← Chapters

အခန်း(၅၁၈) ကိုယ့်ထိုက်နှင့် ကိုယ့်ကံ

Vol. 37 Ch. 518

အခန်း(၅၁၈) ကိုယ့်ထိုက်နှင့် ကိုယ့်ကံ

Vol. 37 Ch. 518

အခန်း(၅၁၈) ကိုယ့်ထိုက်နှင့် ကိုယ့်ကံ

တာ့လျန်နှင့် တခြားနေရာများတွင် ပစ္စည်း အထောက်အပံ့ သွားရှာသည့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကတော့ ဒီကိစ္စများကို မသိခဲ့ပါ။ တာ့လျန်တွင် တကယ်ပဲ ပစ္စည်း ထောက်ပံ့သူတစ်ခုရှိနေ၏။

သို့သော်လည်း တောင်ပိုင်းကတစ်ခုလောက်တော့ မကောင်းပါ။ သို့သော်လည်း ပစ္စည်းမျိုးစုံရှိပြီး ဘာမှမရှိတာထက်တော့ ကောင်းပါသေးသည်။

ယွမ် ၂,၀၀၀ နည်းပါး တန်ကြေးရှိသည့် ပစ္စည်းများကို အော်ဒါမှာယူပြီး သိုလှောင်ထားလိုက်၏။ ထို့နောက် ဘော့စ်ကို ဖုန်းနံပါတ် တောင်းလိုက်ပါသည်။ သူတို့က မြို့တော်မှ ဖြစ်ကြောင်း သိလိုက်ရသောအခါ ပမာဏကို ဖုန်းဆက်ပြီး တောင်းဆိုလိုက်ပါက သူက စီစဥ်ပြီး လာပို့ပေးမည်ဟု ပြောပါသည်။

ဒီနေရာကိုလာပြီး ယွမ် ၂,၀၀၀ ဖိုး အော်ဒါ မှာယူသွားသည့် ကတ်စတမ်မာများကို ဘော့စ် လက်လွတ်မခံနိုင်ပါ။

သို့သော် လင်းချင်းဟယ်က တောင်ပိုင်း ပင်လယ်စာ ဘော့စ်ထံတွင်လည်း အော်ဒါတင်ထားမှန်း သူ မသိခဲ့ပါ။ အရင်တုန်းက ယွမ် ၄,၀၀၀ နှင့် စတင်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန်တုန်းက ယွမ် ၅,၀၀၀ ကျော်ဖိုး အော်ဒါတင်ခဲ့သည်။ ထိုအချိန်တုန်းက နှစ်ကုန်တွင် ပစ္စည်းအများစုကို ရောင်းထွက်ခဲ့ပါသည်။

လင်မယားနှစ်ယောက် ထိုနေရာတွင် ခေတ္တ နေခဲ့ပြီး ရထားဖြင့် တခြားနေရာများသို့ သွားလည်ခဲ့သည်။

လင်းချင်းဟယ်က ရှေ့တန်းနယ်စပ် တချို့နေရာများတွင် အိမ်ရာမြေတစ်ခု ဆောက်လုပ်ချင်၏။ ထိုမြေအားလုံးက အနာဂတ်တွင် မိုးထိုးနေသည့် အိမ်စျေးများရှိသည့် နေရာများဖြစ်ပါသည်။

ထို့အပြင် သူတို့ ခရီးသွားသောအခါ နေထိုင်တည်းခိုဖို့ ကိုယ်ပိုင်အိမ် ရှိလာမည်ဖြစ်ပါသည်။

ကျိုးချင်းပိုင်က သူ့မိန်းမနှင့် လိုက်လာပြီး အေးချမ်းသော နေရာတစ်ခုတွင် လျှောက်သွားခဲ့ပါသည်။ ကောင်တီမြို့၏ ရှုခင်းများကို ကြည့်ဖို့လည်း မိန်းမနောက်မှ လိုက်လာခဲ့၏။

ဒီနှစ် မွေးရပ်မြေသို့ သူတို့ မပြန်ရသေးပါ။ သူတို့ မွေးရပ်မြေမှ တိုးတက်မှုကလည်း ကောင်းမွန်လှ၏။ သူမ၏ မောင်ပဲဖြစ်ဖြစ် တတိယအစ်ကိုနှင့် တတိယမရီးတို့ပဲ ဖြစ်ဖြစ် အများကြီး တိုးတက်လာကြပါသည်။

သြဂုတ်လ ၂၀ ဝန်းကျင်တွင် နွေရာသီ အားလပ်ရက် တစ်ပတ်လောက် ကျန်သောအခါ လင်မယားနှစ်ယောက်သား စိတ်ကျေနပ်စွာဖြင့် အိမ်ပြန်ခရီးကို ထွက်လာခဲ့ကြပါသည်။

ဒီနှစ်ထပ် ပြန်လည်ရောင်းချခြင်း မလုပ်တော့ပါ။ သူမယောက်ျား ချင်းပိုင်က မလုပ်နဲ့ဟု ဆိုသည်။ လင်းချင်းဟယ်က နှမြောမိ၏။ သို့သော် သူ မလုပ်ခိုင်းသဖြင့် သူတို့ မလုပ်ကြပါ။

အခုချိန်ထိ ဆိုင်များစွာ၏ ဝင်ငွေ စုစုပေါင်းက ယွမ် ၂၀,၀၀၀ ကျော်နေပြီ ဖြစ်ပါသည်။ နောက်ပိုင်း မျိုးဆက်များတွင်တောင် နည်းပါးသော ငွေ မဟုတ်ပါ။ အခုဆို ပြောစရာပင် မလိုပေ။ ထို့ကြောင့် သူတို့မလုပ်လို့ ရပါသည်။ သူတို့ အချိန်ပိုများကို ခရီးသွားဖို့ အသုံးပြုလည်း အဆင်ပြေနေပါပြီ။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ပြန်လာသောအခါ ကျိုးရွှမ်က ပျော်ရွှင်မှုကြောင့် ငိုမိတော့မလိုပင် ဖြစ်သွားသည်။

တစ်လကျော်လောက် စားဖိုမှူးလုပ်ခဲ့ရသဖြင့် သူ့ဆံပင်တွေတောင် မီးဖိုချောင်နံ့ စွန်းနေပြီဟု ကျိုးရွှမ်ခံစားရပါသည်။

"သားငယ် ပြန်မလာသေးဘူးလား" လင်းချင်းဟယ်က ရွှင်ပျစွာ မေးလိုက်သည်။

"မလာသေးဘူး" ကျိုးရွှမ်က ပြန်ဖြေလိုက်၏။

ကျိုးချင်းပိုင်က သူ့အတွက် ယွမ် ၃၀၀ မုန့်ဖိုး ပေးလိုက်ပါသည်။ ပိုက်ဆံရလိုက်သောအခါ တစ်လကျော် ကြိုးစားခဲ့ရသည်မှာ တန်သည်ဟု ကျိုးရွှမ် ချက်ချင်း ခံစားလိုက်ရပါသည်။

သူတွေးနေတာ ကြာပြီဖြစ်သည်။ ရှော့ပင်းမောက ထိုဂစ်တာ တစ်လုံးကို လိုချင်နေတာ ကြာပြီ ဖြစ်သော်လည်း မဝယ်နိုင်ခဲ့ပါ။

ဒီတစ်ခေါက်တော့ သူ့အဖေက ရက်ရောပြီး သူ့ကို ယွမ် ၃၀၀ ပေးခဲ့ပါသည်။

"အဖေ ဆိုင်ပြန်အပ်တော့မယ်နော်။ စကားမစပ် အစ်မအာ့နီ ခဏနေရင် လာစားလိမ့်မယ်။ သူ့အတွက် ပြောင်းဖူးနှစ်လုံးလောက် ကြိုဖုတ်ထားပေးလိုက်ပါဦး။" ကျိုးရွှမ်က ပြောလိုက်သည်။ ထို့နောက် စိတ်မရှည်စွာဖြင့် စက်ဘီးကို စီးပြီး သူအကြာကြီး မျှော်လင့်နေခဲ့ရသည့် ဂစ်တာကြီးကို သွားဝယ်လေသည်။

"လူဆိုးကောင်လေး" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။ ကျန်တာ ဘာမှ မေးဖို့ပင် အချိန်မရခဲ့ပါ။

သူမလည်း မသွားသေးပေ။ ဒုတိယ ထပ်သို့ တက်လာပြီး အနားယူလိုက်၏။ ကျိုးချင်းပိုင်က ယောက်ချိုကို ကိုင်ကာ စတင်ချက်ပြုတ်တော့သည်။ ကျိုးအာ့နီအတွက် ပြောင်းဖူးနှစ်ဖူး ဖုတ်ပေးခဲ့၏။

နေ့လည်ခင်း ၃ နာရီတွင် ကျိုးအာ့နီ ရောက်လာခဲ့၏။ သူမ ရောက်လာလာချင်း စတုတ္ထဦးလေးကို မြင်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ "စတုတ္ထဦးလေး ပြန်ရောက်နေပြီလား"

"အင်း" ကျိုးချင်းပိုင် ခရီးထွက်ခဲ့ရပြီးနောက် သူ့စိတ်အခြေအနေက ပြောင်းလဲလာသည်။ သူ့တူမအတွက် ပြောင်းဖူးဖုတ် နှစ်ဖူး ထုတ်ပေးလိုက်ပြီး ပြောလိုက်၏။ "တခြား ဘာစားချင်သေးလဲ။”

"ရပါတယ်။ ပြောင်းဖူးဖုတ် နှစ်ဖူးဆို လုံလောက်ပါပြီ" ကျိုးအာ့နီက ရှက်ရွံ့စွာ ပြန်ဖြေလိုက်ပါသည်။

ကျိုးချင်းပိုင်က သူမ၏ ဗိုက်ကို ကြည့်လိုက်၏။ သူ့တွင် သားသုံးယောက်ရှိသော်လည်း အမျိုးသမီးတစ်ယောက်၏ ဗိုက်အပြောင်းအလဲကို သူ တစ်ခါမှ မတွေ့ခဲ့ဖူးပါ။

သူအိမ်ပြန်ရောက်လာစဥ် ကလေးက မွေးပြီးသား ဖြစ်သည်။ ထို့ကြောင့် သူဘာမှ မခံစားခဲ့ရပေ။ သို့သော် သူမ ကိုယ်ဝန်ရှိနေသဖြင့် ဗိုက်ကြီးလာတာ အံ့သြစရာ မကောင်းပါ။

ဒုတိယထပ်ကို သူမော့ကြည့်လိုက်၏။ သူ့မိန်းမလည်း ဘယ်တော့ ကိုယ်ဝန်ရမလဲ မသိပါ။ သူမသာ ကိုယ်ဝန်ရလာပါက သူမ ဘာပဲ စားချင်စားချင် သူလုပ်ပေးပါမည်။

"အခု ဗိုက်လည်းတော်တော်ထွက်နေပြီ ဆိုတော့ အလုပ်မသွားပါနဲ့တော့" ကျိုးချင်းပိုင်က ဖက်ထုပ်များ လုပ်ရင်း ပြောလိုက်ပါသည်။

"စိတ်မပူပါနဲ့ ဦးလေးရယ်။ သမီးမှာ ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ကိုယ်ကို အလုပ် မခိုင်းရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး" ကျိုးအာ့နီက ခေါင်းခါလိုက်ပါသည်။

သူမ အိမ်တွင် တစ်နေကုန် တီဗီ ကြည့်မနေချင်ပါ။ ဝမ်ယွမ်၏ စက်ရုံကိုလည်း ဘာမှ လုပ်စရာ မရှိသဖြင့် မသွားချင်ပါ။

ထို့ကြောင့် ဒီမှာ အလုပ်လာလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် အတော်လေး လွယ်ကူပါသည်။ သူမ အလုပ် ရှိနေစေဖို့ တစ်ခုခုရှိနေ၏။ အားလပ်ချိန်မရှိတာ ဘယ်လောက် ကောင်းလိုက်သလဲ။

"နင်နေရခက်လာရင် ပြောနော်" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"သမီး သိပါတယ်" ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်ပါသည်။

ပြောင်းဖူးဖုတ် နှစ်ဖူးကို စားပြီးနောက် သူမ အထည်ဆိုင်သို့ ပြန်သွားသည်။

လင်းချင်းဟယ်ကတော့ ဒုတိယထပ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ ညနေခင်းမှ နိုးလာပြီး လုံးဝ လန်းဆန်းသွားပါသည်။

ဒိလို ခရီးသွားပြီးသွားသောအခါ အိမ်ပြန်လာရသည့် ခံစားချက်က သက်တောင့်သက်သာ ရှိလှပါသည်။

သူ့မိန်းမ ဆင်းလာသည်ကို မြင်သောအခါ ကျိုးချင်းပိုင်က စွပ်ပြုတ် တစ်ပန်းကန် အရင် သောက်ခိုင်းလိုက်သည်။။ တံခါးနားတွင် ဂစ်တာကြိုးညှိနေသည့် သားလတ်ကို ကြည့်ရင်း လင်းချင်းဟယ် စွပ်ပြုတ်ကို သောက်လိုက်သည်။ သူမ ပြောလိုက်၏။ "ပင်လယ်စာခြောက်တွေကော အချိန်မီ ယူနိုင်လား"

"အင်း ဟူကျစ်ကို ကျွန်တော်နဲ့ အတူခေါ်သွားတယ်လေ" ကျိုးရွှမ်က ပြန်ဖြေလိုက်ပါသည်။

လင်းချင်းဟယ် ဘာမှ မပြောတော့ဘဲ စွပ်ပြုတ်ကိုသာ သောက်လိုက်သည်။ ဟူကျစ်နှင့် အခြားသူများ မကြာမီ ရောက်လာကြ၏။

ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့တော့ မလာကြပါ။ သူတို့က အဖေကျိုးနှင့် အမေကျိုးတို့ဘက်တွင် ညစာသွားစားကြပါသည်။

လင်းချင်းဟယ်က စားသောက်ပြီးနောက် ကျိုးချင်းပိုင်နှင့် ရေချိုးအိမ်သို့ သွားခဲ့ပါသည်။ လမ်းတွင် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ကိုလည်း အတူတူသွားဖို့ ဝင်ခေါ်၏။

ယခု သူမက ရေချိုးအိမ်ကြီးကို အသားကျနေပါပြီ။ ရေချိုးအိမ်က ရေချိုးရတာ တကယ် သက်တောင့်သက်သာ ရှိလှသည်။

"စတုတ္ထယောက်မ ငါ့စတုတ္ထအစ်ကိုနဲ့ ခရီးသွားပြီး သူ့ကျတော့ အသားတွေ အများကြီး မည်းသွားတယ်။ နင့်ကျတော့ ဘာလို့ မမည်းတာလဲ" ကျိုးရှောင်မိန်က မေးလိုက်၏။

"ငါလည်း မည်းပါတယ်" လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။

"ပြောတောင် မပြောနိုင်ပါဘူး" ကျိုးရှောင်မိန် ပြန်ပြောလိုက်သည်။ သူမ၏ စတုတ္ထယောက်မက ဒီအသက်အရွယ်ရောက်တာတောင် ကိုယ်လုံးကိုယ်ပေါက်နှင့် အသားအရည်က အသက် ၃၀ အရွယ်ထက်ပင် ပိုကြည့်ကောင်းနေသေးသည်။ တကယ်ပဲ မနာလိုဖြစ်ဖို့ ကောင်းပါသည်။

ကျိုးရှောင်မိန်ကတော့ ဆန့်ကျင်ဘက်ပဲ ဖြစ်ပါသည်။ ကလေး ၄ ယောက်နှင့် စုတာ့လင်း၏ ဟင်းချက်စွမ်းရည် ကောင်းမှုတို့ကြောင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်တော့ ရာသက်ပန် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပါသည်။

"ရှုရှန့်မိန် ဒီနှစ် နွေရာသီတော့ မလာရဲတော့ဘူး။ အမေက မေးနေတယ်" ကျုးရှောင်မိန်ကပြောလိုက်၏။

"ထားလိုက်ပေါ့။ ဆင်ခြေတစ်ခုခုသာ ပေးလိုက်ချေ" လင်းချင်းဟယ်က ဂရုမစိုက်စွာ ပြောလိုက်ပါသည်။

ကျိုးရှောင်မိန် ခေါင်းငြိမ့်လိုက်သည်။ ရှုရှန့်မိန် လာပြစရာ မျက်နှာပင် မရှိတော့မှန်း သူမ သိသည်။ ထို့ကြောင့် သူမဘဝကို ကျောက်မိသားစုအတွင်းမှာပဲ နေပါစေတော့။

ရှုရှန့်ချမ်းကိုတော့ ကျိုးရှောင်မိန် စကား နည်းနည်းပြောချင်ပြီး ကျန်းမေ့လျန်နှင့် လမ်းခွဲစေချင်၏။ သို့သော်လည်း စိတ်လျှော့လိုက်ပါသည်။

သူမ၏ အကြီးဆုံးအစ်မ စကားများကိုတောင် နားမထောင်သဖြင့် သူမ၏ စကားများက ဘာအသုံးတင်မည်နည်း။ ထို့အပြင် သူတို့ထိုက်နှင့် သူတို့ကံသာဖြစ်သည်။

ရှုရှန့်မိန်သာ ကျန်းမေ့လျန်နှင့် အဆက်အဆံ မလုပ်ခဲ့ပါက ရှုရှန့်ချမ်းက သူ့ကို သိစရာ အကြောင်းမရှိပါ။ ဒီလိုကိစ္စတွေကော ဖြစ်လာနိုင်ပါဦးမလား။

ကိုယ်စိုက်ပျိုးသည့်အသီးကို ကိုယ်တိုင် ပြန်ရိတ်သိမ်းရမည် ဖြစ်ပါသည်။

သက်တောင့်သက်သာရှိစွာ ရေချိုးပြီးနောက် လင်မယားနှစ်ယောက် အိမ်သို့ ပြန်လာခဲ့သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ တိုက်ခန်းသို့ တန်းပြန်လာခဲ့သည်။

သို့သော် တိုက်ခန်းတွင် ကျန်းမေ့လျန်နှင့် ဆုံကြ၏။ ကျန်းမေ့လျန်က သူတို့ကို ကြည့်ကာ ခေါင်းငုံ့သွားသည်။

လင်းချင်းဟယ်ကော ကျိုးချင်းပိုင်ကော တစ်ချက်ပင် မကြည့်ဘဲ ဝင်ခဲ့ကြပါသည်။ စကားတစ်ခွန်းမှလည်း မပြောခဲ့ပါ။

All Chapters