အခန်း(၄၉၈) သူငါ့ကို သဘောမကျဘူးလား
Vol. 36 Ch. 498
အခန်း(၄၉၈) သူငါ့ကို သဘောမကျဘူးလား
ညနေခင်းတွင် လင်းချင်းဟယ်က ရေချိုးအိမ် သွားဖို့အတွက် ကျိုးရှောင်မိန်ကို လာခေါ်သည်။
ကျိုးရှောင်မိန်က ပွစိပွစိ ပြောလိုက်သည်။ "စတုတ္ထယောင်းမ အဲ့ဒီ ကလေကချေကောင် ရှုရှန့်ချမ်း ကိုယ်ပိုင်အလုပ်လုပ်နေတာ သိပြီးပြီလား။"
"သူ့ဟာသူ လုပ်တာ ဘာမှမဖြစ်ပါဘူး။ ကိစ္စမရှိဘူး" လင်းချင်းဟယ်က ဂရုမစိုက်စွာ ပြန်ပြောလိုက်ပါသည်။
ရှုရှန့်ချမ်း၏ စိတ်ကို ပြောင်းလဲလို့မရပေ။ ဘာအောင်မြင်မှုမှလည်း ရလာမည်မဟုတ်ပေ။ ရလာလျှင်လည်း ယာယီသာဖြစ်လိမ့်မည်။ ယုန်မြှီးက ပိုရှည်မလာနိုင်ပါ။
သို့သော် ကျိုးရှောင်မိန် မကျေမနပ်ဖြစ်နေသည်မှာ ဒါကြောင့် မဟုတ်ပေ။ ကျိုးရှောင်မိန် မကျေမနပ် ဖြစ်ရသည့် အကြောင်းအရင်းက ရှုရှန့်ချမ်း၏ စုတာ့လင်းကို ဆက်ဆံသည့် ပုံစံမှာ အလွန်ရိုင်းစိုင်းသောကြောင့် ဖြစ်သည်
စုတာ့လင်း စကားပြောသည့် နှစ်ကြိမ်တွင် ရှုရှန့်ချမ်းက စိတ်မရှည်သည့်ပုံစံဖြင့် ချက်ချင်း ဖြတ်ပြောသည်။
"ပိုက်ဆံတောင် ဘာမှမရှာရသေးဘူး ဒီလိုပုံစံဖြစ်နေပြီ။ တစ်လကို ယွမ် ၁၀၀ လောက်ရတာများ ဘဝင်လာမြင့်နေတယ်။" ရှုရှန့်မိန်က ဆူငေါက်လိုက်ပါသည်။
သူမ၏ မိသားစုက သူတို့ ရှုမိသားစုလုပ်စာ ထိုင်စားနေရတာ မဟုတ်သဖြင့် ဘာများ ဘဝင်မြင့်စရာ လိုလို့လဲ။ သူမတို့ဖွင့်ထားသည့် ဘန်းမုန့်ဆိုင်က အလွန် ဝင်ငွေကောင်းသည်။ တစ်လကို အနည်းဆုံး ယွမ် ၅၀၀ အသာလေးရပါသည်။
ယွမ် ၁၀၀ လောက်ရတာနဲ့ ဒီလိုပုံစံဖြစ်နေတာလား။
လင်းချင်းဟယ် မေးစရာမလိုဘဲ တွေးကြည့်နိုင်ပါသည်။ သူမတို့အိမ်တွင် စိတ်ကြီးမဝင်ရဲဘဲ သူ့ဦးလေးငယ်၏ ဘက်တွင်တော့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့သည့်ပုံပင်။
"အလုပ်ကြိုးစားပြီး ငွေရှာ။ ပြီးရင် ဒီနှစ် အိမ်တစ်လုံး ဝယ်နိုင်အောင် ကြိုးစားချေ" လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းကာ ပြောလိုက်သည်။
ဒီနှစ်က အလွန်အရေးကြီးသည့် နှစ်တစ်နှစ် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်နှစ် အလုပ်သမားခ ပြန်လည်တည်ဆောက်ခြင်း ကာလက စျေးနှုန်းများကို တုန်လှုပ်စေလိမ့်မည်။ နောက်နှစ်မှ စတင်ပြီး နှစ်လယ်တွင် စျေးနှုန်းများ စတင်တက်လိမ့်မည်။ အထူးသဖြင့် အိမ်များက ရှောင်လွှဲ၍ မရအောင် စျေးတက်လာပါလိမ့်မည်။
"တာ့လင်းနဲ့ ငါတို့လည်း ဝယ်ဖို့ စီစဥ်နေပါတယ်။ ဒါပေမယ့် ငါတို့ အများကြီး လိုနေတုန်းပဲ။" ကျိုးရှင်မိန်က ခေါင်းခါလိုက်သည်။
"လိုအပ်ရင် ငါ့ဆီမှာ အရင်လာယူထားလိုက်လေ။ စောစောစီးစီး ဝယ်ထားတာ ပိုကောင်းတယ်။" လင်းချင်းဟယ်က အကြံပေးလိုက်သည်။
တခြားသူများကိုတော့ လင်းချင်းဟယ် ဘာမှ သိပ်မပြောသော်လည်း ကျိုးရှောင်မိန်နှင့် သူမတို့က နှစ်ပေါင်းများစွာ သူငယ်ချင်းများ ဖြစ်ကြသည်။ ဒီအချိန်တွင် အိမ်ဝယ်ဖို့ ပြောခြင်းက သူမကို အာမခံတစ်ခု ပေးနေခြင်းပင်ဖြစ်ပါသည်။
မဟုတ်ပါက အနာဂတ်တွင် စျေးတက်လာပြီး သူတို့ တတ်နိုင်မည် မဟုတ်တော့ပေ။
"ကျေးဇူးတင်ပါတယ် စတုတ္ထယောင်းမရယ်" ကျိုးရှောင်မိန်က ပြုံးလိုက်၏။ "လိုအပ်ရင် ငါအသိပေးပါ့မယ်။"
"ဒါနဲ့ အိမ်ထောင်စုစာရင်း ပြောင်းလဲဖို့ နည်းလမ်းရှိရင် နင်နဲ့ တာ့လင်းတို့ ပြောင်းချင်စိတ်ရှိလား။" ဟု လင်းချင်းဟယ်က မေးလိုက်၏။
"ပြောင်းလို့ရရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် မလွယ်ဘူးလို့ ကြားတယ်နော်" ကျိုးရှောင်မိန် တွန့်ဆုတ်သွားသည်။
ယခု သူမတို့ မြို့တော်တွင် နေထိုင်နေကြပြီ ဖြစ်သဖြင့် မြို့တော်က ဘဝမျိုးနှင့် ကျိုးရှောင်မိန် အသားကျနေပါပြီ။ ကျေးရွာသို့ ပြန်သွားဖို့ အစီအစဥ်မရှိတော့ပါ။ ကျေးရွာက မဆိုးရွားသော်လည်း မြို့တော်ကိုတော့ မယှဥ်နိုင်ပေ။
ထို့ကြောင့် ကျိုးရှောင်မိန် ဒီမှာ ဒီလိုပဲ နေဖို့ ရည်ရွယ်ထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့လုပ်ငန်းက ဒီမှာပဲ မဟုတ်လား။
အိမ်ထောင်စု စာရင်းကို ပြောင်းလဲဖို့ကလည်း ခက်ခဲမှန်း သူမ သိသည်။ အဆက်အသွယ် မရှိပါက ယွမ်ထောင်ချီပြီး ပေးရင်တောင် မပြောင်းလဲနိုင်လောက်ပေ။
"အစ်မဝိန်ရဲ့ အကြီးဆုံးသားက ဒီနှစ်ထဲ မြို့တော်ကို ပြန်လာတော့မှာ။ သူတို့စကားအရဆို နောက်ပိုင်း ပြည်တွင်းရေးဌာနကို သူသွားမယ်ထင်တယ်။ အဲ့ကျလို့ နည်းလမ်းတစ်ခုခုရှိရင် ငါမေးကြည့်ပေးပါ့မယ်" လင်းချင်းဟယ်က ပြောပြလိုက်သည်။
နှစ်သစ်ကူး ၂ရက်နေ့တွင် အဖေဝိန်နှင့် အမေဝိန်တို့က ဝိန်ကောလျန့်ကို သူတို့အိမ်သို့ ညစာစားဖို့ ခေါ်လာခဲ့သည်။ ထို့ကြောင့် ဝိန်ကောလျန့် အိမ်ပြန်ရောက်လာတော့မည်ကို သိနေပါသည်။
ထိုအခါ အရပ်ဘက်ရေးရာဌာနသို့ ဝင်ရောက်နိုင်လောက်သည်။
သူဝင်ရောက်နိုင်လောက်သည်ဟု ဆိုသော်လည်း အတည်ပြုပြီးသားဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ထိုနေရာတွင် အလုပ်လုပ်ပါလိမ့်မည်။
လင်းချင်းဟယ်မှာ ဒီလိုရည်ရွယ်ချက် ရှိထားပြီးသား ဖြစ်သည်။
"ဒါပေမယ့် အဆက်အသွယ်တချို့တော့ လိုတာပေါ့" လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ပြောလိုက်ပါသည်။
မိသားစု အဆက်အသွယ်များရှိပါက ကုန်ကျစရိတ်က မများပြားနိုင်ပေ။ အထူးသဖြင့် ဘေးကင်းနိုင်ပါသည်။ ပိုက်ဆံယူပြီး ဘာမှလုပ်မပေးသည့် ဖြစ်ရပ်မျိုး မဖြစ်နိုင်ပါ။
"ဒါဆို စတုတ္ထယောင်းမ ငါ့ကိုအသိပေးနော်" ကျိုးရှောင်မိန်က စိတ်အားထက်သန်စွာ ပြောလိုက်ပါသည်။
လင်းချင်းဟယ် သဘောတူလိုက်သည်။
"ငါတို့ အိမ်ထောင်စု စာရင်းသာ ပြောင်းနိုင်ရင် နောက်ပိုင်း ငါတို့တွေ မြို့သူမြို့သားတွေ ဖြစ်လာကြတော့မှာပဲ" ကျိုးရှောင်မိန်က ပြောလိုက်သည်။
သူတို့က မြို့သားများမဟုတ်သဖြင့်ကလေးများ ကျောင်းတက်ဖို့က ပြဿနာကြီးပါသည်။ သူတို့ မူလတန်းကျောင်ကို တက်ဖို့ စတုတ္ထယောင်းမ၏ အဆက်အသွယ်ကိုပင် လိုအပ်ခဲ့သည်။
သို့သော်လည်း ဒီတိုင်းဆက်သွားလို့တော့ မဖြစ်ပေ။ အိမ်ထောင်စု စာရင်းပြဿနာကို စောစောဖြေးရှင်းထားတာ ကောင်းပါသည်။
ယောက်မနှစ်ယောက် ရေချိုးခဲ့ကြပြီး လန်းလန်းဆန်းဆန်းဖြင့် အိမ်ပြန်ခဲ့ကြသည်။
ကျိုးရှောင်မိန်က် ထိုကိစ္စကို စုတာ့လင်းကို ပြန်ပြောပြပြီး စုတာ့လင်းက ဝမ်းမြောက်စွာ ပြန်ပြောလိုက်ပါသည်။ "စတုတ္ထ...ယောက်မကို... ကျေးဇူးတင်ရမှာပေါ့"
သူတို့နှစ်ယောက် မြို့ကို ရောက်လာကတည်းက စတုတ္ထအစ်ကိုနှင့် စတုတ္ထယောင်းမတို့က အများကြီး ကူညီပေးခဲ့ကြသည်။
ကျိုးရှောင်မိန်က ပြောလိုက်၏။"ကျွန်မတို့ အိမ်ထောင်စု စာရင်းပြဿနာ ပြေလည်သွားရင် ဒီမှာ အိမ်တစ်လုံးဝယ်လို့ရပြီ။ ပြီးရင် ကျွန်မတို့ မြို့သားစစ်စစ်တွေဖြစ်ပြီပေါ့။"
စုတာ့လင်းက ပြုံးလိုက်သည်။ ထုတ်မပြောသော်လည်း သူလည်း မြို့တော်ကို သဘောကျပါသည်။ ဆောင်းရာသီတွင် အနည်းငယ် ချမ်းအေးသည်။ ထိုအချက်ကလွဲပြီး တခြား အပြစ်အနာအဆာ ဘာမှမရှိပါ။
"ဒီ...ဒီနှစ်...အကြီးဆုံးဝမ်းကွဲအစ်ကိုနဲ့... အကြီးဆုံး ဝမ်းကွဲ ယောက်မတို့.... လာကြလိမ့်မယ်" စုတာ့လင်းက ပြောလိုက်သည်။
"ဒါဆိုလည်း လာပါစေပေါ့။ အဲ့ကျရင် သူတို့ ခပ်ဝေးဝေးမှာ ဆိုင်တစ်ဆိုင်ရှာရမယ်။ ကျွန်မတို့နဲ့ တစ်နေရာတည်း လာမဖွင့်နဲ့။ ပြီးတော့ အိမ်ကိုလည်း ခပ်ဝေးဝေးမှာ သွားငှားကြပါစေ။ ကျန်တာက ပြဿနာ မဟုတ်ပါဘူး" ကျိုးရှောင်မိန် ပြန်ပြောလိုက်ပါသည်။
စုတာ့လင်း ခေါင်းငြိမ့်လိုက်၏။
၅ ရက်နေ့ ကုန်ဆုံးသွားသောအခါ နှစ်သစ်ကူး တက်ကြွမှုများလည်း အများကြီး ကွယ်ပျောက်သွားပြီ ဖြစ်သည်။ ၆ ရက်နေ့တွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က အဖေကျိုး၊ အဘိုးဝမ်နှင့် စုတာ့လင်းတို့ကို အနားယူရအောင် ရေပူစမ်းသို့ လိုက်ပို့သည်။
အမေကျိုးကိုတော့ ခေါ်မလာပေ။ ယခု ရေပူစမ်းက အလွန်စျေးကြီးနေပြီ ဖြစ်သည်။ သူမကိုသာ ခေါ်လာပါက ဒီပထမလတွင် အေးအေးချမ်းချမ်း နေရမည်မထင်တော့ပါ။
အမေကျိုးကတော့ စိတ်ဆိုးနေသည်။ တကယ်တော့ သူလည်း လိုက်ချင်ပါသည်။ စျေးကြီးလွန်းသည်ဟု ခံစားနေရခြင်းသာ။ ထိုနေရာက လူအများကြီးရှိနေတာတောင် လျှော့စျေးမပေးကြပေ။ တစ်ဦးတစ်ယောက်စာသာဖြစ်သည်။ ညစ်ပတ်လိုက်ကြတာ။
"အမေ ဘာလုပ်နေတာလဲ။ နုံးချည့်နေတဲ့ ပုံစံနဲ့" ကျိုးရှောင်မိန်က သမီးနှစ်ယောက်နှင့် အိမ်ပြန်ရောက်လာသောအခါ ပြောလိုက်သည်။
"နင့်စတုတ္ထယောင်းမက ငါ့ကိုသဘောမကျတာလား" အမေကျိုးက စိတ်ဆိုးကာ ပြောလိုက်သည်။
ကျိုးရှောင်မိန်က စိတ်ထဲတွင် ရယ်မောကာ တွေးလိုက်၏။ စတုတ္ထယောင်းမက အမေ့ကို သဘောမကျတာ မဟုတ်ဘူး။ အမေ့ရဲ့ ပွစိပွစိပြောနေတာကို ကြောက်နေတာ။ အမေ့ကို ရန်မစရဲတော့ ရှောင်ရတာပေါ့။ အဲ့တာကြောင့် အမေ့ကို ခေါ်မသွားတော့တာပေါ့။
"စတုတ္ထယောင်းမက ဘယ်လိုတော်လိုက်သလဲ။ ပန်းခြံကိုသွားပြီး အဲ့ဒီအဘွားအိုတွေကို သူ့လို ချွေးမမျိုးရှိလားလို့ မေးကြည့်လိုက်စမ်းပါ" ကျိုးရှောင်မိန်က စိတ်ထဲက အတိုင်းမပြောနိုင်သဖြင့် ဒီတိုင်း ပြောလိုက်သည်။
အမေကျိုးလည်း ဒါကိုသိပြီး ပြောလိုက်ပါသည်။ "ဒါပေမယ့် နင့်ယောက်မက ငါ့ကိုအဲ့ ခေါ်မသွားချင်ဘူးလေ"
"ကား မဆံ့လို့လေ။ ဝမ်ယွမ်ရဲ့ ကားက လူငါးယောက်ပဲ ဆံ့တာ" ကျိုးရှောင်မိန်က ပြောလိုက်သည်။
"သူ တကယ် ငါ့ကို သဘောမကျတာ မဟုတ်ဘူးလား" အမေကျိုးက မေးလိုက်၏။
"သဘောမကျရင် ဒီလောက် တလေးတစား ဆက်ဆံနေပါဦးမလား။ နှစ်သစ်ကူးတုန်းက အမေနဲ့ အဖေ့ကို ယောက်မက ဘယ်လောက်တောင် ပေးပြီး ဂါဝရပြုလိုက်သလဲ" ကျိုးရှောင်မိန်က ပြောလိုက်၏။
အမေကျိုး ထိုစကားကို ကြားသောအခါ သူမမျက်နှာပြုံးသွား၏။ စတုတ္ထချွေးမက သူမနှင့် သူမ ယောက်ျားတို့ကို တစ်ယောက်ကို စာအိတ်နီ တစ်အိတ်စီ ပေးခဲ့သည်။ စာအိတ်နီ တစ်အိတ်တွင် ယွမ် ၅၀ စီပါသည်။ သူမတို့ကို ယွမ် ၁၀၀ မုန့်ဖိုး ပေးခဲ့ပါသည်။
"စကားမစပ် ရှန့်မိန် အရင် ကလေးပျက်ကျပြီးကတည်းက ဘာလို့ ကိုယ်ဝန်မရသေးတာလဲ။ အရင်တစ်ခေါက်က ရောဂါအမြစ်တည်သွားလို့လား" အမေကျိုး မေးလိုက်ပါသည်။
ကျိုးရှောင်မိန်က ရှုရှန့်မိန်အကြောင်း ဂရုမစိုက်ချင်ဘဲ ပြန်ပြောလိုက်သည်။ "အမေ အဲ့ကိစ္စတွေထဲ သိပ်ပြီး ဝင်မပါနဲ့။ သူတို့က အမေဂရုစိုက်ဖို့ မတန်ဘူး။"
သူမယောက်ျား တာ့လင်းကို အထင်သေးသူများကို စိတ်ထဲထားနေမည်မဟုတ်ပေ။ သူမ အစ်မ၏ သားသမီးများ ဖြစ်နေလျှင်တောင် အတူတူပဲဖြစ်ပါသည်။
"သြော် ဒီမောင်နှမတွေကတော့။ သူများတွေကို စိတ်ဒုက္ခရောက်အောင် တကယ်လုပ်တာပဲ" အမေကျိုးက ဖျော့တော့စွာ သက်ပြင်းချလိုက်သ်ည။ "တကယ်ပါပဲ နင့် အကြီးဆုံး အစ်မက ဘယ်လိုကောင်းကောင်းမွန်မွန် ဆုံးမရမလဲ မသိဘူးထင်တယ်"
ကျိုးရှောင်မိန်က သူမအမေအတွက် လိမ္မော်သီး တစ်လုံး အခွံနွှာပေးပြီး စားခိုင်းလိုက်သည်။ "လိမ္မော်သီး စားပါဦး" ထို့နောက် စကားပြောနေသည်ကို ရပ်လိုက်ကြသည်။
သို့သော်လည်း ဟိုဘက်အိမ်က် အဘွားကျူးရောက်လာ၏။
သူမကိုမြင်သောအခါ အမေကျိုး၏ မျက်နှာ ပြောင်းလဲသွားပြီ အရွဲ့တိုက်ပြီး ယဥ်ကျေးသော အပြုအမူမျိုးဖြင့် ပြောလိုက်သည်။ "လာလည်ဖို့ အချိန်အားတယ်လား"