အခန်း(၅၀၀) နှစ်သစ်ကူးတွင် ဝိတ်တက်ခဲ့သည်
Vol. 36 Ch. 500
အခန်း(၅၀၀) နှစ်သစ်ကူးတွင် ဝိတ်တက်ခဲ့သည်
မာချန်းမင် အိမ်ပြန်သွားပြီး ထိုကိစ္စကို ဟွမ်ရှောင်းလျို့အား ပြောပြခဲ့ပါသည်။ ဟွမ်ရှောင်းလျို့တစ်ယောက် အပျော်လွန်သွားခဲ့သည်။ သူမ မြို့တော်သို့ ရောက်လာကတည်းက အိမ်မပြန်ရတာ ကြာပြီဖြစ်သည်။ ထို့ကြောင့် မာချန်းမင်က သူမကို မွေးရပ်ရွာပြန်လိုက်ပို့မည်ဟု ပြောသောအခါ သူမ၏ မျက်နှာတွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။
လင်းချင်းဟယ်၏ အကြံဟုကြားသောအခါ ဟွမ်ရှောင်းလျို့က ကိတ်မုန့် တစ်ခြင်း ပြုလုပ်ပြီး ပို့ပေးခဲ့သည်။ ကိတ်မုန့်သားက နူးညံ့ပြီး အရသာရှိလှပါသည်။ အတော်လေး ကောင်းမွန်ပါသည်။
သူမသား မာရှောင်းထန်အတွက် အနည်းငယ် ချန်ထားပြီး ကျန်တာကို လင်းချင်းဟယ်တို့ အိမ်သို့ ယူလာပေးခဲ့ပါသည်။
"ဒီကိတ်မုန့်က အရမ်းကောင်းတာပဲ။ ရှင်လုပ်ထားတာလား" လင်းချင်းဟယ်က သူမကို ပြောလိုက်သည်။ ချက်ချင်း တစ်ကိုက်လောက် ကိုက်စားပြီး ဟွမ်ရှောင်းလျို့ကို မေးလိုက်ပါသည်။
"ဒါက ကျွန်မတို့ရွာရဲ့ အထူးမုန့်မျိုးလေ။ ဆရာမလင်း သဘောကျလို့ ဝမ်းသာပါတယ်။ ကျွန်မ ပြန်လာရင် ထပ်လုပ်ပေးပါဦးမယ်" ဟွမ်ရှောင်းလျို့က ပြုံးကာ ပြောလိုက်ပါသည်။
သူတို့ ရွာပြန်ကြတော့မည်ဟု ကြားသဖြင့် သူမ ဝမ်းသာသွားခဲ့ပါသည်။
မြို့တော်တွင် သူမပျော်ရွှင်မှုကို မတွေ့နိုင်လောက်သည်ကို လင်းချင်းဟယ် နားလည်သဖြင့် သဘောတူလိုက်သည်။
ဒီကိတ်မုန့်ကတော့ တကယ် အရသာရှိပါသည်။ ကျိုးချင်းပိုင် ပြန်လာသောအခါ လင်းချင်းဟယ်က မြည်းခိုင်းလိုက်သည်။
ကျိုးချင်းပိုင်လည်း အရသာရှိသည်ဟု ထင်ပါသည်။ လင်းချင်းဟယ်က အကြံပေးလိုက်၏။ "ဒီကိတ်မုန့်မျိုးကို ဆိုင်မှာ မနက်စာအဖြစ် ရောင်းကြမလား"
"..." စိတ်ရှုပ်ထွေးစွာဖြင့် ကျိုးချင်းပိုင် သူ့မိန်းမကို ကြည့်လိုက်ပါသည်။
ဒီကိတ်မုန့်က တကယ်ကောင်းမွန်သည်။ စားသုံးရတာ အရသာရှိသော်လည်း အမြတ်ကတော့ သိပ်မများလောက်ပေ။
“ဟွမ်ရှောင်းလျို့ကို လုပ်ခိုင်းပြီး ဆိုင်မှာ စမ်းရောင်းကြည့်စမ်းပါ။ အရသာ အပြောင်းအလဲ ဖြစ်တယ်လို့ သဘောထားပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
အစကတော့ ဒီကဏ္ဍတွင် သူမ အစီအစဥ်မရှိပေ။ သို့သော် ဒီကိတ်မုန့်က တကယ်ပဲ အရသာရှိသဖြင့် လင်းချင်းဟယ် ထိုအတွေး ပေါ်လာခြင်းဖြစ်ပါသည်။
"ကောင်းပါပြီ" ကျိုးချင်းပိုင်က ဒီအမြတ်လောက်ကို စိတ်မဝင်စားပါ။ သို့သော် သူ့မိန်းမက ဒီလိုအစီအစဥ်ရှိသဖြင့် သူကန့်ကွက်စရာ မရှိပါ။
မနက်ဖြန် မာချန်းမင်နှင့် ဟွမ်ရှောင်းလျို့တို့ မာရှောင်းထန်ကို မွေးရပ်မြေသို့ ပြန်ခေါ်သွားကြမည်ဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ်က ဒီနေ့ပဲ ဟွမ်ရှောင်းလျို့အား လာပြောခဲ့ပါသည်။
"ဒိကိတ်မုန့်ကို တကယ်ရောင်းနိုင်မှာလား။ စားချင်တဲ့သူ ရှိလို့လား။" ဟွမ်ရှောင်းလျို့၏ လေသံက အနည်းငယ် လေးလံနေဆဲ ဖြစ်သည်။ သို့သော်လည်း မန်ဒရင်းစကားပဲ ဖြစ်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ "ကျွန်မတော့ အရသာရှိတယ်လို့ ထင်တယ်။ ရှင့်ရဲ့ စွမ်းရည်ကတော့ သာမန်ထက်ပိုတာပဲ"
ဟွမ်ရှောင်းလျို့ တခြားသူများထံမှ ချီးကျူးစကားများ ကြားရသည်မှာ ရှားပါသည်။ လင်းချင်းဟယ်၏ ချီးကျူးစကားတွင် အနည်းငယ် ရှက်ရွံ့သွားသည်။ တချိန်တည်းမှာပင် စိတ်ဝင်စားသွားသည်။
"တခြားသူတွေ ဘယ်လိုထင်မလဲမသိဘူး။ ရှင်နဲ့ ချန်းမင်တို့ ပြန်လာတဲ့အချိန်ထိ ခဏဖယ်ထားဖို့ စဥ်းစားထားပါတယ်။ မနက်စောစောထ၊ ကိတ်မုန့်နည်းနည်းလုပ်ပြီး အစမ်းရောင်းကြည့်ကြမလား။ ရောင်းအား ကောင်းရင် နောက်ပိုင်း ဆက်ရောင်းတာပေါ့" လင်းချင်းဟယ်က ပြောလိုက်သည်။
"ရောင်းမကောင်းမှာပဲ စိုးရိမ်တာပါပဲရှင်" ဟွမ်ရှင်းလျို့ ပျော်ရွှင်နေပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိပါသည်။
"ပြောရရင် မရောင်းရမှာတော့ စိုးရိမ်စရာ မလိုပါဘူး။ ဒီနေ့ရဲ့ အရည်အသွေးအရဆိုရင် စားချင်တဲ့သူ ရှိမှာပါ" လင်းချင်းဟယ်က အာမခံလိုက်ပါသည်။
သူမက ကြေးမများသော်လည်း ဒီကိတ်မုန့်က ကောင်းမွန်လွန်းပါသည်။ ဖက်ထုပ်ဆိုင်က ဖောက်သည်များကို အရသာ အပြောင်းအလဲဖြစ်အောင် မြည်းကြည့်ခိုင်းခြင်းက မကောင်းသည့် အကြံ မဟုတ်လောက်ပါ။ ကျိုးချင်းပိုင် စကားလုံး နည်းနည်းလောက် ညွှန်းပေးလိုက်တာနဲ့ ရောင်းနိုင်ပါလိမ့်မည်။
မာချန်းမင်က ရထားလက်မှတ် သွားဝယ်သည်။ အိမ်ပြန်ရောက်လာမှ ထိုကိစ္စကို သိလိုက်ရခြင်း ဖြစ်ပါသည်။
သူကျေးဇူးတင် ဝမ်းသာသွားပါသည်။ လင်ချင်း၏ ရည်ရွယ်ချက်ကို သူနားလည်ပါသည်။ သူ့မိန်းမက စိတ်ပိုင်းဆိုင်ရာ အနည်းငယ် အားနည်းနေသဖြင့် သူ့ကို ပိတ်ရက် ပိုပေးကာ ရွာပြန်အနားယူခိုင်းခြင်း ဖြစ်သည်။ ထို့အပြင် ဒီလို နည်းလမ်းမျိုးလည်းရှာတွေ့ခဲ့သဖြင့် သူ့မိန်းမ စိတ်ခံစားချက်များ ပိုကောင်းလာနိုင်ပါသည်။
သတင်းကောင်း နှစ်ခုကို တစ်ကြိမ်တည်း ကြားလိုက်ရသဖြင့် ဟွမ်ရှောင်းလျို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ဟပ်နေပါသည်။ နောက်တစ်နေ့ မနက်စောစောတွင် မာချန်းမင်က သူမနှင့် မာရှောင်းထန်ကို ခေါ်ကာ မွေးရပ်မြေသို့ ပြန်လာခဲ့ပါသည်။
ဟွမ်ရှောင်းလျို့၏ ကိစ္စအတွက် လင်းချင်းဟယ်က လက်ကမ်းကာ အကူအညီပေးချင်ပါသည်။
ထိုကျေးရွာ မိန်းမငယ်လေးက အလွန် တာဝန်ယူတတ်သည်။ ထို့အပြင် စိတ်အားလည်း ငယ်တတ်ပါသေးသည်။ မာချန်းမင်သာ ရွာသို့ ရောက်မလာပါက သူမလို ပညာမတတ်သည့် ရွာသူတစ်ယောက်က ဒီလို ယောက်ျားမျိုးနှင့် လက်ထပ်နိုင်လိမ့်မည် မဟုတ်သည်ကို နားလည်ပါသည်။
သူတို့အိမ်ကို ရောက်ကတည်းက ဟွမ်ရှောင်းလျို့က အလွန်အေးသော်လည်း အိမ်တစ်အိမ်လုံး ဘယ်လောက် သန့်ရှင်းနေသလဲ သတိထားမိပါသည်။ သူမ၏ စည်းကမ်းရှိပြီး စနစ်ကျသည့် စရိုက်ကို ပြသနေခြင်းဖြစ်သည်။
မြို့တော်သို့ ရောက်လာသောအခါ ဟွမ်ရှောင်းလျို့ နေသားမကျခြင်းသာ ရှိသည်။ ပတ်ဝန်းကျင်က သူမ အရင်က နေထိုင်ခဲ့ဖူးသည့် နေရာနှင့် ခြားနားလွန်းနေသည်။ အပြင်ဘက်က လူများ၏ အတင်းအဖျင်းများနှင့် ကောလဟာလများ၏ ဖိအားနှင့် ပေါင်းစပ်လိုက်သောအခါ စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်လာခဲ့ပါသည်။
လင်းချင်းဟယ်က လူတော်တစ်ယောက်ကို စိတ်ဓာတ်ကျမှုကြောင့် ဒုက္ခမရောက်စေချင်ပါ။ ကံဆိုးလွန်းပါသည်။ သူမတွင် အစွမ်းအစ ရှိသည်ကို မြင်လိုက်ရသဖြင့် လင်းချင်းဟယ်က သူမကို အခွင့်အရေး ပေးချင်ပါသည်။
လုပ်စရာအလုပ်တစ်ခုလည်းရ၊ ကိုယ့်မိသားစုကိုယ် ဂရုစိုက်ရင်း ကိုယ့်တန်ဖိုးကိုလည်း နားလည်ဖို့ အခွင့်အရေးရလာမည် ဖြစ်သည်။ ဒီလိုဆို ကိုယ့်ကိုယ်ကို သံသယဖြစ်ကာ ယုံကြည်ချက်မဲ့မည် မဟုတ်တော့ပေ။
ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင် ပြန်ဖွင့်ပြီ ဖြစ်သည်။ ပန်းကန်ဆေးဖို့လည်း ယာယီအလုပ်သမား တစ်ဦး ခန့်အပ်ထား၏။
ကျောင်းပြန်မဖွင့်ခင် လိုသေးသဖြင့် လင်းချင်းဟယ် အလုပ်အားနေသည်။ ထို့ကြောင့် စစ်နီကို စာသင်ပြပေး၏။ ထို့အပြင် ကုန်ခြောက်ဆိုင်တွင် ကျိုးစန်းနီအား လာတွေ့သည်။
ကျိုးစန်းနီက ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရသဖြင့် နှစ်သစ်ကူးပြီးသည့် အချိန်တွင် အများကြီး ပိုဝဖြိုးလာပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "အိုင်ကွေ့က သူစားရမယ့်ဟာတွေပါ ကျွေးနေတယ်ထင်တယ်။"
ကျိုးစန်းနီ ရှက်သွား၏။ "ဘာတွေဖြစ်နေလဲ မသိတော့ပါဘူး။ အမြဲတမ်း စားချင်နေတာပဲ။"
မကြာခဏ ဗိုက်ဆာနေသဖြင့် သူမ တကယ်ဝလာပြီဟု ခံစားရခြင်းဖြစ်ပါသည်။
သူတို့ နှစ်သစ်ကူး ညစာကို အတူတူစားသောက်ခဲ့ကြသည်။ ဟူကျစ်က ချန်းရှန်ရှန်ကို ခေါ်လာမှန်းသိသော်လည်း ရေရေရာရာ သိပ်မသိခဲ့သဖြင့် ဒီတစ်ခေါက် မေးကြည့်လိုက်သည်။
"အမှားအယွင်း မရှိရင် သေချာနေပါပြီ" လင်းချင်းဟယ်က ပြုံးပြလိုက်သည်။
ဟူကျစ်နှင့် ချန်းရှန်ရှန်တို့၏ ဆက်ဆံရေးက လျှင်မြန်စွာ တိုးတက်နေပါပြီ။ ဒီခေတ်၏ စရိုက်ပုံစံကြောင့်ပဲလားမသိ၊ ဆက်ဆံရေးများက သိပ်ပြီး မရှုပ်ထွေးပါ။ ကလေးနှစ်ယောက်က လူကြီးများ၏ သဘောတူညီမှု အောက်တွင် တရားဝင် တွဲခဲ့ကြပါသည်။
"ကောင်းတာပေါ့။ ဒုတိယ ဒေါ်လေးသာ သိရင် ပျော်သွားမှာပဲ" ကျိုးစန်းနီက ပြုံးလိုက်၏။
လင်းချင်းဟယ် ထိုကိစ္စများကို သိပ်ပြီး အာရုံမစိုက်ပေ။ အားလုံးက ကြမ္မာစီရင်ရာသာ ဖြစ်သည်။ ကံပါလာပါက ကောင်းပါသည်။ မပါလာပါက အတင်းလုပ်ယူလို့မရပေ။
မီးပုံးပွဲတော် ပြီးသွားသောအခါ ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ ပြန်လာခဲ့ကြ၏။ ဒီနှစ် နှင်းမုန်တိုင်းက အလွန် ပြင်းထန်သည်။ မီးပုံးပွဲတော်ကာလ အတွင်းမှာတောင် နှင်းများ ပြင်းထန်စွာ ကျခဲ့သည်။ နောက်ထပ် ရက်အနည်းငယ်လောက်အထိ ရာသီဥတုက ဆိုးရွားနေဆဲဖြစ်သည်။
ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ မြို့တော်သို့ ပြန်ရောက်လာသောအခါ လင်းချင်းဟယ်၏ စသင်နှစ် ပြန်လည်စတင်နေပြီဖြစ်ပါသည်။
မာချန်းမင်နှင့် ဟွမ်ရှောင်းလျို့တို့ မိသားစု သုံးယောက်လည်း ပြန်ရောက်လာကြပြီ ဖြစ်သည်။ အေးစက်သည့်ရာသီဥတုနှင့် နှင်းထူသည့် မြေနှင့်ဆို ဆိုင်ဖွင့်ပြီးနောက် များများစားစား မရောင်းခဲ့ရပေ။ သို့သော်လည်း လင်းချင်းဟယ်ကတော့ ဆိုင်ဖွင့်ဖို့ အမိန့်ပေးပါသည်။ အလုပ်သွားဖို့ လိုသည့်လူတိုင်း အလုပ်သွားကြရပါသည်။
လင်းချင်းဟယ် အလုပ်မှ ပြန်ရောက်လာသောအခါ ကျိုးအာ့နီ၏ ပိုမိုပြည့်ဖြိုးလာသော မျက်နှာကို မြင်ကာ ပြုံးလိုက်သည်။ "အိမ်ပြန်ရောက်တော့ နင့်အမေက အရသာရှိတာတွေ အများကြီး ချက်ကျွေးလိုက်တဲ့ ပုံပဲနော်။"
ကျိုးအာ့နီက အနည်းငယ် ရှက်သွား၏။ နှစ်သစ်ကူး နေ့တိုင်း ဘာမှလုပ်စရာမရှိပေ။ ထို့ကြောင့် အိမ်မှာပဲ တစ်နေကုန် အိပ်လိုက်စားလိုက် လုပ်နေခဲ့ရပါသည်။ အထူးသဖြင့် ဝမ်ယွမ် ပါလာသဖြင့် သူမအမေက ဟင်းကောင်းများ ချက်ပြုတ်ပေးသဖြင့် ဝိတ်မတက်အောင် ထိန်းဖို့က ခက်ခဲလှပါသည်။
သူမ ဒီတစ်ခေါက် ပြန်လာတော့ မွေးရပ်မြေက လက်ဆောင်တစ်ချို့ ပြန်ယူလာသည်။ "သမီးအမေက ဘဲဥတွေအများကြီး ဆားရည်စိမ်ထားတယ်။ အဘိုးနဲ့အဘွားအတွက် တစ်စု၊ ဒီအတွက် တစ်စုပေါ့။"