ပျက်စီးစွမ်းအားများကို မျိုချခြင်း
Vol. 56 Ch. 774
တတိယမိုးကြိုးလှိုင်း ကျရောက်မလာခင် ရွိုက်ကော၏ ခန္ဓာကိုယ်ပတ်လည်မှ စွမ်းအားများမှာ စတင်၍ အရိုင်းဆန်စွာ ထွက်ပေါ်လာသောကြောင့် မိုဝူကျိက ရွိုက်ကောသည် အဆင့်တက်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ရွိုက်ကော ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အံမခန်း စွမ်းအားပမာဏအရ ဤမိုးကြိုးလှိုင်းများက သူ့အား ထိခိုက်ဒဏ်ရာ ဖြစ်စေမည် မဟုတ်ပေ။
တတိယမိုးကြိုးလှိုင်းနှင့် လေးကြိမ်မြောက် မိုးကြိုးလှိုင်းတို့မှာ ရွိုက်ကော၏ ဌက်မွေးပေါ်ကိုသာ ခြစ်ရာဖြစ်စေခဲ့၏။
ငါးကြိမ်မြောက် မိုးကြိုးချက်များ ဆင်းသက်မလာခင် မိုဝူကျိက နောက်ထပ် မိုးကြိုးချက်များမှာ ရွိက်ကောအပေါ် သိသိသာသာ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း သိလိုက်သည်။
မိုဝူကျိက တွေးနေစဉ် ဘေးပတ်လည်မှ စွမ်းအား အပြောင်းအလဲ အသေးစားလေးကို ရုတ်ချည်း ခံစားမိလိုက်သည်။ သို့သော်လည်း သူ့စိတ်စွမ်းအား၌ အပြောင်းအလဲကို သေချာအာရုံမခံနိုင်ချေ။
မိုဝူကျိက ရွိုက်ကောသည် နှုတ်သီး တဖန် ဟလိုက်ပြန်သည်ကို တွေ့လိုက်သောအခါ ထပ်မတွေးတော့ဘဲ သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။
သူ့စိတ်ဝိညာဉ်မျက်လုံးအောက်၌ စိတ်စွမ်းအားဖြင့် အာရုံမခံမိသော မီးခိုးရောင် စွမ်းအားကို ရွိုက်ကောက ဝေလငါးကြီးတစ်ကောင် ရေစုပ်ယူသကဲ့သို့ အတင်းဝါးမျိုပစ်နေသည်။ ပတ်ဝန်းကျင်၌ အပြောင်းအလဲ ဖြစ်သွားဟန် ပေါ်ပေသည်။ မိုဝူကျိက နဂိုကထပ် ပို၍ သက်တောင့်သက်သာ ခံစားလာရကြောင်း သတိပြုမိလိုက်သည်။
နောက်ထပ် မိုးကြိုးချက်များ ကျဆင်းလာသော်လည်း ရွိုက်ကောက အဆင့် ၄ အင်မော်တယ် သားရဲ ဖြစ်သွားသည့်အတွက် ထိုမိုးကြိုးချက်များက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ သို့သော်လည်း မိုးကြိုးစမ်းသပ်ချက် ခံယူနေစဉ်အတွင်းနှင့် ခံယူပြီးနောက်တွင် ရွိုက်ကောက ပါးစပ်ကြီး ဆက်တိုက် ဟထားကာ ဘေးပတ်လည်မှ စွမ်းအားများကို စုပ်ယူနေဆဲ ဖြစ်၏။
မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးအောက်၌ ထိုမီးခိုးရောင်စွမ်းအားတွင် အေးစက်စက် အရိပ်အယောင်ကိုပါ ယူဆောင်လာပြီး တာအိုအခြေခံ မည်းမှောင်လာစေသည့် ခံစားချက်တချို့ပါ ဆောင်ယူလာသည်။ ထိုအရာမှာ သေချာပေါက် ပျက်စီးစွမ်းအားသာ ဖြစ်ရမည်။
မိုဝူကျိ၏ စိတ်ထဲ တုန်တုန်ယင်ယင် ဖြစ်သွားကာ ရွိုက်ကောဘေးသို့ ဆင်းသက်လိုက်သည်။
ရွိုက်ကောက မီးခိုးရောင်စွမ်းအားများ စုပ်ယူမှုကို ရပ်တန့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် “ သခင်ကြီး ကျတော် အဆင့် ၄ အင်မော်တယ် သားရဲ ဖြစ်သွားပြီ ”
သူက မိုးကြိုးချက်များကို ဝါးမျိုပစ်ရန် ရူးရူးမိုက်မိုက် ကြိုးစားခဲ့မှုကို မိုဝူကျိ ဆူပူမှာ စိုးရိမ်နေလေ၏။
မိုဝူကျိက လက်ခါပြကာ “ စောစောကလို အဲဒီ မီးခိုးရောင်စွမ်းအားတွေကို ဆက်တိုက် စုပ်ယူနေလိုက် …”
“ ဟုတ်ကဲ့ …. အဲဒီစွမ်းအားက အတော်လေး အရသာကောင်းတယ်။ အဲဒါကို ဝါးမျိုပစ်ပြီးတော့ အင်အား တိုးပွားလာသလိုပဲ ” ရွိုက်ကောက မိုဝူကျိသည် သူ့ကို မဆူပူကြောင်း ကြားလိုက်ရသည့်အခါ အရမ်းကို ကျေနပ်သွားလေ၏။
ထိုသို့ပြောပြီးနောက် ရွိုက်ကောက သူ့သခင်ကြီးသည် စိတ်မပျော်ကြောင်း သတိပြုမိလိုက်၍ ပေါက်တတ်ကရများ ဆက်မပြောရဲတော့ပေ။ ပါးစပ်ကိုသာ ဟ၍ နောက်တစ်ကြိမ် စုပ်ယူလိုက်ပြန်သည်။
ဤတစ်ကြိမ်၌ မိုဝူကျိက သိသိသာသာ နေ၍ ကောင်းလာမှန်း ခံစားမိလိုက်သည်။ ရွိုက်ကောသည် ထိုမီးခိုးရောင်စွမ်းအားများနှင့် ဤနေရာ၌ ဖိနှပ်ထားသည့် စွမ်းအားများကို ဝါးမျိုနိုင်စွမ်း ရှိကြောင်း ကောက်ချက်ချလိုက်သည်။ ရွိုက်ကောက ထိုစွမ်းအားများကို စုပ်ယူပြီးနောက် မိုဝူကျိက ဘေးပတ်လည် လေထုမှာ သိသိသာသာ သန့်စင်လာကြောင်း ခံစားမိလိုက်၏။ ယခင် သူ့စိတ်စွမ်းအားက ဘေးပတ်လည်ကို အာရုံခံနိုင်မျှသာ ဖြစ်သော်လည်း ရွိုက်ကော၏ အပြုအမူနောက်တွင် သူ့စိတ်စွမ်းအားအပေါ် သက်ရောက်မှုမှာ ဖြည်းဖြည်းချင်း လျော့ကျလာသည်။ မိုဝူကျိက ရွိုက်ကောသည် ဤနေရာမှ စွမ်းအားအားလုံးကို ဝါးမျိုပစ်လိုက်သည်နှင့် မပျံသန်းနိုင်ရန် ပြုလုပ်ထားသည့် အတားအဆီးမှာလည်း ပြေလျော့သွားလိမ့်မည်ဟု တွေးလိုက်မိသည်။
ရွိုက်ကောက မီးခိုးရောင်စွမ်းအားများနှင့် မှုန်မှိုင်းမှိုင်း စွမ်းအားများကို မည်သို့ စုပ်ယူနိုင်မှန်း မသိပေ။ မိုဝူကျိက ရွိုက်ကောထက် အားကောင်းသော်လည်း သူ့အနေနှင့် ပတ်ဝန်းကျင်မှ အပြောင်းအလဲကို ခံစားလို့သာ ရပြီး လုံးဝ မထိတွေ့နိုင်သေးပေ။
မိုဝူကျိ၏ စိတ်စွမ်းအားက ရွိုက်ကော စုပ်ယူနေသော မီးခိုးရောင်စွမ်းအားအပေါ် သက်ရောက်ဖို့ ကြိုးစားကြည့်လိုက်သည့်အခါ နောက်အခိုက်အတန့်လေး၌ အံ့အားသင့်မိသွားသည်။ ခဏအကြာတွင် သူ့ချီသွေးကြော၌ နှေးကွေးလေးလံလာမှု တမျိုးမျိုးကို ခံစားမိလာသည်။
“ ငါ အခု နားလည်သွားပြီ ” မိုဝူကျိက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
နောက်ဆုံး၌ ဤနေရာတွင် အင်မော်တယ် ဧကရာဇ်တချို့သာ ရှိနေပြီး ကျတ်တီးနယ်မြေသို့ သွားကြသော လူများမှာ အချိန်ကြာလာသည့်အခါ ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို သူ သဘောပေါက်သွားသည်။
ကျတ်တီးနယ်မြေ၌ လူတစ်ယောက်၏ တာအိုအခြေခံကို မည်းမှောင်လာစေသည့် စွမ်းအားတမျိုး ရှိနေပြီး ရွိုက်ကော စုပ်ယူနေသော မီးခိုးရောင် စွမ်းအားနှင့် မှုန်မှိုင်းမှိုင်း စွမ်းအားမျိုးနှင့် အတူတူ ဖြစ်ပေသည်။ ရွိုက်ကောက ထိုစွမ်းအားများကို စုပ်ယူလိုက်သည်နှင့် ကျင့်ကြံသူက ပို၍ သက်တောင့်သက်သာ ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူ့လိုမျိုး ထာဝရ ကမ္ဘာကို မပိုင်ဆိုင်ထားသော သာမာန် ကျင့်ကြံသူများအနေနှင့် ဤနေရာ၌ မကျင့်ကြံလျှင်ပင် ကြာကြာနေနိုင်မည် မဟုတ်ပေ။ အကြောင်းအရင်းမှာ ကျင့်ကြံဆင့်က အချိန်နှင့်အမျှ ဆက်တိုက် ပျက်စီးယိုယွင်းလာ၍ ဖြစ်ပြီး တာအိုအခြေခံမှာလည်း ဖြည်းဖြည်းချင်း ပျက်စီးလာလိမ့်မည်။
ကောင်းကင်ဘုံအလွန်မြို့၌ အသက်ဆက်လက် ရှင်သန်နိုင်ခြင်းမှာ မြို့ထဲ၌ ထိုသို့စွမ်းအားမျိုး မရှိနေသလို မီးခိုးရောင် စွမ်းအားမျိုးမှာလည်း ပမာဏ အနည်းငယ်မျှသာ ရှိနေ၏။
မိုဝူကျိက ကျင့်ကြံဖို့ရာ ထိုမီးခိုးရောင်စွမ်းအားကို စုပ်ယူကြည့်ဖို့ ကြိုးစားလိုက်သည်။ သူက ထိုစွမ်းအားမှာ သူ့စိတ်ဝိညာဉ်နှင့် ချီသွေးကြောများကို ပျက်စီးလာစေဖို့ မည်မျ အားကောင်းနေမှန်း သိချင်မိ၍ ဖြစ်သည်။
မကြာခင် မိုဝူကျိက စွမ်းအားကို စုပ်ယူလိုက်သည့်အခါ နှေးကွေးလေးလံသည့် ခံစားချက် ခံစားမိပြီးသည်နှင့် ထိုစွမ်းအားများမှာ သူ့အဆိပ်ဖြေလမ်းကြောင််းကို ဖြတ်သန်း၍ အင်မော်တယ် စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် အလွန်တရာ နည်းပါးလှသော စွမ်းအားလေးသာ ကျန်ရှိနေသည့်အတွက် လျစ်လျူရှု၍ ရပေသည်။ ဆိုလိုသည်မှာ သူ့တွင် ထာဝရ ကမ္ဘာ မပိုင်ဆိုင်နေလျှင်ပင် ဤနေရာက သူ့အတွက် ဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။
အစပိုင်းတွင် မိုဝူကျိက မည်သည့်နေရာ၌ ကျင့်ကြံရမလဲ တွေးတောနေမိသော်လည်း ယခုအခါ သူ့ဘာသာ တည်ငြိမ်သွားလေ၏။ သူ့ထာဝရ ကမ္ဘာလေးမှာ မပြီးပြည့်စုံသေးသောကြောင့် မိုးမြေ စည်းမျည်းများကို အာရုံခံမိမည် မဟုတ်ပေ။ ဤနေရာ၌ ပျက်စီးစွမ်းအားများ၏ သက်ရောက်မှု မခံရတော့သည့်အတွက် ဤနေရာ၌သာ ကျင့်ကြံတော့မည်။
နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက ရွိုက်ကောအား မြေကြီးအနက်ပိုင်းသိ့ ခေါ်ကာ အင်မော်တယဂူ တစ်ဂူ တည်ဆောက်ထားလိုက်သည်။ ရွိုက်ကောက သူ့ထာဝရ ကမ္ဘာလေးထဲ မဝင်တော့ဘဲ ဤနေရာ၌သာ အင်မော်တယ်သွေးကြောများ၊ အင်မော်တယ်ကျောက်များနှင့်အတူ အင်မော်တယ် ဆေးလုံးများ၊ အစိမ်းရောင်ကျောက်များအပုံလိုက်ဖြင့် မီးခိုးရောင် စွမ်းအားများကို စတင် စုပ်ယူနေသည်။ သူ့အင်အားမှာလည်း သိသိသာသာ မြင့်တက်လာသည်။
မိုဝူကျိ ပထမဆုံး လုပ်သည့်အရာမှာ ကျင့်ကြံခြင်း မဟုတ်သေးဘဲ အူးကျောက်ဟယ်၏ သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်ခြင်း ဖြစ်၏။ အထဲရှိ အစိမ်းရောင်ကျောက် သန်းဂဏန်းလောက်မှာ သူနှင့် မယှဉ်နိုင်သော်လည်း အတော်လေး ချမ်းသာသည်ဟု ယူဆ၍ ရပေသည်။ အစိမ်းရောင်ကျောက်များအပြင် မိုဝူကျိက ပန်းပဲပစ္စည်း ဆယ်မျိုးကျော်နှင့်အတူ အဆင့် ၉ ပျံသန်းရေး လေသင်္ဘော တစ်စင်းလည်း တွေ့လိုက်ရသည်။
ထို့အပြင် ထူးခြားလှသော ယန်တံဆိပ်တော်မှာ အဆင့် ၉ ကို ကျော်လွန်နေသည့် အင်မော်တယ် ပစ္စည်းဖြစ်ပြီး မိုဝူကျိက မသန့်စင်ရသေးသော်လည်း ထိုပစ္စည်းမှာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ထက် အားနည်းမည် မဟုတ်ကြောင်း သိနေ၏။
သိုလှောင်လက်စွပ်အတွင်း ကောင်းကင်ဘုံကို လှုပ်ခါနိုင်လောက်သည့် ရတနာမျိုး မရှိသော်လည်း မိုဝူကျိက အတော်လေး ကျေနပ်နေမိသည်။
ပစ္စည်းအသစ်အားလုံးကို သူ့ကိုယ်ပိုင် လက်စွပ်အတွင်း စီရီထားပြီးနောက် မိုဝူကျိက လော့ကျမ်းစာရွက် ခြောက်ရွက်ကို ထုတ်ယူလိုက်သည်။ မုရုန်ရှန်းယွီသည် ထိုလော့ကျမ်းစာရွက်များကို သည်းသည်းမဲမဲ လိုချင်နေမှန်း သိသော်လည်း မိုဝူကျိက သူမအား ပေးရန် စိတ်ကူးမရှိပေ။ အကယ်၍ ချိန်စုယင် သို့မဟုတ် ဟန်ချင်းရုက ထိုလော့ကျမ်းစာရွက်ကို လိုချင်သည်ဟု ပြောလာလျှင် မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ပေးမည် ဖြစ်သော်လည်း မုရုန်ရှန်းယွီကိုတော့ လုံးဝ ပေးမည် မဟုတ်ပေ။
မိုဝူကျိ၏ စိတ်စွမ်းအားက အရမ်းအားကောင်းလာသည့်အပြင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းအကူဖြင့် သူက လော့ကျမ်းစာရွက်ကို ယခင်ကထက် မြန်မြန်ဆန်ဆန် ပို၍ သန့်စင်လာနိုင်သည်။
ရှန်းထျန်းရတနာများ၏ အတားအဆီးကို တစ်လွှာချင်းစီဆီ ဖွင့်၍ သန့်စင်ရသည် ဖြစ်ရာ မိုဝူကျိက လော့ကျမ်းစာရွက်ကို သန့်စင်နေသည့် ဖြစ်စဉ်၌ လုံးဝ မြောသွားတော့သည်။
……………
စကြဝဠာအလွန် အင်မော်တယ်တည်းခိုဆောင်မှာ စကြဝဠာအစွန်း၌ နံပါတ်တစ် အင်မော်တယ် တည်းခိုဆောင် ဖြစ်ပေသည်။
မည်သူကမှ ထိုအင်မော်တယ် တည်းခိုဆောင် နောက်ကွယ်မှ လူကို မသိကြသော်လည်း ဂုဏ်သတင်းမှာ စကြဝဠာအစွန်းတစ်လျှောက်၌ အတော်လေး ကျော်ကြားပေသည်။ မည်သည့်ရန်ကြွေး ရှိစေကာမူ ထိုတည်းခိုဆောင်ထဲ ခြေချလိုက်သည်နှင့် မည်သူကမှ ပြဿနာ လာရှာရဲတော့မည် မဟုတ်ပေ။ စကြဝဠာအလွန် အင်မော်တယ် တည်းခိုဆောင်မှ အသံလုံ အတားအဆီးမှာလည်း စီးပွားရေးနယ်ပယ်၌ အကောင်းဆုံးထဲမှ တစ်ခု ဖြစ်၍ မည်သည့်ကိစ္စမဆို ပေါက်ကြားလေ့ မရှိပေ။
လက်ရှိ စကြဝဠာအလွန် အင်မော်တယ် တည်းခိုဆောင် အလယ်အလတ်အဆင့် အခန်း၌ လူလတ်အရွယ် အမျိုးသား နှစ်ယောက်က ထိုင်နေသည်။ မည်သူကမှ စကားမပြောကြပေ။ သူတို့က တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေဟန် ပေါ်၏။
အမွေးတိုင်တစ်ဝက်စာခန့် ကုန်ဆုံးသွားပြီးနောက် အခန်းအဝင်ပေါက်က ပွင့်လာကာ အကြီးအကဲ တစ်ဦး ဝင်လာသည်။
အကြီးအကဲ ဝင်လာသည်နှင့် သူက အတားအဆီးများကို ပြန်တင်းကျပ်ကာ ပြောလိုက်သည် “ ဖေးချန်က သခင်လေးနှစ်ယောက်ကို ဂါရဝပြုပါတယ် ….”
“ဦးလေးချန် ထိုင်ပါဦး …” နှစ်ယောက်လုံးက စိတ်ကြည်လင်စွာဖြင့် ထရပ်ကာ ပြောလိုက်သည်။
လူလတ်အရွယ် အမျိုးသားနှစ်ယောက်မှာ ကျင်းယူနှင့် ကျင်းယီရန် ဖြစ်၏။ စကြဝဠာအစွန်း၌ လူများစွာက မျက်နှာဖုံး တပ်ဆင်ထားသောကြောင့် သူတို့လည်း ဝတ်ဆင်ထားလေသည်။
အကြီးအကဲမှာ ကျင်းမျိုးနွယ်စု၏ စီမံခန့်ခွဲရေးမှူး ဖြစ်ပြီး သူက ထိုသခင်လေးနှစ်ယောက် ရှာမှန်း သိ၍ မျက်နှာဖုံးတပ်ကာ ရောက်ရှိလာပေသည်။
“ ဟုတ်ကဲ့ …. သခင်လေးတွေက ကျုပ်ကို ဘာများ လုပ်စေချင်လို့လဲ ” ကျင်းဖေးချန်က သူတို့လောကဝတ်ကို စိတ်ထဲ မထားဘဲ ထိုင်ချလိုက်သည်။ သူက ကျင်းယူနှင့် ကျင်းယီရန်တို့ အရွယ်ရောက်လာသည်ကို ကြည့်ရှုလာသူ ဖြစ်ကာ သူတို့အား ကိုယ့်မိသားစုကဲ့သို့ သဘောထားလေသည်။
“ ဦးလေးချန် …. ဒီ မှတ်တမ်းတင်ထားတဲ့ တိုက်ပွဲကို ကြည့်ကြည့်ပါဦး ” ထိုသို့ပြောပြီးနောက် ကျင်းယူက ရေသလင်းကျောက် တစ်ခု ထုတ်ယူကာ လက်ဟန်တချို့ ပြုလုပ်လိုက်သည်။ သူတို့ရှေ့မှောက်၌ တိုက်ပွဲတစ်ခုကို မှတ်တမ်းတင်ထားသည့် အနည်းငယ် မှုန်ဝါးဝါး မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်လာသည်။
ထိုသည်မှာ မိုဝူကျိနှင့် မီဖေးကုန်သွယ်ရေး အဖွဲ့မှ အင်မော်တယ် ဧကရာဇ် သုံးယောက်ကြားမှ တိုက်ပွဲ ဖြစ်၏။ လူတချို့၏ သွင်ပြင်မှာ မရှင်းလင်းသော်လည်း တိုက်ပွဲတစ်ခုလုံးကား ရှင်းလင်းလှသည်။
“ အဲဒါက ဆေးလုံးဆရာမိုမလား … သူက မီဖေးကုန်သွယ်ရေး အဖွဲ့က အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်ပစ်ခဲ့တယ်ဆို ” ကျင်းဖေးချန်က မှတ်တမ်းကို မြင်ကာ တအံ့တဩ ပြောလိုက်သည်။
ကျင်းယူက ခေါင်းညိတ်ကာ “ ဟုတ်တယ် … ဦးလေးချန်လည်း အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်ဆိုတော့ အူးကျောက်ဟယ်လောက် အားကောင်းမှာပါ။ ဒီ မိုဝူကျိရဲ့ အင်အားကို ဘယ်လိုထင်လဲ ”
“ သခင်လေးတို့က ကျုပ်ကို သူနဲ့ ရင်ဆိုင်စေချင်တာလား ” ကျင်းဖေးချန်က မေးခွန်းကို ကြားသည်နှင့် တစ်ခါတည်း နားလည်သွားလေသည်။
ကျင်းယီရန်က ခပ်ပြတ်ပြတ် ပြောလိုက်သည် “ အဲဒီလူက ကျုပ်တို့ ကျင်းမျိုးနွယ်လက်ထဲက ရတနာကို လုယူသွားခဲ့တာ … သူ့ကို မသတ်ရမချင်း စိတ်အေးအေး နေနိုင်မှာ မဟုတ်ဘူး ”
ကျင်းယူက တည်ငြိမ်စွာ ပြောလိုက်၏ “ ငါတို့တွေ ဦးလေးချန်ရှေ့မှာ လွတ်လွတ်လပ်လပ် ပြောလို့ ရပါတယ်။ အဲဒီလူက ယီရန်ဆီကနေ ရှေးဦးမူလမီးကျောက် ဆယ်ခုကို လုသွားခဲ့တာ ပြီးတော့ သူ့ဆီမှာလည်း ကျင့်ကြံရေး လျို့ဝှက်ချက်လည်း ရှိနေတယ်။ အဲဒါတွေအပြင် ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာ သူက အစိမ်းရောင်ကျောက် ခုနှစ်သန်း၊ ရှစ်သန်းလောက်နဲ့ ရှားပါးသတ္တုတွေ၊ ဆေးပင်တွေလည်း ရှာနိုင်ခဲ့သေးတယ် ”
ကျင်းဖေးချန်က အသက်ပြင်းပြင်းရှုလိုက်ပြီ လူတစ်ယောက်၌ အစိမ်းရောင် ခုနှစ်သန်း၊ ရှစ်သန်း ရှိနေလျှင် စကြဝဠာအစွန်း၌ပင် အလွန်ချမ်းသာသည်ဟု ယူဆ၍ ရပေသည်။
ထိုသခင်လေးနှစ်ယောက်၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက် ကျင်းဖေးချန်က လေးလေးနက်နက် ပြောလိုက်သည်
“ တိုက်ပွဲမှတ်တမ်းအရဆိုရင်တော့ သူက ကောင်းကင်ဘုံနယ်နမိတ်အလွန်မှာပဲ ရှိလောက်ဦးမယ်။ ကောင်းကင်ဘုံနယ်နမိတ်အလွန်ရဲ့ အာကာပြင်အက်ကြောင်း ခွဲပြီးတော့ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက သေချာပေါက် ပြန်လာဦးမှာ ….
အချိန်တစ်ခုလောက်အထိ သူက လူသားမျိုးနွယ်ဘက်ရော၊ မိစ္ဆာမျိုးနွယ်ဘက်ရော သွားလို့ရမှာ မဟုတ်ဘူးဆိုတော့ ကောင်းကင်ဘုံနယ်နမိတ်အလွန်ထဲက ကျတ်တီးနယ်မြေမှာပဲ ရှိလိမ့်မယ် ”
ရှေးဦးမူလ သဘာဝကျောက်များတွင် ကောင်းကင်ဘုံနယ်နမိတ်အလွန်၏ ပျက်စီးစွမ်းအားများကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသောကြောင့် ဤလူ၏ ကျင့်ကြံဆင့်နှင့် အသက်ဓာတ်မှာ အချိန်တိုလေးအတွင်း သက်ရောက်မှု ခံရမည် မဟုတ်ပေ။ ထို့အပြင် သူက မီဖေးကုန်သွယ်ရေးအဖွဲ့ကို ရန်စထားမိသောကြောင့် မိစ္ဆာမျိုးနွယ် သို့မဟုတ် လူသားမျိုးနွယ်ကိုလည်း ဝင်လို့ မရနိုင်လေရာ စကြဝဠာအစွန်းဆီ သေချာပေါက် ရောက်လာမည် မဟုတ်ပေ။ ဤလူနှင့် ရင်ဆိုင်ဖို့ရာအတွက် ကျတ်တီးနယ်မြေသို့ လိုက်သွားလိုက်ရုံသာ ဖြစ်၏။
ကျင်းယူက ခေါင်းညိတ်ပြလိုက်သည်။ ကျင်းဖေးချန်၏ ကောက်ချက်ချမှုမှာ သူနှင့် ကွက်တိ ဖြစ်နေသည်။
“ တိုက်ပွဲမှတ်တမ်းအရဆိုရင် အဲဒီလူက အစီအရင်တွေကို ဖောက်ခွဲရင်းနဲ့ အူးကျောက်ဟယ်နဲ့ လင်းရုန်ကို သတ်နိုင်ခဲ့တာပဲ။ ပြောရမယ်ဆိုရင်တော့ အဲဒီလူက အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်သလို ရုပ်ခန္ဓာ လေ့ကျင့်ထားသူ တစ်ယောက်ပဲ …. ကျုပ် ခန့်မှန်းကြည့်သလောက်ဆိုရင် အဲဒီလူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရောက်နေလောက်ပြီ။ ဒီလိုလူမျိုးနဲ့ တိုက်ခိုက်ဖို့ဆို ငါတို့တွေ သူ့ထောင်ချောက်အတွင်း မပိတ်စေဖို့ သတိထားရမယ် ” ကျင်းဖေးချန်၏ လေသံမှာ ပို၍ လေးနက်လာသည်။
ကျင်းယူက ထပ်ပြောလိုက်သည် “ ဟုတ်တယ် …. အဲဒီလူရဲ့ ကျင့်ကြံဆင့်က အင်မော်တယ် ဧကရာဇ်အဆင့် မရောက်လောက်သေးဘူး ”
ကျင်းဖေးချန်က ခေါင်းခါကာ “ သူ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်တာ၊ မရောက်တာက အရေးမကြီးဘူး။ သူက ဘယ်လောက်အားကောင်းလဲကပဲ အရေးကြီးတာ …. သူ့အင်အားက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်နဲ့တောင် ယှဉ်လို့ ရတယ်။ တကယ်လို့ သူသာ အစီအရင်ဖောက်ခွဲမှုကို အသုံးမချနိုင်ရင်တော့ သခင်လေးယူကို မှီနိုင်မှာ မဟုတ်ဘူး ”
“ သူက ကျုပ် ပြိုင်ဖက် မဖြစ်နိုင်တာကို သိပါတယ်။ ဒါပေမဲ့ အဲဒီလူက အရမ်း ဉာဏ်နီဉာဏ်နက် များလွန်းတယ်။ အဲဒါကြောင့်သူ့ကို ဘယ်လိုပိတ်ဖမ်းရမလဲဆိုတာ မေးဖို့ ဦးလေးချန်ကို ရှာလိုက်တာပါ ”
“ ဒီကိစ္စက မခက်ခဲပါဘူး။ ဒါပေမဲ့ ပစ္စည်းတစ်ခုကိုတော့ ဌားဖို့ လိုလိမ့်မယ်။ အခု လုပ်ရမဲ့ အခက်ခဲဆုံးအရာက အဲဒီလူကို ရှာတွေ့ဖို့ပဲ …” ကျင်းဖေးချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏။
ကျင်းယူက ဦးလေးချန်၏ အဓိပ္ပါယ်ကို နားလည်သည့်အလား သူ့မျက်ဝန်းမှာ လင်းလက်လာလေသည်။
***