရွာသို့ပြန်ပြီး မင်္ဂလာကိစ္စများ ဆောင်ရွက်ဖို့ စီစဥ်ထားကြသေးသည်။
ကျောက်မိသားစုတွင် ဆွေမျိုးများစွာရှိသည်။ ဘာပဲဖြစ်ဖြစ် ဒီလောက် အဆင့်မြင့်သည့် မိသားစုမှာ ဘယ်လိုလုပ် အဆက်အသွယ်နည်းနည်းပဲ ရှိနိုင်မှာလဲ။
ဒီနှစ်ထဲ ရှုရှန့်မိန်က ငွေရှာနိုင်ခဲ့သဖြင့် အနည်းငယ် စုထားလိုက်သည်။ ယုံကြည်ချက် ပိုရှိလာသည်။ သို့သော် အရင်ကလို ကျိုးနွံနေရဆဲပင်။ အထူးသဖြင့် ကျောက်မိသားစု ဆွေမျိုးများရှေ့တွင် ဖြစ်သည်။
ရှုရှန့်မိန် စိတ်ကုန်ရသည်က ဒီလူများက သူမကို ဘာမှမဟုတ်သလို ဆက်ဆံနေသောကြောင့်ပင်။ သို့သော်လည်း သူမ၏ အလုပ်လက်မဲ့ ယောက်မနှစ်ယောက်ကိုတော့ အပြုံးဖြင့် ဆက်ဆံကြ၏။ သူတို့၏ မိသားစုများက မြို့တော်တွင် အဆင့်မနိမ့်ကြသောကြောင့်ပင်။ သူမနှင့်မတူပါ။ သူမတွင်တော့ ဘာအခြေခံအုတ်မြစ်မှ မရှိပေ။
သူမ၏ သဘောထားက ဘယ်လောက်ပဲ ကောင်းမွန်ပြီး ကြင်နာတတ်ပါစေ၊ လူတိုင်းက သူမကို အတည်တကျ မဆက်ဆံကြပေ။
အပြင်ပိုင်းတွင် ရှုရှန့်မိန်က တည်ငြိမ်နေသော်လည်း သူမ ဒေါသထွက်နေသည်မှာ ပြောစရာပင် မလိုပါ။ သို့သော်လည်း သူမ ဒေါသထွက်ထွက် မထွက်ထွက် ဘယ်သူမှ ဂရုမစိုက်ကြပေ။
အခန်းထဲပြန်ရောက်လာသောအခါ ရှုရှန့်မိန် ကျောက်ကျွင့်ကို ထိုအကြောင်းများ ပြောပြခဲ့သည်။
ကျောက်ကျွင့်က ပြန်ပြောလိုက်သည်။ "ဒါဆို နင်က ဘာဖြစ်ချင်တာလဲ။ သူတို့အကုန်ုလုံးက အဲ့လိုတွေပဲ။ သူတို့ မိသားစုမှာ ပိုက်ဆံရှိကြတယ်လေ။ နင့်ကို မျက်နှာသာ ပေးပါ့မလား။"
နောက်ဆုံးတော့လည်း အဓိကအချက်က သူမ ပိုက်ဆံမရှိသောကြောင့်ဖြစ်သည်။ အဲ့တာကြောင့်လည်း ကျောက်ကျွင့်ကို လက်ထပ်ထားတာပဲမဟုတ်ဘူးလား။
လူတွေက သူမကို အထင်သေးနေဆဲ ဖြစ်သဖြင့် ကျောက်ကျွင့်၏ လိုအပ်ချက်မဟုတ်ဘူးလား။
"မနက်ဖြန်ကျရင် ကျွန်မအဘိုးအဘွားတွေ အိမ်ကို သွားမလို့။ ပြီးတော့ ဦးလေးကိုလည်း နှစ်သစ်ကူး ဂါဝရ သွားပြုမယ်။ ရှင်ပါ လိုက်ခဲ့။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။
သူမ တကယ်မသွားချင်ပါ။ သို့သော် ခုလက်ရှိ ကျောက်မိသားစု အချိုးကြောင့် သူမ မသွားလို့ မဖြစ်တော့ပေ။
သူမမှာ သူမ၏ မိသားစုအရင်းမှ ထောက်ပံ့မှုကို လိုအပ်သေးသည်။ မဟုတ်ပါက ကျောက်မိသားစုထဲက ဘယ်သူက သူမကို အရေးတယူလုပ်မည်နည်း။
သူမ၏ အထည်ဆိုင်မှ ငွေရသော်လည်း ထိုငွေက ကျောက်မိသားစု ဝင်ငွေ၏ ခြေဖျားတောင် မမှီပေ။
ကျောက်ကျွင့်က မလိုက်ချင်ပါ။ "နင်သွားချင် နင့်ဟာနင်သွား။ ဒေါသထွက်ဖို့အတွက်နဲ့ ငါတော့မလိုက်နိုင်ဘူး။"