အခန်း(၅၁၉) မွေးရပ်မြေတွင် ပြန်မင်္ဂလာဆောင်ခြင်း
Vol. 37 Ch. 519
အခန်း(၅၁၉) မွေးရပ်မြေတွင် ပြန်မင်္ဂလာဆောင်ခြင်း
သူတို့နှစ်ယောက် ဝင်ခဲ့ကြသည်။ ကျန်းမေ့လျန်လည်း နောက်လှည့်ကာ ကျန်းမိသားစု အိမ်ထဲ ဝင်သွား၏။
အမျိုးသမီးကျန်းက မြင်ကာ အမြန်မေးလိုက်၏။ "ဘာဖြစ်တာလဲ။ ဘာလို့ သူတို့ကို မနှုတ်ဆက်တာလဲ။"
အရင်ကတော့ လုံးဝ စိတ်မဝင်စားသဖြင့် လင်းချင်းဟယ်ကို သူမ မအောင်မြင်စွာ ဖားယားခဲ့ရသည်။ သို့သော် အခုတော့ မတူတော့ပေ။
ဒီယောက်မ ကျန်းမေ့လျန်က သူမ၏ အိမ်ထောင်စု စာရင်းစာအုပ်ကို လာယူခြင်းဖြစ်၏။ ဘာကြောင့်လဲဆိုတော့ လက်ထပ်စာချုပ်ချုပ်မလို့ ဖြစ်ပါသည်။
ကျန်းမေ့လျန်တစ်ယောက် ကျိုးမိသားစု၏ တူနှင့် တွဲနေတာကို အမျိုးသမီးကျန်း အခုမှ သိခဲ့ရသည်။
အခုတော့ လက်ထပ်ရတော့မည့် အခြေအနေအထိ ရောက်လာပြီဖြစ်သည်။
ထိုအခါ ကျိုးမိသားစုက သူတို့နှင့် အမျိုးတော်လာပါလိမ့်မည်။
အမျိုးသမီးကျန်း အပျော်လွန်သွားရ၏။ သူတို့ အမျိုးများ ဖြစ်လာလျှင် သူမအတွက် နေရာတစ်ခု စီစဥ်ပေးရလိမ့်မည်။
ကျန်းမေ့လျန်က နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်၏။ "ယောက်မ ရှင့်အကြံတွေကို ပြန်ရုတ်သိမ်းလိုက်ပါ။"
"နင်ဘာတွေ ပြောနေတာလဲ။ ငါတို့က ကျိုးမိသားစုနဲ့ အမျိုးတွေ ဖြစ်လာတော့မှာလေ။ နင့်ယောက်မ အလုပ်နေရာ သွားတောင်းတော့ ဘာဖြစ်လို့လဲ" အဘွားကျန်းက သူမ၏ အဖိုးတန် မြေးလေးအား ထမင်းကျွေးနေရင်း သွေးအေးစွာ ပြောလိုက်ပါသည်။
ကျိုးမိသားစု၏ တူက သူမ၏ သမီးနှင့် လက်ထပ်နိုင်ခြင်းမှာ အရင်ဘဝက ထိုကောင်လေး၏ ကောင်းမှုကြောင့်ဟု သူမ ခံစားနေရ၏။ ထိုကောင်လေးတွင် ကျေးရွာ အိမ်ထောင်စုစာရင်းရှိနေတာကို သိရမည်။
သူမ၏ သမီးက သူ့မွေးရပ်မြေးသို့ ပြန်ပြီး လက်ထပ်စာချုပ်ချုပ်လိုက်လျှင် သူမ၏ သမီးက အရှုံးဘက်က ဖြစ်နေပါသည်။
သူတို့ ကျိုးမိသားစုကို အလုပ်နေရာတစ်ခု တောင်းတာ ဘာမတရားတာ ရှိလို့လဲ။
"ကျိုးမိသားစုဟောင်းနဲ့ ရှုရှန့်ချမ်းတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး။ သူတို့ကို သွားမတွေ့ပါနဲ့။" ကျန်းမေ့လျန်က ပြောလိုက်ပါသည်။
အထည်စက်ရုံသို့သွားပြီး အထည်များကို သွားယူရသဖြင့် သူမ ငြီးငွေ့ စိတ်ကုန်နေပါသည်။ ကျိုးမိသားစုကို အသိပေးလို့ ဖြစ်ပါ့မလား။
"မကောင်းဘူးဆိုတာ ဘာကိုပြောတာလဲ" အမျိုးသမီးကျန်းက ကြက်သေသေသွားသည်။
ကျန်းမေ့လျန်က သူမ အလုပ်သွားတောင်းမည်ကို စိုးရိမ်နေသဖြင့် ပြောလိုက်ပါသည်။ "သူတို့ ရှုရှန့်ချမ်းကို ဂရုမစိုက်ကြဘူး"
သူတို့ဂရုမစိုက်ဘူးဟု ပြောခြင်းက အပေါ်ယံသာဖြစ်သည်။ တကယ်တော့ ပျက်စီးယိုယွင်းနေသည့် ဆက်ဆံရေးသာဖြစ်ပါသည်။ မဟုတ်ပါက ဘာကြောင့်ကျိုးမိသားစုက သူမနှင့် ရှုရှန့်ချမ်းတို့၏ ကိစ္စကို ဘာတစ်ခွန်းမှမပြောဘဲ နေမည်နည်း။
အစက ကျိုးမိသားစု သူမနှင့် ရှုရှန့်ချမ်းတို့ကို ခွဲလိမ့်မည်ဟု ထင်ထားခဲ့၏။ ထိုသို့ဖြစ်လာလျှင် သူမအမေကို အကူအညီတောင်းပြီး ပြဿနာ ရှာခိုင်းမည်။
ဘာပဲဖြစ်ဖြစ် သူမက ရှုရှန့်ချမ်းနှင့် အတူတူ အိပ်ပြီးပြီ ဖြစ်ပြီး ပိုက်ဆံလည်း သိပ်မရသေးသဖြင့် သူမ ဒီတိုင်း လွှတ်ပေးလိုက်လို့ ဖြစ်ပါ့မလား။ သူမနှင့် ရှုရှန့်ချမ်းတို့ကို သူတို့ ခွဲချင်လျှင် သူမ၏ ကျန်းမိသားစုက သေချာပေါက် သူတို့ကို ပြဿနာသွားရှာရပါမည်။
သို့သော်လည်း ကျိုးမိသားစုထံမှ ဘာတုန့်ပြန်မှုမှ မရှိလိမ့်မည်ဟု မထင်ခဲ့ကြပေ။
အထည်စက်ရုံက အထည်များကိုလည်း ပုံမှန်အတိုင်း ထောက်ပံ့ပေးနေ၏။ ဒီလောက်ဆို သိသာ မနေဘူးလား။ ကျိုးမိသားစုက ရှုရှန့်ချမ်းကိစ္စတွင် ဝင်တောင်မပါချင်တာ ဖြစ်နိုင်ပါသည်။
ကျန်းမေ့လျန် မကြောက်ပါ။ စတိုးဆိုင်၏ အထည်အထောက်အပံ့ မရပ်တန့်သေးသရွေ့ ကျိုးမိသားစုက ရှုရှန့်ချမ်းကို ဂရုမစိုက်လည်း အဆင်ပြေပါသည်။ မဟုတ်ပါက ရှုရှန့်ချမ်းနှင့် သူမ ဘယ်လိုလုပ်ပြီး အတူတူ နေနိုင်မည်နည်း။ ဆိုင်ကိုလည်း ဘယ်လို ဆက်ဖွင့်နိုင်မည်နည်း။ ထို့နောက် ငွေကိုကော ဘယ်လိုရှာရမည်နည်း။
အခု တစ်လကို ယွမ် ၃၀၀ - ၄၀၀ အမြတ် ရနေပြီဖြစ်ပြီး ရှုရှန့်မိန်၏ဆိုင်မှာ အလုပ်တွဲလုပ်တုန်းက အမြတ်ထက်ပင် ပိုများပါသည်။
ရှုရှန့်မိန်ဟု ဆိုကာမှ ကျန်းမေ့လျန်၏ မျက်နှာက သရော်မှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ သူမနှင့် ရှုရှန့်မိန်တို့ အခုဆို လုံးဝ အဆက်အဆံ ပြတ်တောက်သွားပြီ ဖြစ်သည်။ ကျိုးမိသားစုကလည်း သူမကို အလွန်မုန်တီးသွားပြီ။ ကျိုးမိသားစု၏ အထောက်အပံ့မရှိရင် ရှုရှန့်မိန်က ဘာဖြစ်နိုင်ဦးမှာလဲ။
ကျောက်မိသားစုအိမ်တွင်သာ အမြှီးကုပ်ပြီး နေနိုင်တော့မည်။
အဘွားကျန်းနှင့် အမျိုးသမီးကျန်းတို့က သူမ၏ စကားများကြောင့် ကြက်သေ သေသွားကြပါသည်။
"ရှုရှန့်ချမ်းကိစ္စကို ဘာလို့ ဂရုမစိုက်တာတုန်း" အမျိုးသမီးကျန်းက ချက်ချင်းမေးလိုက်ပါသည်။
"ရှင်းရှင်းပြောစမ်း။" အဘွားကျန်းကလည်း မေးလိုက်၏။
"ဂရုမစိုက်တာက ဂရုမစိုက်တာပဲ။ ဆက်ဆံရေး ပျက်စီးနေသလိုမျိုးလေ။” ကျန်းမေ့လျန်က ပြန်ပြောလိုက်ပါသည်။
"ဆက်ဆံရေးပျက်စီးနေရင် ဘာလို့ သူ့ကို လက်ထပ်ဦးမှာလဲ။" အဘွားကျန်းက ဆူငေါက်လိုက်ပါသည်။
"ကျိုးမိသားစုရဲ့ ဆွေမျိုးတွေသာ မရှိရင် သူ့လို ရွာသားတစ်ယောက်က နတ်ပြည်တက်နိုင်ပါဦးမလား။ နင်က အိမ်ထောင်စုစာရင်းစာအုပ်ယူပြီး သူနဲ့အတူ ရွာပြန်ပြီးတော့ လက်ထပ်ဦးမှာလား။ နင့်ခေါင်းထဲမှာ အခေါင်းပေါက်ကြီးများ ဖြစ်နေတာလား။"
"သမီးလည်း အဲ့လိုပဲထင်တယ်။ နင့်ခေါင်းက နည်းတဲ့ အခေါင်းပေါက်ကို မဟုတ်ဘူး" အမျိုးသမီးကျန်းကလည်း ဆူငေါက်လိုက်သည်။
သူတို့ ဆက်ဆံရေး ပျက်စီးနေတာကိုး။ ဒါ့ကြောင့်လေး သူတို့လင်မယားကိုမြင်တော့ ကျန်းမေ့လျန် မနှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။ သူမ၏ အဆက်အသွယ်ကိုသုံးပြီး အလုပ်တစ်ခု ရနိုင်လိမ့်မည်ဟု အမျိုးသမီးကျန်း ထင်ခဲ့မိ၏။ သို့သော် အိပ်မက်ဆန်သည့် အတွေးတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
သူမ မနေနိုင်ဘဲ ပြောလိုက်ပါသည်။ "ငါ့ညီမ နင့်ကိုယ်နင် အဆင့်နိမ့်အောင် လုပ်နေတာပဲ။ သူ့အမျိုးတွေရဲ့ အကူအညီ မရှိရင် သူဘာလုပ်နိုင်မှာလဲ။ နင့်မှာ လက်ထပ်စရာလူ မရှိလို့လား ဘာလား။ နင် တကယ်ကြီး သူ့ကို လက်ထပ်ချင်နေတာလား။"
တကယ်ဆို ကျန်းမေ့လျန်က လက်မထပ်ချင်သေးပါ။ ရှုရှန့်ချမ်းနှင့် ဒီတိုင်းဆက်နေလည်း မဆိုးလှပေ။ အနာဂတ်တွင် ဘာဖြစ်လာမလဲ မည်သူပြောနိုင်မည်နည်း။
သို့သော်လည်း ရှုရှန့်ချမ်းက လက်ထပ်ဖို့ အတင်းတိုက်တွန်းသည်။ သူမ တတ်နိုင်သလောက် အချိန်ဆွဲထားခဲ့သော်လည်း ရှုရှန့်ချမ်းက သူ့ကို လက်မထပ်ပါက ဆိုင်မဖွင့်တော့ဘူးဟု ပြောလာခဲ့ပါသည်။
ကျန်းမေ့လျန်လို ဆင်းရဲမှုကို အသားကျနေသည့် လူတစ်ယောက်က ယွမ်ရာကျော်သည့် ဝင်ငွေကို လက်လွှတ်ပါ့မလား။
ထို့ကြောင့် ကျန်းမေ့လျန်က လက်မထပ်ချင်သေးတာတောင် လက်ထပ်ဖို့သာ ရှိပါတော့သည်။
ကျန်းမေ့လျန်က အိမ်ထောင်စုစာရင်းစာအုပ်ကို ယူကာ ရှုရှန့်ချမ်းနှင့်အတူ ကျေးရွာဘက်သို့ လက်ထပ်ဖို့ ပြန်လာခဲ့သည်။
ရှုရှန့်ချမ်းက သူ့အစ်မကို စိတ်ကုန်သော်လည်း ဒီကိစ္စအကြောင်း လာပြောခဲ့ပါသေးသည်။ ရှုရှန့်မိန်က ထိုအကြောင်းကို သိသောအခါ ဒေါသကြောင့် သတိပင်လစ်မိတော့မလို ဖြစ်သွား၏။
သူမ၏ မောင်က ကျန်းမေ့လျန်နှင့် တကယ် လက်ထပ်ချင်နေသည်။ နောက်ပိုင်း ဘယ်လို လုပ်ကြမည်နည်း။ ကျန်းမေ့လျန်က အဆင့်အတန်းရှိသူ မဟုတ်ပါ။
ရှုရှန့်မိန်တစ်ယောက် နောင်တများစွာ ရနေပါပြီ။ ထိုမိန်းမ ကျန်းမေ့လျန်နှင့် ဆိုင်အတူတူ ဖွင့်ခဲ့ခြင်းကို နောင်တရမိသည်။ အခုတော့ သူမက သူ့မမောင်နှင့် ရှုမိသားစုတို့ကို ဒုက္ခလာပေးနေလေပြီ။
သို့သော်လည်း သူမ ပိုပြီး ဒေါသထွက်ခဲ့ရသည်က ကျိုးမိသားစုဝင်တောင် မတားခြင်းပင်။
ကျန်းမေ့လျန် ဘယ်လိုလူစားမျိုးလဲ သိပါလျက်နှင့် သူမမောင် လက်ထပ်သည်ကို သူတို့ ရပ်ကြည့်နေကြသည်။ ဘယ်သူမှ ဝင်မပါကြပါ။
ရှုရှန့်ချမ်းကတော့ သိပ်ပြီး ဂရုမစိုက်ပါ။ သူ့အစ်မက သူ့ကိုဆွဲခေါ်လာပြီး ကျန်းမေ့လျန်အကြောင်း မကောင်းသည့်ကိစ္စများစွာ ပြောခဲ့သော်လည်း ရှုရှန့်ချမ်း စိတ်ထဲမထည့်ပါ။
ကျန်းမေ့လျန်က ဘာကြောင့် မကောင်းရမှာလဲ။ သူမက သူနှင့်အတူတူနေချင်သည်။ သူမ၏ မိန်းမဖြစ်လာချင်ပြီး အိမ်ထောင်စု စာရင်းစာအုပ်ကို ကျေးရွာသို့ ပြန်ယူလာပြီး လက်ထပ်စာချုပ်ချုပ်ဖို့ပင် ပြင်ဆင်ပြီးပါပြီ။ ဘာကြောင့် မကောင်းရမှာလဲ။
ရှုရှန့်ချမ်း မြို့တော်က မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ ရွာပြန်ခေါ်လာသည့် အကြောင်းကို စဥ်းစားမိသောအခါ တစ်ရွာလုံးက လူငယ်များ မနာလိုဖြစ်ကြမည်ကို တွေးမိပြီး ဂုဏ်ယူဝံ့ကြွားသွား၏။
နောက်တစ်နေ့တွင် ဆိုင်ပိတ်ပြီး ကျန်းမေ့လျန်အား မွေးရပ်မြေသို့ ပြန်ခေါ်လာခဲ့ပါသည်။
ကျိုးမိသားစုတို့ သူတို့နှစ်ယောက် လက်ထပ်သည့်ကိစ္စကို မသိကြပါ။ ကျိုးအာ့နီ သူ့အမေထံ ဖုန်းဆက်ပြီး အကြီးဆုံးမရီးထံမှ ကြားရမှ သိခဲ့ရပါသည်။
ကျိုးအာ့နီက လင်းချင်းဟယ်အား လာပြော၏။ လင်းချင်းဟယ်ကလည်း အကြီးဆုံးမရီးကို ဖုန်းဆက်ခဲ့ပါသည်။
"အဲ့ဒီမိန်းမ နာမည်က ကျန်းမေ့လျန်တဲ့။ ရပ်ကွက်တစ်ကွက်လုံး သတင်းတွေလည်း ပျံ့နေတာပဲ။ ယောက်ျားတော်တော်များများနဲ့လည်း ပွေရှုပ်ခဲ့ဖူးတယ်။ တွဲနေတုန်းကလည်း သူတို့ကို သူ့အဆောင်ခေါ်သွားပြီး ညလုံးပေါက် နေတယ်။ အဲ့မိန်းမက ကိုယ်ဝန်ဖျက်ချဖူးတယ်လို့တောင် ကြားတယ်နော်။ ဘယ်လောက်လဲဆိုတာတော့ မသိဘူး။ ဒီလို မိန်းမမျိုးကို လက်ထပ်ပြီးနောက်ပိုင်း အေးအေးချမ်းချမ်း နေရဖို့ စိတ်မကူးနဲ့တော့" လင်းချင်းဟယ်က ပြောပြလိုက်ပါသည်။
ထိုအကြောင်းကို ကြားပြီးသွားသောအခါ အကြီးဆုံးမရီး ဖုန်းပင်လွတ်ကျမလို ဖြစ်သွားခဲ့ပါသည်။ "ပထမအစ်မကတော့ အရမ်းပျော်နေတာ။ ဒီနေရာအထိ ပြေးလာပြီး အချိန်ကျရင် မင်္ဂလာအခမ်းအနားကို တက်ရောက်ဖို့ ငါတို့အားလုံးကို လာဖိတ်သွားတာဟဲ့"
"ကျန်သေးတယ်။ အရင်တုန်းက ရှုရှန့်မိန်က အဲဒီကျန်းမေ့လျန်နဲ့ ဟူကျစ်တို့ကိုတောင် အောင်သွယ်ဖို့ ကြိုးစားဖူးတယ်။ ဟူကျစ်က ရိုးရိုးသားသားကောင်လေးပါ။ ပြီးတော့ အိမ်နီးချင်းတစ်ယောက် လာပြောမှ ကျွန်မသိခဲ့ရတာ။ ဒီလိုပဲ။ ဘာမှ ဆက်မဖြစ်ခဲ့လို့ တော်သေးတာပေါ့။” ဟု လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ရှန့်မိန်က သူနဲ့ ဟူကျစ်ကို အောင်သွယ်ပေးတယ် ဟုတ်လား။ ရှန့်မိန်က သူ့အကြောင်း မသိဘူးလား။" ဟု အကြီးဆုံးမရီးက မေးလိုက်သည်။
"သူဒီမှာ အလုပ်လုပ်နေတာ ကြာပြီ။ သူ မသိဘဲ နေပါ့မလား။ တမင်တကာကို လုပ်တာ။ ဟူကျစ်ကို ချောက်တွန်းပြီးတော့ ဒုတိယအစ်မကို ကျွန်မ မျက်နှာမပြနိုင်အောင်လုပ်တာလေ" လင်းချင်းဟယ်က တည်ငြိမ်စွာပြောလိုက်ပါသည်။