အခန်း(၅၁၀) ဆေးအာဟာရထက် အစာအာဟာရ
Vol. 37 Ch. 510
အခန်း(၅၁၀) ဆေးအာဟာရထက် အစာအာဟာရ
"အိမ်က အလျင်မလိုပါဘူး။ လောလောဆယ် အမေတို့နဲ့နေတာ အဆင်ပြေပါတယ်။ မကြာခဏ သွားပြီး တံမြက်စည်းလှည်း၊ သန့်ရှင်းရေးလုပ်ရုံပဲ။ ကလေးတွေ ကြီးသွားမှ ပြောင်းကြမယ်" ကျိုးရှောင်မိန်က ပြုံးကာ ပြောလိုက်သည်။
စတုတ္ထအစ်ကိုနှင့် စတုတ္ထယောင်းမတို့ကို သူတို့ အကြွေးတင်နေသော်လည်း အိမ်တစ်လုံး ရသွားပြီဖြစ်သဖြင့် စုတာ့လင်း စိတ်အေးသွားပါပြီ။
မိသားစုကို ထောက်ပံ့ဖို့ ဆိုင်တစ်ဆိုင်ရှိပြီး နေထိုင်ဖို့ အိမ်တစ်လုံးလည်း ရခဲ့ပြီ။ အခုတော့ အိမ်ထောင်စုစာရင်း ပြဿနာသာ ရှိတော့သည်။ ကျိုးရှောင်မိန် အပျော်မလွန်ဘဲ နေနိုင်ပါဦးမလား။
"အိမ်က နည်းနည်းသေးနေတာလေး တစ်ခုပဲ" ကျိုးရှောင်မိန်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
"နေဖို့လုံလောက်ရင်ပဲ တော်ပါပြီ" လင်းချင်းဟယ်က ပြောလိုက်၏။။
ထိုအိမ်သို့ သူမ သွားမကြည့်ရသေးပါ။ သို့သော် အိပ်ခန်းသုံးခန်းရှိသည်ဟု ကျိုးရှောင်မိန််က ပြောသည်။ နောက်ပိုင်း သားနှစ်ယောက်အတွက် အိပ်ခန်းတစ်ခန်း၊ သမီးနှစ်ယောက်အတွက် တစ်ခန်း၊ လင်မယားနှစ်ယောက်အတွက် တစ်ခန်းဆို မလုံလောက်ဘူးလား။
"စတုတ္ထယောင်းမ နင်ကော နင်တို့ နေထိုင်ဖို့ ပိုကြီးတဲ့ အိမ်တစ်လုံး ဘယ်တော့ ဝယ်မှာလဲ" ကျိုးရှောင်မိန်က မေးလိုက်၏။
သူမ၏ စတုတ္ထယောင်းမနှင့် စတုတ္ထအစ်ကိုတွင် ငွေတွေအများကြီးရှိပုံရသည်။ သို့သော်လည်း သိုဝှက်ထားကြ၏။ ကားတစ်စီး ဝယ်လိုက်တာက လွဲပြီး ကျန်တာဘာမှ ပြောင်းလဲမသွားလိုပင်။
ထိုတိုက်ခန်းထဲတွင်သာ လူအများကြီး ပြုံနေကြဆဲ ဖြစ်၏။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ငါ့ကို ကျောင်းက နောက်ထပ်တစ်လုံး နေရာချပေးဖို့ စောင့်လိုက်ပါဦးမယ်"
တိုက်ခုံးက လူများလွန်းသည်။ ဟူကျစ်အပါအဝင် နေထိုင်နေသူ ၆ ယောက်ရှိပါသည်။
သို့သော်လည်း ညနေခင်းမှ ပြန်လာကြပြီး ကျန််အချိန်များတွင် အိမ်မှာမရှိကြသဖြင့်အရေးမကြီးပါ။
အခု သူမတို့မိသားစုတွင် ဆိုင်များစွာ ရှိနေပြီဖြစ်သည်။ သို့သော်လည်း သိုဝှက်ထားသင့်သည်ကိုတော့ သိုဝှက်ထားရပါမည်။ သူတို့အားလုံး စုပြုံနေနိုင်သေးသောကြောင့် ဘာမှသိပ်ပြီး ဂရုစိုက်စရာမလိုပါ။ အခြေအနေက အခု တိုးတက်လာပြီဖြစ်သော်လည်း သူတို့ ဇိမ်ခံနိုင်သည့် အတိုင်းအတာက ဒီလောက်ပဲ ရှိသေးသည်မဟုတ်ပါလား။ အဲကွန်းတစ်လုံးတောင် မဝယ်ရသေးပေ။
ကျိုးရှောင်မိန်က တီးတိုးပြောလိုက်သည်။
"စတုတ္ထယောင်းမ ငါ့ကိုရိုးရိုးသားသား ပြောစမ်းပါ။ နင်ဝယ်ထားတာ ဆိုင်ဘယ်နှဆိုင် ရှိပြီလဲ။"
"သိပ်မများပါဘူး" လင်းချင်းဟယ်က ရွှင်ပျစွာ သူမကို မျက်စပြစ်လိုက်သည်။
ကျိုးရှောင်မိန်က ပြုံးကာ ပြန်ပြော၏။ "အနည်းဆုံး ငါးဆိုင်လောက်တော့ ရှိမယ်ထင်တယ် ဟုတ်တယ်မလား"
ခုချိန်တွင် ဆိုင်များက စျေးမနည်းတော့ပါ။ ခန့်မှန်းခြေ ၅ ဆိုင်ဆိုသည်မှာလည်း မနည်းပါ။ သူ့စတုတ္ထအစ်ကိုနှင့် ယောက်မတို့ ငွေရှာကောင်းတာ ကျိုးရှောင်မိန်သိသည်။ သို့သော် သူတို့ ဘယ်လောက် ရနိုင်သလဲဆိုတာကတော့ မရှင်းလင်းသေးပါ။
ထို့ကြောင့် သူမ ခန့်မှန်းမိတာ ဒီလောက်သာဖြစ်သည်။
"မြန်မြန် ချိုးစမ်းပါအေ။ ချိုးပြီးရင် ပြန်ကြမယ်" လင်းချင်းဟယ်က ရွှင်ပျစွာ ငေါက်လိုက်ပါသည်။
အခုချိန်တွင် ဆိုင် ၈ ဆိုင်လောက် ရှိနေပြီလို့တော့ ပြောမရပေ။ ၂ ဆိုင်ကို မဖွင့်ရသေးပါ။ လောလောဆယ် မာချန်းမင်ကို ဆိုင်အလှဆင်ခိုင်းထား၏။
အထည်များ ရောင်းချဖို့ အထည်ဆိုင်များ ဖွင့်ရန် ပြင်ထားသည်။
ရှေ့က ဆိုင် ၈ ဆိုင်တွင် ဖက်ထုပ်ဆိုင်၊ ဖျော်ရည်ဆိုင်၊ ကုန်ခြောက်ဆိုင်နှင့် ဖျော်ရည်ဆိုင်အနားက စီးကရက်ဆိုင်တို့ပါဝင်သည်။
အာ့နီတို့ လက်မထပ်ခင် မတ်လတွင် ဖွင့်ခဲ့ခြင်းဖြစ်သည်။ အားလုံးကို ကျိုးချင်းပိုင်က စီမံ၏။
ကျန်လေးဆိုင် စလုံးက အထည်ဆိုင်များဖြစ်ကြသည်။
အခုလက်ရှိ ပြန်လည်ပြင်ဆင်နေသည့် ဆိုင်နှစ်ဆိုင်မှာ ဒီနှစ် အသစ်ဝယ်ယူထားသော ဆိုင်များဖြစ်သည်။ အားလုံးက နေရာကောင်းကြပြီး ဆိုင်စျေးများကလည်း မနိမ့်ပါ။
အိမ်ခြံဝန်းကြီးများ သတင်းမကြားရသေးသဖြင့် လင်းချင်းဟယ်က မျက်တောင်ပင်မခတ်ဘဲ ဝယ်ယူခဲ့ပါသည်။
ထို့ကြောင့် ပေါင်းကြည့်လျှင် စုစုပေါင်း ဆိုင် ၁၀ ဆိုင်ရှိနေပါပြီ။ အိမ်များကတော့ အိမ်ခြံဝန်းကြီး တစ်လုံး၊ အဖေကျိုးနှင့် အမေကျိုးတို့နေသော အိမ်တစ်လုံးနှင့် ဒီနှစ်ထဲ ကျိုးချင်းပိုင် ဝယ်ခဲ့သည့် တခြားနေရာမှ အိမ်များလည်း ရှိပါသေးသည်။ အားလုံးကို ပေါင်းကြည့်သောအခါ တော်တော်လေး များပါသည်။
သို့သော် ထိုအိမ်ခြံမြေ ပိုင်ဆိုင်မှုများကို အပြင်လူများအား အသိပေးစရာ မလိုပေ။ ကြွယ်ဝမှုကို ထုတ်ပြစရာမလိုပါ။ သူတို့၏ သားတွေတောင် ထိုအကြောင်းများကို မသိသေးပါ။ သူတို့နာမည်အောက် ပိုင်ဆိုင်မှု ဘယ်လောက်များများ ရှိမှန်း သူမနှင့် ကျိုးချင်းပိုင်တို့သာ သိပါသည်။
လင်းချင်းဟယ် အိမ်ပြန်လာခဲ့သည်။ နောက်ထပ် နှစ်အနည်းငယ်အတွင်း ဟိုင်းနန်ဒေသ ဖွံ့ဖြိုးမှုအကောင်းဆုံး အချိန်ကိုရောက်လာတော့မည်။ ထိုအချိန်ရောက်လာသောအခါ သူမနှင့် သူမယောက်ျား ချင်းပိုင်တို့ ထိုဒေသတို့ သွားရောက်ပြီး မြေတစ်ကွက်ဝယ်ကာ ဗီလာကြီးတစ်လုံး ဆောက်နေချင်သည်။ ဆောင်းရာသီအားလပ်ရက်အတွက် နေရာကောင်းတစ်ခုဖြစ်ပါသည်။
ကျိုးချင်းပိုင်က ခါးစည်းဖြင့် ဖက်ထုပ်များ ချက်ပြုတ်နေသည်။ သူ့မိန်းမ စိတ်ရွှင်လာသည်ကို မြင်သောအခါ ပြုံးကာ မေးလိုက်၏။
"ဘာတွေတွေးနေတာလဲ"
"ကျွန်မတို့ အသက်ကြီးသွားရင် ဘဝက ဘယ်လိုဖြစ်လာမလဲ စဥ်းစားနေတာပါ" လင်းချင်းဟယ်က ပြုံးလိုက်၏။
လူသားတစ်ယောက်၏ ဘဝက မလွယ်ကူလှပါ။ အထူးသဖြင့် ပိုက်ဆံမရှိသောအခါ တကယ် တန်ဖိုးမဲ့လှပါသည်။
လင်းချင်းဟယ် အရင်ဘဝတုန်းက ရုံးဝန်ထမ်း တစ်ဦးဖြစ်သည်။ သို့သော် ကောလိပ်ပြီးနောက် အလုပ်ကြိုးစားခဲ့သော်လည်း ပိုက်ဆံအများကြီး မစုနိုင်ခဲ့ပါ။
ဒီဘဝတွင် ဒီလိုအခွင့်အရေးမျိုး ရလာပြီ ဖြစ်သဖြင့် သူမ လက်လွှတ်လို့ ဖြစ်ပါ့မလား။ တခြားသူများသာ ဆိုရင်လည်း လက်လွတ်ခံမည်မဟုတ်ပေ။
ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ရှောင်မိန် ဘယ်လိုလဲ"
စုတာ့လင်း၏ ဝမ်းကွဲအစ်ကိုနှင့် မရီးတို့အကြောင်း မေးနေသည်ကို လင်းချင်းဟယ် သိသဖြင့် ပြောလိုက်သည်။ "ပြဿနာကြီးကြီးမားမား မရှိပါဘူး။ တာ့လင်းက နေရာတစ်ခုရှာပေးထားတယ်။ သူက လက်တွေ့ဆန်ပြီး မကောင်းတဲ့နေရာ တွေ့မှာမဟုတ်ပါဘူး"
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမနှင့် ကျိုးချင်းပိုင်တို့ နှစ်ယောက်စလုံး စုတာ့လင်း ဘယ်လိုလူမျိုးလဲ သိနေကြပါပြီ။ သဘောကောင်းကောင်း လူတစ်ယောက်ဖြစ်၏။ အထူသဖြင့် သူ့ဦးလေးနှင့် ဒေါ်လေး၏ သားအပေါ်တွင်ဖြစ်သည်။ သူက ဝတ်ကျေတမ်းကျေလုပ်ခြင်းမဟုတ်ပါ။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်ကာ ဘာမှ မဝေဖန်တော့ပါ။ ထို့အစား သူပြောလိုက်၏။ "မနက်ဖြန် ဆေးသွားစစ်ပါဦး" ထိုစကား ပြောရင်း သူ့မျက်လုံးက သူ့မိန်းမ၏ ဗိုက်ကို ကြည့်နေ၏။
လင်းချင်းဟယ် နှုတ်ခမ်း တွန့်သွားသည်။ ဒီအဘိုးကြီး ဘာတွေတွေးနေသလဲ သူမ နားမလည်နိုင်တော့ပါ။ အခုဘဝက ရွှင်မြူး ပျော်ရွှင်စရာ ကောင်းသော်လည်း မတည်ရှိသည့် အရာတစ်ခုခုကို သူက အာရုံစိုက်နေသည်။
သူ့ခေါင်းထဲ ဘာတွေဝင်နေသလဲ မသိတော့ပါ။
သူငယ်ရွယ်စဥ်တုန်းက သမီးတစ်ယောက် လိုချင်ခဲ့သည်။ ထိုအချိန်က သူဘာတွေ တွေးနေသလဲ ရှင်းရှင်းလင်းလင်း သူမသိပါသည်။ သူ့ကိုသဘောမကျဘဲ၊ သားသုံးယောက်ကို စွန့်ပြစ်ကာ ထွက်ပြေးမသွားအောင် သမီးတစ်ယောက်ကို အသုံးချပြီး သူမကို ဖက်တွယ်ထားချင်သောကြောင့် ဖြစ်သည်။
သို့သော် အခုတော့ ဒီအသက်အရွယ်ကြီး ရောက်နေတာတောင် လိုချင်နေဆဲ။
သို့သော် သူမရင်ထဲ ဘယ်လောက်ပဲ အပြစ်တင်တင်၊ သူ့ကို မဆန့်ကျင်ပါ။ ဒီကိစ္စအတွက် သူ့ကို အပြစ်တင်လို့မရပေ။ အစက စွန့်လွှတ်ထားသော်လည်း နှစ်သစ်ကူးတုန်းက ဒီကိစ္စကို ပြန်အစဖော်ပြီး သူ့စိတ်ကို ပြန်ဆွပေးခဲ့သူမှာ ဗေဒင်ဆရာအဘိုးကြီး ဖြစ်ပါသည်။
လင်းချင်းဟယ်က တကယ်လို့သာ သူ့ကို သမီးလေး မွေးပေးဖို့ ကံပါလာပါက တကယ်ပဲ အရွယ်လွန် ကိုယ်ဝန်ဆောင်သူ ဖြစ်လာလိမ့်မည်ဟု ခံစားမိပါသည်။
အခုသူမက သားကြောလည်းဖြတ်ထားသည်။ တခြား ဘာအကာအကွယ် သုံးနိုင်ဦးမှာလဲ။
နောက်တစ်နေ့ တနင်္ဂနွေနေ့က ပိတ်ရက်ဖြစ်ပြီး လင်းချင်းဟယ်က သူနဲ့အတူ ဆေးသွားစစ်လိုက်ပါသည်။ ဆေးစစ်ချက်အဖြေတွေအားလုံးက ကျန်းမာသည်။ ပြဿနာ ဘာမှ မရှိပေ။
သို့သော်လည်း သူမ ကိုယ်ဝန်မရသေးတာ သိသာပါသည်။
ကျိုးချင်းပိုင်၏ မျက်နှာက တည်ငြိမ်နေပြီး သူမကို အိမ်ပြန်ခေါ်လာခဲ့သည်။ လင်းချင်းဟယ်က ဘာမှမပြောခဲ့ပါ။ ဆေးစစ်ချက်က သက်သေဖြစ်သည်။
"အဘိုးဝမ်နဲ့ တခြားသူတွေလည်း ဆေးစစ်သင့်တယ်နော်။ သားငယ်ကို သူနဲ့ အဖေနဲ့ အမေတို့ကို ခေါ်သွားခိုင်းလိုက်" လင်းချင်းဟယ်က ပြောလိုက်သည်။
"ကောင်းပါပြီ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်၏။
အဖေကျိုးနှင့် အမေကျိုးတို့၏ ဆေးစစ်ချက် အဖြေက ကျန်းမာပါသည်။ သို့သော် အဘိုးဝမ်ကတော့ ကျန်းမာရေး သိပ်မကောင်းလှပါ။
လင်းချင်းဟယ်က ကုန်ခြောက်ဆိုင်မှ အာဟာရ ရှိသော အစားအစာများကို ယူကာ သူတို့အိမ်တွင် ချက်ပြုတ်ပြီး သားငယ်ကို အဘိုးဝမ်အား သွားပို့ခိုင်းလိုက်သည်။ သို့သော်လည်း အဘိုးဝမ်တစ်ယောက် ပြည်နှင်ခံခဲ့ရတုန်းက အတော်လေး ခံစားခဲ့ရသည်။ ထိုနေရာက အတော်လေးကို ပြင်းထန်၏။ ညစ်ပတ်ပြီး ပင်ပန်းရသည့် အလုပ်တွေ အကုန်လုံးကို သူ့ကို လုပ်ခိုင်းကြသည်။ ထို့အပြင် ဘာမှလည်း မစားနိုင်ခဲ့ပါ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဒီဘက်က သူ့ကိုဂရုစိုက်ကြသဖြင့် ကျန်းမာရေး ပြန်ကောင်းလာခြင်းဖြစ်ပါသည်။
ကျန်းမာရေးကောင်းမွန်ဖို့အတွက် အားတိုးဆေးများ သောက်သုံးဖို့ မလိုအပ်ပါ။ ဆေးဝါးအာဟာရထက် အစားအသောက် အာဟာရက ပိုကောင်းပါသည်။ လင်းချင်းဟယ်က ပင်လယ်မျှော့များကို ရေစိမ်ပြီး ကျိုးချင်းပိုင်ကို ပင်လယ်မျှော့ဆန်ပြုတ် ချက်ခိုင်းကာ သားငယ်အား သွားပို့ခိုင်းလိုက်သည်။
"ဒါတွေစားဖို့ ဘာလိုလို့လဲကွာ" အဘိုးဝမ်က မြင်သောအခါ ပြောလိုက်သည်။
"ဒါတွေစားရင် ကျန်းမာရေး ကောင်းတယ်လေ။ ခေါင်းကိုင်အဘိုးရဲ့ ခန္ဓာကိုယ်နဲ့ အရိုးတွေက တော်တော်လေးကို ဆိုးဝါးနေတာ။ ဒီလိုပုံစံမျိုးနဲ့ဆို နွေရာသီ အားလပ်ရက်ကျရင် အပြင်သွားလို့ ရမှာမဟုတ်ဘူး" ကျိုးကွေ့လိုင်က ချော့ပြောလိုက်သည်။
"ခရီးသွားတာက ကိစ္စမရှိပါဘူး" အဘိုးဝမ် ပြောလိုက်သည်။ သူအပြင်ထွက်ပြီး လျှောက်လည်ချင်ပါသည်။
"ဒါဆိုလည်း များများစားပေါ့။ နောက်ပိုင်းကျရင် အမေက ထပ်ချက်ပေးမယ်တဲ့။ စားရတာ ဒုက္ခများတယ်လို့ မတွေးပါနဲ့။ နေ့လည်ကျရင် ဖက်ထုပ်ဆိုင်မှာ လာစား။ လူတွေလည်း ပိုများပြီး အစားအစာတွေကလည်း ကျောင်းကထက် အများကြီး ပိုကောင်းပါတယ်" ကျိုးကွေ့လိုင်က ဖျောင်းဖျလိုက်၏။
အဘိုးဝမ်က ပြုံးရယ်လိုက်သည်။ "ကျောင်းကလည်း တော်တော် ကောင်းပါတယ်"