အခန်း(၅၁၅) အလွန်နှိမ့်ချနေတတ်သည်
Vol. 37 Ch. 515
အခန်း(၅၁၅) အလွန်နှိမ့်ချနေတတ်သည်
ရှုရှန့်မိန်က ဖြူဖတ်ဖတ် မျက်နှာဖြင့် ပြန်သွားသည်။ ယခင်လိုသာဆိုရင် သူမ၏ စရိုက်အတိုင်း ကျိုးမိသားစုအိမ်သို့ အမြန်သွားကာ ရှင်းပြရလိမ့်မည်။
သို့သော် အခုတော့ သွားပင် မသွားရဲတော့ပါ။
ကျိုးအာ့နီလည်း သူမကို နောက်တစ်ခေါက်ပင် မကြည့်ပေ။
ဒီမတော်တဆမှုက ကျိုးမိသားစု လုံးဝ လုံးဝ ခွင့်မလွှတ်နိုင်စရာဖြစ်ပါသည်။
ဟူကျစ်နဲ့ ကျန်းမေ့လျန်တို့ကို အောင်သွယ်ပေးချင်တယ်တဲ့လား။ ကံကောင်းပေလို့ ဟူကျစ်က ရိုးသားခဲ့ပြီး ထိုလှည့်ကွက်များကို အသုံးမချတတ်ခဲ့ပါ။ မဟုတ်ပါက ကျန်းမေ့လျန်နှင့် သူပတ်သက်မိခဲ့လျှင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမည်နည်း။
သူမရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ကျိုးမိသားစုတို့ဘက်ကို တမင်တကာ ဖျက်လိုဖျက်ဆီးလုပ်ချင်နေခြင်းသာ ဖြစ်သည်။
ကျိုးမိသားစုက သူမအပေါ်ဘာမှ လွန်လွန်ကျူးကျူး မလုပ်ဖူးဘဲ သူမကတော့ ဒီလိုမျိုး ကျေးဇူးပြန်ဆပ်လိုက်သည်။ ဘယ်သူက သူမနှင့် ပတ်သက်ချင်ဦးမည်နည်း။
နောက်ကျောကနေ သူမ ဘယ်တော့ ဓားဖြင့် ထိုးသွားမလဲ မသိနိုင်တော့ပါ။
လင်းချင်းဟယ်က ပုံမှန်အတိုင်း အလုပ်သွား၏။ လုံးဝ ဂရုမစိုက်ပါ။ သူမ နေ့လည်ခင်း အိမ်ပြန်လာတော့ ကျိုးချင်းပိုင်က စွပ်ပြုတ် ချက်ဖို့ပင် မေ့လျော့နေခဲ့၏။
"ရှင်စွပ်ပြုတ် ပြုတ်ဖို့တောင် မေ့နေပြီပေါ့လေ။ ရှင်က သမီး မလိုချင်တော့ဘူးလား။" လင်းချင်းဟယ်က သူ့ကို မကျေနပ်စွာ မျက်စောင်းရွယ်လိုက်သည်။
"အခုပဲ သွားပြုတ်လိုက်ပါ့မယ်ဗျာ" ကျိုးချင်းပိုင်က ပြုံးကာ ပြောလိုက်၏။
"မပြုတ်နဲ့တော့၊ ရှင်ကျောက်ပွင့်တွေ ရေစိမ်ထားတယ်မလား။ ကျောက်ပွင့်ဝက်နံရိုးစွပ်ပြုတ်ပဲ ပြုတ်လိုက်တော့" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဟုတ်ပါပြီ" ကျိုးချင်းပိုင်က ပြန်ပြော၏။
ကျိုးချင်းပိုင်က ဝက်နံရိုးများကို စတင်ခုတ်ထစ်ပြီး ကျောက်ပွင့် ဝက်နံရိုးစွပ်ပြုတ်ကို ချက်ပြုတ်လေသည်။
သိပ်မကြာလိုက်။ ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ ရောက်လာကြ၏။ လင်းချင်းဟယ်က ပြောလိုက်သည်။ "ဒီလထဲ ကျောက်ပွင့်ခြောက်တွေ အများကြီး ဝင်တယ်။ နင်တို့လည်း နည်းနည်းလောက် ယူသွားကြ။ ဒီကျောက်ပွင့်ကို စွပ်ပြုတ်ပြုတ်သောက်ရင် အရမ်းအရသာရှိတယ်။ အဲ့တော့ များများ သောက်ကြပါ။"
"ဟုတ်ကဲ့ပါ" ကျိုးအာ့နီက ရွှင်ပျစွာ ခေါင်းငြိမ့်လိုက်ပါသည်။
"ငါ့မိန်းမ ဝမလာဘူးလို့ ဘာလို့ ခံစားနေရပါလိမ့်။ တတိယအစ်မကတောင် အများကြီး ပိုဝလာတယ်" ဝမ်ယွမ်က ပြောသည်။
"စန်းနီကတော့ တကယ် ပိုဝလာတယ်။ ဒါပေမယ့် အာ့နီလည်း မဆိုးလှပါဘူး။ သူ့ကိုယ်ဝန်က လမများသေးဘူးလေ။ အာဟာရလည်း လိုအပ်ချက် မရှိဘူး။ သူ ဝလာတယ်ဆိုတာထက် ကလေးက ကြီးထွားလာတာပါ" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ဝမ်ယွမ်က ပြုံးလိုက်ပြီးနောက် အာ့နီ၏ ဗိုက်ကို ကြည့်လိုက်ပါသည်။
ကျိုးအာ့နီက သူ့ကိုနှင်ထုတ်လိုက်သည်။ "ရှင် စားပွဲသွားခင်းစမ်း၊ သွား..."
"ဟုတ်ပါပြီ" ကျိုးဝမ်က ပန်းကန်နှင့် တူများကို ပြင်ဆင်ရန် ထွက်သွားသည်။
ဒီနေ့မနက် ရှုရှန့်မိန် ရောက်လာသည့်အကြောင်း ကျိုးအာ့နီ လင်းချင်းဟယ်အား ပြောပြလိုက်၏။
လင်းချင်းဟယ်က ဂရုမစိုက်စွာ ပြန်ပြောသည်။ "သူ့ကို စိတ်ပူမနေနဲ့။ ငါတို့ဘက်ကတော့ သူနဲ့ သံယောဇဥ်ဖြတ်ပြီးပြီ"
ရှုရှန့်မိန်ကို သူမ ဘာမှ မမျှော်လင့်ခဲ့ပါ။ သို့သော်လည်း ဒီအဖြစ်အပျက်ကြောင့် ရှုရှန့်မိန်အပေါ် ထားရှိသည့် သူမ၏ သဘောထားများ ပြန်လည်ပေါ်လာခဲ့ပြန်သည်။
ရှုရှန့်မိန်တို့ မောင်နှမနှစ်ယောက်ကို သူမ တစ်ခါမှ မျက်နှာသာမပေးဖူးပါ။ ဒါတော့ သူမ ဝန်ခံသည်။ သို့သော် ရိုးရိုးသားသား ပြောရလျှင် လင်းချင်းဟယ်ကလွဲပြီး အားလုံးက သူမအပေါ် ကောင်းကြသည်။
အရင်တစ်ခေါက်က ဟူကျစ်နှင့် ကန်းကျစ်တို့ ကျောက်ကျွင့်နှင့် သူမတို့အကြောင်းကို ကြားသောအခါ သားလတ်ကိုပင်ခေါ်ပြီး ကျောက်ကျွင့်ကို ဆေးရုံရောက်သည့်အထိ ထိုးကြိတ်ခဲ့၏။ သူမကို ဘယ်လောက်တောင် ဂရုစိုက်ခဲ့ကြသလဲ။
သို့သော် သူမကတော့ ကျန်းမေ့လျန် ဘယ်လိုလူစားမှန်း သိနေပါလျက်နှင့် ဟူကျစ်နှင့် အောင်သွယ်လုပ်ပေးချင်နေသည်။ ဒီအကြံအစည်က တကယ် ကြောက်ဖို့ ကောင်းလှပါသည်။
သူမ၏ ရင်ထဲတွင် သူမတို့မိသားစုကို ဂရုကော စိုက်ရဲ့လား။
ထို့ကြောင့် မနေ့က သားငယ် ထိုသတင်းများဖြင့် ပြန်လာသောအခါ ညစာစားပြီးနောက် ထိုသတင်းကို မိသားစုအားလုံးရှေ့တွင် လင်းချင်းဟယ် ပြောခဲ့ပါသည်။
သက်သေပြစရာမလိုတော့ပါ။ ကျန်းမေ့လျန်နှင့် ရှုရှန့်ချမ်းတို့ အတူတူရှိနေခြင်းက အကောင်းဆုံး သက်သေဖြစ်ပါသည်။
ရှုရှန့်မိန်နှင့် ရင်းနှီးသဖြင့် ရှုရှန့်ချမ်းနှင့် ကျန်းမေ့လျန်တို့ နီးစပ်ခဲ့ကြတာမဟုတ်ပါလား။
ပြောရမည်ဆိုလျှင် သူတို့ပြဿနာနှင့်သူ ပတ်ရှုပ်နေခြင်းသာဖြစ်သည်။ ဘာမှ ပြောဖို့ မလိုအပ်တော့ပါ။
မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် သူမယောက်ျား ချင်းပိုင် အလွန်အမင်း စိတ်ပျက်သွားစေခဲ့ပါသည်။ ထို့ကြောင့် သူမယောက်ျား ချင်းပိုင်က ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါသည်။ ထိုပြဿနာများကို သူတို့ မသိသလိုသာ ထားလိုက်ပါတော့။ ကျိုးမိသားစုဟောင်းက ရှုမိသားစု၏ ပြဿနာများကို ဝင်ပါတော့မည်မဟုတ်ပါ။
ထိုစကားက သိသာ ထင်ရှား ရှင်းလင်းသည်။ ဘာမှ ဆွေးနွေးစရာမလိုတော့ပေ။
ဝမ်ယွမ်ကတော့ ပစ္စည်းများကို ပုံမှန်အတိုင်း ထောက်ပံ့ပေးနေမည်။ ထောက်ပံ့မှုကို ရပ်လိုက်စရာ မလိုပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း အထည်ပစ္စည်းသာ လာယူကြခြင်း ဖြစ်သည်။ ထိုအဆက်အသွယ်တစ်ခုသာ ရှိသည်။ ကျန်တာကိုတော့ သူတို့ဝင်ပါမည် မဟုတ်ပေ။
ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်၏။ ထို့နောက် တွန့်ဆုတ်သွားသည်။ "အဘိုးနဲ့ အဘွားတို့အိမ်က အဲ့ဒီအကြောင်း မသိကြသေးဘူး"
"အဲ့ကို သွားမပြောနဲ့။ ဒီမောင်နှမ နှစ်ယောက်လည်း မလာရဲကြလောက်တော့ပါဘူး" လင်းချင်းဟယ် ပြောလိုက်သည်။
အဖေကျိုးနှင့် အမေကျိုးတို့က မငယ်တော့ပါ။ အရိုးအဆစ်များ ကျန်းမာနေသေးသော်လည်း သူတို့မြေးတစ်ယောက်ကို ကိုယ်ဝန်ဖျက်ချဖူးပြီး ယောက်ျားတကာနှင့် ပွေလီခဲ့သည့် သမိုင်းကြောင်းရှိသော မိန်းမ တစ်ယောက်နှင့် သူတို့မြေးမက အောင်သွယ်ပေးကာ ချောက်တွန်းဖို့ ကြိုးစားမှန်း သိသွားကြပါက ဘယ်လိုမှ သည်းခံနိုင်မည်မဟုတ်ပါ။
သူတို့မောင်နှမ နှစ်ယောက်ကိစ္စကြောင့် လူကြီးနှစ်ယောက်ကိ ဒုက္ခမဖြစ်စေပါနှင့်။ သူတို့ဖာသာ အေးအေးချမ်းချမ်း နေကြပါစေ။
သူတို့ အဖေကျိုးနှင့် အမေကျိုးကို မပြောခဲ့ကြသော်လည်း လင်းချင်းဟယ်က ရေချိုးအိမ်သို့ သွားစဥ် ရှုရှန့်မိန်အား ပြောပြခဲ့ပါသည်။
ကျိုးရှောင်မိန်ကိုတော့ ပြောပြမှဖြစ်မည်။ မဟုတ်ပါက သူမ ဘာမှမသိထားဘဲ နေပါလိမ့်မည်။
ကျိုးရှောင်မိန် ကြက်သေသေသွားရ၏။
"ဘာ သူ့ကိုယ်သူကော သူများတွေကိုကော ထိခိုက်စေတဲ့ အဲ့လိုကိစ္စမျိုး သူတကယ်ကြီး လုပ်ခဲ့တာလား"
"အေး အခု ရှုရှန့်ချမ်းက ကျန်းမေ့လျန်နဲ့ ပတ်သက်မိပြီး သူ့လက်ထဲမှာ အပိုင်ကိုင်ထားလိုက်ပြီ။ ရှုရှန့်မိန်လည်း အသည်းအသန် အဖြေရှာနေပြီ။ မဟုတ်ရင် ငါတို့နောက်ကွယ်မှာ သူဒီလောက်တောင် လုပ်ထားမှန်း ငါတို့သိကြမှာ မဟုတ်ဘူး" လင်းချင်းဟယ်က ပြတ်သားစွာ ပြောလိုက်ပါသည်။
ကျိုးရှောင်မိန်က ဒေါသဖြင့် မျက်နှာပင် နီရဲသွားသည်။ "ငါတို့သူကို ဘာလုပ်ဖူးလို့လဲ။ ဘာများ လုပ်ဖူးလို့လဲ။"
ဟူကျစ်နှင့် ဒီလိုမိန်းမမျိုးကို တကယ်ကြီး အောင်သွယ်ပေးဖို့ ကြိုးစားခဲ့တာတဲ့။ တကယ်သာ အောင်မြင်သွားလျှင် သူမ၏ စတုတ္ထယောက်မက ဒုတိယအစ်မကို ဘယ်လို ပြန်ရှင်းပြရတော့မည်နည်း။
ဇနီးကောင်းတစ်ယောက်က ခင်ပွန်းတစ်ယောက်အတွက် မင်္ဂလာဟုဆိုလျှင် ဒီလိုမိန်းမမျိုးကို လက်ထပ်ခြင်းက အလွန်အမင်း ကံဆိုးမိုးမှောင်ကျခြင်းဟု ဆိုနိုင်၏။
"စိတ်တွေ တိုမနေပါနဲ့တော့။ စိတ်ထဲမှာပဲ သိထားရအောင် နင့်ကို ပြောပြတာ။ ငါတို့မိသားစုက အဲ့ဒီဆွေမျိုးတွေကို အသိအမှတ် မပြုတော့ဘူး။ နင့်စတုတ္ထအစ်ကိုကလည်း ရှုရှန့်ချမ်းနဲ့ ကျန်းမေ့လျန်တို့ ကိစ္စကို ဂရုမစိုက်တော့ဘူး" လင်းချင်းဟယ် ပြောလိုက်၏။
ချင်းပိုင်က ဒီကိစ္စတွင် နားလည်သွားခဲ့ပါသည်။ ဒါတောင်နားမလည်သေးလျှင် သူမ ရန်တွေ့ရတော့မည်။ သို့သော်လည်း ဒီတစ်ခေါက် သူတကယ်စိတ်ပျက်သွားခြင်းဖြစ်သည်။ မဟုတ်ပါက သတင်းတောင် မမေးဘဲ နေပါတော့မလား။
ကျိုးရှောင်မိန်က ပြန်ပြောလိုက်၏။ "မှန်တာပေါ့။ ဂရုမစိုက်နဲ့။ ငါ့အကြီးဆုံးအစ်မကလည်း တကယ်အသုံးမကျဘူး။ သူတို့တွေကို ဒီလိုဖြစ်လာအောင် ပျိုးထောင် သင်ကြားပေးရတယ်လို့။"
"အရင်တုန်းက ငါသူ့ကို မြို့တော်ဆီ ခေါ်လာမိလို့လည်း ပါပါတယ်" လင်းချင်းဟယ် ခေါင်းခါလိုက်သည်။
"စတုတ္ထယောက်မ အဲ့လိုမတွေးပါနဲ့။ နင်သူ့ကို ခေါ်ချင်တာမှမဟုတ်တာ။ အကြီးဆုံးအစ်မက အတင်းခေါ်ခိုင်းခဲ့တာလေ။ ပြီးတော့လည်း သူမြို့ကိုရောက်လာတော့ သူ့ကို စာသင်ခိုင်းသားပဲ။ ဒါပေမယ့် သူက စာကျမသင်ဘဲ ဆိုင်ပဲ ကြည့်ပြီး ကျောက်ကျွင့်နဲ့ ညားသွားတာ၊။ အဲ့တာ နင်နဲ့ဘာဆိုင်လို့လဲ" ကျိုးရှောင်မိန်က နှစ်သိမ့်လိုက်ပါသည်။
လင်းချင်းဟယ် ပြန်ပြောလိုက်၏။ "ဒီအကြောင်းတွေ ဆက်မပြောကြရအောင်။ နင့်ဝမ်းကွဲတွေရဲ့ လုပ်ငန်းကော ဘယ်လိုလဲ"
ကျိုးရှောင်မိန်က ဒေါသထွက်နေသေးသော်လည်း အကြောင်းအရာကို ပြောင်းလဲကာ ပြန်ဖြေလိုက်ပါသည်။ "အဆင်ပြေပါတယ်။ အရင်လက ယွမ် ၂၀၀ ကျော်လောက် ရတယ်လို့ တာ့လင်း ပြောတယ်။"
လင်းချင်းဟယ် ခေါင်းငြိမ့်လိုက်၏။ "ဆက်လုပ်ရင် အဆင်ပြေမှာပါ"
ကျိုးရှောင်မိန်က ပြောလိုက်၏။ "ဒါအစပဲ ရှိပါသေးတယ်။ နောက်ပိုင်းဆိုရင် ပိုတောင် ကောင်းလာမှာ။ သူတို့ ကောင်းကောင်းမွန်မွန် စီမံရင် အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် ငါ့ဝမ်းကွဲယောက်မရဲ့ ကပ်စေးနှဲပြီး အရိုအသေတန်တဲ့ စရိုက်ကတော့..."
"အဲ့တာကို စိတ်ပူစရာမလိုပါဘူး။ လူမှုပတ်ဝန်းကျင်က သူ့ကို လူသားတစ်ယောက်လို နေတတ်အောင် သင်သွားပေးလိမ့်မယ်" လင်းချင်းဟယ်က တည်ငြိမ်စွာပြောလိုက်သည်။
ရင့်ကျက်သူတို့၏ ကမ္ဘာတွင် "အကြံဉာဏ်ပေးခြင်း"က အမြင့်မားဆုံး နိယာမဖြစ်၏။ "အကြံဉာဏ်ပေးခြင်း"ဖြင့်သာ ဘဝကောင်းကောင်းတွင် နေနိုင်ပြီး တိုးတိတ်စွာ အောင်မြင်မှုရနိုင်မည်ဖြစ်သည်။
လင်းချင်းဟယ်တွင် ထိုကဲ့သို့ စရိုက်မျိုး မရှိပါ။ သူမ ရွာတွင် နေထိုင်တုန်းက သူမဘဝကောင်းကောင်းဖြင့် နေနိုင်ပြီး သူမလက်ထဲတွင် ပိုက်ဆံမရှိကြောင်း ရွာထဲက လူအားလုံး သိကြပါသည်။ သူမတွင် ရှိတာထက် ပိုသုံးစွဲနိုင်၏။
အခြေအနေက ခြားနားသည်။ အခုချိန်အထိ သူတို့ ပိုင်ဆိုင်ထားသည့် ဆိုင်များကို လင်မယားနှစ်ယောက် ဝယ်ယူထားတာ ဆိုတာ ဘယ်သူမှ မသိကြသေးပါ။
ထိုဆိုင်များကို ငှားထားသည်ဟု ထင်နေကြ၏။ အများဆုံး သိထားသည်ဆိုလို့ ဖက်ထုပ်ဆိုင်ကို သူမတို့မိသားစု ပိုင်ဆိုင်ထားသည် ဆိုတာသာရှိသည်။
ထပ်ဖွင့်မည့် ဆိုင်များအကြောင်းပင် လူများများစားစား မသိကြပါ။
တကယ်တော့ သူတို့အလွန်ဇာတ်နိမ့်စွာ နေထိုင်ခဲ့ကြပါသည်။