အခန်း(၅၁၃) အေးဆေးနေခွင့် မပေးပါ
Vol. 37 Ch. 513
အခန်း(၅၁၃) အေးဆေးနေခွင့် မပေးပါ
ဘာပဲပြောပြော သူမကို မစည်းရုံးနိုင်ပါ။ ထို့ကြောင့် ရှုရှန့်မိန် စိတ်ရှုပ်ပြီး ဒေါသထွက်သွား၏။
စကားတစ်ခွန်းလောက် ပြောဖို့ပဲလိုတာကို ဒီလောက်ထိ ရှုပ်ထွေးလာအောင် ဘာကြောင့် လုပ်ရတာလဲ။ သူမမောင်၏ ပစ္စည်းအထောက်အပံ့ ရပ်တန့်သွားပါက ဆိုင်ဆက်မဖွင့်နိုင်တော့ဘဲ ကျန်းမေ့လျန်လည်း သူမမောင်ကို ထားခဲ့မည်ဖြစ်သည်။
သို့သော် ကျိုးအာ့နီက နားမထောင်ပေ။
"ပြန်တော့။ ဒီကိစ္စကို နေ့လည် စတုတ္ထဦးလေးတို့ဆီမှာ ငါနေ့လည်စာသွားစားမှ ဦးလေးနဲ့ ဒေါ်လေးတို့ကို ပြောပြလိုက်မယ်" ကျိုးအာ့နီက ပြောလိုက်သည်။
"ဝမ်းကွဲအစ်မ ချမ်းကျစ်အတွက် နင်စဥ်းစားမပေးနိုင်ဘူးလား။ သူက နင့်ရဲ့ဝမ်းကွဲမောင်အရင်းပါ။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ကျန်းမေ့လျန်ကို ဘယ်လောက်တောင် သဘောမကျလဲ နင်လည်း သိရဲ့သားနဲ့။ သူတို့သာ သိသွားရင် ငါ့မောင် ဘာဖြစ်သွားမှာလဲ" ရှုရှန့်မိန်က ပြောလိုက်သည်။
"နင်ဒီကိစ္စကို နင့်ဖာသာနင် ဖြေရှင်းရင်ရှင်း မဟုတ်ရင် ငါရှင်းပေးမယ်။ ငါရှင်းပေးရင်တော့ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ကို သေချာပေါက် ပြောမှာပဲ" ကျိုးအာ့နီက ပြောလိုက်ပါသည်။
သူမလည်း ရှုရှန့်ချမ်း ကျန်းမေ့လျန်နှင့် ပတ်သက်နေသည်ကို လုံးဝ ကန့်ကွက်ပါသည်။
ကျန်းမေ့လျန်က တကယ်ဆိုးရွားသောကြောင့်ပင်။ တစ်ရပ်ကွက်လုံးလည်း ဒါကိုသိကြ၏။ ထို့အပြင် ကျန်းမိသားစုက ဘယ်လို လူမျိုးတွေလဲဆိုတာ ရပ်ကွက်ထဲမှာ မသိတဲ့လူ မရှိပေ။
ရှုရှန့်မိန် အံကြိတ်လိုက်သည်။ သူမအလွန် ဒေါသထွက်နေ၏။ သို့သော် ဘာလုပ်နိုင်ဦးမည်နည်း။ ဒီတိုင်း ရပ်ကြည့်နေလို့ မဖြစ်ပေ။ မဟုတ်ပါက သူမ၏မောင် ကျန်းမေ့လျန်နှင့် လက်ထပ်သွားလိမ့်မည်။
နေ့လည်ခင်းတွင် ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ နေ့လည်စာ သွားစားကြ၏။
ထို့နောက် တခြားသူများမရှိချိန််တွင် ကျိုးအာ့နီက ထိုကိစ္စအား သူမ၏ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့အား ပြန်ပြောပြလိုက်ပါသည်။
လင်ချင်းဟယ်၏ မျက်နှာက လုံးဝမပြောင်းလဲပေ။ သူမလို အသည်းမာသည့် လူတစ်ယောက်အတွက် ရှုရှန့်မိန်နှင့် ရှုရှန့်ချမ်းတို့အား သံယောဇဥ်ဖြတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဘာပြောနိုင်ဦးမည်နည်း။
ကျိုးချင်းပိုင်၏ မျက်နှာထားကတော့ အလွန်ခက်ထန်နေပါသည်။
လင်ချင်းဟယ်က သူ့မျက်နှာကို ကြည့်လိုက်သည်။ ရှုရှန့်ချမ်းသာ သူတို့ရှေ့တွင် ရှိနေပါက အသေအထိုးခံရလိမ့်မည်။
"ရှင် ဒီကိစ္စကို တာဝန်ယူချင်လား" လင်ချင်းဟယ်က တဲ့တိုးမေးလိုက်၏။
ကျိုးချင်းပိုင်က သူ့မိန်းမကို ကြည့်လိုက်သည်။ "ငါတို့ သူ့ကို ကျန်းမေ့လျန်နဲ့ သဘောတူလို့ မဖြစ်ဘူး။"
လင်ချင်းဟယ်က မျက်စပြစ်လိုက်ပြီး ပြောလိုက်သည်။ "ဒီလိုမပြောပါနဲ့ဦး" ထို့နောက် သားငယ်ကို ကြည့်ကာ ပြောလိုက်၏။ "သားငယ် လာဦး"
"ဘာဖြစ်လို့လဲ" ကျိုးကွေ့လိုင် ရောက်လာပြီး မေးလိုက်သည်။
"နေ့လည်ကျရင် အတန်းတက်ဖို့ရှိလား" လင်ချင်းဟယ် မေးလိုက်သည်။
"နှစ်ချိန်ရှိတယ်" ကျိုးကွေ့လိုင် ပြန်ဖြေလိုက်၏။
"အတန်းနှစ်ချိန်ပြီးရင် ရှုရှန့်ချမ်းကို သွားရှာလိုက်" လင်ချင်းဟယ်က ညွှန်ကြားလိုက်၏။
"ဘာလို့ သွားရှာမှာလဲ" ကျိုးကွေ့လိုင်က မသွားချင်ပါ။ "သူ့ကို ကျွန်တော် ဘာမှပြောစရာမရှိဘူး"
သူက ရှုရှန့်ချမ်း၏ ဝမ်းကွဲညီအစ်ကိုဖြစ်သော်လည်း ကျိုးကွေ့လိုင်က ရှုရှန့်ချမ်းနှင့် မရင်းနှီးပါ။ သူက ရှုရှန့်ချမ်းနှင့် မပတ်သက်သလောက်ရှိသည်။
"သူ ကျန်းမေ့လျန်နဲ့ ပတ်သက်နေတယ်။" လင်ချင်းဟယ်က ပြောလိုက်၏။
ကျိုးကွေ့လိုင် ခေတ္တ ကြက်သေသေသွားပြီး သူ့အဖေနှင့် အစ်မအာ့နီတို့ကို ကြည့်လိုက်သည်။ ထို့နောက် သူ့အစ်မေဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ "အမေ မဟုတ်မှလွဲရော ဟိုဘက်အိမ်က ကျန်းမိသားစုရဲ့ ကျန်းမေ့လျန်ကို ပြောတာလား"
"မဟုတ်ရင် နင့်အကူအညီကို ဘယ်သူက လိုမှာလဲ" လင်ချင်းဟယ်က ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲဗျာ" ကျိုးကွေ့လိုင်က အမြန်ပြန်ပြောလိုက်၏။ "ကျွန်တော် ပိုပြီး ချောချောမွေ့မွေ့ရှာနိုင်အောင် ရှင်းရှင်းလင်းလင်း ပြောမှပေါ့"
"နင့်အစ်မ အာ့နီသာ မေးကြည့်တော့" လင်ချင်းဟယ် လက်ခါပြလိုက်သည်။ နေ့လည်ခင်းတွင် အတန်းပြစရာရှိသေးသည်။ အလုပ်များလွန်းသဖြင့် ဒုတိယထပ်သို့ တက်သွားကာ အတန်းအတွက် ပြင်ဆင်နေလေသည်။
ကျိုးကွေ့လိုင်က ကျိုးအာ့နီထံမှ အခြေအနေကို သိရကာ ချက်ချင်းပြောလိုက်၏။ "ကျွန်တော်သွားကြည့်မှဖြစ်မယ်။ အခြေအနေက သိပ်မရှင်းသေးဘူး။"
အခြေအနေက ဒီလောက်ရိုးရှင်းလိမ့်မည်ဟု သူ မထင်ပါ။ ကျန်းမေ့လျန်က အကြောင်းပြချက်မရှိဘဲ ဘာကြောင့် ရှုရှန့်ချမ်းနဲ့ ပတ်သက်နိုင်မှာလဲ။ ဘယ်လိုကံကြမ္မာမျိုးကြီးလဲ။
ဒီစုံတွဲကို သူခွဲဖို့ မစောင့်နိုင်တော့ပါ။
အမှန်ပင် ကျိုးကွေ့လိုင်က ထုတ်မပြောရဲပါ။ မဟုတ်လျှင် သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် သူ့အဖေ ပါးထရိုက်နိုင်သည်။
ကျိုးအာ့နီက ရှုရှန့်ချမ်း၏ လိပ်စာကို သိသည်။ သူ ဝမ်ယွမ်ကို မေးနိုင်၏။ ဝမ်ယွမ်တို့စက်ရုံက ပစ္စည်းများကို ထရပ်ကားဖြင့် ပို့ပေးခြင်းကြောင့် ဖြစ်သည်။
အလွယ်လေး ရှာတွေ့နိုင်ပါသည်။
ထို့ကြောင့် ကျိုးကွေ့လိုင်က ကျောင်းဆင်းလာပြီးနောက် ဘတ်စ်ကားစီးကာ သွားခဲ့သည်။ ထို့နောက် လမ်းကိုမေးခဲ့ပြီး ရောက်လာခဲ့၏။
သေချာပေါက် ကျန်းမေ့လျန်ကို ဆိုင်ထဲတွင် မြင်ခဲ့ရပါသည်။ ရှုရှန့်ချမ်း မရှိသဖြင့် ဘယ်ရောက်နေလဲမသိပါ။
"နင်... နင် ဘာလို့ ရောက်လာတာလဲ" ကျိုးကွေ့လိုင် ပေါ်တင်ကြီးရောက်လာသည်ကို မြင်သောအခါ ကျန်းမေ့လျန်၏ မျက်နှာ အလွန်ခက်ထန်သွားသည်။
"ဘာလို့ လာလို့မရတာလဲ။ ကျွန်တော်က ကတ်စတမ်မာပဲ မဟုတ်ဘူးလား" ကျိုးကွေ့လိုင်က ပြုံးရယ်လိုက်၏။ ထို့နောက် ဆိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဆိုင်ကို စီမံထားတာ ကောင်းသားပဲ။ ဒုတိယယောက်ဖ ပြောပုံအရဆိုရင် စီးပွားရေးကလည်း တော်တော်လေး ကောင်းမယ့်ပုံပဲ"
ကျန်းမေ့လျန်က ကတ်တီးကတ််ဖဲ့ပြောခဲ့၏။ "နင် နေရာမှားလာတာဖြစ်မယ်။ အထည်တွေကို တခြားနေရာက ယူတာ။ ဒီဆိုင်ကလည်း ငါပိုင်တဲ့ဆိုင်ပဲ။"
"ဟန်ဆောင်မနေပါနဲ့ဗျာ။ ရှုရှန့်ချမ်းနဲ့ အတူတူ ဖွင့်ထားတာ ကျွန်တော်သိပါတယ်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ကျန်းမေ့လျန်၏ မျက်နှာက ဖြူရော်နေပါပြီ။ သူမ ကိုယ်ဝန်လည်း မရသေးပေ။ ကျိုးမိသားစုသာ အတင်းဝင်ရှုပ်ပါက ဒီကိစ္စ အဆုံးသတ်ပေတော့မည်။
ရှုရှန့်ချမ်းကလည်း ကျိုးမိသားစုကို အနိုင် မရနိုင်သဖြင့် သူမကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
"ဒီဘက်က ကျွန်တော်တို့ ရပ်ကွက်နဲ့ နီးလည်း မနီးပါဘူး။ တော်တော်လေး လာရတယ်။ ခင်ဗျားနဲ့ ရှုရှန့်ချမ်းနဲ့ ဘယ်လိုတွေ့ကြတာလဲ" ကျိုးကွေ့လိုင်က ဆိုင်ထဲဝင်ရင်း မေးလိုက်သည်။
ယခု ကျန်းမေ့လျန် ပိုသိချင်နေသည်က ကျိုးမိသားစု ဒီကိစ္စ ဘယ်လိုသိသွားသလဲ ဆိုတာပင်။ ဝမ်ယွမ်၏ စက်ရုံမှ ပစ္စည်းများ လာပို့ရင်တောင် သူမ ပုန်းနေပြီး ဆိုင်ထဲတွင် ရှုရှန့်ချမ်းသာ ရှိနေတတ်သောကြောင့်ဖြစ်သည်။
သူမ ရှုရှန့်ချမ်းနှင့် အတူရှိနေကြောင်းကို တဖက်မိသားစုအား မသိစေချင်ပါ။ ထင်မထားစွာဖြင့် သူတို့ သိသွားကြ၏။
"အဲ့တာ ငါနဲ့ ချမ်းကျစ်တို့ကြားက ရေစက်ပေါ့။ ငါတို့နှစ်ယောက်စလုံး အခု အတူတူ နေနေကြပြီ" ကျန်းမေ့လျန်က ပြန်ပြောလိုက်သည်။
ကျိုးကွေ့လိုင်က ရယ်မောကာပြောလိုက်သည်။ "ကျွန်တော့်ကို ဒါတွေလာပြောလည်း ဘာမှ အသုံးမဝင်ဘူး။ လောလောဆယ် ခင်ဗျားတို့ အတူတူနေတာကို ဘယ်သူမှ သဘောမတူဘူး။ ခင်ဗျားရဲ့ ဂုဏ်သတင်းတွေက ဘယ်လောက်မွှေးလို့လဲ။ ရပ်ကွက်ထဲက ကျပန်းလူတစ်ယောက်ကို မေးလိုက်ရင်တောင် တန်းသိနိုင်တယ်။ ခင်ဗျားနဲ့ ရှုရှန့်ချမ်းတို့ ပေါင်းစည်းနိုင်မယ်လို့ ထင်နေတာလား"
"ကျိုးမိသားစုက ချမ်းသာတယ်၊ ဒါပေမယ့် ဘယ်လောက်ပဲ ချမ်းသာပါစေ။ နင်တို့ ငါနဲ့ ချမ်းကျစ်ကို အတင်းခွဲနိုင်လို့လား။ ချမ်းကျစ်နဲ့ ငါတို့အတူနေတာက ဥပဒေကိုလည်း မချိုးဖောက်နေသလို ဘယ်သူ့ကိုမှလည်း သတ်နေတာမဟုတ်ဘူး။ ဘာလို့ အတူတူ နေလို့မရမှာလဲ" ကျန်းမေ့လျန်ကလည်း သည်းမခံပေ။
ကျိုးကွေ့လိုင်က ပြောလိုက်သည်။ "ခင်ဗျားရဲ့ စရိုက်က မကောင်းဘဲ ယောက်ျားတွေနဲ့ ပွေတတ်ရှုပ်တတ်တယ်"
ကျန်းမေ့လျန်က ဝန်မခံချင်ဘဲ ပြောလိုက်သည်။ "နင့်မျက်လုံးနဲ့မြင်လို့လား။ အဲ့တာတွေက လူတွေတစ်ဆင့်စကား တစ်ဆင့်ကြားပြီး ပြောနေတာတွေချည်းပဲ။"
"ရှုရှန့်မိန်ကို သိလား၊ ခင်ဗျားနဲ့ သူနဲ့ ဆက်ဆံရေးကောင်းတယ်ဆို။ ဒါပေမယ့် သူတောင် ခင်ဗျားနဲ သူ့မောင်ကို သဘောမတူဘူး" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"ရှုရှန့်မိန် ဟုတ်လား" ကျန်းမေ့လျန် အံ့အားသင့်သွား၏။ တစ်ခုခုကို နားလည်သွားသလို အံကြိတ်လိုက်ပါသည်။ "ရှုရှန့်မိန်က ကျိုးမိသားစုကို လာပြောတာလား"
"ဟုတ်တယ်လေ" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်.
ကျန်းမေ့လျန် ချက်ချင်း ဒေါသထွက်လာသည်။ ရှုရှန့်မိန်က သူမနှင့် ချမ်းကျစ်တို့ကို မခွဲနိုင်သဖြင့် ကျိုးမိသားစုအိမ်ကိုသွားပြီး စစ်ကူသွားခေါ်လိုက်ခြင်းသာဖြစ်သည်။
ဒါက သူမကို အေးဆေးဆေးဆေး နေခွင့်မပြုခြင်းဖြစ်ပါသည်။
သူမ ရှုရှန့်ချမ်းကို ဂရုစိုက်သည်။ သူကြိုက်တတ်သည့် ဟင်းများကို ချက်ပြုတ်ပေးပြီး အခု အတူတူနေကာ အိမ်ထောင်ရှင်မတစ်ယောက် လုပ်သင့်သည့်အရာမှန်သမျှ သူမ လုပ်ပေးနေသည်။ ဒါတောင် ရှုရှန့်မိန်က သူမကို ရှုရှန့်ချမ်းနှင့် သဘောမတူနိုင်သေးပေ။ ဉာဏ်နီဉာဏ်နက်မျာပြီး ဖျက်ဆီးချင်၏။
"ငါ့အမြင်အရ ပြောရရင် နင်တို့ကျိုးမိသားစုလည်း အဲ့ဒီတူမစကားကို နားမယောင်သင့်ဘူးနော်။"ကျန်းမေ့လျန်က အံကြိတ်ကာ ပြောလိုက်ပါသည်။