အခန်း(၅၁၄) ငွေပေးလျှင် ပစ္စည်းရမည်
Vol. 37 Ch. 514
အခန်း(၅၁၄) ငွေပေးလျှင် ပစ္စည်းရမည်
ရှုရှန့်မိန်က အေးအေးဆေးဆေး မနေနိုင်သဖြင့် သူမကကော ရှုရှန့်မိန်ကို ကူညီဖုံးကွယ်ထားပေးစရာ ဘာလို့ လိုအပ်တော့မည်နည်း။
"ခင်ဗျား ဘာကို ပြောတာလဲ" ကျိုးကွေ့လိုင်က လည်ဝယ်ပါးနပ်သောအပြုံးဖြင့် မေးလိုက်သည်။
တစ်ခုခုတော့ လွဲနေတာ သူသိသည်။ ကျန်းမေ့လျန်နှင့် ရှုရှန့်မိန်တို့ ရင်းနှီးရမည်။ ရှုရှန့်ချမ်းနှင့် ကျန်းမေ့လျန် ပတ်သက်နေသဖြင့် သူတို့ မရင်းနှီးတာ မဖြစ်နိုင်ပါ။
"နင်သိပါတယ်။ အရင်တုန်းက ဟွမ်ဟူကို ငါလိုက်ချင်တာလေ" ကျန်းမေ့လျန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့တော့" ကျိုးကွေ့လိုင်က ပြန်ပြော၏။
"ရှုရှန့်မိန်က ငါ့ကိုအရမ်းထောက်ခံပေးခဲ့တာ။ ဟွမ်ဟူနဲ့ ငါ့ကို အတူတူ ညားစေချင်တာ။ ငါ့ကို မြှောက်ပင့်စကားတွေလည်း အများကြီး ပြောတယ်။ ဟွမ်ဟူမှာ ကျေးရွာ အိမ်ထောင်စု စာရင်းကြီးနဲ့ ငါ့ကိုရတာ ကောင်းချီးတစ်ခုပဲလို့ ပြောခဲ့တာ။ အဲ့တော့ ဘယ်လိုဖြစ်တာလဲ။ ရှုရှန့်ချမ်းနဲ့ကျတော့ ဘာလို့ ရှုရှန့်ချမ်းအတွက် ကောင်းချီးလို့ မပြောတော့တာလဲ။ ပြီးတော့လည်း ကျိုးမိသားစုအိမ်ကိုသွားပြီး စစ်ကူတောင် သွားခေါ်တယ်တဲ့လား" ကျန်းမေ့လျန်က လှောင်လိုက်၏။
ကျိုးကွေ့လိုင်က ရွှင်ပျစွာ ပြန်ပြောလိုက်သည်။ "ခင်ဗျားပြောတာကို ကျွန်တော်မယုံဘူး"
"မယုံစရာ ဘာရှိလို့လဲ။ ရှန့်ချမ်းနဲ့ ငါတို့က အစကတည်းက တွေ့ကြတာမဟုတ်ဘူး။ ရှုရှန့်မိန်ကြောင့်ပဲ တွေ့ခဲ့ကြတာမဟုတ်လား။ သူ့မှာ ဆိုင်တစ်ဆိုင်ရှိတာ နင်သိတယ်မဟုတ်လား" ကျန်းမေ့လျန်ကလည်း ရှုရှန့်မိန်ကို အေးအေးချမ်းချမ်း မနေရအောင် လုပ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထို့ကြောင့် အကုန်ဖော်ဖို့ သတ္တိရှိလာခြင်းမဟုတ်ပါလား။
"သိပါတယ်" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်။
"သူက ငါနဲ့ ပူးပေါင်းပြီး အဲ့ဆိုင်ကို ဖွင့်ခဲ့တာ။ တွေ့လား။ ငါတို့ကျန်းမိသားစုရဲ့ ဂုဏ်သတင်းကို သိနေတာတောင် ငါနဲ့အတူ ဆိုင်ဖွင့်သေးတယ်လေ။ ရှုရှန့်ချမ်းနဲ့ ငါတို့လည်း အဲ့ဆိုင်မှာပဲ တွေ့ကြပြီး သဘောကျသွားကြတာ။ မနှစ်ကတည်းက အတူတူနေနေကြတာ။ နှစ်သစ်ကူးကျတော့မှ သူသိသွားပြီး ငါ့ကိုနှင်ထုတ်လိုက်တာ။အဲ့တာကြောင့် ရှုရှန့်ချမ်း ငါနဲ့လိုက်လာတယ်။ ကျန်တာတော့ နင်သိပါတယ်။ ရှန့်ချမ်းနဲ့ ငါတို့ဒီဆိုင်ကိုလာဖွင့်တာပဲ" ကျန်းမေ့လျန် ပြောပြလိုက်သည်။
ရှုရှန့်မိန်က လွန်လွန်ကြူးကြူး ဘာမှမလုပ်ခဲ့ပါ။ တစ်ချိန်က သူမကို ဟွမ်ဟူနှင့် အောင်သွယ်လုပ်ဖို့ ကူညီပေးခဲ့၏။
ကျိုးမိသားစုက သူမကို သဘောမကျမှန်း သိပါလျက်နှင့် သူမနှင့်အတူတူ လက်တွဲကာ ဆိုင်ဖွင့်ခဲ့ခြင်းက နောက်ထပ်ပြဿနာဖြစ်သည်။
ကျန်တာဘာမှမလိုပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စနှစ်ခုတည်းနှင့် ကျိုးမိသားစု ရှုရှန့်မိန်ကို မုန်းတီးဖို့ လုံလောက်သွားပြီ ဖြစ်ပါသည်။
ကျိုးကွေ့လိုင်က ပြုံးသာ ပြုံးနေပြီး ဘာမှ ပြန်မပြောသည်ကို ကျန်းမေ့လျန် မြင်သောအခါ ထပ်ပြောလိုက်သည်။ "ငါအမှန်တိုင်းတွေ ပြောနေတာနော်။ မဟုတ်ရင် ရှန့်ချမ်း ပြန်လာတဲ့အထိ နင်စောင့်နေလိုက်။ သူ့ကို ဆိုင်ဖွင့်ဖို့ ငါအကြံပေးခဲ့တာ။ အခု အရမ်း စိတ်ဓာတ် တက်ကြွနေပြီ။"
"ဟုတ်ပါပြီ။ ကျွန်တော် သိပါပြီ။ အိမ်ပြန်ရောက်ရင် အမှန်တရားကို ပြောပြလိုက်ပါ့မယ်" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်၏။
"ရှုရှန့်မိန် အဲ့ဒီဘက်မှာ ဘာတွေ ပြောသွားတာလဲ" ကျန်းမေ့လျန်က အမြန်မေးလိုက်သည်။
"ကျွန်တော့်အစ်မ အာ့နီကို လာတွေ့ပြီး ခင်ဗျားတို့ဆိုင်ကို အထည်စက်ရုံက ပစ္စည်းတွေ ထောက်ပံ့တာ ရပ်ဖို့ လာပြောတာ" ကျိုးကွေ့လိုင်က လုံးဝ ဖုံးကွယ်မထားဘဲ ရှုရှန့်မိန်ကို လုံးဝ ချောက်တွန်းလိုက်ပါသည်။
ဒီလောက် ရက်စက်သည့် မိန်းမကို ချောက်မတွန်းစရာ အကြောင်းမရှိပါ။ အရင်တုန်းက ဟူကျစ်ကိုလည်း ကျန်းမေ့လျန်ဆီ တွန်းပို့ချင်ခဲ့တာ မဟုတ်လား။
အခု ဒီမိန်းမက ရှုရှန့်ချမ်းနှင့် အတူတူရှိနေမှ လိုက်ဖက်နေပါသည်။
ကျိုးကွေ့လိုင် ပြန်သွားသည်။ ကျန်းမေ့လျန်ကတော့ ဒေါသအိုး ဆူပွက်နေသည်။ ရှုရှန့်ချမ်း ၆ နာရီကျော်တွင် ပြန်လာသောအခါ သူမ ငိုနေသည်ကို မြင်လိုက်ရသည်။
ရှုရှန့်ချမ်း ချက်ချင်း ကြက်သေသေသွား၏။ "ဘာဖြစ်တာလဲ။ နင့်ကို ဘယ်သူအနိုင်ကျင့်လို့လဲ"
"ဟုတ်တယ် ငါသေအောင် အနိုင်ကျင့်ခံနေရတယ်။ ဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူး ချမ်းကျစ်။ နင်ငါနဲ့ လမ်းခွဲချင်ရင်ခွဲလိုက်တော့။ ဘာပဲဖြစ်ဖြစ် နင်နဲ့အတူတူနေခဲ့ရတာကို ငါနောင်တမရဘူး။" ကျန်းမေ့လျန်က ရှိုက်ကြီးတငင် ပြောလိုက်ပါသည်။
"နင်ဘာတွေ ပြောနေတာလဲ။ နင်နဲ့ငါနဲ့က အခု လက်ထပ်စာချုပ်ချုပ်ဖို့ပဲ လိုတော့တာ။ ဘာလို့ လမ်းခွဲဖို့ ပြောနေတာလဲ။ နင်လမ်းခွဲပြီးရင် ဘယ်သူ့ကို လက်ထပ်လို့ ရဦးမှာလဲ' ရှုရှန့်ချမ်းက အမြန်နှစ်သိမ့်လိုက်သည်။
"ဒါဆိုရင် နင့်အစ်မက ဘာလို့ ငါတို့ကို ဒီလောက်ထိ တိုက်ခိုက်နေတာလဲ။ ငါတို့မကွဲမချင်း သူရပ်မှာကို မဟုတ်ဘူး" ကျန်းမေ့လျန်က ငိုကြွေးကာ ပြောလိုက်၏။
"ငါ့အစ်မ ပြဿနာ လာရှာသွားတာလား" ရှုရှန့်ချမ်း မျက်နှာ ခက်ထန်နေ၏။ ရှုရှန့်မိန် မကြာခဏ ဒီရောက်လာပြီး ကျန်းမေ့လျန်ကို ပြဿနာရှာတတ်သည်။ ရှုရှန့်ချမ်းလည်း ဒါကို သိပါသည်။
"သူ ပြဿနာလာရှာရင်တောင် ငါခံနိုင်ပါသေးတယ်။ နင့်ကိုကြိုက်ဖို့ ငါ့ကို ဘယ်သူပြောလို့လဲ။ သူက ငါ့ယောက်မလည်း ဟုတ်တယ်လေ။ ခွင့်မလွှတ်နိုင်ဘဲ နေပါ့မလား။ ငါ့ကို ရိုက်ချင်ရိုက် ငေါက်ချင်ငေါက် ငါခံနိုင်တယ်။ နင်လည်း ရှိနေတာပဲ။ သူငါ့ကိုအော်ရင် ငါစကားတောင် ပြန်ပြောဖူးလို့လား။ သူက အဲ့တာကိုတောင် လွန်လာတယ်။" ကျန်းမေ့လျန်က ဒေါသဖြစ်စွာ ငိုကြွေးလိုက်သည်။
ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှုရှန့်ချမ်း သိပြီးနောက် သူ့မျက်နှာ အလွန် အကျည်းတန်သွားသည်။ ဘာမှပြောမနေတော့ဘဲ သူ့အစ်မကို သွားတွေ့လိုက်၏။
ရှုရှန့်မိန် ထွက်လာပြီး သူ့ပုံစံကို မြင်သောအခါ ဘာတွေဖြစ်နေသလဲ နားလည်သွားပြီး ပြောလိုက်၏။ "ငါ့ကို ဘာလို့ လာတွေ့တာလဲ"
"ငါ့ကိစ္စထဲ နင်ဝင်ပါဖို့လိုလို့လား" ရှုရှန့်ချမ်း သူမကို ပါးရိုက်လိုက်ပါသည်။ ရှုရှန့်မိန် ကြက်သေသေသွားရ၏။
တကယ်တော့ ယခင်တုန်းက ရွာတွင်နေခဲ့စဥ်က သူမ၏ မောင်ရိုက်နှက်တာကို ခံခဲ့ရပါသည်။ သို့သော် သူမကို မရိုက်နှက်ရဲတော့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ အခုတော့ ကျန်းမေ့လျန်လို အပုပ်အသိုးအတွက် သူမကို ပါးရိုက်တယ်တဲ့လား။
ရှုရှန့်မိန်က ဒေါသဖြင့် တုန်ယင်နေသည်။ "နင်ငါ့ကို ပါးရိုက်ရဲတယ်၊ နင်ငါ့ကို ပါးရိုက်ရဲတယ်ပေါ့လေ။"
"ရိုက်တယ်ဟာ။ ကျောက်မိသားစုနဲ့ လက်ထပ်လိုက်တာနဲ့ နင့်ကိုမရိုက်ရဲဘူး မထင်နဲ့။ ငါ့ကိစ္စတွေထဲ ဝင်ပါစရာ မလိုဘူးနော်။ မေ့လျန်နဲ့ ငါ့ကိစ္စတွေက အဆင်ပြေနေပြီ။ နင်က ဝင်ရှုပ်ရဲတယ်ပေါ့။ ငါတို့ကိစ္စကို ဝင်ရှုပ်ရင် နင့်ကလေးကို တမင်တကာ ဖျက်ချပြီး ကျောက်မိသားစုကို အပြစ်ဖို့တဲ့အကြောင်း ကျောက်မိသားစုကို ပြောပြလိုက်မှာနော်။" ရှုရှန့်ချမ်း ခြိမ်းခြောက်လိုက်ပါသည်။
ရှုရှန့်မိန် ထစ်ငေါ့သွားပြီး ပြောလိုက်၏။ "နင်ဘာတွေ ပြောနေတာလဲ ကလေးက မတော်တဆ ပျက်ကျသွားတာ။"
"နင်ဘယ်လိုလူမျိုးလဲ ငါ့ကိုမသိဘူးများ ထင်နေလား။ အဲ့ဒီရွှေဥကြီးကို အမှီပြုပြီး ကျောက်မိသားစုနဲ့ လက်ထပ်နိုင်ခဲ့တာလေ။ တမင်တကာမဟုတ်ရင် ဘယ်လိုလဲ" ရှုရှန့်ချမ်းက သွေးအေးစွာ ပြောလိုက်ပါသည်။
"နင်ဘာပြောပြော မတော်တဆ ဖြစ်ခဲ့တာပဲ" ရှုရှန့်မိန်က စိတ်ကို ပြန်လျှော့လိုက်ပြီး ပြောလိုက်သည်။ သူမ ထိုသို့ လုပ်ခဲ့စဥ်က ရင်နာခဲ့ရ၏။ သူ့ကို မြို့တော်သို့ခေါ်နိုင်အောင် ဒီလို လုပ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ သူ့မောင်က ဒီကိစ္စကိုပြန်အသုံးချပြီး ခြိမ်းခြောက်နေလေပြီ။
"မတော်တဆဖြစ်ဖြစ် တမင်တကာဖြစ်ဖြစ် ဂရုမစိုက်ဘူးဟာ။ နောက်ကို ငါ့ကိစ္စတွေထဲ ဝင်ပါပြီး ဟိုဘက်ကို ပစ္စည်းမရောင်းဖို့ သွားပြောရင် ငါလည်း ကျောက်မိသားစုကို သွားပြောပြစ်မယ်။ သူတို့ဘယ်လို ထင်ကြမလဲ ကြည့်ကြသေးတာပေါ့။" ရှုရှန့်ချမ်းက ပြောလိုက်သည်။
ရှုရှန့်မိန် ဒေါသထွက်လွန်းသဖြင့် သူ့ကို ပါးရိုက်လုနီးပါးဖြစ်သွားသည်။
"နင့်ဘဝကို ငါဂရုမစိုက်ဘူ။ ငါ့ဘဝကိုလည်း လာမရှုပ်နဲ့။ မေ့လျန်နဲ့ ငါတို့က အရမ်း အဆင်ပြေနေကြပြီ။" ရှုရှန့်ချမ်းက အပြတ်ပြောကာ ပြန်သွားခဲ့သည်။
ရှုရှန့်မိန် ရင်နာသွား၏။ နောက်တစ်နေ့ ကျိုးအာ့နီဆီ လာခဲ့ပြီး သူမကို ဘာကြောင့် ချောက်တွန်းခဲ့ရသလဲ လာမေးသည်။
ကျိုးအာ့နီက သူမကို ဂရုမစိုက်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "အရင်တုန်းက နင် ကျန်းမေ့လျန်နဲ့ ဟူကျစ်တို့ကို အောင်သွယ်လုပ်ပေးချင်ခဲ့တာ မဟုတ်လား။ သူ ဟူကျစ်ကို ဖြားယောင်းတုန်းက နောက်ကွယ်ကနေ နင်အားပေးခဲ့တာ မဟုတ်ဘူးလား။"
ရှုရှန့်မိန် ကြက်သေသေသွားရသည်။ သူမ၏ ဒေါသမီးများလည်း ရေခဲရေဖြင့် ပက်ဖြန်းခံလိုက်ရသလို ငြိမ်းသွား၏။ သူမ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပါ။
သူမ အစိုးရိမ်ဆုံးက ဒါပဲဖြစ်သည်။ သူမ ဖုံးကွယ်ထားချင်ခဲ့သော်လည်း ထင်မထားစွာ ကျန်းမေ့လျန်က ဖော်ထုတ်ခဲ့သည်။
သူမ အမြန်ပြောလိုက်၏။ "မ...မဟုတ်တာ။ သူဘယ်လိုလူမျိုးလဲ ငါမသိဘဲနေပါ့မလား။ ကျန်းမေ့လျန်ကို ဟူကျစ်နဲ့ ဘယ်လိုလုပ် အောင်သွယ်ရမှာလဲ။ သူအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ"
"နင်က ကျန်းမေ့လျန်နဲ့ အလုပ် အတူတူ တွဲလုပ်ခဲ့တယ်။ ရှန့်ချမ်း သူနဲ့ ပတ်သက်မိတာလည်း နင့်ဆိုင်မှာ တွေ့ခဲ့ကြတာကြောင့်ပဲလေ" ကျိုးအာ့နီက ဂရုမစိုက်စွာ ဆက်ပြောသည်။
ထိုအကြောင်းအရာအားလုံးကို မနေ့က ကျိုးကွေ့လိုင်ပြန်လာတော့ သူမကို ပြောပြခဲ့ခြင်း ဖြစ်သည်။
"မဟုတ်... အဲ့လို မဟုတ်..." ရှုရှန့်မိန်က ငြင်းချင်သေး၏။ သို့သော် သူမ မရှင်းပြတတ်တော့ပေ။
"ဒီကို မလာနဲ့တော့။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့လည်း နင့်ကို မတွေ့ချင်ကြတော့ဘူး။ ငါလည်း နင့်ကို မမြင်ချင်တော့ဘူး။" ကျိုးအာ့နီက တဲ့တိုး ပြောလိုက်ပါသည်။ "လုပ်ငန်းကတော့ အရင်အတိုင်းပဲ။ ငွေပေးရင် ပစ္စည်းရမယ် ဒီလောက်ပဲ။"