← Chapters

အခန်း(၅၀၆) ဖက်ထုပ်ဘုရင်

Vol. 37 Ch. 506

အခန်း(၅၀၆) ဖက်ထုပ်ဘုရင်

Vol. 37 Ch. 506

အခန်း(၅၀၆) ဖက်ထုပ်ဘုရင်

"နင့်ဆိုင်နင် ဖွင့်လေ။ နင့်အဖေရဲ့ ဖက်ထုပ်ဆိုင်က သူအချိန်ဖြုန်းဖို့ ဖွင့်ထားတဲ့ဆိုင်ဟဲ့" လင်းချင်းဟယ်က ပြောလိုက်သည်။

ဖက်ထုပ်ဆိုင်၏ အမြတ်အစွန်းက သိပ်မများသော်လည်း ဒီဆိုင်နှင့်ဆို သူမယောက်ျား ချင်းပိုင်က အလုပ်များနေတတ်ပါသည်။ ထို့ကြောင့် အမြတ်က အရေးမကြီးပါ။

ဒီလိုဆို သူမ အလုပ်သွားလျှင် ကျိုးချင်းပိုင် မပျင်းရတော့ပါ။ သူမ နွေရာသီ အလုပ်ပိတ်သောအခါ ကလေးများကို ဆိုင်အပ်ထားခဲ့ပြီး လင်မယားနှစ်ယောက် ခရီးသွားနိုင်သည်။

"ဟုတ်ပါပြီ။ သားဘွဲ့ရရင် ဘာလုပ်လို့ရမလဲ ကြည့်တာပေါ့" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်၏။

သူစားသောက်၍ ပြီးဆုံးသွားသောအခါ ကျိုးချင်းပိုင် သူ့လက်ထဲသို့ ဆိုင်ကို ပြန်လွှဲပေးလိုက်သည်။ ထို့နောက် သူ့မိန်းမနှင့် ရုပ်ရှင်ကြည့်ဖို့ ထွက်လာခဲ့၏။

ဟူကျစ်က ချန်းရှန်ရှန်နှင့် သွားတွေ့သည်။ ကျိုးရွှမ်က စာပြန်လုပ်နေ၏။ စစ်နီနှင့် ကန်းကျစ်တို့က ညကျောင်းတက်သည်။ ကျိုးအာ့နီက လာမစားခဲ့ပါ။ သူမနှင့် ဝမ်ယွမ်တို့ အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် ညစာ သွားစားကြသည်။

ထို့ကြောင့် ဖက်ထုပ်ဆိုင်တွင် ကျိုးကွေ့လိုင်သာ ကျန်ခဲ့တော့သည်။ အဘိုးဝမ် ရောက်လာသောအခါ သူ့ကိုသာတွေ့သည်။

"မင်းပဲ ရှိတာလားကွ" အဘိုးဝမ်က မေးလိုက်သည်။

"ဟုတ်တယ် အဘိုးရေ။ သူတို့တွေအကုန်လုံးက ရုပ်ရှင်ကြည့်ဖို့၊ ချိန်းတွေ့ဖို့ ထွက်သွားကြတာ။ ကျွန်တော်ပဲ ကျန်ခဲ့တာပေါ့။ အဘိုး စားပြီးပြီလား" ဟု ကျိုးကွေ့လိုင်က မေးလိုက်သည်။

"စားပြီးပါပြီ" အဘိုးဝမ်က ခေါင်းငြိမ့်လိုက်သည်။

ထိုအချိန်တွင် ဒေါ်လေးမာက အလုပ်ဆင်းသွားပြီဖြစ်သဖြင့် ကျိုးကွေ့လိုင်က ပန်းကန်များကို ဆေးနေရသည်။ ပန်းကန်ဆေးရင်း သူ့ခေါင်းကိုင်အဘိုးနှင့် စကားပြောနေ၏။ "ခေါင်းကိုင်အဘိုး၊ ကျွန်တော်ဘွဲ့ရရင် ဘာလုပ်ငန်းလုပ်သင့်တယ် ထင်လဲဟင်"

"မင်းအဖေရဲ့ ဖက်ထုပ်ဆိုင်က မကောင်းဘူးလားကွ" အဘိုးဝမ်က ပြုံးလိုက်သည်။

"ကျွန်တော့်အဖေက သူအချိန်ဖြုန်းဖို့ ဒီဆိုင်ကို သူပဲယူမှာတဲ့။ ကျွန်တော့်အမေနဲ့ သူနဲ့ ခရီးသွားတဲ့ နွေရာသီနဲ့ ဆောင်းရာသီ အားလပ်ရက်တွေမှသာ ကျွန်တော့်ကို ပေးတာ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ထို့အပြင် သူက ဖက်ထုပ်ဆိုင်ကို သဘောမကျပါ။ ဒီလောက်ဆိုင်လေးနဲ့ ပိုက်ဆံ ဘယ်လောက် ရနိုင်မှာမို့လို့လဲ။

"မင်းမှာ အစီအစဥ်ရှိလား" အဘိုးဝမ်က မေးလိုက်၏။

"ခေါင်းကိုင်အဘိုး ကျွန်တော့်ကိုယ်ပိုင် ဖက်ထုပ်စက်ရုံတစ်ခု ထောင်မယ်ဆိုရင်ကော ဘယ်လို သဘောရလဲ" ကျိုးကွေ့လိုင်က ပန်းကန်ဆေးရင်း မေးလိုက်၏။

"ဟေ" အဘိုးဝမ် လန့်သွားသည်။

"ဖက်ထုပ်တွေ ထုတ်လုပ်တဲ့ စက်ရုံမျိုးဗျာ။ ဖက်ထုပ်တွေကို အသင့်လုပ်ပြီးသွားရင် ထုပ်ပိုးပြီးတော့ ဆိုင်တွေဆီပို့ပြီး ရေခဲသေတ္တာထဲ ထည့်ရောင်းလို့ ရတယ်လေ" ကျိုးကွေ့လိုင်က ရှင်းပြလိုက်၏။

အဘိုးဝမ်က ဘယ်လိုလုပ်ငန်းစဥ်မျိုးလဲ မစဥ်းစားတတ်ပါ။ သူနားမလည်သဖြင့် ဒီလိုသာ ပြောလိုက်သည်။ "မင်းလုပ်ချင်ရင် မင်းအမေကို ပြောပေါ့ကွာ။ သူသိတာတွေက အများကြီး။ သူ မင်းကို အကြံတွေ အများကြီး ပေးနိုင်လိမ့်မယ်။"

"မြို့တော်က ကြီးလွန်းပြီး အဲ့အချိန်ကျရင် ကျွန်တော့်ကို အမေခွင့်မပြုမှာ စိုးရိမ်နေတာပါဗျာ။" ကျိုးကွေ့လိုင်က တွန့်ဆုတ်နေ၏။

"ခေါင်းကိုင်အဘိုးမှာ နည်းနည်းပါးပါးတော့ ရှိပါတယ်ကွာ။ အဲ့အချိန်ရောက်လာရင် မင်းကို ထောက်ပံ့ပေးဖို့ သုံးလို့ရတာပဲ" အဘိုးဝမ်က ပြောလိုက်၏။

သူ့မှာ ငွေသုံးဖို့ နေရာမရှိပေ။ ပြီးတော့ ဝင်ငွေကလည်း များသည်။ ကောလိပ်က ဝင်ငွေနှင့် ငှားရမ်းထားသည့် အိမ်ခြံမြေကြီးမှ ဝင်ငွေတို့ ရကြသည်။

အနာဂတ်တွင် သူ့ပိုက်ဆံများက ဒီခေါင်းကိုင်မြေး သုံးယောက်အတွက်သာ ဖြစ်လာမည်။ သူ့မြေး၏ အလုပ်အတွက် ထောက်ပံ့ပေးဖို့ ငွေထုတ်ရရင်လည်း အဆင်ပြေပါသည်။

"ဘယ်လိုလုပ်ပြီး ကျွန်တော်က ခေါင်းကိုင်အဘိုးရဲ့ ပိုက်ဆံကို ယူရမှာလဲ" ကျိုးကွေ့လိုင်က ရယ်မောလိုက်သည်။ "အဲ့ကျရင် ကျွန်တော့်မိဘတွေကို သေချာပေါက် အားကိုးမှာပါဗျာ။ သူတို့မှာ ပိုက်ဆံရှိတယ်လေ"

သူ့မိဘများ ချမ်းသာတာကို သူသိသည်။ ဆိုင်တွေက များလွန်းသည်။ တစ်ဆိုင်ချင်းစီ၏ လုပ်ငန်းကလည်း ကောင်းမွန်သည်။ တစ်လကို ယွမ် ထောင်ချီရဖို့ မခက်ခဲလှပါ။ များပြားလွန်းပါသည်။

နောက်ပိုင်း သူဘွဲ့ရသည့်အချိန်ရောက်လျှင် သူတို့ စုထားသည့်ငွေကလည်း များနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့မိဘများထံမှ နည်းနည်းလောက် ချေးငှားဖို့ စီစဥ်ထား၏။ သေချာပေါက် ချေးနိုင်ပါလိမ့်မည်။

"သုံးစမ်းပါကွာ။ ငါ ဒီတိုင်းထားလို့လည်း ဘာမှ သုံးစားရတာမဟုတ်ဘူး" အဘိုးဝမ်က ဂရုမစိုက်ပါ။

"အဲ့တာကို နောက်မှ ပြောကြတာပေါ့။ အဝေးကြီး လိုပါသေးတယ်ဗျာ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။ ဖက်ထုပ်စားဖို့ ဧည့်သည်တစ်ယောက်လာနေသည်ကို မြင်သဖြင့် လက်ဆေးလိုက်ပြီး ဖက်ထုပ်ချက်ဖို့ သွားလိုက်သည်။ ထို့နောက် လက်ကျန်ပန်းကန်များနှင့် တူများကို ဆက်လက်ဆေးကြောလိုက်ပါသည်။

ကျိုးကွေ့လိုင်က သူ့ခေါင်းကိုင်အဘိုးကို စကားအပို ပြောခဲ့ခြင်းသာဖြစ်သည်။ တကယ်တော့ သူ့မှာ ဖက်ထုပ်စက်ရုံအတွက် အကြံသာ ရှိသော်လည်း ဘယ်လိုတည်ဆောက်ရမလဲ မသိသေးပေ။ နောက်ထပ်လည်း ထပ်ကြွားသေးသည်။ သူက ဖက်ထုပ်ဘုရင်ကြီး ဖြစ်လာစေရမည်ဟု ဆို၏။

အဘိုးဝမ်က သူ့စကားများကို နားထောင်ရင်း သဘောကျနေ၏။ ထို့အပြင် အလွန်ထောက်ခံပေးသည်။

ဖက်ထုပ်ဆိုင်က ည ၉ နာရီထိုးသည့်အထိ မပိတ်သေးပါ။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ပြန်လာသောအခါ ပိတ်သွားပြီဖြစ်သည်။

ကျိုးကွေ့လိုင်က သူ့ခေါင်းကိုင်အဘိုးကို အိမ်လိုက်ပို့ပေးပြီး ကောင်းကောင်း အနားယူဖို့ ပြောခဲ့၏။ ထို့နောက် တစ်ယောက်တည်း ပြန်လာခဲ့သည်။

"ဘယ်သွားတာတုန်း" လင်းချင်းဟယ် မေးလိုက်သည်။

"ခေါင်းကိုင်အဘိုး ဖက်ထုပ်ဆိုင်လာလို့လေ။ ကျွန်တော် ပြန်လိုက်ပို့ပေးခဲ့တာ" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်၏။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။ "အားရင် နင့်ခေါင်းကိုင်အဘိုးနဲ့ အချိန်ဖြုန်းပြီး သူ့ကို တခြားနေရာတွေ လိုက်ပို့ပေးလိုက်ပါဦး။"

"ဟုတ်ပါပြီ။ လာမယ့် နွေရာသီအားလပ်ရက်ကျရင် ခေါင်းကိုင်အဘိုးနဲ့ ခရီးသွားမယ်။ ခေါင်းကိုင်အဘိုးက ထိုက်တောင်ကို သွားချင်နေတာ။ အဘိုးကောပဲ" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။

"ဒါဆိုလည်း နွေရာသီ အားလပ်ရက်မှာ ဖက်ထုပ်ဆိုင်ကြည့်ပေးနိုင်မလားလို့ နင့်အစ်ကိုလတ်ကို မေးလိုက်ဦး။ အဆင်ပြေရင် နင့်အဘိုးနဲ့ ခေါင်းကိုင်အဘိုးတို့ကို နင်လိုက်ပို့ပေးလိုက်ပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

သူမလည်း လာမယ့်နွေရာသီမှာ ချင်းပိုင်နှင့် အတူတူ တာ့လျန်သို့ သွားဖို့ စီစဥ်ထားသဖြင့် မအားပေ။

ကျိုးရွှမ်က သက်ပြင်းချလိုက်သည်။ "ကျွန်တော်လည်း နွေရာသီအားလပ်ရက်ကျရင် ကျောင်းသားတွေအတွက် သင်ရိုးပြင်ပြီး ပုံလည်းဆွဲဖို့ စီစဥ်ထားတာ...."

"အစ်ကိုလတ် မနှစ်က ငါကြည့်ပြီးပြီလေ။ မင်းတစ်ယောက်တည်းပဲ အမြဲတမ်း သာသာယာယာ နေလို့မရဘူးကွ နားလည်လား။ ပြီးတော့ ခေါင်းကိုင်အဘိုးနဲ့ အဘိုးတို့နှစ်ယောက်စလုံးက အသက်ကြီးနေပါပြီကွာ။ သူတို့ရဲ့ ဆန္ဒလေးကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူးလား" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။

"အရမ်းသိတတ်နေသလို လုပ်မနေစမ်းပါနဲ့ကွာ။ မင်းထွက်လည်ချင်လို့ မဟုတ်ဘူးလား" ကျိုးရွှမ်က သူ့ကို စောင်းကြည့်လိုက်၏။

"ဘာပဲဖြစ်ဖြစ်ကွာ ငါလည်း လည်ချင်တယ်။ ပြီးတော့ ခေါင်းကိုင်အဘိုးနဲ့ အဘိုးတို့ကိုလည်း ခေါ်သွားဖို့ လိုတယ်လေ" ကျိုးကွေ့လိုင်က ပြန်လည်တုန့်ပြန်သည်။

"မင်းဆိုင်ကြည့်လိုက် ငါလိုက်ပို့လိုက်မယ်" ကျိုးရွှမ်က ပြော၏။

"အစ်ကိုလတ် မင်းမလွန်နဲ့နော်။ သူတို့ကို ငါကတိပေးထားတာကွ။ ပြီးတော့ မနှစ်ကလည်း မင်းဘာမှ မလုပ်ဘူး။ ဒီနှစ်လည်း ငါ့ကို ခိုင်းချင်သေးတာလား" ကျိုးကွေ့လိုင်က ပြန်ပြောသည်။

"ငါအပြင်သွားရင် ပန်းချီဆွဲလို့ရတယ်လေ..."

"မင်းက ပုံဆွဲဖို့လား၊ သူတို့ကို လိုက်ပို့မှာလား။ ငါက ကင်မရာယူသွားလို့ရတယ်။ လမ်းက ရှုခင်းတွေကိုလည်း ဓာတ်ပုံရိုက်လို့ရတယ်။ ငါပြန်လာရင် ဓာတ်ပုံတွေကို ကြည့်ပြီး မင်းဆွဲချင်တဲ့ ပုံဆွဲပေါ့ကွ" ကျိုးကွေ့လိုင်ကလည်း အရှုံးမပေးပေ။

ညီအစ်ကိုနှစ်ယောက်က စကားများနေကြသည်။ သို့သော် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က အေးအေးဆေးဆေး တီဗီကြည့်နေကြပါသည်။

သူတို့ငယ်ငယ်လေးကတည်းက ရန်ဖြစ်လျှင် လင်းချင်းဟယ် လွှတ်ထားပေးတတ်သည်။ အရမ်းမလွန်လာရင် သူမ ဝင်မတားပါ။ သူတို့ တစ်ခေါက်ရန်ဖြစ်ပြီး ခဏကြာလျှင် ပန်ကိတ် အတူတူ စားနေတတ်ကြသည်။ ထို့ကြောင့် မိဘများ ဘာဝင်ပါစရာ လိုလို့လဲ။ သူတို့ဖာသာ သူတို့ ထိန်းကျောင်းနိုင်ပါသည်။

ညီအစ်ကိုနှစ်ယောက် စကားများပြီးနောက် သားငယ် နိုင်သွားသည်။ သားလတ်က သူ့လောက် ကပ်သီးကပ်သပ် မပြောနိုင်တော့ဘူးဟု ဆိုလိုက်၏။ ထို့ကြောင့် ဒီနှစ်တော့ ဖက်ထုပ်ဆိုင်ကို သားလတ်လက်ထဲ အပ်ခဲ့ရပါသည်။

"နင့်အဘိုးနဲ့ တခြားသူတွေကို လိုက်ပို့ရင် ဂရုစိုက်ရမယ်နော်။ အန္တရာယ်များတဲ့ နေရာတွေကို မသွားနဲ့။ ရေလည်း များများသောက်။ ပြီးတော့ ဆေးတွေလည်းများများ ထည့်သွားချေ" လင်းချင်းဟယ်က သားငယ်ကို ကြည့်ကာ အသိပေးလိုက်သည်။

"သိပါတယ်ဗျာ။ အဲ့အချိန်ကျရင် စီစဥ်လိုက်ပါ့မယ်" ကျိုးကွေ့လိုင်က ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်ပါသည်။

သူက အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း တကယ်ကိုင်တွယ်နိုင်ပါသည်။ သူက လူကောင်ကြီးလွန်းသဖြင့် တစ်ယောက်တည်း သွားလည်း အဆင်ပြေပါသည်။

ထို့ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ကန့်ကွက်စရာမရှိပါ။

ကျိုးရွှမ်ကတော့ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပါသည်။ ဒီနှစ်နွေရာသီတော့ သူဖက်ထုပ်ဆိုင်မှာပဲ နေရပါတော့သည်။

"ငွေစာရင်းတွေနဲ့ ကျန်တာတွေကို နင့်ဆီပဲ အပ်ခဲ့ရမှာနော်" လင်းချင်းဟယ်က ဘာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ ပြောလိုက်သည်။

"ဟုတ်ပါပြီ" ကျိုးရွှမ်ပြန်ပြောလိုက်သည်။

All Chapters