အခန်း(၅၁၆) မီးဖွားပြီးချိန် ကူညီဖို့
Vol. 37 Ch. 516
အခန်း(၅၁၆) မီးဖွားပြီးချိန် ကူညီဖို့
ရေချိုးရင်း ရှုရှန့်မိန်ကိစ္စကို ကျိုးရှောင်မိန် သိခဲ့ရသည်။ ကျိုးရှောင်မိန် အိမ်ပြန်ရောက်သောအခါ စုတာ့လင်းကို ပြောပြလိုက်၏။
အမှန်ပင်။ လင်မယားနှစ်ယောက်သား တံခါးပိတ်ပြီး ပြောခြင်းဖြစ်ပါသည်။
ကျိုးရှောင်မိန် မိဘနှစ်ပါးကို အသိမပေးရဲပါ။ မဟုတ်ပါက ဒေါသဖြစ်ပြီး မေ့လဲသွားကြလျှင် ဘယ်လိုလုပ်မည်နည်း။
ထိုအကြောင်းကြားသောအခါ စုတာ့လင်း မျက်မှောင်ကြုတ်သွားသည်။
"သူရှင့်ကို လာတွေ့ရင် ရှင့်ဖာသာရှင်ဆုံးဖြတ်ချက် ချလို့မရဘူးနော်။ ကျွန်မကို ပြောဖို့မမေ့နဲ့ နားလည်လား" ကျိုးရှောင်မိန်က ပြောလိုက်သည်။
"မဟုတ်ဘူး... သူတို့... ငါ့ကို... လာတွေ့မှာ... မဟုတ်ပါဘူး" စုတာ့လင်းက ခေါင်းခါလိုက်သည်။
ကျိုးရှောင်မိန်က နားလည်သွားပြီး မျက်စောင်းထိုးပြစ်လိုက်သည်။ "ရှင့်ကို သူတို့က အထင်သေးရဲတယ်ပေါ့။ ဒီမောင်နှမနှစ်ယောက် ဘယ်လောက်လွန်လာနိုင်မလဲ ကြည့်ကြသေးတာပေါ့။"
ထိုသို့စဥ်းစားမိလျှင် သူမ ပို၍ပင် ဒေါသဖြစ်လာမိ၏။ ရှုရှန့်မိန်နှင့် ရှုရှန့်ချမ်းတို့ နှစ်ယောက်စလုံးက စုတာ့လင်းကို စကားထစ်သဖြင့် အထင်သေးကြသည်။ သူမယောက်ျား တာ့လင်းက အလွန်သဘောကောင်းသည့် လူတစ်ယောက်ဖြစ်၏။
စုတာ့လင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။
"မင်း...မင်းငါ့ကိုသဘော...ကျရင်ပဲ...လုံလောက်ပါပြီ"
"ကျွန်မကဘာလို့ ရှင့်ကိုသဘောမကျဘဲ နေရမှာလဲ။ ရှင်က ကျွန်မယောက်ျားပဲကို။ သဘောကျတာပေါ့" ကျိုးရှောင်မိန်က သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။
စုတာ့လင်းက ပြုံးလိုက်၏။ သူ့မိန်းမကို သူကျေးဇူးတင်မိပါသည်။ နှစ်ပေါင်းများစွာတိုင်အောင် သူ့ရဲ့ အသုံးမကျသည့် ထစ်အနေသော ပါးစပ်ကို အပြစ်မတင်ခဲ့ပါ။ သူ့ကို အပြစ်မတင်ရုံတင် မကဘဲ အများကြီး ကာကွယ်ပေးခဲ့ပါသည်။
ထို့အပြင် သူ့အတွက် သားနှစ်ယောက်၊ သမီးနှစ်ယောက်ကိုပါ မွေးဖွားပေးခဲ့၏။ စုတာ့လင်းက သူ့မိန်းမကို တကယ်ချစ်ပြီး အသိအမှတ်ပြုပါသည်။
"ယောက်ျားကိုလည်း...အကျိုးပြု၊ သားသမီး...တွေကိုလည်း... အကျိုးပေးတာပဲ" စုတာ့လင်းက ပြုံးကာ သူ့မိန်းမကို ကြည့်လိုက်ပါသည်။
ကျိုးရှောင်မိန်က ရှက်သွေးဖြာသွားပြီး ပြောလိုက်သည်။ "ကျွန်မက ရှင်ပြောသလောက် မတော်ပါဘူး။ ကျွန်မ ဘာမှမလုပ်တတ်ဘူး။ ကျွန်မ စတုတ္ထယောက်မ ဦးဆောင်မှုနောက်ပဲ လိုက်တတ်တာပါ။"
သို့သော်လည်း သူမ၏ စတုတ္ထယောက်မ ဦးဆောင်သည့်နောက်ကို လိုက်ခြင်းက မှန်ကန်သည့် လမ်းဖြစ်ပါသည်။
စုတာ့လင်းက ပြုံးလိုက်သည်။
မျက်စိတစ်မှိတ် အချိန်အတွင်း ဇူလိုင်လသို့ ရောက်လာလေပြီ။ နွေရာသီ အားလပ်ရက်လည်း ရောက်ရှိလာ၏။ နွေရာသီ အားလပ်ရက် ဒုတိယမြောက်နေ့တွင် ကျိုးကွေ့လိုင်နှင့် သူ့အဘိုးနှစ််ယောက်ဖြစ်သော အဘိုးဝမ်နှင့် အဖေကျိုးတို့ ခရီးသွား ရထားကြီးပေါ် တက်သွားကြပါသည်။
၁၉၈၄ ခုနှစ်သာ ရှိသေးသော်လည်း ခရီးသွားစရာ နေရာများစွာ ရှိနေပါပြီ။ လင်းချင်းဟယ်က သူမသားငယ်၏ ခရီးသွားလမ်းညွှန်ကို ကြည့်ပြီးပါပြီ။ သူတို့သွားမည့် နေရာများက အဖေကျိုးနှင့် အဘိုးဝမ်တို့အတွက် လက်ခံနိုင်စရာဖြစ်သည်။ ထို့ကြောင့် သူ့ကို လွှတ်ထားပေးလိုက်ပါသည်။
ပိုက်ဆံလုံလုံလောက်လောက် ပါသွားဖို့သာ သူမ ဂရုစိုက်၏။ ခရီးသွားရာတွင် ပိုက်ဆံက မရှိမဖြစ် အရေးပါ၏။
လင်းချင်းဟယ်လည်း နွေရာသီ အားလပ်ရက် ပိတ်ပါသည်။ သူမ အားလုံး စီစဥ်ထားပြီးပြီ။ တာ့လျန်သို့ သွားလည်ပတ်မည်ဖြစ်၏။ အဆင်ပြေလျှင် ထိုနေရာတွင် ပင်လယ်စာခြောက်များ အော်ဒါမှာမည်ဖြစ်သည်။ တောင်ပိုင်းမှလည်း ဆက်လက် မှာယူနေမည်ဖြစ်၏။ ထောက်ပံ့သူ တစ်ယောက်တည်း မထားချင်၍သာဖြစ်သည်။ မဟုတ်ပါက အမြတ်ထုတ်ခံရဖို့ လွယ်ကူပါသည်။
"အိမ်က ကိစ္စတွေအကုန်လုံးကို နင့်ပဲ အပ်ထားခဲ့မယ်နော်" လင်းချင်းဟယ်က သားလတ်ကို ပြောလိုက်သည်။
ကျိုးရွှမ်က စိတ်မပါစွာ ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း အမေတို့တွေ စောစောပြန်ခဲ့ကြ။ ကျွန်တော်လည်း အားလပ်ရက် လျှောက်လည်ချင်သေးတယ်။"
"နင့်အကျင့်ကို ပြင်စမ်း" လင်းချင်းဟယ်က ရွှင်ပျစွာ သူ့ကို မျက်စောင်းရွယ်လိုက်သည်။ အရင်တုန်းက ဉာဏ်ကောင်းသည့် သူ့သားလတ်ကို စီးပွားရေးသမား ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် မျှော်လင့်မထားလောက်စရာ နူးညံ့သည့် ပုံစံမျိုး ဖြစ်လာခဲ့၏။
ထို့နောက် သားလတ်၏ အထွန့်တက် စကားများကို မကြားယောင်ဘဲ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ နောက်တစ်နေ့ ထွက်ခဲ့ကြကာ တာ့လျန်သို့ အလည်အပတ် တန်းတန်းမတ်မတ် သွားခဲ့ကြလေသည်။
ရက်အနည်းငယ်ကြာတော့ အမေကျိုးက ကြက်တစ်ကောင်နှင့် ရောက်လာပြီး ပြောလိုက်၏။ "နင့်မိဘတွေ ဘယ်လောက်ကြာမှာလဲ။ နင့်အဘိုးနဲ့ ခေါင်းကိုင်အဘိုးလည်း အပြင် သွားကြတယ်။ နင်တစ်ယောက်တည်း နိုင်ပါ့မလား"
"နိုင်ပါတယ်" ကျိုးရွှမ်က ဖက်ထုပ်ကို မြန်မြန်လိပ်ရင်း ဖြေလိုက်ပါသည်။
ဒေါ်လေးမာက ရွှင်ပျစွာ ပြောလိုက်သည်။ "ရွှမ်လေးက သွက်လက်ပါတယ်။ ဘယ်သူမှ သူ့ကို စိတ်ပူစရာမလိုဘူး။ ဒါပေယ့် စိတ်ချပါ။ ကျွန်မ ပန်းကန်ဆေးလို့ပြီးတာနဲ့ ဖက်ထုပ်တွေ ကူလုပ်ပေးလိုက်ပါ့မယ်။"
"ဒါဆိုလည်း ဒုက္ခပေးရဦးမှာပေါ့ အစ်မရယ်" အမေကျိုးက ပြုံးကာ ပြောလိုက်ပါသည်။
သူမက ဒေါ်လေးမာကို အလွန်ယဥ်ကျေးစွာ ဆက်ဆံသည်။ ဒေါ်လေးမာကျေးဇူးကြောင့် သူမ၏ မြေးက မြို့တော်က ကောင်မလေးနှင့် တွဲနိုင်ခဲ့ခြင်းဖြစ်ပါသည်။
အမေကျိုးက ပြုံးလိုက်၏။ "အစ်မကြီး လုပ်စရာရှိတာလုပ်ပါ။ ကျွန်မက ဒီတိုင်းလာကြည့်တာ။ အိမ်မှာလည်း မြေးမလေး ရှိလို့ ကျွန်မ ပြန်နှင့်တော့မယ်နော်"
"ဟုတ်ပါပြီ၊ ပြန်နှင့်ပါ အစ်မကြီး။ ဒီဘက်ကို စိတ်မပူနဲ့နော်။" ဒေါ်လေးမာက အမြန် ပြန်ဖြေလိုက်ပါသည်။
အမေကျိုး ထွက်သွားသည်။ ဒေါ်လေးမာက ပန်းကန်များကို ဆေးကြောပြီးနောက် လက်ကိုပါ ဆေးလိုက်သည်။ ထိုနောက် ဖက်ထုပ်များ ကူလုပ်ရင်း ကျိုးရွှမ်ကို ပြောလိုက်၏။ "နင့်အဘွားကလည်း တော်တော် တော်တာပဲနော်။ နင်တို့မြေးတွေကို တကယ်ချစ်တယ်။"
ကျိုးရွှမ်က ပြုံးကာ ပြောလိုက်၏။ "ကျွန်တော့် အဘွားက စိုးရိမ်စိတ်ကြီးတယ်။ သူတို့ဖာသာ ကြက်ကို ချက်စားလည်း ရရဲ့သားနဲ့ ဒီကို ယူလာသေးတယ်"
သူ့အဘွားက သူတို့ညီအစ်ကိုတွေကို အလွန် ဂရုစိုက်ပါသည်။ အနည်းငယ် အရစ်ရှည်ရုံသာရှိ၏။ သူ့အမေကလည်း ဒါကိုသည်းမခံနိုင်ပါ။ အမှန်ပင်။ ကျေပွန်သင့်သည့် ဝတ္တရားများကတော့ လိုအပ်ချက်မရှိခဲ့ပါ။
ဒေါ်လေးမာက ပြောလိုက်သည်။ "နင့်အဘွားရဲ့ ဆန္ဒပေါ့။ နင်လည်း ကြိုက်တတ်တာကို သိလို့နေမှာပါ"
ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။
အချိန်ကျတော့မည်ကို မြင်သောအခါ ကြက်ကို ထုတ်ကာ ခုတ်ထစ် ပြင်ဆင်လိုက်၏။ ထို့နောက် တစ်ဝက်ကို ကြော်ကာ တစ်ဝက်ကို စွပ်ပြုတ် ပြုတ်လိုက်ပါသည်။
ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ ရောက်လာကြ၏။ ကျိုရွှမ်က သူ့အစ်မ အာ့နီကို အရင်ဆုံး ကြက်စွပ်ပြုတ်တစ်ပန်းကန်နှင့် ကြက်ပေါင်များကို တည်ခင်းပေးကာ ပြောလိုက်သည်။ "ဒုတိယောက်ဖ ဒါက ကျွန်တော့်အစ်မ အာ့နီ အာဟာရဖြစ်စေဖို့အတွက်ပါ။ မကြာခင် ကျွန်တော်လည်း ကျွမ်းကျင် စာဖိုမှူးဖြစ်လာတော့မှာဆိုတော့ ကျွန်တော့်အတွက် ဘာအခွင့်ထူးရှိမလဲ"
"မင်းက ဘယ်လို အခွင့်ထူးလိုချင်လို့လဲ။ နောက်ပိုင်း ကလေးမွေးလာရင် မင်းကို ဦးလေးလို့ ခေါ်မှာပေါ့" ဝမ်ယွမ်က ပြောလိုက်သည်။
ကျိုးရွှမ် ရယ်မောလိုက်၏။ "ဟုတ်တယ်။ ကျွန်တော့်ကို ဦးလေးလို့ ခေါ်ရမယ်။ ဒါပေမယ့် ဦးလေးကတော့ အဖေနဲ့ ဘယ်ယှဥ်နိုင်ပါ့မလဲ။"
ဝမ်ယွမ်က ရွှင်မြူးစွာ ပြောလိုက်သည်။ "မင်းအစ်မအတွက် အရသာရှိတာတွေသာ ထပ်ချက်ပြုတ်ပေး။ ဒီနှစ်ထဲ မင်းကို ရေပူစမ်း လိုက်ပို့ပေးမယ်။ ငါ တကာခံမှာပါ"
ကျိုးရွှမ်က ပြန်ပြောလိုက်သည်။ "ကောင်းပါပြီ။ ဒီနေ့ နောက်ထပ် ဟင်းတစ်မျိုး ထပ်ချက်ထားတယ်။ အဘွား ယူလာပေးတာ။ တစ်ဝက်ကို စွပ်ပြုတ်ချက်ပြီး ကျန်တာကို မှိုနဲ့ ကြော်စားလိုက်မယ်။”
ဟူကျစ်၊ ကန်းကျစ်၊ စစ်နီနှင့် အခြားသူများ ပြန်လာကြသောအခါ ဟင်းလျာငါးမျိုးက စားပွဲပေါ်တွင် တည်ခင်းထားပြီးသား ဖြစ်သည်။
ချန်းရှန်ရှန်လည်း ဒီနေ့လာစား၏။
သို့သော် တစ်ယောက်လောက် ပိုလို့ အရေးမကြီးပါ။ ဟင်းလျာ လုံလောက်ပါသည်။
"မင်းက စာဖိုးမှူးနီးပါးလောက် တော်နေပြီပဲ" ဟူကျစ် ပြုံးလိုက်သည်။
"ဟုတ်တယ် မင်းငါ့ဆီက သင်ရမယ်။ မဟုတ်ရင် နောက်ပိုင်း အစ်မ ရှန်ရှန် မီးဖွားပြီးကာလ ရောက်ရင် သူ့ကို ဘယ်လိုဂရုစိုက်မှာလဲ" ကျိုးရွှမ်က ပြောလိုက်၏။
ချန်းရှန်ရှန် ရှက်သွေးဖြာသွားသည်။ "အစောကြီး ရှိပါသေးတယ်"
"ကျွန်တော့်အစ်မ အာ့နီကလည်း အစောကြီးလို့ ပြောခဲ့တာပဲ။ အခုတော့ ကြည့်ပါဦး၊ ဒါက အစောကြီးပဲလား" ကျိုးရွှမ်က ပြောပြလိုက်ပါသည်။ ကျိုးအာ့နီအကြောင်းပြောရင်း ကျိုးစန်းနီကိုပါ ထည့်ပြောခဲ့သည်။ "စန်းနီရဲ့ မွေးရက်က ဘယ်တော့လဲ"
"ဘာလဲ၊ နင်က အဲ့ကိစ္စတွေကိုပါ ဂရုစိုက်တတ်နေပြီလား" ကျိုအာ့နီက ရွှင်မြူးစွာ ငေါက်လိုက်ပါသည်။
"ဒါပေါ့ဗျ စိတ်ပူပေးရမှာပေါ့။ အစ်မစန်းနီ ကလေးရလာတဲ့အခါကျရင် ဘယ်သူက ဂရုစိုက်မှာလဲ။ ဆိုင်ကိုလည်း တစ်ယောက်ယောက် ကြည့်ပေးရဦးမယ်" ကျိုးရွှမ်က ပြောလိုက်ပါသည်။
မွေးရက်က နွေရာသီ အားလပ်ရက်အတွင်း မဟုတ်ပါက သူစိတ်ပူစရာမလိုပါ။ မဟုတ်လျှင် သူ အရင်စီစဥ်ထားရပါလိမ့်မည်။
"စန်းနီကို ငါမေးပြီးပါပြီ။ အောက်တိုဘာလကျရင် စန်းနီကို မီးဖွားဖို့ ငါလိုက်ပို့ပေးမယ်။ နင်စိတ်ပူစရာမလိုဘူး" ကျိုးစစ်နီက ပြန်ပြောလိုက်သည်။ ထို့နောက် ကျိုးအာ့နီဘက်သို့ လှည့်ကာ ပြောလိုက်၏။ "အစ်မလည်း စိတ်မပူနဲ့။ အစ်မ မီးဖွားတဲ့အခါကျ သမီးလာကူပေးပါ့မယ်"
"ကောင်းတာပေါ့" ကျိုးရွှမ်က ပြုံးလိုက်၏။
ကျိုးစစ်နီက အကုန် တာဝန်ယူပေးမည်ဆိုသဖြင့် ဘာမှ စိတ်ပူစရာမလိုတော့ပါ။ ချက်ရေးပြုတ်ရေးဖြစ်ဖြစ် တခြားတာဝန်ပဲဖြစ်ဖြစ် ကျိုးစစ်နီအတွက် လုံးဝ အဆင်ပြေပါသည်။ သူမက အလွန်သွက်လက်၏။
"နင့်အစ်မကို ကောင်းကောင်း စောင့်ရှောက်ပေးရင် နောက်ပိုင်း အကြိုလက်ဖွဲ့ပစ္စည်းအဖြစ် ရွှေလက်စွပ်တစ်ကွင်း ခဲအို ဝယ်ပေးမယ်" ဝမ်ယွမ်က ပြောလိုက်သည်။
"အဲ့လိုလုပ်စရာမလိုပါဘူး။ ခဲအိုက သဘောကောင်းလွန်းနေတာ။ မီးဖွားချိန် သမီးအစ်မကို ကူညီပေးရမှာပေါ့။ အကြီးဆုံး အစ်တုန်းကလည်း ဒီလိုပဲ" ကျိုးစစ်နီက တွန့်ဆုတ်သွားပြီး အမြန်ပြန်ပြောလိုက်တော့သည်။