အခန်း(၅၀၉) ပိုက်ဆံချေးခြင်း
Vol. 37 Ch. 509
အခန်း(၅၀၉) ပိုက်ဆံချေးခြင်း
သို့သော်လည်း ဆိုင်ခန်းတစ်ခုဖွင့်ဖို့ ငွေအရင်းအနှီးက မနည်းမှန်း သူနားလည်ပါသည်။
အနည်းဆုံး လောလောဆယ်တော့ ဆိုင်မဖွင့်နိုင်သေးပေ။
ကျိုးချင်းပိုင်နှင့်လင်းချင်းဟယ်တို့ ဒီနေ့ည သူတို့အိမ်သို့ လာခဲ့ကြသည်။
ဒီနေ့က ငွေစာရင်းစစ်ရမည့်နေ့သဖြင့် မာချန်းမင် ရောက်လာသည်။ သို့သော် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့လည်း ကျိုးစန်းနီကို လာမတွေ့တာ ကြာပြီဖြစ်သဖြင့် လိုက်လာခဲ့ကြသည်။
ငွေစာရင်းရှင်းပြီးနောက် ကျိုချင်းပိုင်က လီအိုက်ကော်ကို မေးလိုက်သည်။ "မင်းတို့ အခု စုဆောင်းထားတာ ပိုက်ဆံ ဘယ်လောက်ရှိနေပြီလဲ။"
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "နင့်ရဲ့ စတုတ္ထဦးလေးက နင်တို့ ဆိုင်ဖွင့်ချင်နေပြီးလားလို့ ဆိုလိုချင်နေတာလေ။ ဖွင့်ချင်ရင် ဒီနှစ်ထဲ တစ်ဆိုင်လောက် ဝယ်လိုက်ပေါ့။"
အနာဂတ်တွင် လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ ဒီနေရာတွင် အခြေချကြမည်ဖြစ်သဖြင့် သူတို့ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လိုအပ်ပါသည်။
အခု စီးပွားရေးလုပ်မှာ မဟုတ်သေးသော်လည်း ကြိုဝယ်ထားတာ ကောင်းပါသည်။
အိမ်ဝယ်ဖို့ကတော့ ခဏမေ့ထားရဦးမည်။ နောက်ပိုင်းမှ လုပ်ငန်းလုပ်နိုင်သည့် အိမ်တစ်လုံးဝယ်မည်။ အခုလောဖို့မလိုပါ။ ဆိုင်က ပိုအရေးကြီးသည်။
"များများစားစားတော့ မရှိသေးပါဘူး" လီအိုက်ကော်က တွန့်ဆုတ်နေ၏။
အခု သူ့စုငွေက ယွမ် ၁,၀၀၀ လောက်ရှိပြီ ဖြစ်သည်။ အခက်အခဲများစွာ ဖြတ်သန်းပြီးမှ စုဆောင်းမိခဲ့ခြင်းဖြစ်ပါသည်။ စန်းနီနဲ့ သူတို့အတွက် နေထိုင်မှုစရိတ်ကလည်း သိပ်မများပါ။ တစ်လကို ယွမ် ၂၀ မှ ၃၀ ဝန်းကျင်သာ ရှိသည်။ ကျန်တာကို စုထား၏။
သို့သော်လည်း လစာက များလွန်းပါသည်။ အချိန်အတော်ကြာ စုဆောင်းလျှင် ပြည့်လာနိုင်သည်။ သူ့မွေးရပ်မြေမှ ယူဆောင်လာသည့် ငွေများလည်း ပါဝင်ပါသေးသည်။
"နေရာတော်တော်ကောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်ကတော့ သိပ်မကျယ်ဘူး။ စျေးက ယွမ် ၅,၀၀၀တဲ့။ မင်းလိုချင်လား" ကျိုးချင်းပိုင်က မေးလိုက်ပါသည်။
"ကွာဟချက်က များလွန်းပါတယ်ဗျာ" လီအိုက်ကော်က တွေဝေစွာ ပြောလိုက်ပါသည်။
"မင်းဝယ်ချင်ရင် ယွမ် ၄,၀၀၀ လောက်ချေးပြီး နောက်မှ ပြန်ပေးပေါ့" ကျိုးချင်းပိုင်က ပြောလိုက်၏။
"ယွမ် ၄,၀၀၀ က များလွန်းပါတယ်" ကျိုးစန်းနီက လီအိုက်ကော်ကို ကြည့်လိုက်သည်။ ဒီလောက်ငွေတွေ အများကြီးကို သူမ၏ ဦးလေးနှင့် ဒေါ်လေးထံမှ ချေးယူဖို့ သဘောမတူပါ။
"နင့်စတုတ္ထဦးလေးက နင်တို့ကို ဂရုစိုက်လို့ ပိုက်ဆံချေးပေးပြီး ဝယ်ခိုင်းတာပေါ့" လင်းချင်းဟယ်က ဖျောင်းဖျသည်။
လီအိုက်ကော် ကျိုးစန်းနီကို ကြည့်လိုက်သည်။ ကျိုးစန်းနီက မျက်မှောင်ကြုတ်နေ၏။ လီအိုက်ကော်က လိုချင်ပါသည်။ သူ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကို ကြည့်ကာ ပြောလိုက်သည်။
"စတုတ္ထဦးလေးနဲ့ ဒေါ်လေး ကျွန်တော့်ကို လိုက်ပြပါလား"
"အခုပဲ လိုက်ခဲ့လေ" ကျိုးချင်းပိုင်က ပြောလိုက်၏။ ထရပ်ကားဖြင့် မောင်းသွားလိုက်သည်။ ၁၀ မိနစ်လောက်သာ ကွာဝေးပြီး သိပ်မဝေးလှပါ။
"စတုတ္ထဒေါ်လေး ဒေါ်လေးနဲ့ဦးလေးဆီက ဒီလောက် ငွေတွေ အများကြီးချေးလို့ ဘယ်ဖြစ်မှာလဲ" ကျိုးစန်းနီက အမြန် ငြင်းလိုက်ပါသည်။
"အိုက်ကော်က ဒီမှာအခြေချရမှာလေ။ တစ်ဆိုင်ဝယ်ထားတာ ကောင်းပါတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
နောက်တစ်နှစ်က အလုပ်သမားလစာ ပြန်လည် ပြုပြင်ကာလဖြစ်၏။ ဒီနှစ် ဝယ်နိုင်သမျှ ဝယ်ထားတာာ ပိုကောင်းမည်။ ကျိုးရှောင်မိန်ကိုလည်း ယွမ်ထောင်ကျော်နည်းနည်းလောက် ချေးပေးခဲ့ကာ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ကို အိမ်တစ်လုံး သွားကြည့်ခိုင်းလိုက်၏။ အဖေကျိုးနှင့် အမေကျိုးတို့ အိမ်နှင့် တစ်နယ်တည်းဖြစ်ပြီး ယွမ် ၁၀,၀၀၀ တန်ပါသည်။ ဝမ်ယွမ်၏ အိမ်လောက်တော့ မကောင်းမွန်ပါ။
အိမ်က သေးငယ်ပြီး ဟောင်းလည်း ဟောင်းနွမ်းနေပါသည်။ သူတို့ဝယ်နိုင်လျှင် အဆင်ပြေပါသည်။ ပြန်လည်ပြုပြင်ပြီး နေနိုင်သည်။
နောက်နှစ်ထိ စောင့်ပါက သေချာပေါက် စျေးပိုကြီးလာပါလိမ့်မည်။
ဟူကျစ်ကိုတော့ ဒီနှစ်် ဒီတိုင်းထားဦးမည်ဖြစ်သည်။ လင်းချင်းဟယ်က သူ့ကိုလည်း တစ်လုံးလောက် ဝယ်ထားစေချင်၏။ အချိန်ကျလာပြီး သူငွေလိုအပ်ပါက သူမ ထောက်ပံ့ပေးနိုင်ပါသည်။
သူမလက်ထဲတွင် စုငွေများစွာရှိသည်။ ကျိုးချင်းပိုင်က ဒီနှစ်ထဲ အိမ်များစွာ ဝယ်ခဲ့သော်လည်း အများကြီး မကုန်ပါ။ ငွေကို ဒုတိယ အိမ်ခြံဝန်းကြီးတစ်လုံး ဝယ်ဖို့ ချန်ထား၏။ အိမ်ရာစီမံရေးဌာနကို ဘောက်ဆူး အများကြီး ပေးထားသော်လည်း ဘာသတင်းမှ မကြားရသေးပေ။
တခြားနယ်မြေများတွင် ဆိုင်ကောင်းများ တွေ့ပါက ကြီးကြပ်သူကတော့ သူတို့ကို လာအသိပေးပါသည်။ လင်းချင်းဟယ်က အားလုံး ဝယ်ခဲ့၏။ အားလုံးက တကယ်ဆိုင်ကောင်းများ ဖြစ်သောကြောင့်ပင်။
ဘာပဲဖြစ်ဖြစ် ဒီနှစ်၏ စျေးကွက်ကို အခွင့်ကောင်းယူပြီး ဝယ်နိုင်လျှင် ပိုဝယ်ထားတာ ကောင်းသည်။ ဘာအရှုံးမှ ပေါ်မည် မဟုတ်ပါ။
"ငွေက များလွန်းတယ်။ သမီးတို့ ဘယ်တော့မှ ကျေအောင် ဆပ်နိုင်မလဲ မသိဘူး" ကျိုးစန်းနီက ရှက်ရွံ့စွာ ပြောလိုက်သည်။
"နောက်နှစ်ကျရင် နင်တို့လစာကို တိုးပေးမှာပါ။ အဲ့ကျရင် သိပ်မကြာလောက်ပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
မကြာမီ လီအိုက်ကော် ကျိုးချင်းပိုင်နှင့်အတူတူ ပြန်လာသည်။ လီအိုက်ကော်က အနည်းငယ် စိတ်လှုပ်ရှားနေသည့်ပုံပေါ်ပြီး ရှက်လည်း ရှက်နေသလိုပင်။
"ဆိုင်က စန်းနီရဲ့ အမည်ပေါက်နဲ့ဖြစ်ရမယ်နော်" လင်းချင်းဟယ်က ပွင့်လင်းစွာ ပြောလိုက်ပါသည်။
ကျိုးချင်းပိုင် လီအိုက်ကော်ကို ဂရုစိုက်ရသည့် အကြောင်းအရင်းက လီအိုက်ကော်နှင့် ကျိုးစန်းနီတို့၏ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် ဖြစ်ပါသည်။ မဟုတ်ပါက သူ့ကို တရင်းတနှီး ဆက်ဆံကြမည်မဟုတ်ပေ။
ထို့အပြင် လီအိုက်ကော်တွင် ဝယ်ဖို့ ပိုက်ဆံရှိပါက လင်းချင်းဟယ် ဒီလိုပင် ပြောမည်မဟုတ်ပါ။ သူမနှင့် သူမယောက်ျား ချင်းပိုင်တို့က ဝယ်ငွေ၏ အများစုကို ချေးငှားထားခြင်းဖြစ်သဖြင့် ဒီလိုပြောရဲခြင်းဖြစ်ပါသည်။
"ကိစ္စမရှိပါဘူး" လီအိုက်ကော်က မကန့်ကွက်ပေ။
"ကောင်းပြီ။ ဒါဆိုလည်း မနက်ဖြန် အချိန်ယူပြီး ဖက်ထုပ်ဆိုင်ကိုသွားလိုက်။ ပြီးရင် နင့်ဦးလေးကို အိမ်ရာစီမံရေးဌာနဆီကို ခေါ်သွားခိုင်းလိုက်" လင်းချင်းဟယ်က ပြောလိုက်၏။
ထို့နောက် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ပြန်သွားကြသည်။ ထိုအခါမှ လီအိုက်ကော်က ကျိုးစန်းနီကို ပြောလိုက်သည်။ "စတုတ္ထဦးလေးနဲ့ ဒေါ်လေးက မင်းကိုတကယ်ချစ်တာပဲ"
သူက သိတတ်နားလည်သော သူဖြစ်ပါသည်။ သူ့မိန်းမကြောင့် သူ ဒီလောက်ထိ အစောင့်ရှောက် ခံရခြင်းဖြစ်သည်။ မဟုတ်ပါက ဒီလို အဆက်အဆံခံရမည်မဟုတ်ပါ။
ကျိုးစန်းနီက သူ့ကိုမျက်စပြစ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေါ့ ကျွန်မ ဦးလေးနဲ့ဒေါ်လေးတို့က ကျွန်မကို ဂရုစိုက်တယ်။ နောက်ပိုင်း ကျွန်မကို ရှင်အနိုင်ကျင့်ရင် သူတို့ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"အဲ့လို မဖြစ်စေရပါဘူးကွာ" လီအိုက်ကော်က ရယ်မောကာ ပြောလိုက်ပါသည်။
နောက်တစ်နေ့ လီအိုက်ကော်က ကျိုးချင်းပိုင်ကို သွားတွေ့သည်။ ကျိုးချင်းပိုင်က ဒီနေ့ အတန်းနှစ်တန်းသာ ရှိပြီး ပြန်လာပြီဖြစ်သော ကျိုးရွှမ်အား ဆိုင်လွှဲထားခဲ့လိုက်သည်။ လီအိုက်ကော်ကို ဆိုင်ဝယ်ဖို့အတွက် ခေါ်သွား၏။
အမည်ပေါက်က ကျိုးစန်းနီအမည်ဖြင့် ရေးလိုက်သည်။ ရေးလိုက်ပြီးပါက ပြောင်းလဲလို့ မရတော့ပါ။ ပြောင်းလဲချင်ပါက ကျိုးစန်းနီ ကိုယ်တိုင်ပြောင်းလဲရမည်။
ဒီဆိုင်အတွက် ပိုင်ဆိုင်မှုစာရွက်စာတမ်းများကို ရရှိလိုက်သောအခါ လီအိုက်ကော် အပျော်လွန်ခဲ့ရပါသည်။
သူ့ရင်ထဲမှ နှစ်နှစ်ကာကာ ပျော်ရွှင်မှုဖြစ်ပါသည်။ အခုချိန်ကစပြီး သူ့မိန်းမနှင့် သူ့ကလေးတို့ မြို့တော်တွင် နေထိုင်နိုင်ကြတော့မည်ဟူသည့် သဘောဖြစ်သည်။
"လုပ်ငန်းအိမ်တွေလည်း နောက်ပိုင်းကျရင် ဒီဘက်မှာ ဆောက်လိမ့်မယ်။ အဲ့ကျရင် မင်းလည်း တစ်အိမ်လောက် ဝယ်လို့ရတယ်" ကျိုးချင်းပိုင်က ပြောလိုက်၏။
"တစ်ဆင့်ချင်းစီပေါ့ဗျာ" လီအိုက်ကော်က ပြုံးလိုက်၏။
အရင်ဆုံး သူတို့ချေးထားသည့် ငွေကို ပြန်ဆပ်လိုက်ပါဦးမည်။
ကျိုးချင်းပိုင်က အသိပေးလိုက်၏။ "မင်းနဲ့ စန်းနီတို့ အသိအမှတ်ပြုရင် လုံလောက်ပါပြီ"
"ကျွန်တော်နားလည်ပါတယ်" လီအိုက်ကော်က ခေါင်းငြိမ့်လိုက်သည်။
အပြင်ဘက်ကိုတော့ ပေါက်ကြားလို့မဖြစ်ပေ။ လူတွေ အများကြီး သိသွားပါက ဘယ်လို ပြောကြမလဲ။
ကျိုးချင်းပိုင်က သူ့ကို ကုန်ခြောက်ဆိုင်သို့ ကားဖြင့် ပြန်ပို့ပေးလိုက်ပြီး ဖက်ထုပ်ဆိုင်သို့ ပြန်လာခဲ့သည်။
မေလအကုန်တွင် စုတာ့လင်း၏ ဝမ်းကွဲအစ်ကိုကြီးနှင့် ဝမ်းကွဲမရီးတို့ ရောက်လာကြလေသည်။
သူတို့နှစ်ယောက်တည်း လာခဲ့ကြခြင်းဖြစ်သည်။ ကလေးများကိုတော့ အိမ်တွင် ထားခဲ့ကြ၏။ ဒီဘက်က အခြေအနေတွေ တည်ငြိမ်သွားမှ ခေါ်ပါလိမ့်မည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ မသွားခဲ့ကြပါ။ စုတာ့လင်း၏ ဆွေမျိုးများဖြစ်သဖြင့် သူ့ဖာသာသူ ဧည့်ခံပါလိမ့်မည်။
ကျိုးရှောင်မိန် ရေချိုးအိမ်သွားဖို့ လင်းချင်းဟယ်ကို လာခေါ်တော့ ထိုအကြောင်းပြောခဲ့ပါသည်။
"အခက်အခဲတွေ အများကြီးကြားထဲကမှ အဲ့ဆိုင်ကို တာ့လင်းက တွေ့ထားတာ။ တည်နေရာကလည်း မဆိုးပါဘူး။ သိပ်မဝေးတဲ့ နေရာမှာ ရပ်ကွက်တစ်ခုလည်းရှိတယ်။ ဒါပေမယ့်ငါ့ဝမ်းကွဲမရီးက မြင်ပြီးတော့ မကြိုက်ဘူးတဲ့လေ။ အဲ့ဒီနေရာက ငါတို့လမ်းထက် အများကြီး အဆင့်နိမ့်တယ်လို့ပြောတယ်။" ကျိုးရှောင်မိန်က မကျေနပ်စွာ ပြောလိုက်ပါသည်။
"ဒါဆိုလည်း သူ့ဟာသူ သွားရှာခိုင်းလိုက်ပေါ့" လင်းချင်းဟယ် ပြန်ပြောလိုက်သည်။
"ငါလည်း အဲ့လိုပဲပြောတာပဲ။ သူ့ဟာသူ သွားရှာပြီးမှ ရှာရတာ လွယ်လား ကြည့်ပါစေ" ကျိုးရှောင်မိန်က ပြောလိုက်သည်။
"နင်တို့တွေ အတူတူ မနေတော့ အဆင်ပြေတာပေါ့။ အဆင်မပြေရင် အဆက်အသွယ် သိပ်မလုပ်ကြနဲ့ပေါ့" လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။ စုတာ့လင်းအား ငယ်စဥ်ကတည်းက သူ့ဦးလေးနှင့် သူ့ဒေါ်လေးကသာ ပျိုးထောင်ပေးခဲ့သည်ကို သူမ သိသည်။ သူတို့ကို ကြိုဆိုခြင်းက ကြိုဆိုခြင်းသာ ဖြစ်သည်။ ရေးကြီးခွင်ကျယ်လုပ်စရာ မလိုပေ။
"သူ့ဝမ်းကွဲအစ်ကိုက လူကောင်းပါ။ အဲ့မိန်းမကသာ ဖြစ်နေတာ။ အစကတည်းက ငါတို့ အဆင်မပြေဘူး" ကျိုးရှောင်မိန် ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "နင်တို့အိမ်က စပြီး ပြုပြင်နေပြီလား"