အခန်း(၄၉၉) အတွက်အချက်ကောင်းသည်
Vol. 36 Ch. 499
အခန်း(၄၉၉) အတွက်အချက်ကောင်းသည်
အမေကျိုးက နှစ်သစ်ကူးကာလတွင် ပြဿနာ မတက်ချင်ပါ။ အဘွားကျူးကို မမြင်ချင်သော်လည်း ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့ပါသေးသည်။
အဘွားကျူးကလည်း ကျိုးချင်းပိုင် အဖေကျိုးနှင့် တခြားသူများကို လာခေါ်သွားသည်ကို မြင်ခဲ့ရပါသည်။ သူတို့ ရေပူစမ်းသို့ သွားကြမည်ဟု ဆို၏။
သူတို့ကတော့ တကယ်ပျော်နေကြတာပဲ။
ထို့ကြောင့် အဘွားကျူးက အစောကြိး ရောက်လာခဲ့ခြင်းဖြစ်သည်။ အမေကျိုးသူ့ကို မတွေ့ချင်မှန်းလည်းသိသည်။ တကယ်တော့ အမေကျိုးကို ကျေးရွာသူတစ်ယောက်ဖြစ်သဖြင့် သူမ အထင်သေးပါသည်။ သို့သော်လည်း ဒါက သူမ၏ မြေး(သမီးဘက်က) ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုမိသားစုနှင့် အမျိုးတော်ပါက သူမမြေး၏ အနာဂတ်က တောက်ပလာပါလိမ့့်မည်။
အဘွားကျူးက အောင်သွယ်ကိစ္စကို ချက်ချင်း တန်းမပြောသေးပေ။ အမေကျိုးနှင့် အတင်းအဖျင်းများ အရင်ပြောခဲ့သေးသည်။ အမေကျိုးကတော့ စကားအများကြီး သိပ်မပြောပါဘူး။ စကားအနည်းငယ်သာ ပြန်ပြောခဲ့သည်။ ထိုအပြုအမူကို ကြည့်ခြင်းအားဖြင့် အလွန်သိသာသည်ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် အဘွားကျူးက သူမပြောချင်သည့် ကိစ္စကို ပြောမထွက်ခဲ့ပေ။ သူမ အိမ်ပြန်လာသောအခါ အဘိုးကျူးကို ထိုအကြောင်း ပြောပြလိုက်သည်။
"နှစ်သစ်ကူးမှာ ဂါဝရသွားပြုတာကို သူက ကျွန်မကို ဂရုတောင်မစိုက်ဘူး။ မျက်နှာသာပေးတာကို လက်မခံချင်ဘူး။" ဟု အဘွားကျူးက ဆူဆူပူပူ ပြောဆိုနေခဲ့သည်။
"တော်တော့။ သူ မင်းကို ဂရုမစိုက်ရင် မသွားနဲ့ပေါ့ကွ။ ဒီကိစ္စတွေက ဘယ်က စဖြစ်လာတာလဲဆိုတာ မင်း မသိဘူးလား။" ဟု အဘိုးကျူးက ပြန်ပြောလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်မှာလဲ။ ကျွန်မတို့ မြေးလေးကို သူ့ရဲ့ ကျေးရွာက မြေးမနဲ့ သဘောတူချင်တာလေ။" အဘွားကျူးက ပြောလိုက်သည်။
အဘိုးကျူး ခေတ္တကြက်သေသေသွားသည်။ သူ့မိန်းမမှာ ဒီလိုအတွေးတွေ ရှိနေမှန်းမသိခဲ့ပေ။ သူစိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ "မေ့လိုက်စမ်းပါကွာ"
သူ့မြေးမှာ ယာယီ အလုပ်သမားတစ်ယောက်သာဖြစ်သည်။ ပုံသေအလုပ်ဟူ၍ မရှိပေ။ ထို့အပြင် သူ့ပုံစံကလည်း ကြည့်ပျော်ဖွယ်မရှိပါ။ ကျိုးမိသားစုသာာ သူ့ကိုမျက်စိကျပါက ထူးဆန်းနေပါလိမ့်မည်။
သူတို့ မြေးသားမက်ကို မတွေ့ဖူးဘူးလား။ ကိုယ်ပိုင် စက်ရုံတောင် ထောင်ထားတဲ့ လူမျိုး။
"ဘာရှင့် ဘာဖြစ်လို့လဲ။ ကျွန်မတို့ မြေးကို အဲ့လောက်တောင် သဘောမကျတာလား။ သူက ဘာဖြစ်နေလို့လဲ။ သူက အလုပ်နဲ့အကိုင်နဲ့ မြို့တော်က အိမ်ထောင်စုစာရင်းနဲ့။ အဲ့ဒီကောင်မလေးက ကျေးရွာ အိမ်ထောင်စုစာရင်းနဲ့လေ" အဘွားကျူးက စိတ်မကျေနပ်စွာ ပြောလိုက်ပါသည်။
အဘိုးကျူးက သူမကို စကားဆက်မပြောချင်တော့ပါ။ ထို့အစား သူပြောလိုက်သည်။ "ပါးစပ်ဟလိုက်တာနဲ့ ကျေးရွာအိမ်ထောင်စု စာရင်းကိစ္စကို ပြောတော့တာပဲ။ ဒါဖြင့်လည်း ဘာလို့ သူ့ကို မင်းမြေးနဲ့ သဘောတူချင်တာလဲ"
"အဲ့ဒီ ကျိုးမိသားစု အခြေအနေက မကောင်းလွန်းဘူးလား။ ပြီးတော့ အဲ့ကောင်မလေးရဲ့ အစ်မကလည်း ဘော့စ်ကြီးတစ်ယောက်ကို လက်ထပ်တော့မှာ။ ကျွန်မတို့ မြေးရဲ့ အလုပ်က မတည်ငြိမ်ဘူး။ သူနဲ့သာ ပေါင်းနိုင်ရင် သူ့ရဲ့ယောက်ဖက အလုပ်ရှာမပေးနိုင်ဘူးလား။" ဟု အဘွားကျူးက ရှင်းပြလိုက်သည်။
အဘိုးကျူးက ဒီကိစ္စကို တကယ် ခေါင်းထဲ မထည့်ထားပါဘူး။ တကယ်တာ့ အဓိကအချက်က ဒါပဲဖြစ်သည်။ အဆင်ပြေသွားပါက ကောင်းပါသည်။ သူ့အမြင်တွင် သူလည်း ကျိုးမိသားစုနှင့် ဆွေမျိုးတော်ချင်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျိုးမိသားစုက တကယ်သဘောကောင်းသည်။ ဉာဏ်နီဉာဏ်နက်များပြီး လူလည်ကျသော လူမျိုးများ မဟုတ်ကြပါ။
"ယောက်မဟူကို သွားပြောပြီးပြီလား" အဘိုးကျူးက ပြောလိုက်သည်။
အဘွားကျူးက အဘွားဟူကို မပြောရသေးခြင်း မဟုတ်ပါ။ ထိုအဘွားကြီးက ကျန်းကျန်း ကိစ္စကြောင့် သူမကို အငြှိုးထားဆဲဖြစ်သည်။ ထို့ကြောင့် သူမက တာဝန်မယူချင်ကြပါ။
သို့သော်လည်း အဘွားကျူးက သူမနှင့် နှစ်ပေါင်းများစွာ အိမ်နီးချင်းဖြစ်နေသဖြင့် အဘွားဟူ၏ စရိုက်ကို မသိဘဲ နေပါ့မလား။ ထို့ကြောင့် လက်ဆောင်တစ်ခုနှင့်အတူ တံခါးလာခေါက်ကာ အဘွားဟူနှင့် ကောင်းကောင်းမွန်မွန် စကားလာပြောခဲ့သည်။ ဒီကိစ္စသာ အောင်မြင်ပြီး အချိန်တန်လျှင် သူမကို စာအိတ်နီပေးဖို့ မေ့မည်မဟုတ်ပါ။
ထိုအခါမှ အဘွားဟူ၏ စိတ်ပြေသွားပြီး အချိန်ရှိလျှင် မေးပေးမည်ဟု ပြောလိုက်သည်။ စာအိတ်နီဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကတော့ မလိုအပ်ပါ။
အဘွားကျူးက စာအိတ်နီကို ပေးမှဖြစ်မည်ဟု ပြောလိုက်သည်။ ထို့ကြောင့် အဘွားဟူကလည်း ပိုမို ယဥ်ကျေးလာပြီး သူမနှင့် စကားပြောကာ နှုတ်ဆက်လိုက်သည်။
အဘိုးဟူလည်း အိမ်တွင်ရှိနေ၏။ ဇဝဇဝါဖြစ်စွာ ပြောလိုက်သည်။ "ထူးဆန်းလှချည်လား။ အဘွားကျူးတို့ မိသားစုက ကျေးရွာ အိမ်ထောင်စု စာရင်းကို အထင်သေးကြတယ် မဟုတ်ဘူးလား။"
အရင်တစ်ခေါက် ဟူကျစ်နှင့် ကျူးကျန်းကျန်းတို့အား အဘွားဟူက အောင်သွယ်ပေးချင်ခဲ့သည်။ အဘွားဟူသိပါသည်။ အဘိုးဟူပြောစကားအရ ဟူကျစ်က လူကောင်းလေး တစ်ယောက်ဖြစ်သည်။ အဆင်ပြေသွားပါက အနာဂတ်တွင် မဆိုးရွားနိုင်ပါ။
သို့သော်လည်း အဘွားကျူးက သဘောမတူဘဲ ဟူကျစ်၏ ကျေးရွာ အိမ်ထောင်စု စာရင်းကို အထင်သေးခဲ့သည်။
အခုကျတော့ ဘာကြောင့် သဘောကျသွားတာလဲ။
"ကျူးကျန်းကျန်းလည်း လက်ထပ်တော့မယ်။ သူ့မြေးကလည်း လက်ထပ်တော့မယ်။ ဟုတ်တာပေါ့၊ ဘယ်တူပါ့မလဲ။" အဘွားဟူက ပြောလိုက်သည်။
သူမသာ ရွာသားနှင့် လက်ထပ်လိုက်ပါက မြို့တော်မှ ကျေးရွာအိမ်ထောင်စု စာရင်းဖြစ်သွားသည်။ ပြီးတော့ သူ လက်ထပ်ပါက ကျေးရွာမှ မြို့တော် အိမ်ထောင်စု စာရင်းဖြစ်လာလိမ့်မည်။
"ဒါပေမယ့် ဟုန်ရှား၏ အစ်မက ချမ်းသာတဲ့ ခဲအိုတစ်ယောက်နဲ့ လက်ထပ်တော့မှာကို မြင်လို့ ဒီမိသားစုနဲ့ ပတ်သတ်ချင်တာပေါ့။" ဟု အဘွားဟူက ဆက်ပြောလိုက်သည်။
အားလုံးက ဘဝတစ်လျှောက်လုံးနီးပါး အိမ်နီးချင်း ဖြစ်ခဲ့ကြသူများဖြစ်ပါသည်။ တဖက်က အတွေးကို မသိဘဲ နေနိုင်ပါ့မလား။
အဘိုးဟူက ကျွတ်သပ်လိုက်သည်။ "အတွက်အချက်ကောင်းလိုက်တာ"
အဘွားဟူက သူတို့အတွက် ကူပြောပေးချင်ပါသည်။ အဆင်သာပြေသွားပါက သူမလည်း အကျိုးကျေးဇူးတချို့ ရနိုင်သည်။ ထို့အပြင် သူတို့၏ အောင်သွယ်တော် ဖြစ်သွားနိုင်၏။ နောက်ထပ် အဆက်အသွယ်တစ်ခု ရလာနိုင်သည်။
အဆင်မပြေပါကလည်း အရေးမကြီးပါ။ ဘာပဲဖြစ်ဖြစ် အငြင်းခံရတာ သူ့မြေးမှ မဟုတ်တာကိုး။
ထို့နောက် အမေကျိုးက ထိုအမျိုးသမီးနှစ်ယောက် သူမကို ဆက်ဆံပုံများ ပြောင်းလဲသွားသည်ဟု ခံစားမိသည်။ သူမ သိပ်ပြီး မတွေးပါ။
ကျိုးစစ်နီကလည်း ခုတလော စာကို ကြိုးစားသင်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဒီနှစ် ကျောင်းများ စဖွင့်သောအခါ ကန်းကျစ်နှင့်အတူ ညကျောင်းသို့ တက်ချင်သောကြောင့် ဖြစ်ပါသည်။
အစကတော့ ကျိုးစန်းနီကိုပါ တက်ခိုင်းမလို့ဖြစ်သည်။ သို့သော်လည်း အခု ကိုယ်ဝန်ရှိနေပြီ ဖြစ်သဖြင့် သေချာပေါက် မတက်နိုင်တော့ပေ။
ကျိုးစစ်နီက အခြေက အတော်လေး အားနည်းသည်။ ထို့ကြောင့် မြို့တော်သို့ ရောက်လာတာ ကြာပြီဖြစ်သော်လည်း လင်းချင်းဟယ်က ညကျောင်းတက်ဖို့ မစီစဥ်ပေးသေးခြင်းဖြစ်ပါသည်။ သူမဖာသာသူမ စာလေ့လာနေခဲ့ပါသည်။
ကျိုးအာ့နီက သင်ပြပေးနေပြီး လင်းချင်းဟယ်လည်း သင်ပြပေးပါသည်။
ခုတလော ရေပူစမ်းသို့ အသွားများသဖြင့် သူမ၏ ခန္ဓာကိုယ်က ခြားနားနေသည်ဟု ခံစားရပါသည်။
"ဒီနှစ် ညကျောင်း စဖွင့်ရင် နင်အတန်းတက်လို့ရပြီ" လင်းချင်းဟယ်က လေ့ကျင့်ခန်းလုပ်ပြီးနောက် သူမ၏ အိမ်စာများကို စစ်ကြည့်ရင်း ပြောလိုက်သည်။
ကျိုးစစ်နီက ပြုံးလိုက်သည်။ သူမ ဝမ်းသာသွားတာ သိသာပါသည်။ "ဒေါ်လေး သမီးအစ်မရဲ့ အဆင့်လောက်ထိ ရောက်နိုင်မှာလား။"
သူမ၏ အစ်မက အခုဉာဏ်ရည်ထက်မြက်လာပြီဟု ခံစားရသည်၊။ ဘာမဆို လုပ်နိုင်လေ၏။
"စာသာကြိုးစားလိုက် နင့်အစ်မထက် မတော်ရင်တောင် ပိုမဆိုးနိုင်ပါဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးစစ်နီက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။ သူမ စာကြိုးစားရမည်။ မြို့တော်သို့ ရောက်လာမှ မြို့တော် ဘယ်လောက် ဖွံ့ဖြိုးတိုးတက်နေမှန်း သူမ သိခဲ့ရခြင်းဖြစ်သည်။ စာမကြိုးစားလျှင် အလိုက်မှီဖို့ မဖြစ်နိုင်ပါ။ ချန်းယန်နှင့် ချန်းယွဲ့တို့တောင် အထက်တန်းကျောင်းမှ အောင်မြင်ပြီးသား ဖြစ်ပါသည်။
သူမက တတိယတန်းသာ တက်ဖူး၏။ ဘာမှ ပြဖို့ မလုံလောက်ပါ။
လင်းချင်းဟယ်က သူမအလွန်ကြိုးစားနေသည်ကို မြင်ရသဖြင့် အားရသွားပါသည်။ သူမ ကြိုးစားချင်စိတ်ရှိပါက လင်းချင်းဟယ် ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
"ဒီနှစ် ကျွန်မတို့ လူနှစ်ယောက်လောက် ထပ်ခေါ်ဦးမယ်" လင်းချင်းဟယ်က မာချန်းမင်ကို အိမ်သို့ ဖိတ်ကာ ပြောလိုက်သည်။
မာချန်းမင်က ကြောင်သွားပြီး မေးလိုက်၏။ "လောလောဆယ် လူက လောက်တယ် မဟုတ်ဘူးလား"
"ဒီနှစ် ကျွန်မ ဟူကျစ်ကို ကိုယ်တိုင် ဆိုင်ဖွင့်ခိုင်းဖို့ စီစဥ်ထားတယ်။ သူ့ကို လုပ်ကြည့်ခိုင်းမလို့လေ။ အဲ့တာကြောင့် အဲ့ဘက်မှာ ဝန်ထမ်းလိုအပ်တယ်။ အဲ့တာကြောင့် အစားထိုးအနေနဲ့ နောက်တစ်ယောက် ထပ်ခေါ်ရဦးမယ်။" လင်းချင်းဟယ် ရှင်းပြလိုက်သည်။
ရှုရှန့်ချမ်းက လမ်းဘေးဆိုင် စဖွင့်နေပြီ ဖြစ်သဖြင့် ဟူကျစ်ကို နောက်မှာ ကျန်ခဲ့စေလို့ ဖြစ်ပါ့မလား။ ထို့အပြင် ဟူကျစ်ကိုလည်း မြို့ခေါ်လာခဲ့တာ ကြာပြီဖြစ်သည်။ သင်ပေးသင့်သည့် အရာများလည်း သင်ပေးပြီးပါပြီ။ ယခု ကောင်မလေးလည်း ရနေပြီဖြစ်သဖြင့် သူ့လမ်းသူ လျှောက်ခိုင်းလို့ ပြဿနာမရှိနိုင်ပါ။
အနာဂတ်တွင် လက်ထပ်ပါက အိမ်ထောင်ဦးစီး တစ်ယောက် ဖြစ်လာလိမ့်မည်။ အိမ်ကို ထောက်ပံ့ရမည်။ အပြင်လောကကို ထွက်ပြီး အတွေ့အကြုံများ စုဆောင်းဖို့ အချိန်ကျပါပြီ။
သူမ ဒီတူ၊ တူမများကို ခေါ်လာပြီး တစ်ဘဝလုံး ချုပ်နှောင်ထားဖို့ မရည်ရွယ်ပါ။ သူတို့တွင် အစွမ်းအစ ရှိပါက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လုပ်ငန်းလုပ်နိုင်ပါသည်။ သူမကလည်း ထောက်ပံ့ပေးမည်။ အစွမ်းအစ မရှိပါက ပွင့်ပွင့်လင်းလင်း ပြောပြီး သူမနှင့်အတူ ဆိုင်ကြည့်ခိုင်းမည် ဖြစ်ပါသည်။
မာချန်းမင်က ထိုစကားကြားသောအခါ ခေါင်းငြိမ့်လိုက်သည်။
"ရှင့်မိန်းမနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ အချိန်ရရင် သူ့ကို အချိန်ပေးလိုက်ပါဦး။ အလုပ်တွေ ပြန်မစခင် ၁ ပတ်လောက် လိုသေးတယ်။ ရှင့်ကို ပိတ်ရက် ၃ ရက်လောက် ထပ်ပေးမယ်။ စုစုပေါင်း ၁၀ ရက်လောက်ပေါ့။ သူ့မိသားစုအိမ်ကို အလည် ပြန်လိုက်ပို့လိုက်ပါလား။" ဟု လင်းချင်းဟယ်က ပြောလိုက်ပါသည်။