အခန်း(၅၀၁) အရှက်ကင်းမဲ့ခြင်း
Vol. 36 Ch. 501
အခန်း(၅၀၁) အရှက်ကင်းမဲ့ခြင်း
အကြီးဆုံးမရီး၏ ဆားရည်စိမ် ဘဲဥများက အလွန်ကောင်းမွန်လှပါသည်။ အထူးသဖြင့် ဆီရွှမ်း၏။ လင်းချင်းဟယ် ပြုလုပ်ထားသည့် ဘဲဥများနှင့် ယှဥ်လျှင် ပိုကောင်းပါသည်။
ထို့အပြင် ဘဲများကို အကြီးဆုံးမရီးက မြစ်ဘေးတွင် မွေးမြူထားခြင်းဖြစ်၏။ ဘဲများက ခရုများ၊ ငါးလေးများနှင့် ပုစွန်များကို စားသုံကြသဖြင့် ဥထားသည့် ဘဲဥများကလည်း အလွန်အရသာရှိလှပါသည်။
အဖေကျိုးနှင့် အမေကျိုးတို့၏ ဝေစုကို ခွဲပေးလိုက်သည်။ လင်းချင်းဟယ်တို့ဘက်ကလည်း ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ကို တချို့တဝက် ခွဲပေးလိုက်သည်။ သူတို့က ကိုယ့်အိမ်မှာ ကိုယ်စားကြရပြီး တခြားသူများကတော့ အတူတူ စားကြပါသည်။
"ဒုတိယဦးလေးက စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ စန်းနီနဲ့ လီအိုက်ကော်ကို ဒီခေါ်လာမှန်း သိတယ်။ သူအပျော်လွန်နေတာ" ကျိုးအာ့နီက ပြောပြလို်ကပါသည်။
"ဘာလို့ ဒုတိယ ဦးလေးကို အဲ့အကြောင်း သွားပြောရတာလဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
ကျိုးအာ့နီက စကားများသော လူမဟုတ်ပါ။ ထိုစကားလုံးများကြောင့် သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။ "ဒုတိယဒေါ်လေးပေါ့။ စတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့က ဒုတိယမိသားစုကို ဂရုမစိုက်ဘူးလို့ ဒုတိယ ဦးလေးကို ခဏခဏပြောနေတာ။ သမီး မနေနိုင်လို့ပါ။"
သူတို့မိသားစု နှစ်ခုအကြား ဆက်ဆံရေးကြောင့် ဝမ်ယွမ်ကို မွေးရပ်မြေသို့ ပြန်ခေါ်သွားစဥ်က သူမသည် ကျိုးမိသားစုအိမ်ဟောင်းသို့ သွားလည်ခဲ့သည်။ ထိုအချိန်တွင် ကျိုးအာ့နီတစ်ယောက် ဒုတိယဒေါ်လေးက ဒုတိယဦးလေးကို ပြောဆိုနေသည့် စကားများအား ကြားခဲ့ရခြင်းဖြစ်ပါသည်။ ရန်ဖြစ်နေကြတာ သေချာသည်။
ပထမ မိသားစု၏ တူမများကို ဂရုစိုက်ပြီး သူတို့ကို မြို့တော်သို့ ခေါ်သွားပေးသည်ဟူသည့် အကြောင်းများ၊ တတိယမိသားစုကိုလည်း ဂရုစိုက်ပြီး သူတို့ကို ကောင်တီမြို့တွင် ဆိုင်တစ်ဆိုင် ဝယ်နိုင်အောင် ကူညီပေးသည့် အကြောင်းများ စသည်ဖြင့် ပြစ်တင်ပြောဆိုခဲ့သည်။
ကျိုးအာ့နီက အချိန်အတန်ကြာ နားထောင်ပြီးနောက် သည်းမခံနိုင်တော့ဘဲ အိမ်ထဲဝင်သွားသည်။ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့အား မြို့တော်သို့ ခေါ်သွားသည့် အကြောင်းကို ပြောပြလိုက်ပါသည်။
စန်းနီတို့ လင်မယားနှစ်ယောက်တင်မကဘဲ ဒုတိယ မိသားစု၏ အကြီးဆုံးသား ကျိုးရှားကလည်း မြို့တော်က ပရိဘောဂ စက်ရုံတွင် ကိုယ်ပိုင် ပရိဘောဂများ ဖန်တီးနေနိုင်ပြီ ဖြစ်သည်။
ဒါကလည်း အတိတ်တုန်းက သူ့စတုတ္ထဦးလေး ဆက်သွယ်ပေးကာ သွင်းပေးခဲ့ခြင်းဖြစ်ပါသည်။
သူမ၏ ဒုတိယဒေါ်လေးကတော့ ဒီစကားလုံးများကို မျက်တောင်ပင်မခတ်ဘဲ ပြောသွားသဖြင့် ကျိုးအာ့နီ သည်းမခံနိုင်ဘဲ ပြောခဲ့ခြင်းဖြစ်ပါသည်။
ထိုအကြောင်းသိသွားပြီးနောက် အကြီးဆုံးမရီးသည်လည်း သူတို့အိမ်သွားခဲ့ပြီး ပြောပြခဲ့သည်။ ကျိုးစန်းနီ၏ ခန္ဓာကိုယ်က ကျန်းမာရေး မကောင်းဘဲ မြို့တော်တွင် ဆရာဝန်ပြဖို့ ခေါ်သွားရသည်ဟု ပြောခဲ့၏။
ဒုတိယမိသားစုကတော့ ဒီကိစ္စများကို မသိခဲ့ပါ။
ကျိုးစန်းနီက ကျန်းမာရေးမကောင်းဘဲ ကလေး မရနိုင်ကြောင်း ကြားလိုက်ရသောအခါ ဒုတိယအစ်ကိုတစ်ယောက် ကြက်သေသေသွားရသည်။ ဒုတိယမရီးလည်း ပါသည်။ အစကတော့ မယုံသော်လည်း အကြီးဆုံးမရီးက တတိယအစ်ကိုနှင့် တတိယမရီးတို့ကို မေးကြည့်နိုင်သည်ဟု ဆိုလိုက်သည်။
အတိုချုံးပြောရလျှင် စကားများပြီးနောက် ဒုတိယမရီး မျက်နှာပျက်ခဲ့ရသည်။ ဒုတိယအစ်ကိုလည်း အလွန် ရှက်မိပါသည်။ အဖေတစ်ယောက်ဖြစ်ပြီး သူ ဒီအကြောင်းများ မသိခဲ့ပါ။
"နင့်ဒုတိယဒေါ်လေးရဲ့ စိတ်အကြောင်း မသိတာလည်း မဟုတ်ဘူး။ အဲ့ကိစ္စတွေကို သူနဲ့ အချေအတင်ပြောလို့ ဘာထူးမှာလဲ။ လျို့နီကလည်း သူနဲ့အတူတူပဲ။" လင်းချင်းဟယ်က နားထောင််ပြီးနောက် ပြန်ပြောလိုက်သည်။ အာ့နီက သူမကို ကာကွယ်ပေးနေခြင်းသာဖြစ်သည်။
လျို့နီအကြောင်း ပြောကာမှ ကျိုးအာ့နီ နှုတ်ခမ်း စူသွားပြီး နောက်ဆုံးတော့ ပြောပြလိုက်သည်။ "စတုတ္ထဒေါ်လေး လျို့နီ အိမ်ထောင်ကျသွားပြီ"။
"ဟင်" ကျိုးလျို့နီ၏ ကိစ္စများကို လင်းချင်းဟယ် ဘာမှ မသိချင်သော်လည်း ထိုအကြောင်း ကြားသောအခါ ထိတ်လန့်သွားပါသေးသည်။
ကျိုးအာ့နီက ဒီနှစ်အိမ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်ပြောပြလိုက်သည်။
ကျိုးလျို့နီတစ်ယောက် ကိုယ်ဝန်ရခဲ့ခြင်းဖြစ်၏။ လက်မထပ်ခင် ကိုယ်ဝန်ရခြင်းဖြစ်သည်။ ကလေးက တစ်ရွာတည်းသား လူလေလူလွင့်တစ်ယောက်နှင့် ရခဲ့ခြင်းဖြစ်ပါသည်။ ထိုလူလေလူလွင့်က အစကတော့ ကလေးကို အသိအမှတ်မပြုပါ။
အဘယ့်ကြောင့်ဆိုသော် တောထဲသို့ ကျိုးလျို့နီနဲ့အတူတူ ဝင်ခဲ့ဖူးတာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သိနေသောကြောင့် ဖြစ်သည်။ ဘာကြောင့် ဒီကလေးကို အလွယ်တကူ အသိအမှတ်ပြုရမှာလဲ။
သို့သော်လည်း နောက်ဆုံးတွင်တော့ ရွာက တခြားလူများနှင့် ကျိုးလျို့နီ မပတ်သတ်တာ ကြာပြီဖြစ်မှန်း တွေးမိသည်။ ထို့ကြောင့် သူနဲ့သာ ပတ်သတ်ခဲ့ခြင်းဖြစ်ပြီး သူ့ကလေးဖြစ်တာ သေချာသွားခဲ့ပါသည်။
ကျိုးလျို့နီက နှစ်သစ်ကူးညစာတုန်းကအထိ ထိုအကြောင်းကို မသိခဲ့ပါ။ သူမ ကောင်းကောင်းမွန်မွန် စားသောက်နေပြီး ထို့နောက်မှ အန်ချင်လာခဲ့ခြင်းဖြစ်သည်။
ဘယ်သူကမှ အရေးမစိုက်ခဲ့ကြပေ။ အိမ်နီးချင်းတစ်ယောက်က သူမ အန်နေတာကို ခဏခဏ တွေ့မိမှ ကိုယ်ဝန်ရှိနေတာနဲ့ တူသည်ဟု ထင်ကြေးပေးလိုက်မှ သိခဲ့ခြင်းဖြစ်ပါသည်။
ဒုတိယမရီးက ကြားသွားပြီး သူ့သမီးကို တိုက်ရိုက်မေးခဲ့သည်။
သူအတော်လေး မကျေမနပ်ဖြစ်လာခဲ့၏။ အထူးသဖြင့် ကျိုးလျို့နီက ထိုကလေကချေများနှင့် တွဲသွားတွဲလာလုပ်တိုင်းဖြစ်သည်။ လူများစွာက ထိုကိစ္စကို သိထားပါသည်။
လူများစွာက သူတို့နောက်ကွယ်တွင် လက်ညှိုးထိုးကာ အတင်းအဖျင်း ပြောကြသည်။ တချို့လူက ကလေကချေများနှင့် စပါးခင်းထဲတွင် သူမ အတူနေခဲ့သည်ဟုတောင် ပြောကြသည်။
ရလဒ်အနေဖြင့် သတင်းများက ကျိုးကျား တစ်ရွာလုံး ပျံ့နှံ့သွားခဲ့ပါသည်။
သူတို့ ပေါ်တင်တော့ မပြောရဲကြပါ။ အကြီးဆုံးမရီးနှင့် အကြီးဆုံးအစ်ကိုက ဒီနှစ်ထဲ မြို့တော်က သူတို့သားမက်လောင်းကို ကြိုဆိုရမည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်လုံး သဘောကောင်းနေကြပါသည်။ ရွာထဲတွင်လည်း နာမည်ကောင်းရထားကြ၏။ လူအနည်းငယ်သာ ထိုအကြောင်း ပြောကြပြီး ဘာပဲဖြစ်ဖြစ် မသေချာ မရေရာသော ကိစ္စသာဖြစ်သည်။
သို့သော်လည်း အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ အခု ဘဝကောင်းကောင်း ရလာခြင်းကို မျက်စိစပါးမွှေးစူးနေသည့် လူတချို့လည်း ရှိနေပါသေးသည်။ ဝမ်ယွမ် မရှိချိန်တွင် အကြီးဆုံးမရီးကို ကျိုးလျို့နီအကြောင်း သိပြီးပြီလားဟု စသလိုနောက်သလို မေးမြန်းခဲ့သည်။
ထိုစဥ်က အကြီးဆုံးမရီး ခြေထောက်များပင် မခိုင်တော့ဘဲ ဒုတိယမရီးအား သွားတွေ့သည်။ ဒုတိယမရီးကလည်း ဒေါသထွက်သွား၏။ နောက်ဆုံးတော့ ကျိုးလျို့နီကို ဆေးခန်းသို့ခေါ်သွားပြီး ဆေးစစ်ကြည့်လိုက်ပါသည်။ ဒါက သူမမှာ ကိုယ်ဝန်မရှိကြောင်း ပြဖို့ ဒါက အကောင်းဆုံး သက်သေဖြစ်ပါသည်။
သို့သော်လည်း ထင်မထားစွာဖြင့် ကျိုးလျို့နီက တကယ် ကိုယ်ဝန်ရှိနေ၏။ တစ်လနှင့် ၁၅ ရက်နီးပါးလောက် ရှိနေပြီဖြစ်သည်။
ဒေါသတောက်လောင်နေသည့် ဒုတိယမရီးပါ ကြောင်သွားရသည်။ ကျိုးလျို့နီလည်း ကြက်သေသေသွားရ၏။ သူမ ကိုယ်ဝန်ရလာမည်ဟု မထင်ထားခဲ့ပါ။ ဆေးရုံတွင် ကွန်ဒုံးလာယူခဲ့သဖြင့် သူမ ကိုယ်ဝန်မရနိုင်ပါ။
သို့သော်လည်း လွန်ခဲ့သော တစ်လလောက်က တစ်ယောက်ယောက်နှင့် ကောက်ရိုးပုံထဲ ဖြစ်ပျက်ခဲ့သည့် ကိစ္စကို ပြန်မှတ်မိသွားသည်။
ထိုအခါမှ ကလေးအဖေ ဘယ်သူလဲ သူ့အမေကို ပြောပြခဲ့ပါသည်။ သူ့အမေက သူ့ခေါင်းကို ထုရိုက်ပြီး ပါးကို နှစ်ချက်လောက် ရိုက်ခဲ့သည်။
နောက်ဆုံးတွင်တော့ ထိုလူလေလူလွင့်က ကျိုးလျို့နီအား လက်ထပ်ယူခဲ့ပါသည်။ ဇန်နဝါရီ ၈ ရက်နေ့တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။
မင်္ဂလာဧည့်ခံပွဲပင် မရှိပါ။ ဒါက ဘယ်လောက်တောင် အလျှင်လိုနေသလဲဆိုတာကို ပြသနေခြင်းဖြစ်ပါသည်။ ဒုတိယ မိသားစု၏ ဂုဏ်သတင်းက ညစ်နွမ်းလာခဲ့၏။
ရွာထဲတွင် တကယ်ဆိုးရွားလာပါသည်။ လွတ်လပ်စွာ ချစ်ကြိုက်ပိုင်ခွင့်ရှိသော ခေတ်ဖြစ်သော်လည်း ကျေးရွာဆိုတာ ဘယ်လို နေရာမျိုးလဲ။ သူမက အသက်ဘယ်လောက်ရှိသေးလို့ ကိုယ်ဝန်ရလာခဲ့တာလဲ။
ထို့ကြောင့် သူတို့တွင် ဘယ်လိုဂုဏ်သိက္ခာမျိုး ကျန်ဦးမည်နည်း။ ထို့နောက် လူလေလူလွင့်၏ မိသားစုလည်း ရှိသေးသည်။ ဘာမှ ကောင်းကွက်မရှိသည့် မိသားစုကဖြစ်ပြီး သူတို့ဂုဏ်သတင်းကလည်း ရွာထဲတွင် အတော်လေး ဆိုးရွားလှပါသည်။
ကျိုးလျို့နီက ဒီလိုစွန်းထင်းနေသည့် မိသားစုမျိုးနှင့် လက်ထပ်ခဲ့သဖြင့် သူမ၏ ဘဝက ဘယ်မှာ ကောင်းနိုင်တော့မည်နည်း။
"ဝမ်ယွမ်ကော အဲ့အကြောင်းသိလား" လင်းချင်းဟယ်က နားထောင်ပြီးနောက် ဘာခံစားချက်မှ မဖြစ်ပေါ်သော်လည်း မေးလိုက်သည်။
"ဝမ်ယွမ်က ဂရုမစိုက်ပါဘူး။" ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။ ပထမတော့ ရှုရှန့်မိန်၏ ကိစ္စ၊ အခုတော့ ကျိုးလျို့နီ၏ ကိစ္စပါ ဖြစ်လာပြီ။ ရှက်ဖို့မကောင်းပါဘူးဟု ပြောဖို့က မဖြစ်နိုင်ပါ။
သူတို့မိသားစုနှင့် ဘာမှမဆိုင်သော်လည်း သက်ရောက်မှုတော့ ရှိနေပါသေးသည်။
ကံကောင်းစွာဖြင့် ဝမ်ယွမ်က ဒီကိစ္စများကို ဂရုမစိုက်ပါ။ မိသားစုချင်းမတူပေ။ ဒုတိယ မိသားစု၏ ကိစ္စသာဖြစ်ပြီး ပထမ မိသားစုနှင့် မဆိုင်ပါ။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်၏။ "နင့်အဘိုးအဘွားတွေကို ဒီကိစ္စ သွားမပြောနဲ့"
လင်းချင်းဟယ်က သူ့ယောက္ခမကို ရန်စချင်သော်လည်း ပြန်လည်စဥ်းစားပြီးသွားသောအခါ ထိုအကြံကို ပြန်ရုတ်သိမ်းလိုက်ပါသည်။ သူ့ယောက္ခမက ရှေးရိုးစွဲစိတ်ရှိသည်။ အရင်တစ်ခေါက်က ရှုရှန့်မိန်ကိစ္စနှင့် ဒေါသထွက်လွန်းသဖြင့် နာမကျန်းပင်ဖြစ်လုနီးပါး ဖြစ်သွားသည်။ ဒီတစ်ခေါက်က သူမ၏ မြေးမအရင်းဖြစ်ပြီး ရှာခဲ့သည့် ပြဿနာကလည်း တစ်ရွာလုံး ပျံ့နှံ့နေပါပြီ။
ကြည့်ရတာ ဒီအဘွားအိုတော့ ဒီတစ်သက် ရွာတွင် ပြန်ပြစရာ မျက်နှာရှိတော့မည် မထင်ပါ။
ထို့ကြောင့် ရှိပါစေတော့။ ရွာတွင် မျက်နှာ သွားပြချင်သည့် သူ့စိတ်နဲ့သူပဲ ရှိပါစေတော့။
ကျိုးအာ့နီကလည်း သူမ၏ အဘိုးအဘွားများကို သွားပြောဖို့ အစီအစဥ်မရှိပါ။ ပြောစရာ ဘာအကြောင်းမှလည်း မရှိပေ။ စိုးရိမ်မှုနှင့် စိတ်ဖိစီးမှုတို့ ပိုဖြစ်လာစေရုံသာရှိသည်။
သူမ စတုတ္ထဒေါ်လေးကိုသာ သိထားဖို့ ပြောပြခဲ့ခြင်းဖြစ်ပါသည်။
လင်းချင်းဟယ်က သေချာပေါက် ကျိုးချင်းပိုင်ကို ဒီကိစ္စအား အသိပေးရပါမည်။ ထိုအကြောင်း ကြားသောအခါ ကျိုးချင်းပိုင်၏ မျက်နှာက အတော်လေး တင်းမာသွားခဲ့သည်။
"သူက အခု အိမ်ထာင်ကျသွားပြီဆိုတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှထပ် အားကုန်စရာ မလိုတော့ဘူး" လင်းချင်းဟယ်က လက်ခါပြလိုက်ပါသည်။
သူမ တမင်တကာ ဒီကိစ္စကို သူမယောက်ျား ချင်းပိုင်အား ပြောပြခဲ့ခြင်းဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် အရင်တုန်းက သူမ ကျိုးလျို့နီကို ချက်ချင်း အတင်းအကြပ် အိမ်ပြန်လွှတ်ခဲ့ဖူး၏။
သို့သော်လည်း ဒီအချက်များက သူမ၏ အကဲခတ်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့က မမှားကြောင်း သက်သေပြခဲ့ပါသည်။ ထိုကျိုးလျို့နီက အရှက်မဲ့ခြင်း၏ ဆရာတစ်ပါးသာ ဖြစ်သည်။